Myanmar Co., Law 2017 book (Myanmar Vr.)
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၉။)
၁၃၇၉ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်
(၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အပိုင်း (၁)
စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များ
အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်များ
၁။ (က) ဤဥပဒေကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်စေရမည်။
(ဂ) ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(၁) သက်ဆိုင်ရာဥပဒေ ဆိုသည်မှာ နိုင်ငံတော်၏အတည်ဖြစ်လျက်ရှိသော ဥပဒေများဖြစ်ပြီး သက်ဆိုင် ရာ ကိစ္စရပ်အပေါ်တွင် အကျိုးသက်ရောက်မှုရှိသော ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့် ကြော်ငြာစာနှင့် အမိန့်တစ်ရပ်ရပ်ကို ဆိုသည်။
(၂) တွဲဖက်လုပ်ကိုင်သူ ဆိုသည်မှာ-
(ကက) အထူးသဖြင့် ကုမ္ပဏီတစ်ခုနှင့် သက်ဆိုင်သည့်အခါတွင်-
(၁) ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူး၊
(၂) ဆက်စပ်သည့်အဖွဲ့အစည်း၊
(၃) ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခု၏ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးနှင့်
(၄) ကုမ္ပဏီကို ထိန်းချုပ်အုပ်ချုပ်နေသော သို့မဟုတ် ကုမ္ပဏီ၏ ကြီးကြပ်အုပ်ချုပ်ခြင်းကိုခံရသော ပုဂ္ဂိုလ်တစ်ဦးဦးကို ဆိုသည်။
(ခခ) ယေဘုယျအားဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး (ကုမ္ပဏီတစ်ခုအပါအဝင်) နှင့် သက်ဆိုင်သည့် အခါတွင်-
(၁) သက်ဆိုင်သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသော သို့မဟုတ် ဆောင်ရွက်မည်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးနှင့် အတူတကွ လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးဦး သို့မဟုတ်
(၂) သက်ဆိုင်သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ အခြားနည်းတစ်ရပ်ရပ်ဖြင့် တရားဝင်သော်လည်းကောင်း၊ တရားမဝင်သော်လည်းကောင်း တွဲဖက်ဆောင်ရွက်ခဲ့သည့် သို့မဟုတ် တွဲဖက်ဆောင်ရွက်မည့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
(၃) သက်ဆိုင်သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ သတ်မှတ်ဖော်ပြထားသည့် တစ်ဦးဦးကို ဆိုသည်။
(ဂဂ) သို့သော် အောက်ပါအကြောင်းကြောင့်မျှဖြင့် ပုဒ်မခွဲငယ်စိတ် (ကက) သို့မဟုတ် ပုဒ်မခွဲငယ်စိတ် (ခခ) အရ တွဲဖက်လုပ်ကိုင်သူတစ်ဦးဟု သတ်မှတ်နိုင်သည့်သူများကို မည်သည့်ကိစ္စရပ်တွင်မျှ ထည့် သွင်းခြင်း မပြုရ-
(၁) အတတ်ပညာဆိုင်ရာကျွမ်းကျင်မှု သို့မဟုတ် စီးပွားရေးလုပ်ငန်း ဆက်စပ်ဆောင်ရွက်မှု တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် တာဝန်များကို ဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်တစ်ဦးသို့ အကြံပေးခြင်း သို့မဟုတ် ၎င်းကိုယ်စား ပြုလုပ်ဆောင်ရွက်ခြင်း သို့မဟုတ်
(၂) ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် အမျိုးအစားအလိုက် ကုမ္ပဏီတွင် ပါဝင်သူ၏ အစည်းအဝေး၌ ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားအဖြစ် ခန့်အပ်ခံရခြင်း။
(၃) အခွင့်အာဏာအပ်နှင်းခြင်းခံရသောအရာရှိ ဆိုသည်မှာ ဤဥပဒေတွင်ပါရှိသော ကိစ္စရပ်အတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန်အလို့ငှာ ပြည်ပကော်ပိုရေးရှင်း တစ်ခုက ခန့်အပ်ထားသော နိုင်ငံတော်အတွင်း အများအားဖြင့်နေထိုင်သူ ပုဂ္ဂိုလ် တစ်ဦးဦးကို ဆိုသည်။
(၄) ဘုတ်အဖွဲ့ သို့မဟုတ် ဒါရိုက်တာအဖွဲ့ ဆိုသည်မှာ ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာအဖွဲ့အဖြစ် အတူတကွ လုပ်ကိုင်ဆောင်ရွက်ကြသော ကုမ္ပဏီ၏ဒါရိုက်တာများကိုဆိုသည်။ ဒါရိုက်တာ တစ်ဦးတည်းရှိသည့် ကုမ္ပဏီတွင် အဆိုပါ ဒါရိုက်တာအဖွဲ့ ဆိုသည်မှာ ထိုဒါရိုက်တာတစ်ဦး ကို ဆိုသည်။
(၅) ကုမ္ပဏီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ သို့မဟုတ် တည်ဆဲကုမ္ပဏီ တစ်ခုခုကိုဆိုသည်။
(၆) ကြွေးမြီပေးဆပ်ရသူ ဆိုသည်မှာ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ စာရင်းသို့ ငွေကြေးထည့်ဝင်ရန် တာဝန်ရှိသူများ အားလုံးကိုဆိုသည်။ ထို့ပြင် မည်သူများသည် ကြွေးမြီပေးဆပ်ရသူများဖြစ်သည် ဆိုသည်ကို ဆုံးဖြတ်ရန်အတွက် တရားစွဲဆို ဆောင် ရွက်မှုများနှင့် အပြီးသတ်ဆုံးဖြတ်ချက်မချမှတ်မီ တရားစွဲဆိုဆောင်ရွက်မှုများတွင် ကြွေးမြီပေးဆပ်ရသူ တစ်ဦး ဖြစ်သည်ဟု စွပ်စွဲဖော်ပြခံရသူများလည်း ပါဝင်သည်။
(၇) ကော်ပိုရေးရှင်း ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤဥပဒေမှအပ အခြားနိုင်ငံတစ်ခုခု၏ ဥပဒေတစ်ရပ်ရပ်အပါအဝင် အခြားဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်း တည်ထောင်ထားသောအဖွဲ့ အဖွဲ့အစည်း တစ်ရပ်ကို ဆိုသည်။
(၈) တရားရုံး ဆိုသည်မှာ ဤဥပဒေအရ စီရင်ပိုင်ခွင့်ရှိသော တရားရုံးကိုဆိုသည်။
(၉) ဒီဘင်ချာ ဆိုသည်မှာ ကုမ္ပဏီမှချေးယူထားသော ငွေအတွက် အဆိုပါကုမ္ပဏီမှ ထုတ်ပေးသော သက်သေခံလက်မှတ်ကို ဆိုသည်။ ယင်းတွင် ဒီဘင်ချာစတော့ ရှယ်ယာလည်း ပါဝင်သည်။
(၁ဝ) ဤဥပဒေတွင် ပါရှိသောကိစ္စရပ်များအတွက် ဒါရိုက်တာ ဆိုသည်မှာ ကုမ္ပဏီတစ်ခု သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခု၏-
(ကက) ဒါရိုက်တာရာထူးနေရာတွင် ခန့်အပ်ခံရသူ သို့မဟုတ် အလှည့်ကျဒါရိုက်တာ ရာထူးနေရာ တွင် ခန့်အပ်ခံရသူဖြစ်ပြီး အဆိုပါရာထူးနေရာတွင် ထမ်းဆောင်နေသူ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
(ခခ) ဒါရိုက်တာ သို့မဟုတ် အလှည့်ကျဒါရိုက်တာ ရာထူးနေရာတွင် ခန့်အပ်ခြင်းမခံရသော်လည်း အောက်ပါအတိုင်း ဆောင်ရွက်နေသူ တစ်ဦးဦးကိုဆိုသည်-
(၁) ဒါရိုက်တာရာထူးနေရာတွင် ခန့်အပ်ခြင်း ခံရသကဲ့သို့ ထမ်းဆောင်နေသူ သို့မဟုတ်
(၂) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ ဒါရိုက်တာများကို ၎င်း၏ညွှန်ကြားချက် သို့မဟုတ် ဆန္ဒနှင့်အညီ လိုက်နာဆောင်ရွက်စေရန် သို့မဟုတ် ထိုသို့ လိုက်နာဆောင်ရွက်စေရန် ညွှန်ကြားချက်ပေးသူ သို့မဟုတ် ဒါရိုက်တာအဖွဲ့က ကျင့်သုံးဆောင်ရွက်နိုင်သည့် အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်သူ သို့မဟုတ် ထိုသို့ကျင့်သုံးဆောင်ရွက်မှုအား ထိန်းချုပ်သူ။ ပုဂ္ဂိုလ်တစ်ဦး၏ အတတ်ပညာဆိုင်ရာ လုပ်ငန်းတာဝန်များကို လျော်ကန်စွာဆောင်ရွက်၍ ပုဂ္ဂိုလ်တစ်ဦးဦး၏ အကြံပေးမှုကြောင့် သို့မဟုတ် အဆိုပါပုဂ္ဂိုလ်သည် ဒါရိုက်တာများ၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်း ဆက်သွယ် ဆောင်ရွက်မှုရှိခြင်း တို့ကြောင့် ဒါရိုက်တာများက လိုက်နာဆောင်ရွက်သည်ဆိုသော အကြောင်းမျှဖြင့် ဤပုဒ်မခွဲငယ်၏ ပုဒ်မခွဲငယ်စိတ် (ခခ)၊ (၂) ပါ ပြဋ္ဌာန်းချက်အား ကျင့်သုံးခြင်းနှင့် သက်ဆိုင်မှုမရှိစေရ။
(၁၁) တည်ဆဲကုမ္ပဏီ ဆိုသည်မှာ ရုပ်သိမ်းခဲ့သည့် ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံ တင်ထားသည့် ကုမ္ပဏီတစ်ခုခုကို ဆိုသည်။
(၁၂) ကျွမ်းကျင်သူ ဆိုသည်မှာ ပုဒ်မ ၂၁၄ ပါကိစ္စရပ်များအတွက် အင်ဂျင်နီယာ၊ တန်ဖိုးသတ်မှတ်သူ၊ စာရင်းကိုင်နှင့် ရေးသားဖော်ပြချက်တစ်ရပ် ပြုစုရာတွင် အတတ်ပညာဆိုင်ရာ ခွင့်ပြုချက်ပေးရသူ တစ်ဦးဦးကို ဆိုသည်။
(၁၃) ငွေကြေးအထောက်အပံ့ ဆိုသည်တွင် ငွေချေးခြင်း၊ အာမခံလက်မှတ်ပေးခြင်း၊ အာမခံခြင်း၊ တာဝန်တစ်ရပ်ရပ်ကို စွန့်လွှတ်ခြင်း သို့မဟုတ် ကြွေးမြီ သို့မဟုတ် အခြားတစ်ခုခုကို စွန့်လွှတ်ခြင်း အားဖြင့် ငွေကြေးအထောက်အပံ့ပေးခြင်းတို့ ပါဝင်သည်။
(၁၄) နိုင်ငံခြားကုမ္ပဏီ ဆိုသည်မှာ ပြည်ပကော်ပိုရေးရှင်း သို့မဟုတ် အခြားနိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် ၎င်းတို့ပေါင်းစည်းလျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ပိုင်ဆိုင်မှုပမာဏ ၃၅ ရာခိုင်နှုန်းအထက် ပိုမိုသည့်ပိုင်ဆိုင်မှု အကျိုးခံစားခွင့်တစ်ရပ်ရှိသော နိုင်ငံတော်၌ ဖွဲ့စည်းတည် ထောင်ထားသည့် ကုမ္ပဏီကိုဆိုသည်။
(၁၅) ကုမ္ပဏီတစ်ခုနှင့်ဆက်နွှယ်နေသည့် အစုများပိုင်ဆိုင်သည့်ကုမ္ပဏီ ဆိုသည်မှာ ဆက်နွှယ်နေသည့် လက်အောက်ခံကုမ္ပဏီတစ်ခုအဖြစ် ရောက်ရှိနေသော ကုမ္ပဏီ၏အစုများကို ပိုင်ဆိုင်သည့် ကုမ္ပဏီကို ဆိုသည်။
(၁၆) ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေအရ စီမံခန့်ခွဲမှုများ ပြုလုပ်ရန်နှင့် မှတ်ပုံတင် အရာရှိကို ကြီးကြပ်သည့် သို့မဟုတ် ဆောင်ရွက်သည့် ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် ယင်းကိုဆက်ခံသည့် အဖွဲ့အစည်း သို့မဟုတ် သက်ဆိုင်ရာဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းကို ဆိုသည်။
(၁၇) အရာရှိ (Officer) ဆိုသည်မှာ ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုတွင် အောက်ပါတို့အား ဆောင်ရွက် နိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဆိုသည်-
(ကက) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်း အားလုံးကိုလည်းကောင်း၊ အဓိက အပိုင်းကိုလည်းကောင်း အကျိုးသက်ရောက်စေမည့် ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်သူ သို့မဟုတ် ထိုသို့ ချမှတ်ဆောင်ရွက်ရာတွင် ပါဝင်သူ သို့မဟုတ်
(ခခ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာတောင့်တင်းမှုကို သိသာစွာ အကျိုး သက်ရောက်စေနိုင်သည့် ရာထူးနေရာအား ရရှိထားသူ။
(၁၈) အော့ပ်ရှင် (option) ဆိုသည်မှာ အချိန်ကာလတစ်ခုအတွင်း သဘောတူညီထားသည့် ဈေးနှုန်း ဖြင့် အစုရှယ်ယာများ သို့မဟုတ် သက်သေခံလက်မှတ်များ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းပြုလုပ် နိုင်သည့် အခွင့်အရေးကိုဆိုသည်။
(၁၉) အများအားဖြင့်နေထိုင်သူ ဆိုသည်မှာ သက်ဆိုင်ရာဥပဒေအရ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ သို့မဟုတ် ၁၂ လတာ ကာလတစ်ခု ချင်းစီတွင် နိုင်ငံတော်အတွင်း အနည်းဆုံး ၁၈၃ ရက်နေထိုင်သူကို ဆိုသည်။ ၁၂ လတာကာလ ဆိုသည်-
(ကက) တည်ဆဲကုမ္ပဏီ သို့မဟုတ် ရုပ်သိမ်းခဲ့သည့် ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းဖြစ်ပါက ဤဥပဒေ စတင်အာဏာသက်ရောက်သည့်နေ့မှ စတင်ရမည်။
(ခခ) ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်မှတ်ပုံတင်ထားသည့်ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်ပါက ဖွဲ့စည်းမှတ်ပုံ တင်သည့်နေ့မှစတင်ရမည်။
(၂ဝ) သာမန်ဆုံးဖြတ်ချက် ဆိုသည်မှာ သာမန်ဆုံးဖြတ်ချက်တစ်ရပ်အဖြစ် နည်းလမ်းတကျ ချမှတ် ဆောင်ရွက်ရန်ရည်ရွယ်ခဲ့ကြောင်း အထွေထွေအစည်းအဝေးအတွက် အကြောင်းကြားစာတွင် ဖော်ပြခဲ့ပြီး ကိုယ်တိုင်တက်ရောက်၍ဖြစ်စေ၊ ခွင့်ပြုခန့်ထားသည့်ကိုယ်စားလှယ် တက်ရောက်၍ဖြစ်စေ မဲပေးခွင့်ရှိ သော ကုမ္ပဏီတွင် ပါဝင်သူများ၏ မဲအများစုဖြင့် ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်ကိုဆိုသည်။
(၂၁) ပြည်ပကော်ပိုရေးရှင်း ဆိုသည်မှာ နိုင်ငံတော်ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့ အစည်း သို့မဟုတ် ကုမ္ပဏီတစ်ခုကို ဆိုသည်။
(၂၂) ပိုင်ဆိုင်မှုအကျိုးခံစားခွင့် ဆိုသည်မှာ ကုမ္ပဏီတွင် တရားဝင် သို့မဟုတ် သာတူညီမျှ ရထိုက်သော သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အကျိုးခံစားခွင့်တစ်ရပ်ကိုဆိုသည်။ အောက်ဖော်ပြပါ နည်းလမ်း များ အပါအဝင် ကုမ္ပဏီတစ်ခုတွင် ပိုင်ဆိုင်မှုအကျိုးခံစားခွင့်များကို ရရှိနိုင်သည်-
(ကက) ဖော်ပြပါကုမ္ပဏီတွင် အစုရှယ်ယာများကို တိုက်ရိုက်ပိုင်ဆိုင်ခြင်း၊ သို့မဟုတ်
(ခခ) ဖော်ပြပါ ကုမ္ပဏီတွင် အစုရှယ်ယာများကို တိုက်ရိုက်ပိုင်ဆိုင်ခြင်းဖြင့် ဖြစ်စေ၊ သွယ်ဝိုက်သော အားဖြင့် ပိုင်ဆိုင်၍ဖြစ်စေ ရရှိထားသည့် အခြားကုမ္ပဏီတစ်ခု၌ အစုရှယ်ယာများကို တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခြင်း သို့မဟုတ်
(ဂဂ) ကုမ္ပဏီ၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ဆန္ဒမဲပေးနိုင်ခွင့် အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ကြီးကြပ်ဆောင်ရွက်နိုင်သည့် အခွင့်အရေးရရှိသောသူအဖြစ် သဘောတူညီချက်ရှိခြင်း။
(၂၃) သတ်မှတ်ဖော်ပြထားသည့် ဆိုသည်မှာ ဤဥပဒေအရပြုလုပ်သည့် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ ဇယား သို့မဟုတ် ပုံစံအရဖြစ်စေ၊ ယင်းတို့တွင် ဖြစ်စေ သတ်မှတ်ဖော်ပြထားသည့် အကြောင်းအရာ သို့မဟုတ် ကိစ္စရပ်များကို ဆိုသည်။
(၂၄) ယခင်ဥပဒေ ဆိုသည်မှာ ၁၉၁၄ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေကို ဆိုသည်။
(၂၅) အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဆိုသည်မှာ ဤဥပဒေအရဖြစ်စေ၊ ရုပ်သိမ်းခဲ့ပြီးသော ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ တစ်ခုကိုဆိုလိုပြီး ယင်းသည် အောက်ပါ ကန့်သတ်ချက်များကို လိုက်နာရမည်-
(ကက) ကုမ္ပဏီ၏ ဝန်ထမ်းအဖြစ်ခန့်ထားသူများ ပါဝင်ခြင်းမရှိသော ပါဝင်သူ ဦးရေ ၅ဝ ဦးထက် မပိုစေရ။
(ခခ) ကုမ္ပဏီ၏အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူမှ ဝယ်ယူနိုင်ရန်အတွက် ကမ်းလှမ်းခြင်းတစ်စုံတစ်ရာ မပြုလုပ်ရ။
(ဂဂ) အစုရှယ်ယာများအားလွှဲပြောင်းခြင်းကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အညီ ကန့်သတ်နိုင်သည်။ ဤအဓိပ္ပာယ်ဖော်ပြချက်အရ လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများက ကုမ္ပဏီတစ်ခု၏ အစု ရှယ်ယာတစ်ခု သို့မဟုတ် အစုရှယ်ယာများကို ပူးတွဲ ပိုင်ဆိုင်ကြလျှင် ၎င်းတို့အား ပါဝင်သူဦးရေတစ်ဦး အဖြစ်သာ မှတ်ယူရမည်။
(၂၆) ကမကထပြုသူ ဆိုသည်မှာ ပုဒ်မ ၂၁၄ ပါကိစ္စရပ်များအတွက် ကုမ္ပဏီ၏အလားအလာ ညွှန်းတမ်း (Prospectus) တစ်ခုလုံးတွင်ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းတွင် ဖြစ်စေ မှားယွင်းတင်ပြသော သို့မဟုတ် မှန်ကန်မှုမရှိသော ရေးသားဖော်ပြချက်များ ပြုစုဆောင်ရွက်ရာတွင် ပါရှိသော သူတစ်ဦးဦး ကိုဆိုသည်။ သို့ရာတွင် ယင်းစကားရပ်၌ ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ရာတွင် ပါဝင်ဆောင်ရွက်သော ပုဂ္ဂိုလ်များအတွက် ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများ နှင့်သက်ဆိုင်ခြင်း မရှိ စေရ။
(၂၇) ကုမ္ပဏီ၏အလားအလာညွှန်းတမ်း ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များကို ပေးချေဝယ်ယူရန်အတွက် အများ ပြည်သူသို့ ကမ်းလှမ်းသည့်ကုမ္ပဏီ၏ အလားအလာဖော်ပြချက် သို့မဟုတ် အကြောင်းကြားစာ သို့မ ဟုတ် ဖြန့်ဝေစာ သို့မဟုတ် ကြေညာချက် သို့မဟုတ် အခြားဖိတ်ခေါ်ချက် တစ်ရပ်ရပ်ကိုဆိုသည်။ သို့သော် ယင်းတွင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းကို တရားဝင်ပြုစုဆောင်ရွက်ထားသည့် အကြောင်းသာ ဖော်ပြထားသော ကြေညာချက်တစ်ရပ်ရပ် ပါဝင်ခြင်းမရှိစေရ။
(၂၈) အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ ဆိုသည်မှာ ဤဥပဒေအရဖြစ်စေ သို့မဟုတ် ရုပ်သိမ်းခဲ့ပြီးသော ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းထားသော အများနှင့် မသက်ဆိုင်သောကုမ္ပဏီ မဟုတ်သည့်ကုမ္ပဏီ ကို ဆိုသည်။
(၂၉) မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များ ဆိုသည်မှာ အခန်း (၁၃) ပါပြဋ္ဌာန်းချက်များအရ မှတ်ပုံတင် စာရင်းတစ်ခုဖြင့် ကုမ္ပဏီမှရေးသွင်းပြုစုထားသည့် ငွေချေးသက်သေခံလက်မှတ် တစ်ရပ်ရပ် ကို ဆိုသည်။
(၃၀) မှတ်ပုံတင်ထားသောရုံး ဆိုသည်မှာ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် စီရင်ပိုင်ခွင့်ကိစ္စ ရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်လွှာမတင်မီ တစ်ဆက်တည်းဖြစ်သော ခြောက်လကာလ အတွင်း ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးအဖြစ် ကာလအကြာရှည်ဆုံးရှိသည့် နေရာကိုဆိုသည်။
(၃၁) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ ဤဥပဒေအရ ကုမ္ပဏီများအား မှတ်ပုံတင်ဆောင်ရွက်ခြင်း တာဝန် ကိုထမ်းဆောင်ရန်နှင့် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်သော ဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင် အရာရှိသို့အပ်နှင်းထားသည့် အခြားလုပ်ပိုင်ခွင့်များကိုကျင့်သုံးရန်နှင့် လုပ်ငန်းတာဝန်များကို ဆောင် ရွက်ရန်အတွက် သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်းကိုဆက်ခံသည့်ဌာန သို့မဟုတ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သို့မဟုတ် ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ ပုဂ္ဂိုလ် တစ်ဦးဦးကို ဆိုသည်။
(၃၂) အဖွဲ့အစည်း (ကုမ္ပဏီအပါအဝင်) တစ်ခု၏ ဆက်စပ်သည့် အဖွဲ့အစည်း ဆိုသည်မှာ-
(ကက) အဖွဲ့အစည်း၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုခု သို့မဟုတ်
(ခခ) အဖွဲ့အစည်း၏ လက်အောက်ခံကုမ္ပဏီတစ်ခုခု သို့မဟုတ်
(ဂဂ) အဖွဲ့အစည်း၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီ တစ်ခုခုကို ဆိုသည်။
(၃၃) ဆက်နွှယ်သည့်ပုဂ္ဂိုလ် ဆိုသည်မှာ-
(ကက) ကုမ္ပဏီအပါအဝင် အဖွဲ့အစည်းတစ်ခုနှင့် သက်ဆိုင်သည့်အခါ အဖွဲ့အစည်းကို ထိန်းချုပ်သည့် ပုဂ္ဂိုလ်နှင့်
(ခခ) အဖွဲ့အစည်း အပါအဝင် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်သည့်အခါ -
(၁) ပုဂ္ဂိုလ်တစ်ဦး၏ ဆက်စပ်သည့် အဖွဲ့အစည်း တစ်ခုမှအပ ထိုပုဂ္ဂိုလ်၏ တွဲဖက်လုပ်ကိုင်သူ တစ်ဦးဦး၊
(၂) ထိုပုဂ္ဂိုလ်၏ တွဲဖက်လုပ်ကိုင်သူ တစ်ဦးဦး၏ အိမ်ထောင်ဖက် သို့မဟုတ် မိဘ သို့မဟုတ် ကလေး တစ်ဦးဦး၊
(၃) အထက်ပုဒ်မခွဲငယ်စိတ် (ကက) သို့မဟုတ် (ခခ)၊ (၁) နှင့် (၂) တို့တွင် ရည်ညွှန်းဖော်ပြထားသော ပုဂ္ဂိုလ်တစ်ဦးဦးက ထိန်းချုပ်သည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဆိုသည်။
(၃၄) သတ်မှတ်စီစဉ်ထားသည့်ဘဏ် ဆိုသည်မှာ သက်ဆိုင်ရာလုပ်ငန်းနှင့် ဆောင်ရွက်မှုများကို ပြုလုပ် ရန်အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ် ရပ်အရ အသိအမှတ်ပြုထားသည့် သို့မဟုတ် လုပ်ပိုင်ခွင့်ပေးထားသည့်ဘဏ် တစ်ခုခုကိုဆိုသည်။
(၃၅) အာမခံအကျိုးခံစားခွင့် ဆိုသည်မှာ ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်အရ သတ်မှတ်ဖော်ပြထားသည့် သို့မဟုတ် အသိအမှတ်ပြုထားသော ကြွေးမြီပေးချေရန် အာမခံချက်၊ ပစ္စည်း ကို လက်ဝယ်ထားပိုင်ခွင့်၊ အပေါင်စာချုပ်ပေါင်နှံခြင်း သို့မဟုတ် အာမခံအကျိုးခံစားခွင့်ဆိုင်ရာ အခြား ပုံစံတစ်ရပ်ရပ်ကို ဆိုသည်။
(၃၆) အစုရှယ်ယာ ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာမတည်ငွေရင်းတွင် ပါဝင်သော အစု ရှယ်ယာကို ဆိုသည်။
(၃၇) ထိုးမြဲလက်မှတ် ဆိုသည်မှာ မှတ်ပုံတင်အရာရှိထံ တင်ပြသော သို့မဟုတ် ထုတ်ပေးသော မည်သည့်စာရွက်စာတမ်းပေါ်တွင်မဆို အသိအမှတ်ပြုကြောင်း သေချာစေသည့် အမှတ်အသားကို ဆို သည်။ ယင်းသည် စာရွက်ပေါ်တွင် မူရင်းမင်ဖြင့် လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ မှတ်ပုံတင်အရာရှိမှ လက်ခံသည့် နည်းလမ်းဖြင့် အီလက်ထရောနစ်ပုံစံပေါ်တွင် လက်မှတ်ရေးထိုးသူ၏ အမည်ပါရှိနိုင်သည်။ ဤဥပဒေတွင်ပါရှိသော မှတ်ပုံတင်အရာရှိထံ တင်ပြသော သို့မဟုတ် ထုတ်ပေးသော မည်သည့်စာရွက် စာတမ်းပေါ်တွင်မဆို လက်မှတ်ရေးထိုးရန်ဆိုသည်မှာ ထိုးမြဲလက်မှတ်ကိုဆိုသည်။
(၃၈) အသေးစားကုမ္ပဏီ ဆိုသည်မှာ အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ သို့မဟုတ် အများနှင့် သက်ဆိုင် သည့်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီမှအပ အောက်ဖော်ပြပါစည်းကမ်းချက်များနှင့် ညီညွတ်မှုရှိသော ကုမ္ပဏီကို ဆိုသည်-
(ကက) ယင်းကုမ္ပဏီနှင့် ယင်း၏လက်အောက်ခံ ကုမ္ပဏီများတွင် ၃ဝ ထက်မပိုသော ဝန်ထမ်းဦးရေ ရှိခြင်း သို့မဟုတ် ဤဥပဒေအရ သတ်မှတ်ဖော်ပြထားသည့် ဝန်ထမ်း အရေအတွက်အောက်တွင်ရှိခြင်း၊
(ခခ) ယင်းကုမ္ပဏီနှင့် ယင်း၏ လက်အောက်ခံ ကုမ္ပဏီများတွင် ယခင် နှစ်၏ တစ်နှစ်တာဝင်ငွေ စုစုပေါင်းသည် ကျပ်သန်း ၅ဝ အောက်တွင် ရှိခြင်း သို့မဟုတ် ဤဥပဒေအရ သတ်မှတ်ဖော်ပြထားသည့် ငွေပမာဏအောက်တွင်ရှိခြင်း။
(၃၉) ကြွေးမြီစစ်ဆေးချက် ဆိုသည်မှာ အောက်ပါကိစ္စရပ်တစ်ခုစီတွင် အဆိုပါ ကုမ္ပဏီများနှင့် သက်ဆိုင်သည့် သို့မဟုတ် အခါအားလျော်စွာ သတ်မှတ်ဖော်ပြထားသည့် စာရင်းကိုင်စံနှုန်းများနှင့်အညီ ဖြစ်စေရမည်-
(ကက) ကုမ္ပဏီသည် သာမန်စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများတွင် ပေးချေရမည်ဖြစ်သော ကြွေးမြီ များကို ပေးချေနိုင်စွမ်းရှိခြင်းနှင့်
(ခခ) ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသည် ယင်း၏ပေးရန်တာဝန်ရှိမှုများထက် ပိုနေခြင်း။
(၄၀) အထူးဆုံးဖြတ်ချက် ဆိုသည်မှာ အထူးဆုံးဖြတ်ချက်တစ်ရပ်အဖြစ် နည်းလမ်းတကျ ချမှတ် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ကြောင်း အထွေထွေအစည်းအဝေးအတွက် အကြောင်းကြားစာတွင် ဖော်ပြခဲ့ ပြီး ကိုယ်တိုင်တက်ရောက်၍ ဖြစ်စေ၊ ခွင့်ပြုခန့်ထားသည့် ကိုယ်စားလှယ်တက်ရောက်၍ဖြစ်စေ မဲပေးခွင့် ရှိသော ကုမ္ပဏီတွင်ပါဝင်သူများ၏ လေးပုံသုံးပုံထက်မနည်းသော မဲအများစုဖြင့် ချမှတ်ခဲ့သည့် ဆုံးဖြတ် ချက်ကိုဆိုသည်။
(၄၁) လက်အောက်ခံကုမ္ပဏီ ဆိုသည်မှာ-
(ကက) ကုမ္ပဏီတစ်ခုသည် အောက်ပါအခြေအနေတစ်ခုခုနှင့် ကိုက်ညီလျှင် အခြားကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည်-
(၁) အခြားကုမ္ပဏီသည် အဆိုပါကုမ္ပဏီ၏ ဘုတ်အဖွဲ့ ဖွဲ့စည်းမှုအား ထိန်းချုပ်ထားခြင်း သို့မဟုတ်
(၂) အခြားကုမ္ပဏီသည် အဆိုပါကုမ္ပဏီ၏ အစည်းအဝေးတွင် အသုံးပြုနိုင်သည့် မဲအရေအတွက် အများဆုံးအနက်မှ တစ်ဝက်ထက်ပိုသည့်မဲများကို အသုံးပြုနိုင်ခြင်း သို့မဟုတ် အသုံးပြုမှုအား ထိန်းချုပ်နိုင်ခြင်း သို့မဟုတ်
(၃) အမြတ်ငွေသော်လည်းကောင်း၊ မတည်ငွေရင်းသော်လည်းကောင်း ခွဲဝေသတ်မှတ်ရာတွင် ဖော်ပြထားသည့် ပမာဏထက်ကျော်လွန်၍ ဆောင်ရွက်ခွင့်ရှိသည့် အခွင့်အရေးမရရှိသော အစုရှယ်ယာများမှတစ်ပါး အဆိုပါကုမ္ပဏီ၏ ထုတ်ဝေထားသော အစုရှယ်ယာများ၏ တစ်ဝက်ထက်ကျော်လွန်သည့် အစုရှယ်ယာများကို အခြားကုမ္ပဏီမှ ပိုင်ဆိုင်ထားခြင်း သို့မဟုတ်
(၄) အမြတ်ငွေသော်လည်းကောင်း၊ မတည်ငွေရင်းသော်လည်းကောင်း ခွဲဝေသတ်မှတ်ရာတွင် ဖော်ပြထားသည့် ပမာဏထက် ကျော်လွန်၍ ဆောင်ရွက်ခွင့်ရှိသည့် အခွင့်အရေးမရရှိသော အစုရှယ်ယာများမှတစ်ပါး အဆိုပါကုမ္ပဏီမှ ထုတ်ဝေထားသော အစုရှယ်ယာများအပေါ် ခွဲဝေပေးရမည့် အမြတ်ဝေစုတိုင်း၏ ထက်ဝက်ကျော်ကို ရထိုက်ခွင့်ရှိခြင်း။
(ခခ) အထက်ပုဒ်မခွဲငယ်စိတ် (ကက) ပါအခြေအနေတစ်ခုခုနှင့် ကိုက်ညီသည့် လက်အောက်ခံကုမ္ပဏီ မှ ထပ်မံဖွဲ့စည်းသည့် ၎င်း၏လက်အောက်ခံကုမ္ပဏီသည်လည်း အဆိုပါအခြားကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည်။
(၄၂) ကူးပြောင်းကာလ ဆိုသည်မှာ ဤဥပဒေ စတင်အာဏာသက်ရောက်သည့်နေ့မှ စတင်၍ ၁၂ လ ဖြစ်သောကာလကို ဆိုသည်။
(၄၃) ကုမ္ပဏီတစ်ခု နှင့်ဆက်နွှယ်နေသည့် မူရင်းအစုများပိုင်ဆိုင်သည့်ကုမ္ပဏီ ဆိုသည်မှာ ဆက်နွှယ် နေသော ကုမ္ပဏီ၏အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုကိုဆိုလိုပြီး ယင်းကုမ္ပဏီကိုယ်တိုင် ကုမ္ပဏီ တစ်ခုခု၏ လက်အောက်ခံ မဟုတ်သော ကုမ္ပဏီတစ်ခုခုကို ဆိုသည်။
(၄၄) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(၄၅) ပြည်ထောင်စုဝန်ကြီး ဆိုသည်မှာ ဤဥပဒေအရ စီမံခန့်ခွဲမှုများပြုလုပ်ရန်နှင့် မှတ်ပုံတင်အရာရှိ ကို ကြီးကြပ်ရန်တာဝန်ရှိသည့် ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ပြည်ထောင်စုဝန်ကြီးအဆင့်ရှိသူ အခြား ပုဂ္ဂိုလ်တစ်ဦးဦးကို ဆိုသည်။
(၄၆) ရောင်းချသူ ဆိုသည်မှာ ပုဒ်မ ၂ဝ၅ တွင်ဖော်ပြပါရှိသည့် ကိစ္စရပ်များအတွက် အောက်ပါ အခြေ အနေများတွင် အရောင်းအဝယ် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ရွေးချယ်ဝယ်ယူခြင်း ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်ကိုဖြစ်စေ ချုပ်ဆိုဆောင်ရွက်သည့် ပုဂ္ဂိုလ်အားလုံးကိုဆိုသည်-
(ကက) ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) ထုတ်ဝေသည့်နေ့ရက်တွင် ကုမ္ပဏီက ရယူ မည့် ပစ္စည်းတစ်စုံတစ်ရာအတွက် ပေးချေရမည့်ငွေကို အပြည့်အဝပေးချေထားမှုမရှိသေးခြင်း သို့မဟုတ်
(ခခ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း(Prospectus)ဖြင့် ငွေကြေးထည့်ဝင်စေရန် ကမ်းလှမ်း၍ ရရှိသည့်အကျိုးအမြတ်မှ ပေးချေရမည့်ငွေအား အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပေးချေ ထားခြင်း သို့မဟုတ် ပေးချေရန်လက်ခံထားခြင်း သို့မဟုတ်
(ဂဂ) အဆိုပါ ပဋိညာဉ်စာချုပ်သည် ယင်း၏ တရားဝင်မှု သို့မဟုတ် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှုတို့သည် အလားအလာညွှန်းတမ်း (Prospectus) ဖြင့် ကမ်းလှမ်း၍ရရှိသည့် အကျိုး အမြတ်ရလဒ်အပေါ်တွင် တည်မှီနေခြင်း။
အပိုင်း (၂)
ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ခြင်း နှင့် အခွင့်အာဏာများ
အခန်း (၂)
ကုမ္ပဏီများနှင့်အဖွဲ့အစည်းများ
ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်နိုင်သော ကုမ္ပဏီများနှင့်အဖွဲ့အစည်းများ
၂။ အောက်ပါကုမ္ပဏီများကို ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်နိုင်သည်-
(က) အောက်ပါအစုရှယ်ယာဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအမျိုးအစားနှစ်ခုအနက်မှ တစ်ခု -
(၁) ကုမ္ပဏီ၏ ဝန်ထမ်းအဖြစ်ခန့်ထားသူများ ပါဝင်ခြင်းမရှိသော ပါဝင်သူဦးရေ ၅ဝ ဦးထက် မပိုသည့် သူများ ပါရှိနိုင်သော အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီသို့မဟုတ်
(၂) ကုမ္ပဏီတွင် ပါဝင်သူဦးရေ အကန့်အသတ်မရှိ ပါရှိနိုင်သော အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ။
(ခ) ကုမ္ပဏီတွင် ပါဝင်သူဦးရေ အကန့်အသတ်မရှိသည့် ခံဝန်ချက် အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ၊
(ဂ) ကုမ္ပဏီတွင် ပါဝင်သူဦးရေအကန့်အသတ်မရှိသည့် တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီ။
ဤဥပဒေအရ မှတ်ပုံတင်နိုင်သော အခြားကော်ပိုရေးရှင်း အဖွဲ့အစည်းများ
(က) စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့၊
(ခ) ပြည်ပကော်ပို ရေးရှင်း၊
(ဂ) ဤဥပဒေအရသော်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ရှိသည့် အခြားကော်ပိုရေးရှင်း တစ်ရပ်ရပ်နှင့်
(ဃ) အခါအားလျော်စွာ ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်ဖော်ပြထားသည့် အခြားသောအဖွဲ့အစည်း များ။
အခန်း (၃)
ကုမ္ပဏီများ၏ အခြေခံလိုအပ်ချက်နှင့် အခွင့်အာဏာများ
ကုမ္ပဏီတစ်ခု၏ အခြေခံလိုအပ်ချက်များ
၄။ (က) ဤဥပဒေအရ ဖွဲ့စည်းတည်ထောင် မှတ်ပုံတင်ထားသောကုမ္ပဏီသည် အောက်ပါအချက်များ ရှိရမည်-
(၁) အမည်၊
(၂) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊
(၃) ထုတ်ဝေသည့် အစုရှယ်ယာအနည်းဆုံးတစ်ခုရှိခြင်း (သို့ရာတွင်ခံဝန်ချက်အားဖြင့် တာဝန် ကန့် သတ်ထားသည့်ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာ မတည်ငွေရင်းထားရှိရန် မလိုအပ်)၊
(၄) ပါဝင်သူဦးရေ အနည်းဆုံးတစ်ဦး၊
(၅) ပုဒ်မခွဲငယ် (၆) နှင့်အညီ အနည်းဆုံး ဒါရိုက်တာတစ်ဦးရှိရမည်ဖြစ်ပြီး ၎င်းသည် နိုင်ငံတော် အတွင်း အများအားဖြင့် နေထိုင်သူတစ်ဦး၊
(၆) ကုမ္ပဏီသည်အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ပါက အနည်းဆုံးဒါရိုက်တာ သုံးဦးရှိရ မည်ဖြစ်ပြီး ၎င်းတို့အနက်မှတစ်ဦးသည် နိုင်ငံတော်အတွင်း အများအားဖြင့် နေထိုင်သူမြန်မာနိုင်ငံသား တစ်ဦးနှင့်
(၇) နိုင်ငံတော်အတွင်း မှတ်ပုံတင်ထားသည့် ရုံးခန်းလိပ်စာတစ်ခု။
(ခ) ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီအတွင်းရေးမှူး တစ်ဦးကို ခန့်အပ်နိုင်သည့်အပြင် အများသုံး ရုံးတံဆိပ် တစ်ခုလည်း ထားရှိနိုင်သည်။
ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုနှင့် အခွင့်အာဏာများ
၅။ (က) ကုမ္ပဏီသည်-
(၁) ၎င်းတွင်ပါဝင်သူများ၏ အခွင့်အရေးနှင့် သီးခြားဖြစ်သော ကိုယ်ပိုင်အခွင့်အရေးများရှိသည့် တရား ဝင် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ခြင်းမပြုသရွေ့ အခွင့်အရေးများ၊ အခွင့် အာဏာများနှင့် အကျိုးခံစားခွင့်များ အပြည့်အဝ ဆက်လက်တည်ရှိရမည်။ ၎င်းအပြင်
(၂) ဤဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်တို့အရ နိုင်ငံတော်အတွင်း၌သော်လည်းကောင်း၊ ပြင်ပ၌သော် လည်းကောင်း အောက်ပါကိစ္စရပ်များအား ဆောင်ရွက်နိုင်ခွင့် အပါအဝင် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ် သို့မဟုတ် ဆောင်ရွက်မှုတစ်ရပ်ရပ် လုပ်ကိုင်ရန်၊ လုပ်ငန်းဆောင်ရွက်မှုများပြုလုပ်ရန် တရားဝင် လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် အပြည့်အဝရှိသည်-
(ကက) အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် ကုမ္ပဏီတွင်အစုရှယ်ယာများအဖြစ် ပြောင်းလဲ နိုင်သော အခြား ငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေခြင်း၊
(ခခ) ကုမ္ပဏီ၌ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ ပိုင်ဆိုင်နိုင်သည့် အော့ပ်ရှင် (option) များ ပေးခြင်း၊
(ဂဂ) ကုမ္ပဏီပိုင်ပစ္စည်းတစ်ရပ်ရပ်အပေါ်တွင် အာမခံအကျိုးခံစားခွင့်တစ်ရပ်ပေးခြင်း၊
(ဃဃ) ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်ကို ကုမ္ပဏီတွင်ပါဝင်သူများအား ပစ္စည်းအနေဖြင့်သော် လည်း ကောင်း၊ အခြား နည်းဖြင့်သော်လည်းကောင်း ခွဲဝေပေးခြင်း။
(ခ) ကုမ္ပဏီ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှု၊ အခွင့်အရေးများ၊ အခွင့်အာဏာများ သို့မဟုတ် အကျိုးခံစား ခွင့်များကို ကန့်သတ်ထားရှိမှသာလျှင် ယင်းတို့နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ကုမ္ပဏီ ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါရှိနိုင်သည်။
(ဂ) ကုမ္ပဏီတစ်ခုသည် အခြားကုမ္ပဏီ၏အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ပြီး လက်အောက်ခံ ကုမ္ပဏီများစွာကို တည်ထောင်နိုင်သည့်အပြင် ယင်းတို့၏ အစုရှယ်ယာများကိုလည်း ပိုင်ဆိုင်နိုင်သည်။
အခန်း (၄)
ဤဥပဒေအရ ကုမ္ပဏီများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း
ကုမ္ပဏီတစ်ခုအား ဖွဲ့စည်းတည်ထောင်သည့်နည်းလမ်း
၆။ (က) တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ သင်းဖွဲ့ဆောင်ရွက်ကြသူများကသော်လည်းကောင်း ကုမ္ပဏီတစ်ရပ်ရပ်ကို ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ရန်နှင့်မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံသို့ လျှောက်ထားတင်ပြနိုင်သည်-
(၁) အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်သော ကုမ္ပဏီတွင်ပါဝင်သူတို့၏ တာဝန်ကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ၎င်းတို့ထည့်ဝင်ထားသည့် အစုများအတွက်ပေးချေရန် ကျန်ငွေတစ်စုံ တစ်ရာရှိလျှင် ၎င်းအရေအတွက် အထိကန့်သတ်ထားသည့် ကုမ္ပဏီ သို့မဟုတ်
(၂) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီဖြစ်သော ကုမ္ပဏီတွင်ပါဝင်သူတို့၏ တာဝန် ကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ၎င်းကုမ္ပဏီဖျက်သိမ်းသည့်အခါ ၎င်းကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ အဖြစ် ကူဝင်ထောက်ပံ့ရန် အသီးသီးတာဝန်ခံကြသည့် ငွေပမာဏအထိ ကန့်သတ်ထားသည့် ကုမ္ပဏီ သို့မဟုတ်
(၃) တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီတွင်ပါဝင်သူတို့၏ တာဝန်ကို တစ်စုံတစ်ရာကန့်သတ်မထား သည့် ကုမ္ပဏီ။
(ခ) ကုမ္ပဏီတစ်ရပ်ရပ်ကို ဤဥပဒေအရ မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံသို့ လျှောက်ထား မှုအား သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် တင်ပြရမည်ဖြစ်ပြီး အောက်ပါအချက်များကို ထည့်သွင်းဖော်ပြရ မည်-
(၁) အဆိုပြုတင်ပြသော ကုမ္ပဏီ၏အမည်၊
(၂) အဆိုပြုတင်ပြသော ကုမ္ပဏီအမျိုးအစား၊
(၃) လျှောက်ထားသူတစ်ဦးစီ၏ အမည်အပြည့်အစုံနှင့် လိပ်စာ၊
(၄) အဆိုပြုတင်ပြသော ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် အတွင်းရေးမှူးများ၏အမည် အပြည့်အစုံ၊ မွေးသက္ကရာဇ်၊ ကျား/မ၊ နိုင်ငံသားနှင့်လိပ်စာ၊
(၅) အဆိုပြုတင်ပြသော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းတို့မှ စာဖြင့်ရေးသားထားသည့် သဘောတူညီချက်၊
(၆) အခြားအကြောင်းကြားစာဖြင့် တင်ပြခြင်းမရှိလျှင် အဆိုပြုတင်ပြသော ကုမ္ပဏီ၏မှတ်ပုံတင်ထား သော ရုံးခန်းလိပ်စာ၊ အဆိုပါလိပ်စာကို အဆိုပြုတင်ပြသော ကုမ္ပဏီ၏ပို့ဆောင်ဆက်သွယ်နိုင်သည့် လိပ်စာဖြစ်ရန် သတ်မှတ်ရမည်။
(၇) မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာနှင့် ကွဲလွဲခဲ့လျှင် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို အဓိက လုပ်ဆောင်သည့် နေရာလိပ်စာ၊
(၈) အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ၊ အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ သို့မဟုတ် တာဝန် ကန့်သတ်မထားသည့် ကုမ္ပဏီတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင်-
(ကက) အဆိုပြုတင်ပြသော ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ အမည်အပြည့်အစုံနှင့် လိပ်စာ၊
(ခခ) အဆိုပြုတင်ပြသောကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ၎င်းတို့သည် ကုမ္ပဏီတွင်ပါဝင်မည့်သူ အဖြစ်လည်းကောင်း၊ ၎င်းတို့အတွက် အချိုးကျသတ်မှတ်ပေးထားသည့် အစုရှယ်ယာများအတွက် ငွေ ကြေး ထည့်ဝင်ကြမည်ကိုလည်းကောင်း စာဖြင့် ရေးသားထားသည့် သဘောတူညီချက်၊
(ဂဂ) ကုမ္ပဏီတွင် ပါဝင်မည့်သူတစ်ဦးစီသို့ ထုတ်ဝေမည့် အစုရှယ်ယာအရေအတွက်နှင့် အမျိုးအစား၊
(ဃဃ) ကုမ္ပဏီ၏အစုရှယ်ယာ မတည်ငွေရင်းကို ဖော်ပြမည့်ငွေကြေး၊
(ငင) အစုရှယ်ယာတစ်ခုစီအတွက် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီကပေးချေရန် သဘောတူညီကြသည့် ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏ၊
(စစ) မှတ်ပုံတင်သည့်အချိန်တွင် အဆိုပါ အစုရှယ်ယာများအတွက် အပြည့်အဝ ငွေပေးချေပြီးခြင်း ရှိ မရှိ ဖော်ပြချက်၊
(ဆဆ) အဆိုပြုတင်ပြသောကုမ္ပဏီသည် မူရင်းအစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခု ရှိ မရှိ ဖော်ပြချက်၊
(ဇဇ) အဆိုပြုတင်ပြသောကုမ္ပဏီသည် ဖွဲ့စည်းတည်ထောင်သည့်အချိန်တွင် နိုင်ငံခြားကုမ္ပဏီတစ်ခု ဟုတ် မဟုတ် ဖော်ပြချက်။
(၉) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီနှင့်သက်ဆိုင်သည့် ကိစ္စရပ်တွင်-
(ကက) အဆိုပြုတင်ပြသော ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ အမည်အပြည့်အစုံနှင့် လိပ်စာ၊
(ခခ) အဆိုပြုတင်ပြသော ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ၎င်းတို့သည် ကုမ္ပဏီတွင်ပါဝင်မည့်သူ အဖြစ် စာဖြင့်ရေးသားထားသည့် သဘောတူညီချက်၊
(ဂဂ) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီကသဘောတူ၍ ထည့်ဝင်မည့် အဆိုပြုတင်ပြသော အာမခံ ပမာဏ၊
(ဃဃ) ကုမ္ပဏီတွင် အစုရှယ်ယာမတည်ငွေရင်းရှိခဲ့လျှင်-
(၁) ထုတ်ဝေမည့်အစုရှယ်ယာအရေအတွက် နှင့်အမျိုးအစား၊
(၂) ကုမ္ပဏီ၏အစုရှယ်ယာမတည်ငွေရင်းကို ဖော်ပြမည့်ငွေကြေး၊
(၃) အစုရှယ်ယာ တစ်ခုစီအတွက် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ပေးချေရန် သဘောတူညီကြသည့် ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏ၊
(၄) မှတ်ပုံတင်သည့်အချိန်တွင် အဆိုပါအစုရှယ်ယာများအတွက် အပြည့်အဝငွေပေးချေ ပြီးခြင်းရှိမရှိ။
(ဂ) မှတ်ပုံတင်ဆောင်ရွက်ခြင်းအတွက် တင်ပြသည့်လျှောက်လွှာသည်-
(၁) လျှောက်ထားသူ တစ်ဦးစီက လက်မှတ်ရေးထိုးပြီးဖြစ်ရမည်။
(၂) လျှောက်လွှာတွင်ဖော်ပြပါရှိသည့် အချက်အလက်များအားလုံးသည် မှန်ကန်ကြောင်း လျှောက်ထား သူ တစ်ဦးစီက တာဝန်ယူထုတ်ဖော်ကြေညာချက်တစ်ရပ် ပါရှိရမည်။ ၎င်းအပြင်
(၃) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံနှင့် များစွာခြားနားမှုရှိသော ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတစ်ရပ်ကို အသုံးပြုရန် ကုမ္ပဏီကတင်ပြလာသည့်အခါ အနည်းဆုံး လျှောက်ထားတင်ပြသူတစ်ဦးက မှန်ကန် ကြောင်း အတည်ပြုထားသည့် အဆိုပြုကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူတစ်စောင်အား ပူးတွဲ တင်ပြပါရှိရမည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပုံစံကို ကုမ္ပဏီကအသုံးပြုရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိသည့် ရေးသားဖော်ပြချက်တစ်စောင်ကို တင်ပြရမည်။
(ဃ) လျှောက်လွှာတင်သွင်းသည့်အခါတွင် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို မှတ်ပုံတင် အရာရှိထံသို့ ပေးသွင်းရမည်။
(င) လျှောက်ထားသူသည် လျှောက်လွှာမူရင်းကွဲများနှင့် လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြသည့် စာရွက် စာတမ်းများအားလုံးကို ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၅)၊ (၈) နှင့် (၉) တို့တွင် ရည်ညွှန်း ဖော်ပြ ထားသည့် သဘောတူညီချက်မူရင်းများနှင့်အတူ သိမ်းဆည်းထားရမည်။ ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့် အခါ ထိုစာရွက်စာတမ်းများအား ကုမ္ပဏီထံသို့ပေးအပ်၍ ကုမ္ပဏီ၏ မှတ်တမ်းများအဖြစ် ဆက်လက် ထိန်းသိမ်းထားရှိရမည်။
၇။ ပုဒ်မ ၆ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် လျှောက်ထားသူက လျှောက်လွှာတွင် အချက်အလက် များအား မမှန်မကန်တင်ပြခဲ့ပါက ယင်းအတွက် ဒဏ်ကြေးငွေ ကျပ် ၂၅ သိန်းကို ပေးဆောင်ရမည်။
မှတ်ပုံတင်ခြင်း
၈။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေပါ လိုအပ်ချက်များနှင့်အညီ ပြည့်စုံစွာဆောင်ရွက် တင်ပြ လာသည့် လျှောက်လွှာတစ်စောင်အား လက်ခံရရှိသည့်အခါ လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်လျက်-
(၁) လျှောက်လွှာအား မှတ်ပုံတင်ရမည်။ ၎င်းအပြင်
(၂) အောက်ပါအချက်များကိုဖော်ပြလျက် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်တစ်စောင် ကို ထုတ်ပေးရမည်-
(ကက) ကုမ္ပဏီ၏အမည်၊
(ခခ) ကုမ္ပဏီအမျိုးအစား၊
(ဂဂ) ကုမ္ပဏီသည် ဤဥပဒေအရကုမ္ပဏီတစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်၍ မှတ်ပုံတင်ထားကြောင်း၊
(ဃဃ) မှတ်ပုံတင်သည့်နေ့၊
(ငင) သတ်မှတ်ဖော်ပြထားသည့် အခြားအကြောင်း အရာများ။
(ခ) မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင်စာအုပ်အား ထိန်းသိမ်းထားရှိရမည်။
(ဂ) မှတ်ပုံတင် အရာရှိသည် ပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြ ထားသည့်အတိုင်း လိုအပ်သော စာရွက်စာတမ်းများမှအပ အခြားစာရွက်စာတမ်းများ ကို တောင်းဆိုခြင်း မပြုရ။
မှတ်ပုံတင်ခြင်း၏ အကျိုးသက်ရောက်မှု
၉။ ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီမှတ်ပုံတင်သည့် နေ့ရက်မှစတင်၍ လျှောက်လွှာတွင် အမည်စာရင်းတင်ပြခဲ့သည့် ကုမ္ပဏီတွင် ပါဝင်မည့်သူများသည် ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်တွင်ပါရှိသည့်အမည်ဖြင့် သီးခြားဥပဒေဆိုင်ရာ အရည်အချင်း ရှိသည့်ကုမ္ပဏီတွင် ပါဝင်သူများဖြစ်ရမည်။ ဤဥပဒေ၏ ပုဒ်မ ၅ သို့မဟုတ် အခြား ပြဋ္ဌာန်းချက် တစ်ရပ်ရပ်က ကန့်သတ်ထားခြင်းမရှိစေဘဲ ကုမ္ပဏီသည် ယင်း၏လုပ်ငန်းတာဝန်များ အားလုံးကို လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသည့်အပြင် အစဉ်အဆက် ဆက်ခံဆောင်ရွက်ခွင့်ရှိရမည်။
ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ်၏ ပြည့်စုံခိုင်လုံမှုရှိခြင်း
၁၀။ ပုဒ်မ ၈ အရ မှတ်ပုံတင်အရာရှိမှ ထုတ်ပေးသည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံ လက်မှတ်သည် ဤဥပဒေအရ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် လိုအပ်ချက်များအားလုံးကို ပြည့်စုံစွာ လိုက်နာဆောင်ရွက်ပြီး ဖြစ်၍ ထိုသက်သေခံလက်မှတ်တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင် သည့် နေ့မှစ၍ ကုမ္ပဏီသည် ဤဥပဒေအရ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ပြည့်စုံခိုင်လုံသည့် သက်သေခံ အထောက်အထားဖြစ်သည်။
အခန်း (၅)
ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတွက် လိုအပ်ချက်များနှင့် ယင်း၏ အကျိုးသက်ရောက်မှု
၁၁။ (က) ကုမ္ပဏီတစ်ခုစီတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတစ်ခုရှိရမည်ဖြစ်ပြီး ယင်း၏ စည်းကမ်းချက် များအရ ကုမ္ပဏီနှင့် ကုမ္ပဏီတွင် ပါဝင်သူများသည် ၎င်းတို့ တစ်ဦးစီက အသီးသီးပါဝင်လက်မှတ် ရေးထိုးခဲ့ကြသကဲ့သို့ ၎င်းတို့အပေါ်တွင် စည်းနှောင်မှုရှိသည်။ ထိုဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းသည် ကုမ္ပဏီ၌ပါဝင်သူ တစ်ဦးစီနှင့် ၎င်းတို့၏ဆက်ခံသူများ၊ တရားဝင်ကိုယ်စားလှယ်များက ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ စည်းကမ်းချက်များကို လိုက်နာရမည့် သဘော တူညီချက်တစ်ရပ် ဖြစ်သည်။
(ခ) ကုမ္ပဏီ၊ ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့၊ ဒါရိုက်တာတစ်ဦးစီနှင့် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီ တို့သည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဤဥပဒေနှင့်အညီ ပြင်ဆင်ဖော်ပြထားသည် မှတစ်ပါး ဤဥပဒေတွင် ပြဋ္ဌာန်းဖော်ပြထားသည့် အခွင့်အရေးများ၊ အခွင့်အာဏာများ၊ တာဝန်များနှင့် ဝတ္တရားများ ရှိသည်။
(ဂ) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ရန်အတွက် တင်ပြသည့်လျှောက်လွှာတွင် အမည်စာရင်းဖော်ပြပါရှိ သည့် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီနှင့် နောက်ပိုင်း၌ ကုမ္ပဏီတွင်ပါဝင်မည့်သူများသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား လိုက်နာဆောင်ရွက်ကြမည်ဖြစ်ကြောင်း မှတ်ယူရမည်။
(ဃ) ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီသို့ပေးသွင်းရမည့် ငွေအားလုံး ကို ၄င်းတို့မှ ကုမ္ပဏီသို့ပေးချေရမည့် အကြွေးတစ်ရပ်ကဲ့သို့ ဖြစ်စေရမည်။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ပါရှိရမည့် အကြောင်းအရာများ
၁၂။ (က) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ထည့်သွင်းဖော်ပြရန်အတွက် ဤဥပဒေတွင် သတ်မှတ်ဖော်ပြ ထားသည့်ကိစ္စရပ်များနှင့် ကုမ္ပဏီမှ ထည့်သွင်းဖော်ပြလိုသော အခြားကိစ္စရပ်များ ပါရှိနိုင်သည်။ သို့ရာ တွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် ဤဥပဒေနှင့် ဆန့်ကျင်နေပါက ဆန့်ကျင်နေသော အပိုင်းများ သည် အကျိုးသက်ရောက်ခြင်းရှိမည်မဟုတ်။
(ခ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီ၏ လုပ်ငန်းရည်ရွယ်ချက်ကို ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် သတ်မှတ်နိုင်သည်။
(ဂ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းကို နိုင်ငံတော်အတွင်း၌ တည်ရှိကြောင်း ဖော်ပြရမည်။
(ဃ) ပုဒ်မခွဲ (င) နှင့်အညီ တည်ဆဲကုမ္ပဏီတစ်ခု၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းနှင့် အခြားသော ဖွဲ့စည်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်းများသည် ဤဥပဒေစတင်အာဏာ သက်ရောက်ပြီး နောက် ပိုင်းတွင် ယင်းကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကဲ့သို့ အကျိုးသက်ရောက်စေရမည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းသည် ဤဥပဒေနှင့် ဆန့်ကျင်နေပါက ဆန့်ကျင်နေသောအပိုင်းများသည် အကျိုးသက်ရောက်ခြင်း ရှိမည်မဟုတ်။
(င) တည်ဆဲကုမ္ပဏီတစ်ခု၏ ယခင်သင်းဖွဲ့စည်းမျဉ်းတွင် အတိအလင်း ဖော်ပြထားသော လုပ်ငန်း ရည်ရွယ်ချက်များသည် ဤဥပဒေနှင့်အညီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုပြင်ဆင်ရန် ကုမ္ပဏီတွင်ပါဝင်သူ များက မဲပေးဆုံးဖြတ်၍ ပယ်ဖျက်ခြင်းမပြုခဲ့လျှင် ကူးပြောင်းကာလ ကုန်ဆုံးသည်အထိ ဆက်လက် အသုံးပြုနိုင်သည်။ ကုမ္ပဏီ၏ အဆိုပါ ရည်ရွယ်ချက်များအား ဆက်လက်ထားရှိမည် ဖြစ်သည်ဟု ကုမ္ပဏီမှ အထူးဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြီးကြောင်းကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပြုစုထား သည့် အကြောင်းကြားစာ တစ်စောင်အား မှတ်ပုံတင်အရာရှိထံသို့ တင်ပြခဲ့ခြင်းမရှိလျှင် ကုမ္ပဏီ၏ ရည်ရွယ်ချက်များကို အဆိုပါ ကူးပြောင်းကာလကုန်ဆုံးပြီးနောက် ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရ မည်။ ဤပုဒ်မခွဲသည် ပုဒ်မ ၂၉ အား ထိခိုက်စေခြင်း မရှိစေရ။
တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအတွက် သီးခြားလိုအပ်ချက်များ
၁၃။ အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အောက်ပါတို့ကို ဖော်ပြရမည်-
(က) အများနှင့် မသက်ဆိုင်သော ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီအမည်၏ နောက်ဆုံးတွင် ‘လီမိတက်’ ဟု လည်းကောင်း၊ အများနှင့် သက်ဆိုင်သော ကုမ္ပဏီဖြစ်ပါက ‘အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက်’ ဟုလည်းကောင်း ဖော်ပြချက်၊
(ခ) ကုမ္ပဏီတွင်ပါဝင်သူများ၏ တာဝန်ကို ကန့်သတ်ထားကြောင်း၊
(ဂ) ကုမ္ပဏီမှထုတ်ဝေရန် အဆိုပြုထားသည့် အစုရှယ်ယာအမျိုးအစားများနှင့် အဆိုပါ အစုရှယ်ယာများ အတွက် သတ်မှတ်သည့်ငွေကြေး၊
(ဃ) ကုမ္ပဏီတွင် အစုရှယ်ယာအတွက် ကနဦးငွေကြေးထည့်ဝင်သူများနှင့် နောက်ပိုင်းငွေကြေးထည့်ဝင် သူများသည် အနည်းဆုံးအစုရှယ်ယာတစ်စု ထည့်ဝင်ရမည်ဖြစ်ကြောင်း။
၁၄။ (က) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အောက်ပါတို့ကို ဖော်ပြရမည် -
(၁) ကုမ္ပဏီအမည်ကို ယင်းအမည်၏နောက်ဆုံးတွင် ‘ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသော’ ဟု ဖော်ပြချက်၊
(၂) ကုမ္ပဏီတွင်ပါဝင်သူများ၏တာဝန်ကို ခံဝန်ချက် ပမာဏ တစ်ရပ်ဖြင့် ကန့်သတ်ထားကြောင်း၊
(၃) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီသည် ၎င်းတို့အနေဖြင့် ကုမ္ပဏီတွင်ပါဝင်သူအဖြစ် ရှိနေကြစဉ် ကာလ တွင် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်အခါတွင် ငွေပမာဏများပေးချေရန်အတွက် ကုမ္ပဏီ ၏ ရရန်ပိုင်ခွင့်များတွင် ထည့်ဝင်ရန်တာဝန်ယူကြောင်း သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်ခြင်းမပြုသည့် နောက်ပိုင်း တစ်နှစ်ကာလအတွင်း၌ ကုမ္ပဏီတွင်ပါဝင်သူအဖြစ်မှ ရပ်စဲခြင်းမပြုမီက ပဋိညာဉ်ပြုလုပ် ထားသော ကုမ္ပဏီ၏တာဝန်များနှင့် အကြွေးများပေးရန် တာဝန်ယူကြောင်း၊ ၎င်းအပြင် စာရင်းရှင်း လင်းဖျက်သိမ်းသည့်အခါတွင် ကုန်ကျစရိတ်များနှင့် အခွန်အခများပေးချေရန်၊ ကုမ္ပဏီတွင်ပါဝင်သူများ အကြား စုပေါင်းထည့်ဝင်ကြေးနှင့် သက်ဆိုင်သောအခွင့်အရေးများကို စာရင်းညှိနှိုင်းရန်၊ သတ်မှတ်ထား သော ငွေပမာဏထက် မကျော်လွန်သည့် အဆိုပါငွေပမာဏများ ပေးချေရန်အတွက် ကုမ္ပဏီ၏ရရန် ပိုင်ခွင့်များတွင် ထည့်ဝင်ရန်တာဝန်ယူကြောင်း၊
(ခ) ကုမ္ပဏီတွင် အစုရှယ်ယာမတည်ငွေရင်းရှိခဲ့လျှင်-
(၁) ကုမ္ပဏီမှထုတ်ဝေရန် အဆိုပြုထားသည့် အစုရှယ်ယာအမျိုးအစားများနှင့် အဆိုပါ အစုရှယ်ယာ များအတွက် သတ်မှတ်သည့်ငွေအမျိုးအစားနှင့်
(၂) ကုမ္ပဏီတွင် ငွေကြေးထည့်ဝင်သူက အနည်းဆုံး အစုရှယ်ယာတစ်စု ထည့်ဝင်ရမည်ဖြစ်ကြောင်း။
(ဂ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားပြီး အစုရှယ်ယာ မတည်ငွေရင်းမပါရှိသည့်အပြင် ယခင် ဥပဒေ စတင်အကျိုးသက်ရောက်သည့် နေ့ရက်နောက်ပိုင်းတွင် မှတ်ပုံတင်သည့် ကုမ္ပဏီများသည် ကုမ္ပဏီမှခွဲဝေ ပေးရမည့် အကျိုးအမြတ်ကို ရထိုက်ခွင့်ရှိသည့် အခွင့်အရေးတစ်ရပ်အား ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးမှအပ အခြားသူတစ်ဦးဦးအဖြစ် ပေးအပ်ရန် ရည်ရွယ်သည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်တွင် ပါရှိသည့် စည်းကမ်းချက် တစ်ရပ်ရပ်ကို ပျက်ပြယ် သည်။
တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီတစ်ခု၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများအတွက် သီးခြား လိုအပ်ချက်များ
၁၅။ တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီများသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အောက်ပါတို့ကို ဖော်ပြရမည်-
(က) ကုမ္ပဏီအမည်၊ ယင်းကုမ္ပဏီအမည်၏နောက်ဆုံးတွင် ‘တာဝန်ကန့်သတ်မှုမရှိသော ကုမ္ပဏီ’ ဟု ပါရှိရမည်။
(ခ) ကုမ္ပဏီတွင် ပါဝင်သူများ၏တာဝန်ကို ကန့်သတ်ထားခြင်းမရှိကြောင်း၊
(ဂ) ကုမ္ပဏီမှ ထုတ်ဝေရန် အဆိုပြုထားသည့် အစုရှယ်ယာအမျိုးအစားများနှင့် အဆိုပါ အစုရှယ်ယာ များအတွက် သတ်မှတ်သည့်ငွေအမျိုးအစား၊
(ဃ) ကုမ္ပဏီတွင် အစုရှယ်ယာအတွက် ကနဦး ငွေကြေးထည့်ဝင်သူများနှင့် နောက်ပိုင်းငွေကြေး ထည့် ဝင်သူများသည် အနည်းဆုံးအစုရှယ်ယာတစ်စု ထည့်ဝင်ရမည်ဖြစ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတစ်ခု၏ ဖွဲ့စည်းမှုပုံစံ
၁၆။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည်-
(က) မြန်မာဘာသာဖြင့် ရေးသားပြုစုရမည်။
(ခ) မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်လည်း ရေးသားပြုစုနိုင်သည်။ ၎င်းအပြင်
(ဂ) စာပိုဒ်များဖြင့် ခွဲခြားပြုစုလျက် အမှတ်စဉ်များကို တစ်ဆက်တည်း ရေးသားဖော်ပြရမည်။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်ခြင်း
၁၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင်ပါရှိသော သီးခြား စည်းကမ်းချက်များနှင့်အညီ ကုမ္ပဏီတစ်ခုသည် အထူးဆုံးဖြတ်ချက်ချမှတ်၍ ၎င်း၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းပါ စည်းကမ်းချက်များကို ပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်သည့် ပြောင်းလဲပြင်ဆင်မှု သို့မဟုတ် ဖြည့်စွက်မှုသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် မူလ ကတည်းက ထည့်သွင်းပြဋ္ဌာန်းထားသည့် စည်းကမ်းချက်များကဲ့သို့ပင် အကျိုးသက်ရောက် စေရမည့် အပြင် ယခုကဲ့သို့ အထူးဆုံးဖြတ်ချက်အရ ပြောင်းလဲပြင်ဆင်နိုင်သည်။
ပြောင်းလဲပြင်ဆင်မှုအား အတည်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း
၁၈။ (က) ကုမ္ပဏီသည် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာကို ပြောင်းလဲပြင်ဆင် ထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူတစ်စောင်နှင့်အတူ ထိုသို့ ပြောင်းလဲပြင်ဆင်ရန် အထူး ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ၂၈ ရက်အတွင်း မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင် အရာရှိသည် ထိုတင်ပြချက်အား မှတ်ပုံတင်ရမည်။ မှတ်ပုံတင်သက်သေခံ အထောက်အထားလက်မှတ် သည် ထိုသို့ပြောင်းလဲပြင်ဆင်မှုများအတွက် ဤဥပဒေအရ လိုအပ်သည့် ပြဋ္ဌာန်းချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ပြီး ဖြစ်ကြောင်း သက်သေခံအထောက်အထား ဖြစ်စေရမည်ဖြစ်ပြီး ထိုသို့ပြောင်းလဲ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ဖြစ်စေရမည်။
(ခ) တရားရုံးသည် သင့်သည်ထင်မြင်ပါက ဤပုဒ်မအရ မှတ်ပုံတင်အရာရှိထံ စာရွက်စာတမ်းများ တင်ပြရမည့် ကာလကို မည်သည့်အချိန်တွင်မဆို တိုးမြှင့်ပေးရန် အမိန့်တစ်ရပ် ချမှတ်နိုင်သည်။
ပြောင်းလဲပြင်ဆင်မှုအား ၂၈ ရက်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်ခြင်းအတွက် အကျိုးသက်ရောက်မှုများ
၁၉။ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်မှုသည် ပုဒ်မ ၁၈ ပါပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်မှတ်ပုံတင် ဆောင်ရွက်ရခြင်းမရှိသေးလျှင် အကျိုးတစ်စုံတစ်ရာ သက်ရောက်ခြင်းမရှိစေရ။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်မှု၏ အကျိုးသက်ရောက်မှုများ
၂၀။ ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်တစ်ရပ်ရပ်တွင် မည်သို့ ပင် ပါရှိသော်လည်း ကုမ္ပဏီတွင်ပါဝင်သူများသည် ၎င်းတို့အနေဖြင့် ကုမ္ပဏီတွင် ပါဝင်သူများအဖြစ် ဆောင်ရွက်သည့် နေ့ရက်နောက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြင်ဆင်မှုကြောင့် ပြောင်းလဲပြင်ဆင်သည့် နေ့ရက်က ၎င်းတို့လက်ဝယ်ရှိသော အစုရှယ်ယာအရေအတွက်ထက် ပိုမိုသည့် အစုရှယ်ယာများကိုရယူရန် သို့မဟုတ် ထည့်ဝင်ရန်လိုအပ်လာလျှင် သို့မဟုတ် အစုရှယ်ယာ မတည် ငွေရင်း ထည့်ဝင်ရမည့်တာဝန်များကို ပိုမိုဖြစ်ပေါ်လာစေခဲ့လျှင် သို့မဟုတ် ကုမ္ပဏီသို့ အခြားနည်းအား ဖြင့် ငွေပေးချေရန်ရှိလာခဲ့လျှင် ထိုသို့ပြောင်းလဲပြင်ဆင်မှုသည် ၎င်းတို့အပေါ်တွင် သက်ဆိုင်ခြင်းမရှိစေ ရ။ သို့ရာတွင် ကုမ္ပဏီတွင်ပါဝင်သူများက ပြောင်းလဲပြင်ဆင်မှု မပြုမီသော်လည်းကောင်း၊ ပြုလုပ်ပြီး သည့်အခါတွင် သော်လည်းကောင်း စာဖြင့်ရေးသားလျက် ထိုပြောင်းလဲပြင်ဆင်မှုနှင့် သက်ဆိုင်စေမည် ဖြစ်ကြောင်း သဘောတူညီကြသည် ဆိုလျှင် ဤပုဒ်မနှင့် သက်ဆိုင်ခြင်း မရှိစေရ။
ကုမ္ပဏီတွင် ပါဝင်သူများသို့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူများကို ပေးအပ်ရခြင်း
၂၁။ ကုမ္ပဏီအားလုံးသည် ကုမ္ပဏီတွင် ပါဝင်သူများအနက်တစ်ဦးဦးမှ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း မိတ္တူ တစ်စောင်ကို တောင်းဆိုလာပါက တောင်းဆိုသည့် နေ့ရက်မှ ၁၄ ရက်အတွင်း ကုမ္ပဏီမှသတ်မှတ်ထား သည့် သင့်လျော်သောငွေပမာဏကို သက်မှတ်ဖော်ပြထားသည့် ငွေပမာဏ မကျော်လွန်စေဘဲ ပေးဆောင် စေလျက် ပေးပို့ရမည်။
၂၂။ ကုမ္ပဏီသည် ပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းပျက်ကွက်ခဲ့လျှင် ကျူးလွန်မှု တစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းကို ပေးဆောင်ရမည်။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြင်ဆင်မှုများအား မိတ္တူအားလုံးတွင် မှတ်သားဖော်ပြရခြင်း
၂၃။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို ပြောင်းလဲပြင်ဆင်မှုတစ်ရပ် ပြုလုပ်သည့်အခါတွင် ပြောင်းလဲပြင်ဆင်မှုပြုလုပ်သည့် နေ့ရက်နောက်ပိုင်း ထုတ်ဝေသည့် အဆိုပါ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း ၏ မိတ္တူအားလုံးသည် ပြောင်းလဲပြင်ဆင်မှုနှင့်အညီ ဖြစ်စေရမည်။
၂၄။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြောင်းလဲပြီးသည့်အခါတွင် ကုမ္ပဏီသည် ပြောင်းလဲ ပြင်ဆင်မှုကို ပြုလုပ်သည့်နေ့ရက်နောက်ပိုင်း ပြောင်းလဲပြင်ဆင်မှုနှင့်အညီမဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း၏ မိတ္တူများကို ထုတ်ဝေခဲ့လျှင် ထိုသို့ထုတ်ဝေခဲ့သည့် မိတ္တူတစ်စောင်စီအတွက် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းကို ပေးဆောင်ရမည်။ ထို့အပြင်အဆိုပါ ပျက်ကွက်မှုကို သိလျက်နှင့် တမင်ပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာအားလုံး သို့မဟုတ် အခြားအရာရှိများသည်လည်း အလားတူပြစ်ဒဏ်အတွက် တာဝန်ရှိသည်။
အခန်း (၆)
ကုမ္ပဏီအမည်များ
ကုမ္ပဏီအမည်နှင့် အမည်ပြောင်းလဲခြင်း
၂၅။ (က) ကုမ္ပဏီတစ်ခုသည် လိမ်လည်လိုသော သို့မဟုတ် အခြားနည်းအားဖြင့် လှည့်စားနိုင်သော သို့မ ဟုတ် ရှုပ်ထွေးစေနိုင်သော ကိစ္စရပ်များပေါ်ပေါက်စေနိုင်သည့် အမည်ကိုမှတ်ပုံတင်ထားသည့် တည်ဆဲ အဖွဲ့အစည်း တစ်ခု၏အမည်နှင့်တူညီသော အမည်ကိုသော်လည်းကောင်း၊ ထိုအမည်နှင့် ဆင်တူသော အမည်ကိုသော် လည်းကောင်း၊ တည်ဆဲအဖွဲ့အစည်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေသည့် အမည်အား အသုံးပြုနိုင်ရန် ထိုအဖွဲ့အစည်း၏ သဘောတူညီချက်ကို မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည့် အခါမှ တစ်ပါး မှတ်ပုံတင်ဆောင်ရွက်ခြင်းမပြုရ။
(ခ) ကုမ္ပဏီတစ်ခုသည် တမင်ကြံရွယ်ချက် သို့မဟုတ် အခြားသောအကြောင်းမရှိဘဲ အထက်တွင်ဖော်ပြ ထားသော သဘောတူညီချက်မပါရှိဘဲ လိမ်လည်လိုသော သို့မဟုတ် အခြားနည်းအားဖြင့် လှည့်စားနိုင် သော သို့မဟုတ် ရှုပ်ထွေးစေနိုင်သော ကိစ္စရပ်များ ပေါ်ပေါက်စေနိုင်သည့် ယခင်က မှတ်ပုံတင်ထားပြီး ဖြစ်သော တည်ဆဲအဖွဲ့အစည်း တစ်ခု၏အမည်နှင့် တူညီသောအမည်ကိုသော်လည်းကောင်း၊ ထိုအမည် နှင့် ဆင်တူသော အမည်ကိုသော်လည်းကောင်း မှတ်ပုံတင်ခဲ့လျှင် ဖော်ပြပါအဖွဲ့အစည်းသည် မှတ်ပုံတင် အရာရှိ၏ ညွှန်ကြားချက်နှင့် အညီ ယင်း၏ကုမ္ပဏီအမည်အား ပြောင်းလဲနိုင်သည်။
(ဂ) ပြည်ထောင်စုဝန်ကြီး၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက်ပါရှိသည့် ကိစ္စရပ်မှ အပ မည်သည့်ကုမ္ပဏီမဆို အောက်ပါစကားရပ်များပါဝင်သောအမည်ဖြင့် မှတ်ပုံတင်ခြင်းမပြုရ-
(၁) ‘နိုင်ငံတော်အစိုးရ’၊ ‘နိုင်ငံတော်’၊ ‘ဗဟိုဘဏ်’၊ ‘ပြည်ထောင်စုအစိုးရ’၊ ‘သမ္မတ’၊ ‘ဝန်ကြီး ဌာန’ သို့မဟုတ် မြန်မာနိုင်ငံတော်အစိုးရ သို့မဟုတ် မြန်မာနိုင်ငံတော်၏ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ရုံး ဌာန သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်က အဆိုပြုသော သို့မဟုတ် ယင်းတို့က ထောက်ခံတင်ပြသော စကားရပ် တစ်ခုခုပါဝင်သည့်အမည် သို့မဟုတ်
(၂) ‘စည်ပင်သာယာရေး’ သို့မဟုတ် နိုင်ငံတော်အမိန့်ဖြင့် ဖွဲ့စည်း ထားသော အဖွဲ့အစည်း တစ်ရပ်ရပ် သို့မဟုတ် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ဒေသဆိုင်ရာအာဏာ ပိုင် အဖွဲ့အစည်း သို့မဟုတ် လူမှုအဖွဲ့အစည်း သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်း တည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ရပ်ရပ်ကဲ့သို့ ယူဆနိုင်သည့် စကားရပ်တစ်ခုခု ပါဝင် သည့်အမည်။
(ဃ) ကုမ္ပဏီတစ်ခုခုသည် အထူးဆုံးဖြတ်ချက်ချမှတ်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက် မှတ်ပုံတင်အရာရှိထံသို့ သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် အကြောင်းကြားစာ တင်ပြ ၍ ယင်း၏အမည်အား ပြောင်းလဲနိုင်သည်။ ကုမ္ပဏီသည် အဆိုပါအထူး ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ၂၈ ရက်အတွင်း ထိုအကြောင်းကြားစာကို တင်ပြရမည်။
(င) ကုမ္ပဏီ တစ်ခုသည် ယင်း၏အမည်အား ပြောင်းလဲသည့်အခါတွင် မှတ်ပုံတင်အရာရှိအနေဖြင့် အဆိုပါ အမည်သစ်သည် လက်ခံဆောင်ရွက်ပေးနိုင်သည့် အမည်ဖြစ်ပြီး ဤဥပဒေကိုသော် လည်း ကောင်း၊ အခြားဥပဒေ တစ်ရပ်ရပ်ကိုသော်လည်းကောင်း ချိုးဖောက်ခြင်းမရှိကြောင်း တွေ့ရှိရလျှင် အဆိုပါအမည်သစ်ကို မှတ်ပုံတင် စာအုပ်ရှိ ယခင်အမည်၏ နေရာတွင် ထည့်သွင်းရေးသား ဖော်ပြရမည့် အပြင် ပြင်ဆင်ချက်များနှင့် အညီ ဖြစ်စေသည့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ သက်သေခံ လက်မှတ်တစ်ခုကို ထုတ်ပေးရမည်။ ကုမ္ပဏီအမည် ပြောင်းလဲမှုသည် အဆိုပါသက်သေခံလက်မှတ်ကို ထုတ်ပေးသည့်အခါတွင် စတင်အကျိုးသက်ရောက်စေရမည်။
(စ) အမည်ပြောင်းလဲပြင်ဆင်ခြင်းသည် ပုဒ်မခွဲ (ဃ) နှင့် (င) တို့ပါ ပြဋ္ဌာန်း ချက်များ နှင့်အညီ မှတ်ပုံတင်ခြင်းမရှိသေးလျှင် အဆိုပါ အမည်ပြောင်းလဲပြင်ဆင်ခြင်းအား တရားဝင် အသုံးပြုနိုင်ခြင်းမရှိ။ အထူး ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ၂၈ ရက်အတွင်း မှတ်ပုံတင်ခြင်းမရှိလျှင် အဆိုပါ အမည်ပြောင်းလဲ ပြင်ဆင်မှုသည် လုံးဝပျက်ပြယ်သည်။
(ဆ) အမည်ပြောင်းလဲမှုသည် ကုမ္ပဏီ၏အခွင့်အရေး သို့မဟုတ် တာဝန်တစ်စုံတစ်ရာကို အကျိုး သက်ရောက်ခြင်း မရှိစေရ။ အမည်ပြောင်းလဲထားသည့် ကုမ္ပဏီသည် ၎င်းကသော်လည်းကောင်း၊ ၎င်း အပေါ်တွင် လည်းကောင်း တရားစွဲဆိုဆောင်ရွက်မှု တစ်စုံတစ်ရာတွင် ထိခိုက်ခြင်းမရှိစေရ။ ယခင် ကုမ္ပဏီ အမည်ဖြင့် ၎င်းအပေါ်ဆက်လက်ပြုလုပ်သော သို့မဟုတ် စတင်ဆောင်ရွက်သော တရားစွဲဆိုမှု တစ်စုံတစ်ရာသည် ကုမ္ပဏီ၏ အမည်သစ်ဖြင့်လည်း ဆက်လက်ဆောင်ရွက်နိုင်သည်။
အမည်ပြောင်းလဲရန် ညွှန်ကြားခြင်း
၂၆။ (က) မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီတစ်ခု၏ မှတ်ပုံတင်ထားခဲ့သည့်အမည်ဖြင့် မှတ်ပုံတင် ဆောင်ရွက်ခြင်း မပြုသင့်ကြောင်း သင့်လျော်သည့် အကြောင်းပြချက်များကို လက်ခံယုံကြည်လျှင် အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် နေ့ရက်၌ ကုမ္ပဏီအမည်အားပြောင်းလဲရန် စာဖြင့် ရေးသား၍ အကြောင်းကြားစာအား မှတ်ပုံတင်အရာရှိမှ ကုမ္ပဏီသို့ပေးပို့နိုင်သည်။ သတ်မှတ်ဖော်ပြထား သည့်နေ့ရက်သည် အကြောင်းကြားစာ ပေးပို့သည့်နေ့ရက်မှ ရက်ပေါင်း ၆ဝ ထက် မနည်းသည့် နေ့ရက် ဖြစ်ရမည်။
(ခ) ကုမ္ပဏီသည် ယင်း၏အမည်အား အကြောင်းကြားစာတွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလ အတွင်း ပြောင်းလဲခြင်းမပြုခဲ့လျှင် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီအတွက် ၎င်းမှ ရွေးချယ်ပေးသော အမည်အသစ်တစ်ခုကို မှတ်ပုံတင်စာအုပ်တွင် ထည့်သွင်းရေးသားဖော်ပြနိုင်ပြီး အဆိုပါ အမည်အသစ် သည် ဤအပိုင်းအရ မှတ်ပုံတင်နိုင်သည့် အမည်ဖြစ်စေရမည်။
(ဂ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ) အရ အမည်အသစ်တစ်ခုကို မှတ်ပုံတင်ပေးခဲ့လျှင် ကုမ္ပဏီ၏ အမည်အသစ်ကို မှတ်တမ်းတင်ပြီး ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်တစ် စောင်ကိုထုတ်ပေးရမည်။ ကုမ္ပဏီ၏ အမည်အသစ်အား မှတ်ပုံတင်ခြင်းသည် ပုဒ်မ ၂၅ အရ ပြောင်းလဲ သကဲ့သို့ အကျိုးသက်ရောက်စေရမည်။
ကုမ္ပဏီအမည်အား အသုံးပြုခြင်း
၂၇။ ကုမ္ပဏီတစ်ခုအနေဖြင့် ယင်း၏အမည်သည် အောက်ပါကိစ္စရပ်များတွင် ရှင်းလင်းစွာဖော်ပြရမည်-
(က) ကုမ္ပဏီမှသော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း ပေးပို့ဆောင်ရွက်သည့် စာဖြင့်ရေးသား ဆက်သွယ်ဆောင်ရွက်မှုများအားလုံးနှင့်
(ခ) ကုမ္ပဏီ၏ တရားဝင်တာဝန်တစ်ရပ်ကို ထင်ရှားစေသော သို့မဟုတ် ဖြစ်တည်စေမည့် ကုမ္ပဏီမှ သော်လည်းကောင်း၊ ကုမ္ပဏီ၏ကိုယ်စားသော်လည်းကောင်း ထုတ်ပြန်သော သို့မဟုတ် လက်မှတ်ရေး ထိုးသော စာရွက်စာတမ်းများအားလုံး။
အခန်း (၇)
ကုမ္ပဏီ၏ ဆက်သွယ်ဆောင်ရွက်မှုများ
ဆောင်ရွက်ချက်များ တရားဝင်ခြင်း
၂၈။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်စုံတစ်ရာကို ကန့်သတ်ထားခြင်း မရှိစေဘဲ ကုမ္ပဏီတွင် ထိုဆောင်ရွက်ချက်အား ပြုလုပ်ရန် သို့မဟုတ် ထိုပစ္စည်းအားလွှဲပြောင်းရန် သို့မဟုတ် လက်ခံရယူရန် အတွက် လုပ်ကိုင်နိုင်စွမ်း သို့မဟုတ် အခွင့်အရေး သို့မဟုတ် အခွင့်အာဏာမရှိခဲ့သည်ဆိုသည့် အကြောင်း ကြောင့် ကုမ္ပဏီ၏ ဆောင်ရွက်ချက်များ၊ ကုမ္ပဏီသို့ သော်လည်းကောင်း၊ ကုမ္ပဏီမှသော်လည်းကောင်း ပစ္စည်းလွှဲပြောင်းခြင်းများတို့သည် ပျက်ပြယ်ခြင်း မရှိစေရ၊
(ခ) ဆောင်ရွက်ချက်တစ်ခုသည် ကုမ္ပဏီ၏ အကျိုး စီးပွားအတွက် အကောင်းဆုံးမဖြစ်သော်လည်း ထိုသို့ဆောင်ရွက်ရန် ကုမ္ပဏီ၏ လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်ခြင်းမရှိစေရ။
ပဋိညာဉ်စာချုပ်များ နှင့် စာချုပ်စာတမ်းများ ချုပ်ဆိုဆောင်ရွက်ခြင်း
၂၉။ (က) ပဋိညာဉ်စာချုပ်တစ်ရပ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် သီးခြားလုပ်ထုံးလုပ်နည်း တစ်ရပ်ပါရှိသော ဥပဒေတစ်ရပ်ရပ်ကိုလိုက်နာလျက် ကုမ္ပဏီက ပဋိညာဉ်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း၊ အတည်ပြုခြင်း သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ပြုလုပ် ခွင့်ကို ကုမ္ပဏီမှအတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အခွင့်အာဏာအပ်နှင်းခံရပြီး ကုမ္ပဏီကိုယ်စား ဆောင်ရွက်ခွင့်ရှိသူတစ်ဦးဦးက ကျင့်သုံးဆောင်ရွက်နိုင်သည်။ အဆိုပါအခွင့်အာဏာကို ရုံးတံဆိပ်ခတ် နှိပ်ခြင်း မပြုဘဲ ကျင့်သုံးဆောင်ရွက်နိုင်သည်။
(ခ) စာချုပ်စာတမ်းအား အောက်ပါပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးခဲ့လျှင် ကုမ္ပဏီသည် ရုံးတံဆိပ် ခတ်နှိပ်ရန်မလိုဘဲ စာချုပ်စာတမ်းတစ်ရပ်အား ချုပ်ဆိုနိုင်သည်-
(၁) ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးတည်းရှိပါက အဆိုပါ ဒါရိုက်တာသို့မဟုတ်
(၂) ကုမ္ပဏီ၏ ဒါရိုက်တာ နှစ်ဦး သို့မဟုတ်
(၃) ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးနှင့် ကုမ္ပဏီ၏အတွင်းရေးမှူး။
(ဂ) ကုမ္ပဏီတစ်ခုသည် စာချုပ်စာတမ်းတစ်ခုအား ရုံးတံဆိပ်ခတ်နှိပ်ပြီး ထိုသို့ ရုံးတံဆိပ်ခတ်နှိပ်ခြင်း ကို အောက်ပါပုဂ္ဂိုလ်တို့က သက်သေပြုခြင်းဖြင့် ချုပ်ဆိုဆောင်ရွက်နိုင်သည်-
(၁) ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးတည်းရှိပါက အဆိုပါ ဒါရိုက်တာ သို့မဟုတ်
(၂) ကုမ္ပဏီ၏ ဒါရိုက်တာ နှစ်ဦး သို့မဟုတ်
(၃) ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးနှင့် ကုမ္ပဏီ၏ အတွင်းရေးမှူး။
(ဃ) ကုမ္ပဏီတစ်ခုသည် ပဋိညာဉ်စာချုပ်စာတမ်းတစ်ခုကို တရားဝင်သဘောတူစာချုပ်အဖြစ် ချုပ်ဆို မည် ဖြစ်ကြောင်း အတိအလင်းဖော်ပြပြီး ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့နှင့် အညီ ချုပ်ဆိုခြင်းဖြစ်ပါက ပဋိညာဉ်စာချုပ် စာတမ်းတစ်ခုအား တရားဝင်သဘောတူ စာချုပ်တစ်ခုအဖြစ် ချုပ်ဆိုနိုင်သည်။
(င) ဤပုဒ်မသည် ကုမ္ပဏီတစ်ခုက တရားဝင်သဘောတူစာချုပ် အပါအဝင် စာချုပ်စာတမ်းတစ်ခုကို ဤဥပဒေတွင်ဖော်ပြထားသည့် နည်းလမ်းများအပါအဝင် စာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်သည့် နည်းလမ်း များကို ကန့်သတ်ထားခြင်း မရှိစေရ။
ကုမ္ပဏီတစ်ခု နှင့် အခြားပုဂ္ဂိုလ်များအကြား ဆက်သွယ်ဆောင်ရွက်ခြင်း
၃၀။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ ပုဒ်မ ၃၁ တွင် ဖော်ပြမှတ်ယူ ခြင်းများကို အသုံးပြုနိုင်သည်။ ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအား အာမခံသူတစ်ဦးဦးသည် ဆက်သွယ် ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုခြင်းတွင် အဆိုပါမှတ်ယူရမည့် အချက်များသည် မှန်ကန် ခြင်းမရှိပါဟု ပြောဆိုခွင့်မရှိစေရ၊
(ခ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီထံမှ ပစ္စည်းတစ်စုံတစ်ရာကိုရရှိသူ သို့မဟုတ် ရထိုက်ခွင့်ရှိသူတစ် ဦးဦးနှင့် ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်ရာတွင် ပုဒ်မ ၃၁ ပါမှတ်ယူရမည့်အချက်များကို အထောက် အထား ပြုဆောင်ရွက်နိုင်ခွင့်ရှိသည်။ ကုမ္ပဏီနှင့် အခြားပုဂ္ဂိုလ်များသည် ဆက်သွယ်ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်းတွင် အဆိုပါ မှတ်ယူရမည့်အချက်များသည် မှန်ကန်ခြင်းမရှိပါဟု ပြောဆိုခွင့်မရှိစေရ၊
(ဂ) ဆက်သွယ်ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးက လိမ်လည်လှည့်ဖြား၍ ပြုမူခဲ့ခြင်း သို့မဟုတ် စာချုပ်စာတမ်းတစ်ခုကို လိမ်လည်အတုပြုခဲ့ခြင်းများ ရှိခဲ့လျှင်ပင် အဆိုပါမှတ်ယူရမည့်အချက်များကို ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်သူများသည် အထောက်အထားပြုဆောင်ရွက်နိုင်သည်။
(ဃ) ပုဂ္ဂိုလ် တစ်ဦးဦးသည် ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်မှုပြုသည့်အချိန်တွင် အောက်ပါ အချက် အလက်များကို သိရှိခဲ့လျှင် သို့မဟုတ် သံသယရှိခဲ့လျှင် ၎င်းအနေဖြင့် ပုဒ်မ ၃၁ ပါ မှတ်ယူရမည့် အချက်များကို အထောက်အထားပြု ဆောင်ရွက်နိုင်မည်မဟုတ်-
(၁) မှတ်ယူရမည့်အချက်မှာ မှန်ကန်မှုမရှိကြောင်း သို့မဟုတ်
(၂) ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိ သို့မဟုတ် ကိုယ်စားလှယ်သည် လိမ်လည်လှည့်ဖြား ဆောင်ရွက်ခဲ့ကြောင်း သို့မဟုတ်
(၃) သက်ဆိုင်ရာစာရွက်စာတမ်းသည် လိမ်လည်အတုပြုလုပ်ထားခြင်း ဖြစ်ကြောင်း သို့မဟုတ်
(၄) ဖော်ပြပါကိစ္စရပ်သည် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်နှင့် ဆန့်ကျင်လျက် ရှိခဲ့ကြောင်း။
ကုမ္ပဏီများနှင့် ဆက်သွယ်လုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂိုလ်များက အထောက်အထားပြုနိုင်သည့် မှတ်ယူနိုင်သည့် အချက်များ
၃၁။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ လိုက်နာဆောင်ရွက် ထားသည်ဟု မှတ်ယူနိုင်သည်။
(ခ) ပုဂ္ဂိုလ်တစ်ဦးဦးသည် မှတ်ပုံတင်စာအုပ်၌ ရေးသားဖော်ပြထားသော အချက်အလက်များတွင်ပါရှိ သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးဖြစ်သူ တစ်ဦးအပေါ် အောက်ပါအတိုင်းမှတ်ယူ နိုင်သည်-
(၁) တရားဝင်ခန့်အပ်တာဝန်ပေးထားသည်ဟု ၎င်းအပြင်
(၂) ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးရှိခဲ့လျှင် ထိုတစ်ဦးဦးက သာမန်အားဖြင့် ကျင့်သုံး ခွင့် သို့မဟုတ် ဆောင်ရွက်ခွင့်ရှိသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးရန်နှင့် တာဝန်များကို ဆောင်ရွက်ရန် အခွင့်အာဏာ ရှိသည်ဟု။
(ဂ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ အရာရှိသို့မဟုတ် ကိုယ်စားလှယ်တစ်ဦးအဖြစ် ကုမ္ပဏီက တင်ပြ ထားသူတစ်ဦးကို အောက်ပါအတိုင်းမှတ်ယူနိုင်သည်-
(၁) တရားဝင် ခန့်အပ်တာဝန်ပေးထားသည်ဟု ၎င်းအပြင်
(၂) ကုမ္ပဏီ၏အရာရှိ သို့မဟုတ် ကိုယ်စားလှယ်က သာမန်အားဖြင့် ကျင့်သုံးခွင့် သို့မဟုတ် ဆောင်ရွက် ခွင့်ရှိသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံးရန်နှင့် တာဝန်များကိုဆောင်ရွက်ရန် အခွင့်အာဏာရှိသည်ဟု။
(ဃ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ ဒါရိုက်တာ၊ အတွင်းရေးမှူး၊ အခြားအရာရှိ သို့မဟုတ် ကိုယ်စား လှယ်တစ်ဦးဦးက သာမန်အားဖြင့် ကျင့်သုံးဆောင်ရွက်ခွင့်မရှိသည့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို ကုမ္ပဏီ၏ ဒါရိုက်တာ၊ အတွင်းရေးမှူး၊ အခြားအရာရှိ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးအဖြစ် ကုမ္ပဏီကတင်ပြ ထားသူတစ်ဦးဦးသည် အဆိုပါ လုပ်ပိုင်ခွင့်အား ကျင့်သုံးရန် အခွင့်အာဏာအပ်နှင်းထားခြင်း ခံရသည် ဟု မှတ်ယူနိုင်သည်။
(င) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ဒါရိုက်တာများ၊ အတွင်းရေးမှူး၊ အခြားအရာရှိများနှင့် ကိုယ်စား လှယ်များက ကုမ္ပဏီနှင့် သက်ဆိုင်သော ၎င်းတို့၏ တာဝန်များကိုလျော်ကန်စွာ ဆောင်ရွက်ကြောင်း မှတ်ယူနိုင်မည်။
(စ) ပုဂ္ဂိုလ်တစ်ဦးဦးသည် စာချုပ်စာတမ်းတစ်ရပ်ကို ပုဒ်မ ၂၉၊ ပုဒ်မခွဲ (ခ) နှင့်အညီ လက်မှတ်ရေးထိုး ဆောင်ရွက်ထားလျှင် အဆိုပါစာချုပ်စာတမ်းအား ကုမ္ပဏီမှ တရားဝင်ချုပ်ဆို ဆောင်ရွက်ထားသည်ဟု မှတ်ယူနိုင်မည်။
(ဆ) ပုဂ္ဂိုလ်တစ်ဦးဦးသည် စာချုပ်စာတမ်းတစ်ရပ်ကို ပုဒ်မ ၂၉၊ ပုဒ်မခွဲ(ဂ) နှင့်အညီ စာချုပ်စာတမ်း တွင် ကုမ္ပဏီ၏ရုံးတံဆိပ်ကို ခတ်နှိပ်ထားခြင်းနှင့် ထိုသို့ ရုံးတံဆိပ်ခတ်နှိပ်ခြင်းအား သက်သေပြုခြင်း ဆောင်ရွက်ထားလျှင် ကုမ္ပဏီမှ တရားဝင်ချုပ်ဆို ဆောင်ရွက်ထားသည်ဟု မှတ်ယူနိုင်မည်။
(ဇ) ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီ၏ကိုယ်စား စာရွက်စာတမ်းတစ်ခုခု သို့မဟုတ် စာရွက်စာတမ်း တစ်ခုခု၏ မိတ္တူမှန်ကိုထုတ်ပေးရန် အခွင့်အာဏာရှိသည့် ကုမ္ပဏီ၏ဒါရိုက်တာ၊ အတွင်းရေးမှူး၊ အခြား အရာရှိ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးသည် အဆိုပါ စာရွက်စာတမ်းမှာ အစစ်အမှန်ဖြစ်ကြောင်း သို့မဟုတ် မိတ္တူမှန်ဖြစ်ကြောင်း အာမခံနိုင်သည့် အခွင့်အာဏာလည်းရှိသည်ဟု မှတ်ယူနိုင်မည်။
အခန်း (၈)
ကုမ္ပဏီမှတ်ပုံတင်ခြင်းမပြုမီက ဆောင်ရွက်ချက်များ
ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမတိုင်မီ ကုန်ကျစရိတ်များ
၃၂။ ဤအခန်းတွင်ဖော်ပြထားသော ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအား တည်ထောင်မှတ်ပုံတင်ခြင်း မတိုင်မီ အမှန်ကုန်ကျခဲ့သည့်စရိတ်များကို ရရန်ပိုင်ခွင့်များမှ ကျခံပေးချေနိုင်သည်။
ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်များ
၃၃။ (က) ဤပုဒ်မနှင့် ပုဒ်မ ၃၄ မှ ၃၆ အထိ ပါရှိသော ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆို ထားသည့် ပဋိညာဉ်စာချုပ်ဟူသည် အောက်ပါတို့ကိုဆိုသည်-
(၁) ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း မပြုမီက ကုမ္ပဏီအနေဖြင့် ရည်ရွယ်ပြီးချုပ်ဆိုထားသည့် ပဋိညာဉ် စာချုပ် သို့မဟုတ်
(၂) ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်းမပြုမီနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန် စဉ်းစားသုံးသပ်နေသည့် အချိန်တို့တွင် ကုမ္ပဏီကိုယ်စား လူတစ်ဦးကချုပ်ဆိုသော ပဋိညာဉ်စာချုပ်။
(ခ) ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို စာချုပ်တွင် သတ်မှတ်ဖော်ပြထားသည့် ကာလအတွင်း သို့မဟုတ် ထိုသို့ဖော်ပြပါရှိခြင်း မရှိခဲ့လျှင် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ပြီးနောက် သင့်လျော်သည့်ကာလအတွင်း ကုမ္ပဏီသည် အတည်ပြုဆောင်ရွက်နိုင်သည်။
(ဂ) အတည်ပြုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်သည် ယင်းအားချုပ်ဆိုစဉ်က ကုမ္ပဏီသည် စာချုပ် ဝင်တစ်ဦးဖြစ်ဘိသကဲ့သို့ တရားဝင် အကျိုးသက်ရောက်သည်။
(ဃ) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို အကျိုး သက်ရောက်စေရန်အတွက် ဒါရိုက်တာများက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခြင်းဖြင့် သော်လည်းကောင်း၊ ပုဒ်မ ၂၉ အရ ပဋိညာဉ်စာချုပ်တစ်ရပ်အား ကုမ္ပဏီကိုယ်စား ချုပ်ဆိုနိုင်သည့် အခြားသောနည်းလမ်းများ အတိုင်းသော်လည်းကောင်း ကုမ္ပဏီမှ အတည်ပြုနိုင်သည်။
(င) ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို ထိုကုမ္ပဏီ က အတည်မပြုနိုင်ခဲ့လျှင် သို့မဟုတ် ပုဒ်မ ၃၅ အရ တရားရုံးက တရားဝင်ကြောင်း မသတ်မှတ်ခဲ့လျှင် ကုမ္ပဏီသည် အဆိုပါပဋိညာဉ်စာချုပ်အား အတည်ပြုခြင်း သို့မဟုတ် အဆိုပါပဋိညာဉ်စာချုပ်မှ အကျိုး ခံစားခွင့်တစ်စုံတစ်ရာကို ရယူခံစားခြင်း မပြုရ။
ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့်ပဋိညာဉ်စာချုပ်ပါ သဘောသက်ရောက် သော အာမခံချက်များ
၃၄။ (က) ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တွင် အတိ အလင်း ဖော်ပြထားသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်မှတစ်ပါး ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်း မပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို ပြုလုပ်ထားသည့် ပုဂ္ဂိုလ်က သဘောသက်ရောက်သော အာမခံချက်တစ်ရပ်ကို အောက်ပါအတိုင်းထားရှိရာရောက်သည်-
(၁) ကုမ္ပဏီအား ပဋိညာဉ်စာချုပ်တွင် သတ်မှတ် ဖော်ပြထားသည့် ကာလတစ်ရပ်ရပ်အတွင်း သို့မဟုတ် ထိုသို့ဖော်ပြပါရှိခြင်းမရှိခဲ့လျှင် စာချုပ်ချုပ်ဆိုပြီးနောက် သင့်လျော်သည့် ကာလအတွင်း ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်မည်ဟုလည်းကောင်း၊
(၂) ကုမ္ပဏီသည် ပဋိညာဉ်စာချုပ်ကို စာချုပ်တွင်သတ်မှတ်ဖော်ပြထားသည့် ကာလအတွင်း သို့မဟုတ် ထိုသို့ ဖော်ပြပါရှိခြင်းမရှိခဲ့လျှင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီးနောက် သင့်လျော်သည့်ကာလအတွင်း အတည်ပြု ဆောင်ရွက်မည်ဟု လည်းကောင်း။
(ခ) ပုဒ်မခွဲ (က) အရ သဘောသက်ရောက်သော အာမခံချက်တစ်ရပ်ကို ချိုးဖောက်ခြင်းအတွက် တရား စွဲဆိုဆောင်ရွက်မှုတစ်ရပ်တွင် ရရှိထိုက်သော နစ်နာကြေးပမာဏသည် ပဋိညာဉ်စာချုပ်အား အတည်ပြု ပြီးနောက် ပယ်ဖျက်သကဲ့သို့ စာချုပ်အရတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုခဲ့ သည့်အတွက် ကုမ္ပဏီ၏ချိုးဖောက်မှုအပေါ် နစ်နာကြေးတောင်းဆိုသည့် တရားစွဲဆိုမှုတွင် ရရှိထိုက် သော နစ်နာကြေးပမာဏအတိုင်း ဖြစ်စေရမည်။
(ဂ) ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင် ပြီးနောက်တွင် ပုဒ်မ ၃၃ အရ ကုမ္ပဏီမှ အတည်ပြုထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်မှတစ်ပါး ကုမ္ပဏီသည် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထား သည့် ပဋိညာဉ်စာချုပ်ပါ အလားတူ စည်းကမ်းချက်များဖြင့် သို့မဟုတ် အစားထိုး ပြင်ဆင်ဖော်ပြထား သည့် စည်းကမ်းချက်များဖြင့် ပဋိညာဉ်စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့လျှင် သက်ဆိုင်သောပုဂ္ဂိုလ်၏ တာဝန် ရှိမှုသည် ပုဒ်မခွဲ (က) အရ နစ်နာမှုအတွက် လျော်ကြေးပေးရန် တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ် အရ တာဝန်ရှိမှု အပါအဝင် ကင်းလွတ်ခွင့်ပြုရမည်။
အတည်ပြုရန် ပျက်ကွက်ခြင်း
၃၅။ (က) ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ပြီးနောက်တွင်ကုမ္ပဏီက အတည်မပြုသော ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်အပေါ် စာချုပ်ဝင်တစ်ဦးသည် တရားရုံးသို့ တင်ပြ၍ အောက်ပါတို့နှင့်စပ်လျဉ်းသည့် အမိန့်တစ်ရပ် ချမှတ်ပေးရန် လျှောက်ထားနိုင်သည်-
(၁) ပဋိညာဉ်စာချုပ်အရ မြေပစ္စည်းဖြစ်စေ၊ အခြားပစ္စည်းဖြစ်စေ ရရှိထားသည့်ပစ္စည်းများကို အဆိုပါ စာချုပ် ဝင်ထံသို့ပြန်ပေးစေရန် ကုမ္ပဏီသို့ ညွှန်ကြားခြင်း သို့မဟုတ်
(၂) အဆိုပါပစ္စည်း သို့မဟုတ် ပဋိညာဉ် စာချုပ်နှင့်သက်ဆိုင်သည့် စာချုပ်ဝင်အား ခံစားခွင့်ပြုသည့် အခြားသက်သာခွင့်များ သို့မဟုတ်
(၃) ပဋိညာဉ်စာချုပ်တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ အတည်ပြုခြင်း။
(ခ) ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) နှင့်အညီ အမိန့်တစ်ရပ်အား ချမှတ်ပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြစ်စေ တရားရုံးသည် သင့်လျော်မျှတသည်ဟုယူဆလျှင် ၎င်းမှသင့်သည် ထင်မြင်သည့် အမိန့်တစ်ရပ်ရပ်ကို သော်လည်းကောင်း၊ သက်သာခွင့်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ချမှတ်ဆောင်ရွက်နိုင်သည်။
ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းမပြုမီက ချုပ်ဆိုထားသည့်ပဋိညာဉ်စာချုပ်အားချိုးဖောက်ခြင်း
၃၆။ ကုမ္ပဏီက အတည်ပြုထားသော ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း မပြုမီက ချုပ်ဆိုထားသည့် ပဋိညာဉ်စာချုပ်အား ချိုးဖောက်မှုအတွက် ကုမ္ပဏီအပေါ်ပြုလုပ်သည့် တရားစွဲဆိုမှုတွင် တရားရုံးသည် ကုမ္ပဏီ၊ တရားစွဲဆိုမှုတွင်ပါဝင်သည့် အခြားစာချုပ်ဝင်များ၏ လျှောက်ထားချက် သို့မဟုတ် ၎င်း ကိုယ်တိုင် တွေ့ရှိချက်များအပေါ်အခြေခံ၍ လျော်ကြေးပေးစေရန်ကိုသော်လည်းကောင်း၊ တရားရုံးက သင့်သည်ထင်မြင်သည့် အခြားသက်သာခွင့်ပေးစေရန်ကို သော်လည်းကောင်း ချမှတ်နိုင်သည့်အပြင် ကုမ္ပဏီအပေါ်တွင်လည်းကောင်း၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့သည့် ပုဂ္ဂိုလ်အပေါ်တွင်လည်းကောင်း အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။
အခန်း(၉)
ဤဥပဒေအရ မှတ်ပုံတင်ခွင့်ရှိသော သို့မဟုတ် မှတ်ပုံတင်ရမည့် အခြားကော်ပိုရေးရှင်းများ
နိုင်ငံတော်အတွင်းအာဏာတည်လျက်ရှိသော အခြားသောဥပဒေများအရ ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်းများ
မှတ်ပုံတင်ဆောင်ရွက်နိုင်သည့် ကော်ပိုရေးရှင်းများ
၃၇။ (က) ဤအခန်းတွင် ဖော်ပြပါရှိသည့် ခြွင်းချက်များနှင့် ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍ နိုင်ငံတော်အတွင်းအာဏာတည်သည့် အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင် ထားသည့် အဖွဲ့အစည်းများသည် ဤဥပဒေအရ တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီ သို့မဟုတ် အစု ရှယ်ယာဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ သို့မဟုတ် ခံဝန်ချက်အားဖြင့်တာဝန်ကန့်သတ်ထား သည့် ကုမ္ပဏီတစ်ခုခုအဖြစ် မှတ်ပုံတင်နိုင်သည်။ အဆိုပါအဖွဲ့အစည်းကို ဖျက်သိမ်းရန်ရည်ရွယ်၍ မှတ်ပုံ တင်ခြင်းသည် တရားမဝင် ဖြစ်သည်ဟု မှတ်ယူခြင်းမပြုရ။
(ခ) အထူးကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် ယခင်ဥပဒေ မတိုင်မီက အာဏာတည်လျက်ရှိသည့် ကုမ္ပဏီအက်ဥပဒေတစ်ရပ်ရပ်အရ တည်ထောင်ထားသည့် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ တည်ရှိသော ကော်ပိုရေးရှင်းများအားလုံးသည် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများအဖြစ် သတ်မှတ်ဖော်ပြထားသည့် လိုအပ်ချက်များနှင့် အညီ ဤဥပဒေအရ မှတ်ပုံတင် ဆောင်ရွက်ရမည်။
(ဂ) ပုဒ်မ ၃၇၊ ပုဒ်မခွဲ (က) နှင့် (ခ)၊ ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ ပြဋ္ဌာန်းချက်များသည် ပြည်ပကော်ပိုရေးရှင်းများနှင့် သက်ဆိုင်ခြင်း မရှိစေရ။
ကော်ပိုရေးရှင်း၏အမည်တွင် ‘လီမိတက်’ စာသားအား ဖြည့်စွက်ခြင်း
၃၈။ ကော်ပိုရေးရှင်း တစ်ခုကို ဤဥပဒေအရ တာဝန်ကန့်သတ်ထားရှိပြီး မှတ်ပုံတင်သည့်အခါ ‘လီမိတက်’ သို့မဟုတ် ‘အများပိုင်ကုမ္ပဏီလီမိတက်’ သို့မဟုတ် အခန်း (၆) တွင် ဖော်ပြထားသည့် အလားတူ စကားရပ်များကို ကော်ပိုရေးရှင်းအမည်တွင် ထည့်သွင်းလျက် မှတ်ပုံတင်ရမည်။
တည်ဆဲကော်ပိုရေးရှင်းများအား မှတ်ပုံတင်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်
၃၉။ မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် ဤဥပဒေပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ပြီး သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာကြေးများကို ပေးသွင်းသည့် အခါတွင် မှတ်ပုံတင်အရာရှိသည် ကော်ပိုရေးရှင်းကို ဤဥပဒေအရ မှတ်ပုံတင်စာရင်း ရေးသွင်းရမည်။ ထိုသို့ဆောင်ရွက်ပြီးနောက် အဆိုပါကော်ပိုရေးရှင်းသည် ဤဥပဒေအရ ဖွဲ့စည်းတည် ထောင်၍ မှတ်ပုံတင်ထားသည်ဟု မှတ်ယူရမည်။ ၎င်းအပြင် အဆိုပါ ကော်ပိုရေးရှင်းသည် အစဉ် အဆက် ဆက်ခံဆောင်ရွက်ခွင့် ရှိစေရမည်ဖြစ်ပြီး လိုအပ်လျှင် ရုံးတံဆိပ်ထားရှိနိုင်သည်။
စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များ
အသင်းအဖွဲ့များအတွက် ကန့်သတ်တားမြစ်ချက်များ
၄၀။ အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်ကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ-
(က) အသင်းအဖွဲ့ကို ယင်းအသင်းအဖွဲ့ကသော် လည်းကောင်း၊ ယင်းတို့၏အဖွဲ့ဝင်များက သော်လည်း ကောင်း အကျိုးအမြတ်ရယူရန် ရည်ရွယ်ချက်ဖြင့် အခြားစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် ဤဥပဒေအရ ဖွဲ့စည်းခြင်းမပြုရ။
(ခ) ဤပုဒ်မနှင့် ဆန့်ကျင်ပြီး စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သော အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်သူအားလုံးသည် အဆိုပါစီးပွားရေးလုပ်ငန်းတွင် ဆောင်ရွက်ရသည့် တာဝန်ရှိမှုများ အားလုံး အတွက် တစ်ဦးချင်းအလိုက် တာဝန်ရှိသည်။
၄၁။ ပုဒ်မ ၄ဝ နှင့် ဆန့်ကျင်ပြီးဖွဲ့စည်းထားသည့် အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်သူတစ်ဦးဦးသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
စီးပွားရေးလုပ်ငန်းနှင့် အလားတူကိစ္စရပ်များအတွက် တည်ထောင်သည့် အသင်းအဖွဲ့များကို မှတ်ပုံ တင်ရန် အခွင့်အာဏာ
၄၂။ (က) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်နိုင်သော အသင်းအဖွဲ့တစ်ခု သည် စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုရန် သို့မဟုတ် အခြားသောစီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ချက်အတွက် တည်ထောင်ခဲ့ကြောင်း သို့မဟုတ် တည်ထောင်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်း၏အကျိုးအမြတ် (ရှိခဲ့လျှင်) သို့မဟုတ် ယင်း၏ရည်ရွယ်ချက်များကို မြှင့်တင်ဆောင်ရွက်ရာမှ ရရှိသောအခြား ဝင်ငွေများကို အသုံးပြုကြောင်း သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ကြောင်းနှင့် ယင်းအဖွဲ့ အစည်းတွင် ပါဝင်သူများသို့ အကျိုးအမြတ် တစ်စုံတစ်ရာ ခွဲဝေပေးခြင်းကိုတားမြစ်ထားကြောင်း မှတ်ပုံတင်အရာရှိမှ ကျေနပ်လက်ခံစေရန် တင်ပြနိုင်လျှင် ယင်း၏အမည်တွင် ‘တရားဝင်တည်ထောင် ထားသော’ ဟူသည့်စကားရပ် ဖြည့်စွက်၍ လိုင်စင်ပေးအပ်ခြင်းဖြင့် အဆိုပါအသင်းအား မှတ်ပုံတင်ခွင့် ပြုနိုင်သည်။
(ခ) ဤပုဒ်မအရ မှတ်ပုံတင်အရာရှိသည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၎င်းက သင့်သည်ထင်မြင် သည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် လိုင်စင်တစ်ရပ်ကို ပေးအပ်နိုင်သည်။ အဆိုပါ စည်းမျဉ်း စည်းကမ်းများသည် ဖော်ပြပါအသင်းအဖွဲ့အပေါ်တွင် စည်းနှောင်မှုရှိပြီး မှတ်ပုံတင်အရာရှိက ညွှန်ကြား လျှင် အသင်းအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ ထည့်သွင်းဖော်ပြရမည်။
(ဂ) အသင်းအဖွဲ့သည် မှတ်ပုံတင်ပြီးနောက် ယင်း၏ အမည်တွင် ‘လီမိတက်’ ဟူသော စကားရပ်အား ထည့်သွင်းအသုံးပြုခြင်းမှအပ တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများမှရရှိသော အခွင့်အရေးများအား လုံးကို ရရှိခံစားနိုင်ပြီး ကုမ္ပဏီများ၏ တာဝန်များအားလုံးကိုလည်း လိုက်နာဆောင်ရွက်ရမည်။
(ဃ) ဤပုဒ်မအရပေးအပ်ထားသည့် လိုင်စင်တစ်ရပ်ကို မည်သည့်အခါတွင်မဆို မှတ်ပုံတင်အရာရှိက ပြန်လည်ရုပ်သိမ်းနိုင်ပြီး ထိုသို့ရုပ်သိမ်းခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အသင်းအဖွဲ့အား မှတ်ပုံတင် စာရင်းမှပယ်ဖျက်ရမည်ဖြစ်ပြီး အသင်းအဖွဲ့သည် ဤပုဒ်မအရ ပေးအပ်ထားသည့် သက်သာခွင့်များနှင့် အခွင့်အရေးများကို ရရှိခံစားနိုင်ခြင်းမှ ရပ်စဲစေရမည်။ သို့ရာတွင် လိုင်စင်အား ထိုသို့ရုပ်သိမ်းခြင်းမပြုမီ မှတ်ပုံတင်အရာရှိသည် ထိုသို့ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း စာဖြင့်ရေးသား ဖော်ပြထားသည့် သင့်လျော်သည့်အကြောင်းကြားစာကို ၂၈ ရက်ထက်နောက်မကျစေဘဲ အသင်းအဖွဲ့ထံသို့ ပေးပို့ရမည် ဖြစ်ပြီး အဆိုပါ အကြောင်းကြားသည့်ကာလအတွင်း အသင်းအဖွဲ့အနေဖြင့် ထိုသို့ရုပ်သိမ်းခြင်း မပြု ထိုက်ကြောင်း တင်ပြချက်တစ်ရပ်ကို ပြုလုပ်ဆောင်ရွက်နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်သည်။
(င) မှတ်ပုံတင်အရာရှိသည် -
(၁) လိုင်စင်တွင် လိုက်နာဆောင်ရွက်ရန် ဖော်ပြခဲ့သော စည်းမျဉ်းစည်းကမ်းများရှိခဲ့လျှင် ယင်း စည်းမျဉ်း စည်းကမ်းများအစား သို့မဟုတ် ယင်းစည်းမျဉ်း စည်းကမ်းများအပြင် မှတ်ပုံတင်အရာရှိမှ သင့်သည် ထင်မြင်သည့်စည်းမျဉ်း စည်းကမ်းများဖြင့် လိုင်စင်ကိုပြောင်းလဲပြင်ဆင်နိုင်သည် သို့မဟုတ်
(၂) ယခင်ထုတ်ပေးခဲ့သောလိုင်စင်အစား လိုင်စင်အသစ်တစ်ရပ်ကို ထုတ်ပေးနိုင်သည်။
(စ) ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မခွဲ (င) အရ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲ ပြင်ဆင်မှု သို့မဟုတ် လိုင်စင်တစ်ရပ်ထုတ်ပေးမှု သို့မဟုတ် ကျင့်သုံးဆောင်ရွက်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ မှတ်ပုံတင် အရာရှိထံ ညွှန်ကြားနိုင်သည်။
(ဆ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အခြားသက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်း မရှိစေဘဲ အဆိုပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရမည်။
ပြည်ပကော်ပိုရေးရှင်းများအား မှတ်ပုံတင်ခြင်း
ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် နိုင်ငံတော်အတွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း
၄၃။ (က) ပြည်ပကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် အခြားကော်ပိုရေးရှင်းအဖွဲ့အစည်း တစ်ခုခုသည် ဤ အခန်းအရ မှတ်ပုံတင်ထားခြင်းမရှိဘဲ နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် ခြင်း မပြုရ။
(ခ) ပြည်ပကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် ကော်ပိုရေးရှင်းအဖွဲ့အစည်း တစ်ခုခုသည် နိုင်ငံတော် အတွင်း အောက်ပါတို့ကို ပြုလုပ်ဆောင်ရွက်ခြင်းရှိကာမျှနှင့် နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည်ဟု မှတ်ယူခြင်းမရှိစေရ -
(၁) တရားစွဲဆိုမှုတစ်ရပ်တွင် အမှုသည်တစ်ဦး ဖြစ်ခြင်း သို့မဟုတ် ဖြစ်လာခြင်း၊ သို့မဟုတ် တရား စွဲဆိုမှုတစ်ရပ် သို့မဟုတ် တောင်းဆိုမှု သို့မဟုတ် အငြင်းပွားမှုတစ်ရပ်ကို ဖြေရှင်းခြင်း သို့မဟုတ်
(၂) ဒါရိုက်တာများ သို့မဟုတ် အစုရှယ်ယာရှင်များ၏ အစည်းအဝေးများကို ကျင်းပခြင်း သို့မဟုတ် ၎င်းတို့၏အဖွဲ့အစည်းအတွင်းပိုင်း စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခြင်း သို့မ ဟုတ်
(၃) ဘဏ်ငွေစာရင်းတစ်ခု ဖွင့်လှစ်ထားရှိခြင်း သို့မဟုတ်
(၄) သီးခြားကန်ထရိုက်တာတစ်ဦးမှ တစ်ဆင့်ပစ္စည်းများရောင်းချမှုကို ပြုလုပ်ခြင်း သို့မဟုတ်
(၅) လုပ်ငန်းလက်ခံရရှိခြင်းတစ်ရပ်သည် နိုင်ငံတော်၏ပြင်ပတွင် လက်ခံရရှိခဲ့မှသာလျှင် စည်းနှောင်မှု ရှိသော ပဋိညာဉ်စာချုပ်တစ်ရပ်ဖြစ်လာမည့် လက်ခံခြင်း သို့မဟုတ် ရရှိခြင်း သို့မဟုတ်
(၆) ငွေကြေးများ ချေးပေးခြင်း၊ ကြွေးမြီသက်သေခံချက် ပြုလုပ်ခြင်း သို့မဟုတ် ပစ္စည်းများအပေါ်တွင် ကြွေးမြီတာဝန်တင်ရှိခြင်း သို့မဟုတ်
(၇) ယင်း၏ကြွေးမြီများမှ တစ်ရပ်ရပ်ကို ရရှိခြင်း သို့မဟုတ် တောင်းယူခြင်း သို့မဟုတ် အဆိုပါကြွေးမြီ များနှင့်စပ်လျဉ်းသည့် ငွေချေးသက်သေခံလက်မှတ်များနှင့် သက်ဆိုင်သည့် အခွင့်အရေးများကို အတည် ပြု ဆောင်ရွက်ခြင်း သို့မဟုတ်
(၈) အခါအားလျော်စွာ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့သည့် အလားတူလုပ်ငန်းဆောင်ရွက်မှုများ မဟုတ် သည့် ရက်ပေါင်း ၃ဝ ကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် သီးခြားလုပ်ငန်း ဆောင်ရွက်ချက် တစ်ရပ် ကို ပြုလုပ်ခြင်း သို့မဟုတ်
(၉) ယင်း၏ရန်ပုံငွေများကို ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် ပစ္စည်းများကို ထိန်းသိမ်းထားခြင်း။
(ဂ) နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်းများကို ပြည်ပကော်ပို ရေးရှင်းတစ်ခု သို့မဟုတ် အခြား ကော်ပိုရေးရှင်း အဖွဲ့အစည်းတစ်ခုခုက ဆောင်ရွက်ခြင်း ရှိ မရှိနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိသည် အခါအားလျော်စွာ လမ်းညွှန်ချက်များကို ထုတ်ပြန်နိုင်သည်။ သို့ရာတွင် အဆိုပါလမ်းညွှန်ချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရမည်။
(ဃ) ပြည်ထောင်စု ဝန်ကြီးသည် ပုဂ္ဂိုလ်တစ်ဦးဦး၏ လျှောက်ထားချက်အရသော်လည်းကောင်း၊ မိမိ၏ တွေ့ရှိချက်အရသော် လည်းကောင်း အလားတူအခြေအနေတွင် ကော်ပိုရေးရှင်း တစ်ခုခုကိုဖြစ်စေ သို့မ ဟုတ် ကော်ပိုရေးရှင်း အမျိုးအစား တစ်ရပ်ရပ်ဖြစ်စေ နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ရှိ မရှိကို သတ်မှတ်ဖော်ပြထားနိုင်သည်။
ပြည်ပကော်ပိုရေးရှင်း၏အမည်
၄၄။ (က) ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် လိမ်လည်လိုသော သို့မဟုတ် အခြားနည်းအားဖြင့် လှည့်စား နိုင်သော သို့မဟုတ် ရှုပ်ထွေးစေနိုင်သော ကိစ္စရပ်များ ပေါ်ပေါက်စေနိုင်သည့် မှတ်ပုံတင်ထားပြီးဖြစ်သော တည်ဆဲအဖွဲ့အစည်းတစ်ခု၏ အမည်နှင့်တူညီသော အမည်ကိုသော်လည်းကောင်း၊ ထိုအမည်နှင့် ဆင်တူ သော အမည်ကိုသော်လည်းကောင်း၊ တည်ဆဲအဖွဲ့အစည်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေသည့် အမည် အား အသုံးပြုနိုင်ရန် ထိုအဖွဲ့အစည်း၏ သဘောတူညီချက်ကို မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည့် အခါမှတစ်ပါး မှတ်ပုံတင် ဆောင်ရွက်ခြင်းမပြုရ။ ပြည်ပကော်ပိုရေးရှင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်စေရန်အတွက် ယင်း၏အမည်တွင် ယင်းနိုင်ငံ သို့မဟုတ် အခြားခွဲခြား သိမြင်နိုင်သည့်စာသား သို့မဟုတ် စကားရပ်များကို ထည့်သွင်းဖော်ပြနိုင်သည်။
(ခ) ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ယင်း၏ အမည်အားပြောင်းလဲရန် ပြုလုပ်သည့်အခါ အမည် ပြောင်းလဲပြီးနောက် ၂၈ ရက်အတွင်းအမည်ပြောင်းရန် တင်ပြရမည့် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။ ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက် များသည် လိုအပ်သော ပြောင်းလဲ ချက်များအားလုံးနှင့်အတူ အမည်ပြောင်းလဲမှုတစ်ရပ်အား မှတ်ပုံတင်ရာတွင် သက်ဆိုင်စေရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ဤဥပဒေနှင့်အညီ အမည်ပြောင်းလဲမှုအား မှတ်ပုံတင်ပေးရမည်။
(ဂ) မှတ်ပုံတင်အရာရှိသည် ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ မှတ်ပုံတင် ထားသောအမည်ကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရန်အတွက် လိုအပ်ပါက အဆိုပါ အမည်အားပြောင်းလဲစေရန် ညွှန်ကြား နိုင်ပြီး အဆိုပါပြည်ပကော်ပိုရေးရှင်းသည် မှတ်ပုံတင်အရာရှိက ညွှန်ကြားချက်ကို လက်ခံရရှိသည့်နေ့မှ နှစ်လအတွင်း ယင်း၏မှတ်ပုံတင်ထားသည့် အမည်ကိုပြောင်းလဲရန် လိုအပ်သည့်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။
၄၅။ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ပုဒ်မ ၄၄ တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါကော်ပိုရေးရှင်း၊ ဒါရိုက်တာများနှင့် အခွင့်အာဏာအပ်နှင်းခြင်း ခံရသော အရာရှိများသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းစီ ပေးဆောင်ရန် တာဝန်ရှိသည်။
လုပ်ငန်းဆောင်ရွက်မှုများ တရားဝင်ဖြစ်ခြင်း
၄၆။ ပြည်ပကော်ပိုရေးရှင်းတစ်ခုက ပုဒ်မ ၄၃ သို့မဟုတ် ပုဒ်မ ၄၄ ပါပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် အဆိုပါ ပြည်ပကော်ပိုရေးရှင်းမှ ချုပ်ဆိုဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်ရပ်၏ တရားဝင်မှု သို့မဟုတ် အတည်ပြုနိုင်မှုကို ထိခိုက်စေခြင်း မရှိစေရ။
မှတ်ပုံတင်ရန်အတွက် လျှောက်ထားခြင်း
၄၇။ (က) ဤအပိုင်းအရ ပြည်ပကော်ပိုရေးရှင်းတစ်ခုအား မှတ်ပုံတင်ရန်အတွက် လျှောက်ထားမှု တစ်ရပ်ကို မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရမည်ဖြစ်ပြီး ၎င်းသည်-
(၁) သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် လျှောက်ထားခြင်းဖြစ်ရမည်။ ၎င်းအပြင်
(၂) ပြည်ပကော်ပိုရေးရှင်းက သော်လည်းကောင်း၊ ယင်းကိုယ်စားသော်လည်းကောင်း လက်မှတ်ရေး ထိုးထားခြင်း ဖြစ်ရမည်။
(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များအပြင် လျှောက်လွှာတွင်-
(၁) ပြည်ပကော်ပိုရေးရှင်း၏အမည်ကို ဖော်ပြရမည်။
(၂) လျှောက်လွှာတင်သည့်နေ့တွင် ပြည်ပကော်ပိုရေးရှင်း၏ ဒါရိုက်တာများနှင့် အတွင်းရေးမှူးတို့၏ အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ်၊ ကျား/မ၊ နိုင်ငံသားနှင့် နေရပ်လိပ်စာများကို ဖော်ပြရမည်။
(၃) ပြည်ပကော်ပိုရေးရှင်းမှ ခန့်အပ်ထားသည့် အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိတစ်ဦးကို ခန့်အပ်ထားသည်ဟု ဖော်ပြရမည်ဖြစ်ပြီး ၎င်း၏ အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာ များကို ဖော်ပြရမည်။ ၎င်းအရာရှိသည် ပြည်ပကော်ပိုရေးရှင်း၏ကိုယ်စား နိုင်ငံတော်အတွင်း စာရွက် စာတမ်း၊ စာချုပ်စာတမ်းများကို လက်ခံဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်းခြင်း ခံရသူဖြစ်သည်။
(၄) အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိအဖြစ် အမည် ဖော်ပြထားသော ပုဂ္ဂိုလ်သည် ပြည်ပ ကော်ပိုရေးရှင်း၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိအဖြစ် ဆောင်ရွက်ရန်အတွက် စာဖြင့် ရေးသား သဘောတူညီချက် ပြုလုပ်ထားကြောင်း ဖော်ပြရမည်။
(၅) ပြည်ပ ကော်ပိုရေးရှင်း၏ နိုင်ငံတော်အတွင်း၌ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ အပြည့်အစုံကို ဖော်ပြရမည်။
(၆) မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာနှင့် ကွဲလွဲခဲ့လျှင် ပြည်ပကော်ပိုရေးရှင်းသည် နိုင်ငံတော် အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်နေရာ၏ လိပ်စာအပြည့်အစုံ သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့်နေရာ တစ်နေရာထက်ပိုနေပါက အဓိကနေရာ၏ လိပ်စာ အပြည့်အစုံအား ဖော်ပြရမည်။
(၇) ကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ သို့မဟုတ် ၎င်း၏ မူလနိုင်ငံရှိ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သော အဓိကနေရာ၏ လိပ်စာအပြည့်အစုံကို ဖော်ပြရမည်။
(၈) လျှောက်လွှာတွင် ဖော်ပြပါရှိသည့် အချက်အလက်များအားလုံးသည် မှန်ကန်ကြောင်း ပြည်ပ ကော်ပိုရေးရှင်းမှ တာဝန်ယူထုတ်ဖော်ကြေညာချက်တစ်ရပ် ပါရှိရမည်။ ၎င်းအပြင်
(၉) ပြည်ပကော်ပိုရေးရှင်းကို ဖွဲ့စည်းတည်ထောင်သည့် သက်သေခံအထောက်အထားအား ပူးတွဲတင်ပြ ရမည့်အပြင် ကော်ပိုရေးရှင်းဖွဲ့စည်းခြင်းဆိုင်ရာ စာရွက်စာတမ်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ မိတ္တူတစ်စောင်၊ ယင်းအား မြန်မာဘာသာဖြင့် ရေးသားထားခြင်းမရှိလျှင် အဆိုပါကော်ပိုရေးရှင်း ကိုယ်စား ဒါရိုက်တာတစ်ဦးက တရားဝင်အတည်ပြုထားသည့် အင်္ဂလိပ်ဘာသာဖြင့် အကျဉ်းချုပ်ဖော်ပြ ချက်နှင့် မြန်မာဘာသာဖြင့်လည်း ပြန်ဆိုထားသည့် စာရွက်စာတမ်းကို တင်ပြရမည်။
(ဂ) လျှောက်လွှာတင်သွင်းသည့်အခါ သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို မှတ်ပုံတင်အရာရှိထံ ပေးသွင်းရမည်။
(ဃ) လျှောက်လွှာ၊ ယင်းနှင့်အတူ ပူးတွဲတင်ပြသည့် စာရွက်စာတမ်း များ၏ မူရင်းကွဲများနှင့် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄) တွင် ဖော်ပြပါရှိသည့် သဘောတူညီချက်၏ မူရင်းကို အခွင့်အာဏာအပ်နှင်းခြင်း ခံရသော အရာရှိက သိမ်းဆည်းထားရမည်ဖြစ်ပြီး ပြည်ပကော်ပိုရေးရှင်း၏ မှတ်တမ်းများနှင့်အတူ ထိန်းသိမ်းထားရမည်။
၄၈။ ပုဒ်မ ၄၇ အရ လျှောက်ထားရာတွင် လျှောက်ထားသူက လျှောက်လွှာတွင် အချက်အလက်များအား မမှန်မကန်တင်ပြခဲ့ပါက ပြည်ပကော်ပိုရေးရှင်းသည် ဒဏ်ကြေးငွေကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်။
ပြည်ပကော်ပိုရေးရှင်းအား မှတ်ပုံတင်ခြင်း
၄၉။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေပါ လိုအပ်ချက်များနှင့်အညီ ပြည့်စုံစွာဆောင်ရွက် တင်ပြ လာသည့် ပြည်ပကော်ပိုရေးရှင်း လျှောက်လွှာတစ်စောင်အား ၎င်းအနေဖြင့် ဤအခန်းအတွက် ထားရှိ သော မှတ်ပုံတင်စာအုပ်၏အပိုင်းတစ်ခုတွင် မှတ်ပုံတင်သွင်းရမည်။ ၎င်းအပြင် အောက်ပါအချက်များကို ဖော်ပြလျက် မှတ်ပုံတင်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်တစ်စောင်ကို ထုတ်ပေးရမည်-
(၁) ကော်ပိုရေးရှင်း၏အမည်၊
(၂) ကော်ပိုရေးရှင်းအား ဤဥပဒေအရ ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ထားကြောင်း၊
(၃) မှတ်ပုံတင်သည့်နေ့၊
(၄) သတ်မှတ်ဖော်ပြထားသည့် အခြားအကြောင်းအရာများ။
(ခ) မှတ်ပုံတင် အရာရှိသည် မှတ်ပုံတင်စာအုပ်ကို ထိန်းသိမ်းထားရှိရမည်။
(ဂ) ပြည်ပကော်ပိုရေးရှင်းမှာ ကောင်းမွန်ခိုင်မာစွာ ရပ်တည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကို သိရှိနိုင် စေရန်အတွက် မှတ်ပုံတင်အရာရှိက စာရွက်စာတမ်းများ ထပ်မံလိုအပ်သည်ဟု သင့်သည်ထင်မြင်သည် မှအပ ပုဒ်မ ၄၇ တွင် ဖော်ပြထားသော သို့မဟုတ် ယင်းပုဒ်မအရ လိုအပ်သော မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အခြားစာရွက် စာတမ်းတစ်စုံတစ်ရာကို ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်ဖော်ပြထားသည့် အကြောင်းအချက်မှတစ်ပါး တင်ပြရန်လိုအပ်ခြင်း မရှိစေရ။
ပြည်ပကော်ပိုရေးရှင်းမှ အမည်အား အသုံးပြုခြင်း
၅၀။ နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ကြသော ပြည်ပကော်ပိုရေးရှင်း အားလုံးသည် ၎င်းတို့၏ အမည်အပြည့်အစုံနှင့် ၎င်းတို့အား ဖွဲ့စည်းတည်ထောင်ခဲ့သည့် နိုင်ငံ၏အမည် တို့ကို အောက်ပါ ကိစ္စရပ်များတွင် သေချာစေရန်-
(က) ကော်ပိုရေးရှင်း မှသော်လည်းကောင်း၊ ကော်ပိုရေးရှင်း၏ကိုယ်စား သော်လည်းကောင်း ပေးပို့ ဆောင်ရွက်သည့် စာဖြင့်ရေးသားဆက်သွယ်ဆောင်ရွက်မှုများ အားလုံးတွင် ရှင်းလင်းစွာဖော်ပြရမည်။
(ခ) ကော်ပိုရေးရှင်း၏ တရားဝင်တာဝန်တစ်ရပ်ကို ထင်ရှားစေမည့် သို့မဟုတ် ဖြစ်တည်စေမည့် ကော်ပို ရေးရှင်းမှသော်လည်းကောင်း၊ ကော်ပိုရေးရှင်း၏ ကိုယ်စားသော်လည်းကောင်း ထုတ်ပြန်သော သို့မ ဟုတ် လက်မှတ်ရေးထိုးသော စာရွက်စာတမ်းများအားလုံးတွင် ရှင်းလင်းစွာဖော်ပြ ရမည်။ ၎င်းအပြင်
(ဂ) မှတ်ပုံတင်ထားသော ရုံးခန်းနေရာနှင့် နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်း၏ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည့် အဓိကနေရာတို့၌ ပေါ်လွင်ထင်ရှားစွာ ဖော်ပြထားရမည်။
အသေးစိတ်အချက်အလက်များကို ပြောင်းလဲပြင်ဆင်ခြင်း
၅၁။ နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော ပြည်ပကော်ပိုရေးရှင်း တစ်ခု သည် အောက်ပါကိစ္စရပ်များအတွက် ပြောင်းလဲပြင်ဆင်ခြင်းဆိုင်ရာ အကြောင်းကြားစာကို မှတ်ပုံတင် အရာရှိထံသို့ ရက်ပေါင်း ၂၈ ရက်အတွင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပေးပို့တင်ပြရမည်-
(က) ပြည်ပကော်ပိုရေးရှင်းအား ဖွဲ့စည်းသည့် စာရွက်စာတမ်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း အား ပြောင်းလဲပြင်ဆင်ခြင်း၊
(ခ) ပြည်ပကော်ပိုရေးရှင်း၏ ဒါရိုက်တာများပြောင်းလဲခြင်း သို့မဟုတ် ဒါရိုက်တာများ၏ အမည်များ သို့မဟုတ် နေထိုင်ရာလိပ်စာများ ပြောင်းလဲခြင်း၊
(ဂ) ပြည်ပကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် ထိုသို့ ပြည်ပတွင်လုပ်ကိုင် ဆောင်ရွက်သည့် အဓိကနေရာ၏ လိပ်စာ ပြောင်းလဲခြင်း သို့မဟုတ်
(ဃ) နိုင်ငံတော်အတွင်း ပြည်ပကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သည့် အဓိကနေရာလိပ်စာ ပြောင်းလဲခြင်း၊ အဆိုပြုချက် ပြောင်းလဲမှုအတွက် အကြောင်းကြားစာကို အဆိုပါလိပ်စာပြောင်းလဲခြင်းမပြုမီ ကြိုတင်ပေးပို့ရမည်။
(င) အခွင့်အာဏာ အပ်နှင်းခြင်းခံရသောအရာရှိနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ယင်း၏ လိပ်စာ အတွက်သော်လည်းကောင်း၊ ပြည်ပကော်ပိုရေးရှင်းကိုယ်စား နိုင်ငံတော်အတွင်း စာရွက်စာတမ်း၊ စာချုပ် စာတမ်းဆောင်ရွက်မှုများ လက်ခံပြုလုပ်ရန်အတွက် အာဏာအပ်နှင်းထားသော အခြားပုဂ္ဂိုလ်တစ်ဦးဦး အား ခန့်အပ်ခြင်း သို့မဟုတ် ၎င်း၏အသေးစိတ် အချက်အလက်များအတွက်သော် လည်းကောင်း ပြောင်းလဲခြင်း၊ ထိုသို့ပြောင်းလဲမှုအတွက် အကြောင်းကြားစာကို ခုနစ်ရက်အတွင်းပေးပို့ရမည်။
၅၂။ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ပုဒ်မ ၅၁ ပါပြဋ္ဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်လျှင် အဆိုပါ ပြည်ပကော်ပိုရေးရှင်း၊ ဒါရိုက်တာများနှင့် အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိများသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းစီ ပေးဆောင်ရန် တာဝန်ရှိသည်။
ပြည်ပကော်ပိုရေးရှင်းမှ နှစ်စဉ်တင်ပြဆောင်ရွက်ရမည့်ကိစ္စရပ်များ
၅၃။ (က) နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သော ပြည်ပကော်ပိုရေးရှင်း အားလုံးသည် အောက်ပါတို့ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်-
(၁) ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ၂၈ ရက် အတွင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပြုစုထားသော နှစ်စဉ် အစီရင်ခံစာနှင့်
(၂) ကော်ပိုရေးရှင်းအနေဖြင့် ၎င်း၏ မူလနိုင်ငံတွင် ဥပဒေအရ ပြုစုတင်ပြရန် လိုအပ်သောပုံစံ၊ ပါဝင် ရမည့် အသေးစိတ်အချက်အလက်များ လိုအပ်သည့်စာရွက်စာတမ်း မိတ္တူများပါရှိစေလျက် ၁၅ လထက် မပိုသောကာလ အတွင်းဖြစ်ပြီး ပြက္ခဒိန်နှစ် တစ်ခုထက်မကျော်လွန်စေဘဲ-
(ကက) ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည် အထိ ပြုစုထားသော လက်ကျန် ရှင်းတမ်း (balance sheet)၊
(ခခ) ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေ ထွက်ငွေဖော်ပြချက်စာရင်း (Cash Flow Statement) မိတ္တူတစ်စောင်နှင့်
(ဂဂ) ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွက် အရှုံးအမြတ်ဖော်ပြချက်စာရင်း (Profit & Loss Statement) မိတ္တူတစ်စောင်၊
(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့်အတိုင်း ကော်ပိုရေးရှင်းမှာ ၎င်း၏မူလနိုင်ငံဥပဒေအရ ဖော်ပြပါ စာရွက်စာတမ်းများကို တင်ပြရန်မလိုအပ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် နိုင်ငံတော်အတွင်း ၎င်း၏ စီးပွားရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် ဘဏ္ဍာရေးဆိုင်ရာ စာရွက် စာတမ်းများကိုတင်ပြရန် ကုမ္ပဏီအားတောင်းဆိုနိုင်သည်။ ကော်ပိုရေးရှင်းအား ဤဥပဒေအရ အများ နှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ထားသကဲ့သို့ ကော်ပိုရေးရှင်းမှပြုစု တင်ပြရန် လိုအပ်သည့် အဆိုပါပုံစံဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့် သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့်ဖြစ်စေ အဆိုပါ စာရွက်စာတမ်းများအား ပြုစုဆောင်ရွက်ရမည်။ ဤပုဒ်မခွဲအရ ဆုံးဖြတ်ချက်ချမှတ်ရာတွင် မှတ်ပုံတင် အရာရှိသည် ပြည်ပကော်ပိုရေးရှင်း၏ စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်အတွင်း အသေးစားကုမ္ပဏီ တစ်ခုအဖြစ် ဆောင်ရွက်ခြင်း ရှိမရှိကို ထည့်သွင်းစဉ်းစားနိုင်သည်။
(ဂ) မှတ်ပုံတင်အရာရှိသည် ဤပုဒ်မအရ တင်ပြရမည့် ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်း တစ်ရပ်ရပ်ကို စာရင်းစစ်ဆေးစေခိုင်းနိုင်သည်။ ဤပုဒ်မခွဲအရ ဆုံးဖြတ်ချက်ချမှတ် ရာတွင် မှတ်ပုံတင်အရာရှိသည် ပြည်ပကော်ပိုရေးရှင်း၏ စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတော်အတွင်း အသေးစားကုမ္ပဏီတစ်ခုအဖြစ် ဆောင်ရွက်ခြင်းရှိမရှိကို ထည့်သွင်းဆုံးဖြတ်နိုင်သည်။
၅၄။ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ပုဒ်မ ၅၃ ပါ ဆောင်ရွက်ရမည့်အချက်များအား လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် အဆိုပါပြည်ပကော်ပိုရေးရှင်း၊ ဒါရိုက်တာများနှင့်အခွင့်အာဏာ အပ်နှင်း ခြင်းခံရသော အရာရှိများသည် သက်ဆိုင်ရာချိုးဖောက်မှု တစ်ရပ်စီအတွက် ဒဏ်ကြေးငွေကျပ် နှစ်သိန်း ငါးသောင်းစီ ပေးဆောင်ရမည်။
နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုအား ရပ်စဲသည့်ပြည်ပကော်ပိုရေးရှင်း
၅၅။ (က) နိုင်ငံတော်အတွင်း၌ ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင် ရွက်မှုအား ရပ်စဲပြီး ၂၁ ရက်အတွင်း ထိုသို့ရပ်စဲမှုအား သတ်မှတ်ဖော်ပြထားသည့် ပုံစံတွင်ဖော်ပြလျက် အကြောင်းကြားချက်တစ်ရပ်ကို တင်ပြရမည်ဖြစ်ပြီး အခြားသက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြည်ပကော်ပိုရေးရှင်းက လိုက်နာဆောင်ရွက်ခြင်းရှိကြောင်း မှတ်ပုံတင်အရာရှိက ယုံကြည်သည့်အခါ မှတ်ပုံတင်စာရင်းမှ အဆိုပါပြည်ပကော်ပိုရေးရှင်း၏ အမည်ကို ပယ်ဖျက်ရမည်။
(ခ) ပြည်ပကော်ပိုရေးရှင်း တစ်ခုသည် နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက် ခြင်း မရှိကြောင်း မှတ်ပုံတင်အရာရှိက သင့်လျော်သည့်အကြောင်းဖြင့် ယုံကြည်သည့်အခါ မှတ်ပုံတင် အရာရှိသည် ထိုသို့တွေ့ရှိချက်များကို ဖော်ပြလျက် အကြောင်းကြားစာတစ်စောင်အား ပြည်ပကော်ပို ရေးရှင်းထံသို့ ပေးပို့နိုင်သည်။ ထိုအကြောင်းကြားစာတွင် ပေးပို့သည့်နေ့မှ ၂၈ ရက်အတွင်း အကျိုး အကြောင်း တစ်စုံတစ်ရာ ဖော်ပြပြန်ကြားလာခြင်းမရှိခဲ့လျှင် ယင်းပြည်ပကော်ပိုရေးရှင်း၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းအတွက် နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာမည် ဖြစ်ကြောင်း ဖော်ပြပါရှိရမည်။
(ဂ) ပြည်ပကော်ပိုရေးရှင်းသည် နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်နေကြောင်း ပြန်ကြားချက်ကို အကြောင်းကြားစာပေးပို့သည့်နေ့မှ ၂၈ ရက်အတွင်း မှတ်ပုံတင် အရာရှိက လက်ခံရရှိခြင်းမရှိခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အကြောင်းကြားစာတစ်စောင်အား ထပ်မံပေးပို့နိုင်ပြီး နိုင်ငံတော်ပြန်တမ်းတွင်လည်း ထည့်သွင်းဖော်ပြနိုင်သည်။ ယင်းအကြောင်းကြားစာ တွင် အကြောင်းကြားစာ ပေးပို့သည့်နေ့မှ သုံးလ ကုန်ဆုံးသည့်အခါ ယင်းပြည်ပကော်ပိုရေးရှင်း၏ အမည်အား အခြားသော ထည့်သွင်းစဉ်းစားရမည့်အချက်များ မပေါ်ပေါက်ခဲ့လျှင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိရမည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ ပေးပို့သည့်အကြောင်းကြားစာတွင် ဖော်ပြပါရှိသည့် ကာလကုန်ဆုံးသည့်အခါ မှတ်ပုံတင်အရာရှိသည် အခြားသောထည့်သွင်းစဉ်းစားရမည့် အချက်များမပေါ်ပေါက်ခဲ့လျှင် ပြည်ပ ကော်ပိုရေးရှင်း၏အမည်အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး ထိုသို့ပယ်ဖျက်သည့် အကြောင်းကြား စာကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။
(င) မှတ်ပုံတင်အရာရှိသည် အပိုင်း (၅) ပါပြဋ္ဌာန်းချက်များနှင့် အညီ တရားဝင်စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက ပေးပို့သည့် အကြောင်းကြားစာကို လက်ခံရရှိပြီးနောက် ပြည်ပကော်ပိုရေးရှင်း အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရမည်။
(စ) ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ယင်း၏မူလနိုင်ငံတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရန် စတင် ပြုလုပ်လျှင် သို့မဟုတ် ဖျက်သိမ်းခဲ့လျှင် သို့မဟုတ် မှတ်ပုံတင်ထားခြင်းမှ ပြန်လည်ပယ်ဖျက်ခဲ့လျှင်-
(၁) အဆိုပါနေ့မှ ၂၈ ရက်အတွင်း အခွင့်အာဏာအပ်နှင်းခြင်းခံရသောအရာရှိသည် ဖော်ပြပါအကြောင်း များနှင့်စပ်လျဉ်း၍ သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိသို့ ပေးပို့ တင်ပြရမည်ဖြစ်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးအားခန့်အပ်သည့်အခါ ထိုသို့ခန့်အပ် ကြောင်း သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာကို မှတ်ပုံတင်အရာရှိသို့ ပေးပို့တင်ပြရ မည့်အပြင်
(၂) တရားရုံးသည် ပြည်ပကော်ပိုရေးရှင်း၏ မူလနိုင်ငံအတွက် တာဝန်ပေးထားသော စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ သို့မဟုတ် မှတ်ပုံတင်အရာရှိမှ လျှောက်ထားတင်ပြလာလျှင် ပြည်ပကော်ပိုရေးရှင်း ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးကို နိုင်ငံတော်အတွင်း၌ ခန့်အပ်ပေးရမည်။
(ဆ) ပြည်ပကော်ပိုရေးရှင်းအား ဖျက်သိမ်းပြီးကြောင်း သို့မဟုတ် မှတ်ပုံတင်ထားခြင်းကို ပြန်လည်ပယ် ဖျက်ပြီးကြောင်း အဆိုပါပြည်ပကော်ပိုရေးရှင်း၏ အခွင့်အာဏာအပ်နှင်းခြင်း ခံရသောအရာရှိက တင်ပြ အကြောင်းကြားခြင်းကို မှတ်ပုံတင်အရာရှိက လက်ခံရရှိသည့်အခါ မှတ်ပုံတင်အရာရှိသည် မှတ်ပုံတင် စာရင်းမှ အဆိုပါပြည်ပကော်ပိုရေးရှင်း၏ အမည်ကို ပယ်ဖျက်ရမည်။
(ဇ) တရားရုံးကခန့်အပ်တာဝန်ပေးသည့် ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည်-
(၁) ပြည်ပကော်ပို ရေးရှင်း၏ပစ္စည်းများကို ခွဲဝေခြင်းတစ်ရပ်ရပ်မပြုလုပ်မီ သင့်လျော်သည့်အချိန် ကာလအတွင်း နိုင်ငံတော် တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် ကြေညာခြင်းဖြင့် မြီရှင်များအားလုံးက ပြည်ပကော်ပိုရေးရှင်းအပေါ် တောင်းဆိုမှုများပြုလုပ်နိုင်ရန် အတွက် ဖိတ်ခေါ်ရမည်။
(၂) တရားရုံး၏အမိန့်တစ်ရပ်မပါရှိဘဲ ပြည်ပကော်ပိုရေးရှင်း၏ အခြားမြီရှင်တစ်ဦးကို နုတ်ပယ်၍ မြီရှင်တစ်ဦးသို့ ငွေပေးချေခြင်းမပြုရ။ ၎င်းအပြင်
(၃) တရားရုံး၏အမိန့်တစ်ရပ်ရပ်ဖြင့် အခြားနည်းဖော်ပြ ထားခြင်းမရှိလျှင် နိုင်ငံတော်အတွင်းရှိ ပြည်ပ ကော်ပိုရေးရှင်း၏ပစ္စည်းများကို ပြန်လည်ရယူခြင်းနှင့် ရောင်းချခြင်း တို့ကိုပြုလုပ်၍ ယင်း၏ မူရင်း နိုင်ငံတွင်တာဝန်ပေးထားသော ပြည်ပကော်ပိုရေးရှင်း၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ အထက်ပါအတိုင်း ရယူရောင်းချသည့် ပစ္စည်းများ၏ အသားတင်ငွေပမာဏကို ပေးချေရမည်။
(ဈ) ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ နိုင်ငံတော်အတွင်းရှိလုပ်ငန်းများကို ဖျက်သိမ်းသည့်အခါ မူရင်း နိုင်ငံအတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်ထားခြင်းမရှိခဲ့လျှင် စာရင်းရှင်းလင်းဖျက် သိမ်းရေး အရာရှိသည် ပုဒ်မခွဲ (ဇ) အရ ပြန်လည်ရရှိသည့်ငွေ ပမာဏအား ပေးချေနိုင်ရန်အတွက် အမိန့် တစ်ရပ် ချမှတ်ပေးနိုင်ရန် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။
ဤဥပဒေအရမှတ်ပုံတင်ထားသော ပြည်ပကော်ပိုရေးရှင်းများနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများ ပေးပို့ဆောင်ရွက်ခြင်း
၅၆။ (က) စာရွက်စာတမ်းတစ်ခုအား အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ပြည်ပကော်ပိုရေးရှင်း တစ်ခု ထံသို့ ပေးပို့ဆောင်ရွက်ရမည်-
(၁) နိုင်ငံတော်အတွင်းရှိ အဆိုပါ ပြည်ပကော်ပိုရေးရှင်း၏ မှတ်ပုံတင်ထားသော ရုံးခန်းသို့ လူကိုယ်တိုင် သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း ပေးပို့ခြင်းဖြင့်ဖြစ်စေ၊
(၂) အဆိုပါ ပြည်ပကော်ပိုရေးရှင်း၏ အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိ၏လိပ်စာသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ အဆိုပါကိစ္စ တစ်ရပ်စီတွင် ဤဥပဒေနှင့် အညီ အကြောင်းကြားဖော်ပြထားသည့်လိပ်စာသို့ ပေးပို့ဆက်သွယ်ဆောင် ရွက်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ခြင်းကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ ပြည်ပကော်ပိုရေးရှင်း၏ ဒါရိုက်တာနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများသည် နိုင်ငံတော်အတွင်း နေထိုင်ကြလျှင် စာရွက် စာတမ်းတစ်ရပ်အား ပြည်ပကော်ပိုရေးရှင်းသို့ ပေးပို့ရာတွင် အနည်းဆုံးဖော်ပြပါ ဒါရိုက်တာနှစ်ဦးထံသို့ စာရွက်စာတမ်းမိတ္တူ တစ်စောင်စီကို တရားဝင်ပေးပို့ဆောင်ရွက်ပေးခြင်းဖြင့် ပြုလုပ်နိုင်သည်။
(ဂ) ပြည်ပကော်ပိုရေးရှင်းတစ်ခု၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးအား ခန့်အပ်ခဲ့သည့် အခါ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ တင်ပြထားသည့် အကြောင်းကြားစာရှိ နောက်ဆုံးရုံးခန်း လိပ်စာသို့ စာရွက်စာတမ်းအား လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း ပြည်ပ ကော်ပိုရေး ရှင်းသို့ တရားဝင်ပေးပို့ ဆောင်ရွက်နိုင်သည်။
(ဃ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပြည်ပကော်ပိုရေးရှင်းတစ်ခုသို့ စာရွက်စာတမ်း များ ပေးပို့ရာတွင် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် ဖော်ပြပါရှိသော အခြားနည်းလမ်းတစ်ရပ် ရပ်ဖြင့် ထိုသို့ဆောင်ရွက်ခွင့်ပြုနိုင်သော တရားရုံး၏အခွင့်အာဏာကို ထိခိုက်စေခြင်းမရှိစေရ။
အခန်း (၁ဝ)
ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်း
ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်း
၅၇။ (က) ကုမ္ပဏီတစ်ခုသည် ဤအခန်းပါ ပြဋ္ဌာန်းချက်များကိုလိုက်နာလျက် အမျိုးအစား ပြောင်းလဲရန် အထူးဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ဤပုဒ်မပါပြဋ္ဌာန်းချက်များအရ အခြားသောအမျိုးအစားတစ်ရပ်ရပ် သို့ ပြောင်းလဲနိုင်သည်။
(ခ) ဤအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါအတိုင်း ပြောင်းလဲဆောင်ရွက်နိုင်သည်-
(၁) အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုမှ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲ ခြင်း၊
(၂) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုမှ အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲ ခြင်း၊
(၃) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုမှအများနှင့် သက်ဆိုင်သောသို့မဟုတ် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲခြင်းနှင့်
(၄) တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီတစ်ခုမှ အများနှင့် သက်ဆိုင်သော သို့မဟုတ် အများနှင့် မသက်ဆိုင်သော ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲခြင်း။
အမျိုးအစားပြောင်းလဲရန်အတွက် လျှောက်ထားခြင်း
၅၈။ (က) ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီအမျိုးအစား ပြောင်းလဲရန်အတွက် လျှောက်ထားမှုအား သတ်မှတ် ဖော်ပြထားသည့်ပုံစံဖြင့် အောက်ပါအချက်အလက်များနှင့် တကွ မှတ်ပုံတင်အရာရှိထံသို့ တင်ပြလျှောက် ထား ရမည်-
(၁) ကုမ္ပဏီ၏ အမျိုးအစားအသစ်နှင့် အမည်ပြောင်းလဲမှုပြုလုပ်ခဲ့လျှင် ကုမ္ပဏီ၏ အမည်သစ်နှင့် ကုမ္ပဏီ၏ အမျိုးအစား အသစ်ပြောင်းလဲပြင်ဆင်ရန် ဆုံးဖြတ်သည့် အထူးဆုံးဖြတ်ချက်ကို တရားဝင် ချမှတ်ပြီးဖြစ်ကြောင်း အတည်ပြုဖော်ပြပါရှိသည့် ရေးသားဖော်ပြချက်၊
(၂) ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းရှိခဲ့လျှင် ၎င်းကိုပြင်ဆင်ရန်ဆုံးဖြတ်သည့် အထူးဆုံးဖြတ် ချက်ကို တရားဝင်ချမှတ်ပြီးဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းပုံစံနှင့်မတူညီသော ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတစ်ရပ်အား ကုမ္ပဏီကအသုံးပြုရန် ရည်ရွယ်သည့်အခါ ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၏ မိတ္တူတစ်စောင်ကို အတည်ပြု ဖော်ပြပါရှိသည့် ရေးသားဖော်ပြချက်၊
(၃) မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြထားသည့် ကုမ္ပဏီ၏ အသေးစိတ် အချက်အလက်များ၌ ကုမ္ပဏီအမျိုးအစား ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာသည့် အခြားသော ပြောင်းလဲမှုတစ်ရပ်ရပ်ကို ဖြည့်စွက်ဖော်ပြထားသည့် ရေးသားဖော်ပြချက်နှင့်
(၄) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုမှ အများနှင့် သက်ဆိုင်သော သို့မ ဟုတ် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီတစ်ခုသို့ ပြောင်းလဲခြင်း ကိစ္စရပ်အတွက်-
(ကက) ကုမ္ပဏီ၏ ဒါရိုက်တာများက အမျိုးအစားပြောင်းလဲခြင်းကြောင့် မြီရှင်များအတွက် ကြီးမား စွာ ထိခိုက်ခြင်းမရှိဟု ယူဆကြောင်းနှင့် ထိုသို့ယူဆရသည့် အကြောင်းပြချက်များပါရှိသော ရေးသား ဖော်ပြချက် တစ်စောင်နှင့်
(ခခ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာ မတည်ငွေရင်း မရှိပါက ပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၈) အရ လိုအပ်သည့် အချက်အလက်များပါရှိသော ရေးသား ဖော်ပြချက် နှင့်အစုရှယ်ယာထုတ်ဝေခြင်းအတွက် အထူးဆုံးဖြတ်ချက် ချမှတ်ပြီးဖြစ်ကြောင်း ရေးသား ဖော်ပြချက်။
(ခ) ကုမ္ပဏီသည် ယင်း၏အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ပြောင်းလဲရန် မှတ်ပုံတင်အရာရှိထံသို့ တင်ပြထားကြောင်းကို နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတို့တွင် အသိပေးကြေညာရမည်။
(ဂ) ပုဒ်မခွဲ(ခ)အရ ကုမ္ပဏီကထုတ်ပြန်သည့် ကြေညာချက်တွင် နိုင်ငံတော်ပြန်တမ်း၌ ထည့်သွင်းဖော်ပြ ပြီးနောက် ၂၈ ရက်အတွင်း မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီကတင်ပြသည့် လျှောက်ထားမှုကို ပုဒ်မခွဲ (က) နှင့်အညီဖြစ်ကြောင်း ကျေနပ်လက်ခံပြီး တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရ တားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက် များကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိစေရမည်။
(ဃ) ၂၈ ရက်အတွင်း တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ်ရပ်မရှိခဲ့လျှင် ပုဒ်မခွဲ (က) နှင့်အညီ ဖြစ်ကြောင်း ကုမ္ပဏီကတင်ပြသည့် လျှောက်ထားမှုကို ကျေနပ်လက်ခံပြီး ၂၈ ရက် ကျော်လွန်ပြီးနောက် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီအမျိုးအစားအသစ်နှင့် သက်ဆိုင်သော ကုမ္ပဏီ၏အသေးစိတ်အချက် အလက်များကို မှတ်ပုံတင်စာရင်း၌ ပြောင်းလဲပေးရမည်။
(င) ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်းနှင့်ဆိုင်သော အသေးစိတ်အချက်အလက်များကို မှတ်ပုံတင် အရာရှိက မှတ်ပုံတင်စာရင်း၌ ပြောင်းလဲပေးသည့်အခါ ဤပုဒ်မအရ ကုမ္ပဏီအမျိုးအစားပြောင်းလဲမှု သည် အကျိုးသက်ရောက်စေရမည်။ မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို မှတ်ပုံတင်စာရင်း၌ ပြောင်းလဲပြီးနောက် မှတ်ပုံတင်သက်သေခံလက်မှတ် အသစ် တစ်ခုကို ကုမ္ပဏီသို့ထုတ်ပေးရမည်။ ကုမ္ပဏီ၏အမည်ကို ဤပုဒ်မအရ ထုတ်ပေးသည့် မှတ်ပုံတင် သက်သေခံလက်မှတ်တွင် ဖော်ပြထားသော အမည်အတိုင်း ဖြစ်စေရမည်။
ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှု
၅၉။ (က) ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းသည်-
(၁) ဥပဒေအရရပ်တည်နိုင်သည့် အဖွဲ့အစည်းအသစ်တစ်ရပ် ပေါ်ပေါက်လာခြင်း မရှိစေရ၊
(၂) ကုမ္ပဏီတွင်ပါဝင်သူများအဖြစ် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်တွင် ကုမ္ပဏီတွင် ပါဝင်သူများအပေါ် သတ်မှတ်သည့်ကိစ္စရပ်မှအပ ကုမ္ပဏီ၏လက်ရှိပစ္စည်းများ၊ အခွင့်အရေးနှင့် တာဝန်များကို ထိခိုက်ခြင်း မရှိစေရ၊
(၃) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူများက သော်လည်းကောင်း၊ ၎င်းတို့အပေါ်တွင် လည်း ကောင်း ဆောင်ရွက်နေသည့်တရားစွဲဆိုမှုများကို ထိခိုက်စေခြင်း မရှိစေရ။
(ခ) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီမှ အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ် ထားသည့် ကုမ္ပဏီတစ်ခုအဖြစ်သို့ ပြောင်းလဲသည့်အခါတွင်-
(၁) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်း ခြင်းနှင့်စပ်လျဉ်း၍ အာမခံသူအဖြစ် ကုမ္ပဏီတွင် ပါဝင်သူ နှင့် ယခင်က ပါဝင်ခဲ့သူများ၏တာဝန်ရှိမှုသည် ရပ်စဲပြီးဖြစ်စေရမည်။
(၂) အာမခံချက်ပေးခြင်း သို့မဟုတ် အာမခံချက်ပေးရန် သဘောတူခြင်းကြောင့် ကုမ္ပဏီတွင်ပါဝင်သူ ဖြစ်ခဲ့သော ပုဂ္ဂိုလ်သည် ထိုကုမ္ပဏီတွင်ပါဝင်သူအဖြစ်မှ ရပ်စဲသည်။ သို့ရာတွင် ယင်းတို့သည် ကုမ္ပဏီမှ အစုရှယ်ယာများထုတ်ယူပါက ကုမ္ပဏီတွင်ပါဝင်သူများအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။
(၃) ပုဒ်မ ၅၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄)၊ ပုဒ်မခွဲငယ်စိတ် (ခခ) အရ ဆောင်ရွက်ရန် လိုအပ်သည့် ရေးသားဖော်ပြချက်တွင် ထည့်သွင်းဖော်ပြရန် လိုအပ်သော ကုမ္ပဏီတွင် ပါဝင်သူများ၏ စာရင်း၌ သတ်မှတ်ထားသော ပုဂ္ဂိုလ်တစ်ဦးဦးသို့ အစုရှယ်ယာများအား ထုတ်ဝေမည်ဆိုလျှင် အောက်ပါကိစ္စရပ် များကို မှတ်ယူရမည်-
(ကက) အစုရှယ်ယာများအား အဆိုပါပုဂ္ဂိုလ်သို့ ထုတ်ပေးထားကြောင်း၊
(ခခ) ထိုပုဂ္ဂိုလ်ကကုမ္ပဏီတွင် ပါဝင်သူအဖြစ်ဆောင်ရွက်ရန် သဘောတူကြောင်းနှင့်
(ဂဂ) ထိုပုဂ္ဂိုလ်သည် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဖြစ်ကြောင်း။
အပိုင်း (၃)
ကုမ္ပဏီ၏မတည်ငွေရင်းနှင့် စပ်လျဉ်းသည့် အစုရှယ်ယာများ၊ ယင်းနှင့်သက်ဆိုင်သည့် အကြောင်းအရာများ
အခန်း (၁၁)
အစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များ
အစုရှယ်ယာမတည်ငွေရင်း
အစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များအကြောင်း
၆၀။ (က) ကုမ္ပဏီတစ်ခုတွင် ပါဝင်သူတစ်ဦးဦး၏ အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို လိုက်နာလျက် ဤဥပဒေအရ သော်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရသော် လည်းကောင်း ပြဋ္ဌာန်းထားသည့် သို့မဟုတ် ခွင့်ပြုထားသည့် နည်းလမ်းများနှင့်အညီ လွှဲပြောင်းနိုင်ခွင့်ရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း များ ဖြစ်စေရမည်။
(ခ) အစုရှယ်ယာတစ်ခုတွင်အမည်ခံတန်ဖိုး သို့မဟုတ် မူရင်းတန်ဖိုးတစ်ရပ်ပါရှိရန်မလို။
အစုရှယ်ယာများနှင့်ဆက်စပ်ပါရှိသော အခွင့်အရေးများနှင့် လုပ်ပိုင်ခွင့်များ
၆၁။ (က) ပုဒ်မခွဲ (ခ) နှင့်အညီ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာတစ်ခုသည် အဆိုပါအစုရှယ်ယာအား ပိုင်ဆိုင်သူသို့ အောက်ပါအခွင့်အရေးများကို ရရှိစေရမည်-
(၁) ကုမ္ပဏီ၏ အစည်းအဝေးတစ်ခုတွင် ဆုံးဖြတ်ချက် တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆန္ဒမဲကောက်ယူရာ ၌ ဆန္ဒမဲတစ်မဲပေးနိုင်ခွင့်၊
(၂) အမြတ်ဝေစုခွဲဝေရာတွင် တူညီသည့်အချိုးအတိုင်းရရှိခွင့်နှင့်
(၃) ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များအား ခွဲဝေပေးရာတွင် တူညီသည့်အချိုး အတိုင်း ရရှိခွင့်။
(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသောအခွင့်အရေးများကို ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် ဖြစ်စေ၊ အစုရှယ်ယာများထုတ်ဝေခြင်းအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များတွင် ဖြစ်စေ ငြင်းပယ်ခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းများ ပြုလုပ်နိုင်သည်။
ကုမ္ပဏီတစ်ခု၏အစုရှယ်ယာများနှင့် အခြားသောငွေချေးသက်သေခံလက်မှတ်များ အမျိုးအစားများ
၆၂။ (က) အစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များအား ထုတ်ဝေရန်နှင့် အဆိုပါအစုရှယ်ယာများနှင့် အခြားသော ငွေချေးသက်သေခံလက်မှတ်များနှင့် စပ်လျဉ်းသည့် စည်းကမ်း ချက်များအား သတ်မှတ်ရန်အတွက် ကုမ္ပဏီတစ်ခု၏ အခွင့်အာဏာများတွင် ဤဥပဒေအရ ဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အရဖြစ်စေ၊ အစုရှယ်ယာ ထုတ်ဝေသည့် စည်းကမ်းချက်များအရဖြစ်စေ အောက်ပါအစုရှယ်ယာများကို ထုတ်ဝေနိုင် သည့် အခွင့်အာဏာများလည်း ပါဝင်သည်-
(၁) အစုရှယ်ယာအမျိုးအစားအမျိုးမျိုး၊
(၂) ပြန်လည်ရွေးနုတ်ရယူနိုင်သော အစုရှယ်ယာများ၊
(၃) မတည်ငွေရင်းခွဲဝေခြင်း သို့မဟုတ် ဝင်ငွေပေးဝေခြင်းနှင့် သက်ဆိုင်သောဦးစားပေး သို့မဟုတ် ကန့်သတ်ထားသည့် အခွင့်အရေးများပါရှိသော အစုရှယ်ယာများ၊
(၄) အထူးမဲပေးနိုင်သည့် သို့မဟုတ် ကန့်သတ်ချက် သို့မဟုတ် စည်းကမ်းချက်ထားရှိသော မဲပေးနိုင် သည့် အခွင့်အရေးများပါရှိသည့် အစုရှယ်ယာများနှင့်
(၅) မဲပေးနိုင်သည့် အခွင့်အရေးမပါရှိသော အစုရှယ်ယာများ။
(ခ) ဤဥပဒေအရ ဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအရ ဖြစ်စေ၊ အစုရှယ်ယာထုတ်ဝေသည့် စည်းကမ်းချက်များအရဖြစ်စေ ကုမ္ပဏီသည် အောက်ပါတို့ကိုလည်း ထုတ်ဝေနိုင်သည် -
(၁) အစုရှယ်ယာရယူရန်အတွက် အော့ပ်ရှင် (option) များ၊
(၂) အစုရှယ်ယာများအဖြစ် ပြောင်းလဲနိုင်သည့် အခြားငွေချေးသက်သေခံလက်မှတ်များနှင့်
(၃) အခြားသော အကျိုးခံစားခွင့်များ။
အစုရှယ်ယာ ထုတ်ဝေခြင်း
၆၃။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တို့ နှင့် အညီ ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့သည် အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များကို မည်သည့်အချိန်တွင်မဆို ဒါရိုက်တာအဖွဲ့ဝင်များက သင့်သည်ထင်မြင်သော စည်းကမ်း ချက်များအား သတ်မှတ်၍ ပုဂ္ဂိုလ်တစ်ဦးဦးသို့ ထုတ်ဝေရောင်းချနိုင်သည်။
(ခ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အစုရှယ်ယာများကို အပြည့်အဝဖြစ်စေ၊ တစ်စိတ် တစ်ဒေသဖြစ်စေ ငွေပေးချေရန် ထုတ်ဝေရောင်းချနိုင်သည်။ အစုရှယ်ယာများကို တစ်စိတ်တစ်ဒေသ အားဖြင့် ငွေပေးချေပြီး ထုတ်ဝေရောင်းချခဲ့လျှင် အစုရှယ်ယာ ထုတ်ဝေသည့်စည်းကမ်းချက်၌ မည်သည့် အချိန်တွင် ငွေပေးချေစေရန် တောင်းခေါ်မည် ဖြစ်ကြောင်းနှင့် အစုရှယ်ယာရှင်သည် အဆိုပါတောင်းခေါ် သည့်ငွေအား ပေးချေရန် တာဝန်ရှိကြောင်း ဖော်ပြပါရှိစေရမည်။
(ဂ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဒါရိုက်တာများသည် ကုမ္ပဏီ၏မတည်ငွေရင်းကို အစု ရှယ်ယာများ ထပ်မံထုတ်ဝေရောင်းချခြင်းဖြင့် တိုးမြှင့်ရန်ဆုံးဖြတ်သည့်အခါ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦး စီက ပိုင်ဆိုင်ထားသည့် လက်ရှိအစုရှယ်ယာအချိုးအစားအားဖြင့် မည်သည့်အစုရှယ်ယာ အမျိုးအစား ဖြစ်စေ အဆိုပါအစု ရှယ်ယာများကို ၎င်းတို့မှ ဝယ်ယူကမ်းလှမ်းနိုင်ရန် ထည့်သွင်းဖော်ပြနိုင်သည်။
ထုတ်ဝေသည့် အစုရှယ်ယာများအားတန်ဖိုးသတ်မှတ်ခြင်း
၆၄။ (က) ထုတ်ဝေရောင်းချမည့် အစုရှယ်ယာများအတွက်တန်ဖိုးကို ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ထား သည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် သတ်မှတ်နိုင်သည်။
(ခ) အစုရှယ်ယာများ ထုတ်ဝေရောင်းချခြင်းအတွက် တန်ဖိုး သတ်မှတ်ခြင်းကို ငွေသားဖြင့်မပြုလုပ်ဘဲ အခြားတစ်ခုခုဖြင့် သတ်မှတ်ခဲ့ပါက ဒါရိုက်တာအဖွဲ့သည်-
(၁) ယင်းအား ပိုင်းခြားသတ်မှတ်နိုင်မည့် လုံလောက်သော အသေးစိတ်ဖော်ပြချက်များဖြင့် တန်ဖိုး သတ်မှတ်ခြင်းအား မှတ်တမ်းတင်ထားရှိရမည်။
(၂) ထုတ်ဝေရောင်းချခြင်းအတွက် တန်ဖိုးသတ်မှတ်မှုအား သင့်လျော်သော လက်ရှိငွေတန်ဖိုးဖြင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့သတ်မှတ်ဆောင်ရွက်မှုနှင့် အကဲဖြတ်မှုအခြေခံများကို မှတ်တမ်းတင်ထားရှိ ရမည်။ ၎င်းအပြင်
(၃) အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ခြင်း ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့လျှင် တန်ဖိုး သတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်သည်-
(ကက) အစုရှယ်ယာများကို ထုတ်ဝေရောင်းချရန်အတွက် တန်ဖိုးသတ်မှတ်ချက်နှင့် စည်းကမ်းချက် များသည် ကုမ္ပဏီနှင့် ယင်းတွင် တည်ဆဲပါဝင်သူများအတွက် သင့်လျော်မျှတမှုရှိကြောင်း၊
(ခခ) အဆိုပါ တန်ဖိုးသတ်မှတ်မှု၏ လက်ရှိငွေတန်ဖိုးသည် အစုရှယ်ယာများအား ထုတ်ဝေရောင်းချ ခြင်းအတွက် ရရှိမည့် ဝင်ငွေပမာဏထက် မလျော့နည်းကြောင်း တွေ့ရှိရလျှင်။
(ဂ) အစုရှယ်ယာများထည့်ဝင်မှုနှင့် ထုတ်ဝေမှုအတွက် တန်ဖိုးကိုငွေသားဖြင့် မသတ်မှတ်ဘဲ အခြား တစ်ခုခုဖြင့် သတ်မှတ်ပါက ယင်းနှင့်စပ်လျဉ်း၍ ချုပ်ဆိုဆောင်ရွက်သည့် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ် အတွက် သက်ဆိုင်ရာဥပဒေအရ တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီ၏စာရင်းစာအုပ် များနှင့် မှတ်တမ်းများတွင် ထိန်းသိမ်းထားရှိရမည်။
၆၅။ ပုဒ်မ ၆၄၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်သည့် ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ငွေသားဖြင့်မပြုလုပ်ဘဲ တန်ဖိုးသတ်မှတ်ခြင်းနှင့် သက်ဆိုင်သည့် ခြွင်းချက်ကိစ္စရပ်များ
၆၆။ ပုဒ်မ ၆၄ ၏ ပုဒ်မခွဲ (ခ) သည် အောက်ပါကိစ္စရပ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ-
(က) ကုမ္ပဏီ၏ရှယ်ယာများကိုရယူရန် အော့ပ်ရှင် (option) တစ်ခုခုကို ကျင့်သုံးဆောင်ရွက်ခြင်း၊
(ခ) ကုမ္ပဏီ၌ အစုရှယ်ယာများအဖြစ်သို့ ပြောင်းလဲနိုင်သည့် အခြားငွေချေးသက်သေခံ လက်မှတ်များကို ပြောင်းလဲ သတ်မှတ်ခြင်း၊
(ဂ) ကုမ္ပဏီ၏ သီးသန့်ဘဏ္ဍာငွေမှ အပြည့်အဝပေးချေထားသည့် အစုရှယ်ယာများကို တူညီသော အစုရှယ်ယာ အမျိုးအစားအား ပိုင်ဆိုင်ထားသည့် ပါဝင်သူအားလုံးထံသို့ ၎င်းတို့၏ အစုရှယ်ယာ အရေ အတွက် အချိုးအစားဖြင့် အစုရှယ်ယာများအား ထုတ်ဝေရောင်းချခြင်း၊
(ဃ) ကုမ္ပဏီရှိ အစုရှယ်ယာများ သို့မဟုတ် အစုရှယ်ယာ အမျိုးအစားတစ်ရပ်ရပ်တို့အား အဆိုပါအစု ရှယ်ယာများ သို့မဟုတ် အဆိုပါအမျိုးအစားရှိ အစုရှယ်ယာများနှင့် တူညီသည့် အချိုးအစားအားဖြင့် စုပေါင်းခြင်းနှင့် ပိုင်းခြားခြင်း၊
(င) ကုမ္ပဏီရှိ အစုရှယ်ယာများ သို့မဟုတ် အမျိုးအစားတစ်ရပ်ရပ်ရှိ အစုရှယ်ယာတို့အား အဆိုပါ အစု ရှယ်ယာများ သို့မဟုတ် အဆိုပါအမျိုးအစားရှိ အစုရှယ်ယာများနှင့် တူညီသည့် ရှယ်ယာအချိုးအစား အားဖြင့် ထပ်ဆင့်ပိုင်းခြားခြင်း။
လဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေခြင်းအတွက် တန်ဖိုးသတ်မှတ်ခြင်း
၆၇။ (က) ကုမ္ပဏီ၏ အစုရှယ်ယာများရယူရန်အတွက် အော့ပ်ရှင် (option) များ သို့မဟုတ် အခြား လဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များအား ထုတ်ဝေရောင်းချမည့်တန်ဖိုးကို ဒါရိုက်တာအဖွဲ့ က ဆုံးဖြတ်ထားသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် သတ်မှတ်နိုင်သည်။
(ခ) အော့ပ်ရှင် (option) များနှင့် လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များအတွက် သို့မဟုတ် အဆိုပါ အော့ပ်ရှင် (option) များနှင့် လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များဖြင့် နောင်တွင် လဲလှယ်မည့် သို့မဟုတ် ထုတ်ဝေမည့် အစုရှယ်ယာများအတွက် တန်ဖိုးသတ်မှတ်ခြင်းကို ငွေသားဖြင့် မပြုလုပ်ဘဲ အခြားတစ်ခုခုဖြင့် သတ်မှတ်ခဲ့ပါကဒါရိုက်တာအဖွဲ့သည်-
(၁) ယင်းအား ပိုင်းခြားသတ်မှတ်နိုင်မည့် လုံလောက်သော အသေးစိတ် ဖော်ပြချက်များဖြင့် တန်ဖိုး သတ်မှတ်ခြင်းအား မှတ်တမ်းတင်ထားရှိရမည်။
(၂) အော့ပ်ရှင် (option) များ၊ လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များ၊ အဆိုပါ အော့ပ်ရှင် (option) များနှင့် လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များဖြင့် နောင်တွင်လဲလှယ်မည့် သို့မဟုတ် ထုတ်ဝေမည့် အစုရှယ်ယာများတို့အတွက် တန်ဖိုးသတ်မှတ်မှုအား သင့်လျော်သော လက်ရှိ ငွေတန်ဖိုးဖြင့် ဆုံးဖြတ်ရမည်ဖြစ်ပြီး ထိုသို့ သတ်မှတ်ဆောင်ရွက်မှုနှင့် အကဲဖြတ်မှုအခြေခံများကို မှတ်တမ်းတင်ထားရှိရမည်။ ၎င်းအပြင်
(၃) အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့လျှင် တန်ဖိုးသတ်မှတ်ခြင်း ကို ဆောင်ရွက်နိုင်သည်-
(ကက) အော့ပ်ရှင်(option)များ သို့မဟုတ် အခြားလဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အဆိုပါ အော့ပ်ရှင် (option)နှင့် ငွေချေးသက်သေခံ လက်မှတ်များဖြင့် နောင်တွင်လဲလှယ်မည့် သို့မဟုတ် ထုတ်ဝေမည့် အစုရှယ်ယာတို့အတွက် တန်ဖိုးသတ်မှတ်ချက်များ၊ စည်းကမ်းချက်များသည် ကုမ္ပဏီနှင့် ယင်းကုမ္ပဏီတွင် တည်ဆဲပါဝင် သူများအတွက် သင့်လျော်မျှတမှုရှိကြောင်းနှင့်
(ခခ) အဆိုပါတန်ဖိုးသတ်မှတ်မှု၏ လက်ရှိငွေတန်ဖိုးသည် အော့ပ်ရှင် (option) များ သို့မဟုတ် အခြားလဲလှယ်နိုင်သော ငွေချေးသက်သေခံလက်မှတ်များ သို့မဟုတ် အစုရှယ်ယာများအား ထုတ်ဝေ ရောင်းချခြင်းအတွက် ရရှိမည့်ဝင်ငွေပမာဏထက် မလျော့နည်းကြောင်း။
(ဂ) အော့ပ်ရှင် (option) များ သို့မဟုတ် အခြားလဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များ ထည့်ဝင်မှုနှင့် ထုတ်ဝေမှုအတွက် တန်ဖိုးကို ငွေသားဖြင့် မသတ်မှတ်ဘဲ အခြားတစ်ခုခုဖြင့် သတ်မှတ် ပါကယင်းနှင့်စပ်လျဉ်း၍ ချုပ်ဆိုဆောင်ရွက်သည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ကို သက်ဆိုင်ရာဥပဒေ အရ တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီ၏စာရင်းစာအုပ်များနှင့် မှတ်တမ်းများတွင် ထိန်းသိမ်းထားရှိရမည်။
၆၈။ ပုဒ်မ ၆၇၊ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်ကိုလိုက်နာရန် ပျက်ကွက်သည့် ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
၆၉။ တာဝန်ရှိမှုအားထိခိုက်စေမည့် အစုရှယ်ယာများထုတ်ဝေခြင်းတွင် သဘောတူညီချက်ရယူရန် အစု ရှယ်ယာပိုင်ဆိုင်သူဖြစ်လာမည့်ပုဂ္ဂိုလ်မှ စာဖြင့်ရေးသား၍ ကြိုတင်သဘောတူညီထားခြင်း မရှိလျှင် ကုမ္ပဏီသည် လူပုဂ္ဂိုလ်တစ်ဦး၏ တာဝန်ရှိမှုများကို ပိုမိုများပြားလာစေမည့် သို့မဟုတ် ၎င်းအပေါ်တွင် တာဝန်ရှိမှု တစ်ရပ်ရပ်ဖြစ်ပေါ်လာစေမည့် အစုရှယ်ယာတစ်ခုခုအား ထုတ်ဝေခြင်းသည် ပျက်ပြယ်စေရ မည်။
အစုရှယ်ယာများအတွက် ပေးချေရမည့်ငွေပမာဏအသီးသီးအပေါ်တွင် ကုမ္ပဏီကစီစဉ်ဆောင်ရွက်နိုင်မည့် အခွင့်အာဏာ
၇၀။ ကုမ္ပဏီတစ်ခုသည် ယင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အညီ အောက်ပါကိစ္စတစ်ရပ်ရပ်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဆောင်ရွက်နိုင်သည်-
(က) အစုရှယ်ယာများအတွက် ပေးချေရမည့်ငွေပမာဏနှင့် ပေးချေရမည့်အချိန်ကာလတို့ကို အစု ရှယ်ယာပိုင်ရှင်များအကြား ခြားနား၍ အစုရှယ်ယာထုတ်ဝေမှုနှင့် သက်ဆိုင်သော စီစဉ်ဆောင်ရွက်မှုများ ကို ပြုလုပ်နိုင်သည်။
(ခ) အစုရှယ်ယာအတွက် ပေးချေရမည့် ငွေပမာဏတစ်စိတ် တစ်ဒေသကို ပေးချေရန်တောင်းဆိုခြင်း မပြုသော်လည်း အစုရှယ်ယာရှင်မှ ၎င်းပိုင်ဆိုင်ထားသည့် အစုရှယ်ယာအတွက် ပေးချေရန်ကျန်ရှိနေ သော ငွေပမာဏအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပေးချေပါက လက်ခံနိုင်သည်။
(ဂ) အစုရှယ်ယာတစ်ခုစီအတွက် ပေးချေထားသည့်ငွေပမာဏ အချိုးအစားအလိုက် အမြတ်ငွေခွဲဝေမှုကို ပြုလုပ်နိုင်သည်။
ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေရန် အချိန်ကာလသတ်မှတ်ခြင်းနှင့် မှတ်တမ်းတင်ထားရှိခြင်း
၇၁။ (က) အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေသည့်နေ့မှ ၂၁ ရက်အတွင်း ကုမ္ပဏီသည်-
(၁) ကုမ္ပဏီ၏ သက်ဆိုင်ရာမှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းဖော်ပြရမည်။ ၎င်းအပြင်
(၂) အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ထုတ်ဝေခြင်းနှင့် စပ်လျဉ်း ၍ သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားရမည်။ အဆိုပါ အကြောင်း ကြားစာတွင် အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များကို ထုတ်ဝေခြင်း အတွက် ပေးချေသည့်တန်ဖိုးများနှင့် အဆိုပါအစုရှယ်ယာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များ အတွက် တန်ဖိုးကိုအပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ဖြစ်စေ ပေးချေပြီးခြင်း ရှိ မရှိ တို့အား ထည့်သွင်းဖော်ပြရမည်။
(ခ) ပိုင်ဆိုင်သူ၏အမည်ကို ကုမ္ပဏီ၏ သက်ဆိုင်ရာမှတ်ပုံတင် စာရင်းတွင် ဖြည့်သွင်းပြီးသည့်အခါ အစု ရှယ်ယာ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်တစ်ခုအား ထုတ်ဝေပြီးဖြစ်သည်ဟု မှတ်ယူရ မည်။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အား လိုက်နာရန်ပျက်ကွက်ခြင်းသည် အစုရှယ်ယာ သို့မဟုတ် အခြား ငွေချေး သက်သေခံလက်မှတ်အား ထုတ်ဝေခြင်းအတွက် တရားဝင်အတည်ဖြစ်မှုအား ထိခိုက်စေခြင်း မရှိစေရ။
၇၂။ ကုမ္ပဏီသည် ပုဒ်မ ၇၁ ပါပြဋ္ဌာန်းချက်အား လိုက်နာရန်ပျက်ကွက်ခဲ့လျှင် သိလျက်ဖြင့် ပျက်ကွက် ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ဦးစားပေးအစုရှယ်ယာများ
ဦးစားပေးအစုရှယ်ယာများထုတ်ဝေရန်အတွက် လိုအပ်ချက်များ
၇၃။ ဦးစားပေးအစုရှယ်ယာများတွင် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အခွင့်အရေးများကို ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြထားလျှင် သို့မဟုတ် အဆိုပါအစုရှယ်ယာများနှင့် စပ်လျဉ်းသည့် အခွင့်အရေးများကို ကုမ္ပဏီ၏အထူးဆုံးဖြတ်ချက်အရ အတည်ပြုခဲ့လျှင် ကုမ္ပဏီတစ်ခု သည် ဦးစားပေးအစုရှယ်ယာများကို ထုတ်ဝေနိုင်သည်-
(က) မတည်ငွေရင်းကို ပြန်လည်ပေးချေခြင်း၊
(ခ) ပိုလျှံသည့် ရရန်ပိုင်ခွင့်များနှင့် အကျိုးအမြတ်များတွင်ပါဝင်ခြင်း၊
(ဂ) စုပေါင်းထားသော အမြတ်ဝေစု များနှင့် သီးခြားစီဖြစ်သော အမြတ်ဝေစုများ၊
(ဃ) ဆန္ဒမဲပေးခြင်း၊
(င) အခြားဦးစားပေးအစုရှယ်ယာ အမျိုးအစားများ သို့မဟုတ် အခြားအစုရှယ်ယာများထက် ဦးစား ပေးပြီး အမြတ်ဝေစုများနှင့် မတည်ငွေရင်းကို ပေးချေခြင်းနှင့်
(စ) အစုရှယ်ယာများအား ပြန်လည်ရွေးနုတ်ရယူနိုင်ခြင်း ရှိ မရှိနှင့် ရှိခဲ့ပါက ထိုသို့ပြန်လည် ရွေးနုတ် ရယူနိုင်ခြင်းဆိုင်ရာ စည်းကမ်းချက်များ။
ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများအား ပြန်လည်ရွေးနုတ်ရယူခြင်း
၇၄။ (က) ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများသည် ယင်းတို့အား ပြန်လည် ရွေးနုတ်နိုင်ခွင့်ရှိသော စည်းကမ်းချက်များချမှတ်၍ထုတ်ဝေသည့် ဦးစားပေး အစုရှယ်ယာများ ဖြစ်သည်။
(ခ) ပုဒ်မခွဲ(ဂ)ပါပြဋ္ဌာန်းချက်များကိုလိုက်နာလျက် ပြန်လည်ရွေးနုတ် ရယူခွင့်ရှိသော ဦးစားပေး အစု ရှယ်ယာအား အောက်ပါအတိုင်း ပြန်လည်ရွေးနုတ်ရယူနိုင်သည်-
(၁) တိကျစွာ သတ်မှတ်ထားသည့် အချိန်တွင် သို့မဟုတ် တိကျစွာ သတ်မှတ်ထားသည့် အထူး အကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်လာသည့်အခါတွင် သို့မဟုတ်
(၂) ကုမ္ပဏီမှ ရွေးချယ်ရယူသည့်အခါတွင် သို့မဟုတ်
(၃) အစုရှယ်ယာရှင်က ရွေးချယ်ရယူသည့် အခါတွင်။
(ဂ) ကုမ္ပဏီသည် အောက်ပါအခြေအနေများ ပေါ်ပေါက်မှသာလျှင် ပြန်လည်ရွေးနုတ်ရယူ ခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများအား ပြန်လည်ရွေးနုတ်ရယူနိုင်သည်-
(၁) အဆိုပါ အစုရှယ်ယာများ အတွက် အပြည့်အဝငွေပေးချေပြီးဖြစ်ခြင်း၊
(၂) ကုမ္ပဏီ၏အကျိုးအမြတ်များအားအသုံးပြု၍ သို့မဟုတ် ဦးစားပေးအစုရှယ်ယာများအား ပြန်လည် ရွေးနုတ်ရယူရန်ရည်ရွယ်၍ အစုရှယ်ယာအသစ်များ ထုတ်ဝေမှု၏ အကျိုးအမြတ်များအား အသုံးပြုခဲ့ ခြင်းနှင့်
(၃) ပြန်လည်ရွေးနုတ်ရယူခြင်းပြုလုပ်ခဲ့ပါက ကုမ္ပဏီတွင် ကြွေးမြီစစ်ဆေးချက်၌ ကျေနပ်လက်ခံနိုင် မည်ဖြစ်ကြောင်း ဒါရိုက်တာများမှသင့်လျော်သောအကြောင်း အချက်များအပေါ် ဆုံးဖြတ်ခဲ့ခြင်း။
(ဃ) ပုဒ်မခွဲ (ဂ)အရ ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်ပြီးသည့်အခါ ဖော်ပြထားသည့် ငွေပမာဏသည် ပြန်လည်ရွေးနုတ်ရယူရန်အတွက် သတ်မှတ်ထားသည့်နေ့တွင် ပေးချေရမည့် ငွေပမာဏ ဖြစ်လာစေရ မည်။
(င) ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများသည် ပြန်လည်ရွေးနုတ် ရယူပြီးသည့် အခါတွင် ပျက်ပြယ်စေရမည်။
(စ) ကုမ္ပဏီသည် ပြန်လည်ရွေးနုတ် ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများကို ပြန်လည်ရွေးနုတ် ရယူပြီးနောက် ၂၁ ရက်အတွင်း သတ်မှတ် ဖော်ပြထားသည့်ပုံစံဖြင့် အဆိုပါ ပြန်လည်ရွေးနုတ်ရယူခြင်း အား မှတ်ပုံတင်အရာရှိထံ အကြောင်းကြား တင်ပြရမည်။
(ဆ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အား လိုက်နာရန်ပျက်ကွက်ခြင်းသည် ပြန်လည်ရွေးနုတ် ရယူခွင့်ရှိသော ဦးစားပေးအစုရှယ်ယာများကို ပြန်လည်ရွေးနုတ်ရယူခြင်းအတွက် တရားဝင်အတည်ဖြစ်မှုအား ထိခိုက် စေခြင်းမရှိစေရ။
၇၅။ ကုမ္ပဏီသည် ပုဒ်မ ၇၄ ပါပြဋ္ဌာန်းချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့လျှင် သိလျက်ဖြင့် ပျက်ကွက်ခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ဒီဘင်ချာများ
စဉ်ဆက်မပြတ် သုံးစွဲနိုင်သောဒီဘင်ချာများ
၇၆။ ဤဥပဒေ မပြဋ္ဌာန်းမီကသော်လည်းကောင်း၊ ပြဋ္ဌာန်းပြီးနောက်တွင် သော်လည်းကောင်း ချုပ်ဆို သည့် ဒီဘင်ချာတစ်ရပ်ရပ် သို့မဟုတ် ဒီဘင်ချာ စာချုပ်တစ်ရပ်ရပ်တွင် ဖော်ပြပါရှိသော သတ်မှတ်ချက် တစ်ရပ်ရပ်သည် မည်သည့်အချိန်၊ မည်သည့်အကြောင်းကြောင့်မျှဖြင့် ပြန်လည်ရွေးနုတ် ရယူခွင့်မရှိ သော သို့မဟုတ် ပြန်လည်ရွေးနုတ်ရယူခွင့်ရှိသောကြောင့် တရားမဝင်ဖြစ်ခြင်း မရှိစေရ။
ပြန်လည်ရွေးနုတ်ရယူခဲ့သော ဒီဘင်ချာများကို တစ်ချိန်ချိန်တွင် ထပ်မံထုတ်ဝေရန် ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ
၇၇။ (က) ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၌ အခြားနည်း အတိအလင်းဖော်ပြထားခြင်း မရှိပါက ဤဥပဒေအာဏာတည်ခြင်း မပြုမီတွင် ဖြစ်စေ၊ အာဏာတည်ပြီးနောက်တွင် ဖြစ်စေ ကုမ္ပဏီသည် ယခင်ကထုတ်ဝေခဲ့သော ဒီဘင်ချာတစ်ရပ်ရပ်ကို ပြန်လည်ရွေးနုတ်ရယူပြီးနောက် အဆိုပါဒီဘင်ချာတစ်ရပ်ရပ်ကို ထပ်မံထုတ်ဝေနိုင်ရန်အတွက် ယင်းတို့ အား ဆက်လက်အကျိုးသက်ရောက်နေစေရန် ဆောင်ရွက်နိုင်ခွင့်ရှိစေရမည် သို့မဟုတ် ထိုသို့ဆောင်ရွက် နိုင်ခွင့်ရှိသည်ဟု အမြဲမှတ်ယူရမည်။ ကုမ္ပဏီသည် အဆိုပါအခွင့်အာဏာအား ကျင့်သုံးဆောင်ရွက်သည့် အခါကုမ္ပဏီတွင် အလားတူဒီဘင်ချာများကို ထပ်မံထုတ်ဝေခြင်းဖြင့် သော်လည်းကောင်း၊ ယင်းတို့ အစား အခြားဒီဘင်ချာများကို ထုတ်ဝေခြင်းဖြင့်သော်လည်းကောင်း ဒီဘင်ချာများအား ထပ်မံထုတ်ဝေ ရန် အခွင့်အာဏာရှိစေရမည် သို့မဟုတ် ထိုသို့ဆောင်ရွက်ရန် အခွင့်အာဏာရှိသည်ဟု အမြဲမှတ်ယူရ မည်ဖြစ်သည်။ ထိုသို့ ထပ်မံ ထုတ်ဝေသည့်အခါတွင် အဆိုပါ ဒီဘင်ချာအား ယခင်ကထုတ်ဝေခဲ့ဘူးခြင်း မရှိသကဲ့သို့ ဒီဘင်ချာများအား ရရှိသူသည် အလားတူအခွင့်အရေးများနှင့် ဦးစားပေးအကျိုးခံစားခွင့် များကို ရရှိစေရမည် သို့မဟုတ် ထိုသို့ရရှိသည်ဟု အမြဲမှတ်ယူရမည်။
(ခ) ဒီဘင်ချာများကို ထပ်မံထုတ်ဝေနိုင်ရန်အတွက် ယင်းတို့အား ဆက်လက်အကျိုးသက်ရောက် နေစေ ရန် ရည်ရွယ်ပြီး ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီတွင်ဖြစ်စေ၊ ပြဋ္ဌာန်းပြီးနောက်တွင်ဖြစ်စေ အဆိုပါဒီဘင်ချာ များကို ကုမ္ပဏီက အမည်စာရင်းအဆိုပြုခံရသူသို့ လွှဲပြောင်းပေးအပ်ရသည့်အခါ ထိုအမည်စာရင်း အဆို ပြုခံရသူထံမှ လွှဲပြောင်းပေးမှုကို ဤပုဒ်မပါ ရည်ရွယ်ချက်များအတွက် ထပ်မံထုတ်ဝေခြင်း ဖြစ်သည်ဟု မှတ်ယူရမည်။
(ဂ) ဒီဘင်ချာတစ်ရပ်ရပ်ကို ထပ်မံထုတ်ဝေခြင်း သို့မဟုတ် ယင်းအစား ကုမ္ပဏီသို့ ဤပုဒ်မအရပေးအပ် ထားသည့် သို့မဟုတ် ကုမ္ပဏီကရရှိသည်ဟု မှတ်ယူသည့် အခွင့်အာဏာအရ အခြားဒီဘင်ချာတစ်ရပ်ရပ် ကို ထုတ်ဝေခြင်းကို ဤဥပဒေပြဋ္ဌာန်းခြင်း မပြုမီတွင်ဖြစ်စေ၊ ပြဋ္ဌာန်းပြီးနောက်တွင်ဖြစ်စေ ထပ်မံ ထုတ်ဝေခြင်း သို့မဟုတ် ထုတ်ဝေခြင်းဖြစ်စေ တံဆိပ်ခေါင်းခွန် ကိစ္စရပ်အလို့ငှာ ဒီဘင်ချာအသစ်တစ်ရပ် အား ထုတ်ဝေခြင်း အဖြစ်သတ်မှတ်ရမည်။ သို့ရာတွင် ယင်းသို့ဆောင်ရွက်ခြင်းသည် ထုတ်ဝေရမည့် ဒီဘင်ချာများ၏ တန်ဖိုးငွေပမာဏ သို့မဟုတ် အရေအတွက်ကို ကန့်သတ်ထားသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အတွက် ဆောင်ရွက်ခြင်း မဖြစ်စေရ။ သို့ရာတွင် ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ထပ်မံထုတ်ဝေ ထားသည့် ဒီဘင်ချာတစ်ခုသည် အပြည့်အဝတံဆိပ်ခေါင်း ကပ်ထားသည်ဟုမှတ်ယူ၍ ယင်း၏အာမခံ ချက်နှင့်စပ်လျဉ်း၍ ငွေထုတ်ချေးသူ တစ်ဦးဦးသည် တံဆိပ်ခေါင်းခွန် သို့မဟုတ် ယင်းနှင့် စပ်လျဉ်းသည့် ပြစ်ဒဏ်တစ်ရပ်ရပ်ကို ထမ်းဆောင်ရန်မလိုဘဲ ၎င်း၏ အာမခံချက်အား အတည်ပြုပေးစေရန်အတွက် မည်သည့်တရားစွဲဆို ဆောင်ရွက်မှုတွင်မဆို အဆိုပါဒီဘင်ချာကို သက်သေခံအဖြစ် ပေးအပ်တင်ပြနိုင် သည်။ သို့ရာတွင် ဒီဘင်ချာတွင် အပြည့်အဝတံဆိပ်ခေါင်း ကပ်ထားခြင်းမရှိသည်ကို ၎င်းမှသိရှိခြင်း သို့မဟုတ် ၎င်း၏ပေါ့လျော့မှုကြောင့် တွေ့ရခြင်းမရှိခဲ့လျှင် အဆိုပါဒီဘင်ချာကို သက်သေခံ အဖြစ် ပေးအပ်တင်ပြနိုင်ခြင်းမရှိစေရ။ သို့ရာတွင်ကုမ္ပဏီသည် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်နှင့် ပြစ်ဒဏ် တို့ကို ပေးဆောင်ရန် တာဝန်ရှိစေရမည်။
(ဃ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ကုမ္ပဏီ တစ်ခု၏ ဒီဘင်ချာများ အပြည့်အဝ ပေးချေပြီး သို့မဟုတ် အခြားနည်းဖြင့် ကျေနပ်လက်ခံပြီး သို့မဟုတ် ပျက်ပြယ်ပြီးဖြစ်သော ဒီဘင်ချာ တစ်ရပ်ရပ်အစား အခြားဒီဘင်ချာများ သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေနိုင်ရန် အခွင့်အာဏာတစ်ရပ်ရပ်ကို ထိခိုက်စေခြင်းမရှိစေရ။
ဒီဘင်ချာများကိုရယူရန် ပဋိညာဉ်စာချုပ်အား အတိအကျအကောင်အထည်ဖော်ဆောင်ရွက်စေခြင်း
၇၈။ ကုမ္ပဏီတစ်ခု၏ ဒီဘင်ချာတစ်ရပ်ရပ်ကို ရယူရန်နှင့် ငွေပေးချေရန်အတွက် ယင်းကုမ္ပဏီနှင့် ချုပ်ဆို ထားသည့် ပဋိညာဉ်တစ်ရပ်ကို သီးသန့်ဆောင်ရွက်ပေးစေရန် အမိန့်ဒီဂရီတစ်ခုဖြင့် အတည်ပြုဆောင် ရွက်နိုင်သည်။
အစုရှယ်ယာအာမခံလက်မှတ်များနှင့်စပ်လျဉ်းသည့် ကူးပြောင်းဆောင်ရွက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ
အစုရှယ်ယာအာမခံလက်မှတ်များ၏အကျိုးသက်ရောက်မှု
၇၉။ ပုဒ်မ ၈၁ နှင့် ၈၂ တို့နှင့်အညီ ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ထုတ်ဝေထားသည့် အစု ရှယ်ယာအာမခံလက်မှတ် တစ်ရပ်ရပ်အား ကိုင်ဆောင်ထားသူသည် ၎င်းအာမခံလက်မှတ်တွင် ဖော်ပြ ပါရှိသည့် အစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်များကို ရထိုက်ခွင့်ရှိသည်။ အာမခံ လက်မှတ်အားပယ်ဖျက်၍ အဆိုပါအစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များ အဖြစ် လွှဲပြောင်းပေးနိုင်သည်။
အစုရှယ်ယာအာမခံလက်မှတ်အား ကိုင်ဆောင်ထားသူ၏အမည်ကို မှတ်ပုံတင်ခြင်း
၈၀။ ပုဒ်မ ၈၁ နှင့် ၈၂ တို့ပါ ပြဋ္ဌာန်းချက်များ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ အစု ရှယ်ယာ အာမခံလက်မှတ်တစ်ရပ်အား ကိုင်ဆောင်ထားသူသည် ကုမ္ပဏီက ပယ်ဖျက်ခြင်းအတွက် ယင်းအား အပ်နှံခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပါဝင်သူတစ်ဦးအနေဖြင့် ၎င်းတို့၏ အမည်များကို ထည့်သွင်းဖော်ပြခွင့် ရရှိစေရမည်။ အာမခံလက်မှတ်အား အပ်နှံခြင်း၊ ပယ်ဖျက်ခြင်းမရှိဘဲ ယင်းတွင် ဖော်ပြပါရှိသော အစုရှယ်ယာများနှင့် စပ်လျဉ်းသည့် အစုရှယ်ယာအာမခံ လက်မှတ်တစ်ရပ်ကို ကိုင်ဆောင်ထားသူ၏ အမည်အား ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း တွင် ထည့်သွင်းဖော်ပြသောအကြောင်းကြောင့် တစ်စုံတစ်ဦးအပေါ်တွင် ဆုံးရှုံးနစ်နာမှုများဖြစ်လာခဲ့လျှင် ကုမ္ပဏီသည် တာဝန်ရှိစေရမည်။
ဤဥပဒေ စတင်အာဏာတည်ပြီးနောက် အစုရှယ်ယာ အာမခံလက်မှတ်များ ထပ်မံထုတ်ဝေမှုမပြုရခြင်း
၈၁။ ဤဥပဒေ စတင်အာဏာတည်ပြီးနောက်တွင် ကုမ္ပဏီတစ်ခုသည် အစုရှယ်ယာအာမခံလက်မှတ် တစ်ရပ်ရပ်ကို ထုတ်ဝေခြင်းမပြုရ။
အစုရှယ်ယာအာမခံလက်မှတ်များအား စွန့်လွှတ်၊ ပယ်ဖျက်သည်ဟု မှတ်ယူခြင်း
၈၂။ (က) ဤဥပဒေ စတင်အာဏာသက်ရောက်ခြင်းမရှိမီက ထုတ်ဝေခဲ့သော အစုရှယ်ယာအာမခံ လက်မှတ်များအားလုံးကို ယခင်ကစွန့်လွှတ်ထားခြင်းမရှိခဲ့လျှင် ကူးပြောင်းကာလ သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားသည့် အခြားကာလတစ်ရပ်ရပ် ကုန်ဆုံးသည်အထိ ယင်းတို့တွင်ပါရှိသော စည်းကမ်း ချက်များနှင့်အညီ ဆက်လက်တရားဝင်စေရမည် ဖြစ်သည်။ ယင်းကာလကုန်ဆုံးပြီးနောက်တွင် အဆိုပါ အစုရှယ်ယာ အာမခံ လက်မှတ်များကို စွန့်လွှတ်ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
(ခ) ပုဒ်မခွဲ (က) အရ အစုရှယ်ယာ အာမခံ လက်မှတ်များကို ပယ်ဖျက်သည့် အကြောင်းကြောင့် ပုဂ္ဂိုလ် တစ်ဦးဦးတွင် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုတစ်ရပ်ရပ်အတွက် ကုမ္ပဏီတွင် တာဝန် တစ်စုံတစ်ရာ မရှိစေရ။
(ဂ) သက်ဆိုင်ရာကုမ္ပဏီက စာဖြင့် ရေးသားလျှောက်ထားလာလျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့်ကာလကို တိုးမြှင့်ပေးနိုင်သည်။ ကူးပြောင်းကာလ ကုန်ဆုံးချိန်တွင် စွန့်လွှတ် ပယ်ဖျက်သည်ဟု မှတ်ယူရမည့် အာမခံလက်မှတ်များသည် ကုမ္ပဏီ၏အကောင်းဆုံးဖြစ်သော အကျိုး စီးပွားအတွက် မဟုတ်ပါဆိုသော ကျိုးကြောင်း ဆီလျော်မှုရှိသည့် တင်ပြချက်များအပေါ် ကျေနပ်လက်ခံ ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် သက်ဆိုင်ရာအာမခံ လက်မှတ်များကို ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် လိုအပ်သော အစီအစဉ်များကို လုပ်ဆောင်နိုင်သည်။
အခန်း (၁၂)
အစုရှယ်ယာများနှင့် အခြားငွေချေးသက်သေခံလက်မှတ်များကို လွှဲပြောင်းခြင်း
လွှဲပြောင်းဆောင်ရွက်ရန် လိုအပ်ချက်များ
၈၃။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အညီဖြစ်ပြီး အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ် တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို မထိခိုက်စေဘဲ အစုရှယ်ယာများနှင့် ကုမ္ပဏီရှိ အခြားမှတ်ပုံတင်ထား သော အကျိုးခံစားခွင့်များကို အခန်း (၁၃) အရ ပြုလုပ်ထားရှိသည့် ကုမ္ပဏီ၏သက်ဆိုင်ရာ မှတ်ပုံတင် စာရင်းတွင် လွှဲပြောင်းပေးခြင်းခံရသူ၏ အမည်အားရေးသွင်းဖော်ပြခြင်းဖြင့် လွှဲပြောင်းပေးနိုင်သည်။
(ခ) အစုရှယ်ယာများနှင့် ကုမ္ပဏီရှိ အခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်း အား မှတ်ပုံတင်ရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို လွှဲပြောင်းပေးသူက သော်လည်းကောင်း၊ လွှဲပြောင်းပေးခြင်း ခံရသူကသော်လည်းကောင်း ပြုလုပ်နိုင်သည်။ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ကုမ္ပဏီသည် လွှဲပြောင်းပေးခြင်းခံရသူ၏ အမည်နှင့် အခန်း (၁၃) အရ လိုအပ်သော အခြားအချက်အလက်များကို သက်ဆိုင်ရာ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းရမည်။
(ဂ) သို့ရာတွင် အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်တွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှတစ်ပါး အစုရှယ်ယာ များ သို့မဟုတ် အခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်း စာရွက်စာတမ်းများ အား သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အပြည့်အဝတံဆိပ်ခေါင်းကပ်ပြီး လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း ပေးခြင်းခံရသူက လက်မှတ်ရေးထိုးဆောင်ရွက်ထားမှ ကုမ္ပဏီသည် လွှဲပြောင်းမှုကို မှတ်ပုံတင်ခြင်းပြုရ မည်။ ထို့အပြင် ကုမ္ပဏီသို့ အောက်ပါအချက်အလက်များအား ပေးအပ် ရမည်-
(၁) လွှဲပြောင်းရန် အဆိုပြုထားသည့် အစုရှယ်ယာများ သို့မဟုတ် အကျိုးခံစားခွင့်များအတွက် သက်သေခံချက်ဖြစ်စေမည့် သက်ဆိုင်ရာအထောက်အထားလက်မှတ်များနှင့်
(၂) လွှဲပြောင်းမှု အကြောင်းကြောင့် ပြည်ပကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် အခြားနိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် ၎င်းတို့ပေါင်းစည်းလျက် ကုမ္ပဏီ၏အစုရှယ်ယာများအပေါ် ပိုင်ဆိုင်မှုအကျိုးခံစား ခွင့် တစ်ရပ်ရပ်ကို ရရှိလာခြင်း သို့မဟုတ် ရပ်စဲ သွားခြင်းအကြောင်းကြောင့် လွှဲပြောင်းပေးသူ သို့မဟုတ် လွှဲပြောင်းပေးခြင်း ခံရသူ သို့မဟုတ် ၎င်းတို့နှစ်ဦးစလုံးက ပြုလုပ်သည့် ကြေညာချက်။
(ဃ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် သက်ဆိုင်ရာငွေချေးသက်သေခံ လက်မှတ်တွင် ပါရှိသည့် စည်းကမ်းချက်များ၌ အတိအလင်း အခွင့်အာဏာအပ်နှင်းထားလျှင် သို့မဟုတ် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေအရ အခြားနည်း ခွင့်ပြုထားလျှင် သို့မဟုတ် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေအား လိုက်နာဆောင်ရွက်ရန်လိုအပ်လျှင် ဒါရိုက်တာအဖွဲ့သည် လွှဲပြောင်းခြင်း အတွက် လျှောက်လွှာနှင့် ဤပုဒ်မအရ လိုအပ်သော အခြားစာရွက်စာတမ်းများကို လက်ခံရရှိပြီးနောက် ၂၁ ရက်အတွင်း လွှဲပြောင်းမှုအားဖော်ပြထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ်၍ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ခုနစ်ရက်အတွင်း အကြောင်းပြချက်များကို ထည့်သွင်းဖော်ပြလျက် ငြင်းပယ်သည့် အကြောင်းကြားစာကို လွှဲပြောင်းပေးသူနှင့် လွှဲပြောင်းပေးခြင်းခံရသူများထံသို့ ပေးပို့ခဲ့လျှင် ကုမ္ပဏီ သည် လွှဲပြောင်းခြင်းအား မှတ်ပုံတင်ရန် ငြင်းပယ်နိုင်သည်။
(င) ပုဒ်မခွဲ (ဂ) တွင် ပါရှိသည့် မည်သည့်ပြဋ္ဌာန်းချက်ကမျှ အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့် တစ်ရပ်ရပ်ကို ဥပဒေအရလွှဲပြောင်းပေးခြင်း ခံရသူတစ်ဦးဦးအား အစုရှယ်ယာရှင် သို့မဟုတ် ကုမ္ပဏီရှိ မှတ်ပုံတင်ထားသော အကျိုးခံစားခွင့် တစ်ရပ်ရပ်ကို လက်ဝယ်ထားရှိသူအဖြစ် မှတ်ပုံတင်စာရင်း ရေးသွင်းနိုင်သည့် ကုမ္ပဏီ၏ အခွင့်အာဏာတစ်ရပ်ရပ်ကို ထိခိုက်စေခြင်း မရှိစေရ။
၈၄။ ပုဒ်မ ၈၃၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့အား လိုက်နာဆောင်ရွက်ရာတွင် ပျက်ကွက်မှုရှိခဲ့ပါက သိလျက် ဖြင့် ဆောင်ရွက်ခဲ့သည့် ဒါရိုက်တာများသည် ပျက်ကွက်မှုဖြစ်ပေါ်သည့် ကာလအတွင်း ဒဏ်ကြေးငွေကျပ် တစ်သိန်းငါးသောင်းစီ ပေးဆောင်ရမည်။
၈၅။ လွှဲပြောင်းပေးခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းပေးသူသည် သိလျက်ဖြင့်ဖြစ်စေ၊ ပေါ့လျော့၍ ဖြစ်စေ ပုဒ်မ ၈၃၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) အရ ပြုလုပ်သည့် ကြေညာချက်တွင် ကုမ္ပဏီသို့ မမှန်ကန်သော ဖော်ပြချက်တစ်ရပ်ရပ် ပြုလုပ်ပါရှိစေခဲ့လျှင် ထိုသို့ပြုလုပ်မှုအတွက် ဒဏ်ကြေးငွေကျပ် ခုနစ်သိန်း ငါးသောင်းစီ ပေးဆောင်ရမည်။
အစုရှယ်ယာများနှင့် အခြားအကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်း မှတ်ပုံတင်ခြင်း
၈၆။ (က) အစုရှယ်ယာများ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်းခြင်းအား မှတ်ပုံတင်သည့် ၂၁ ရက်အတွင်း ကုမ္ပဏီသည် သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် လွှဲပြောင်းမှု အကြောင်းကြားစာအား မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်။
(ခ) ထိုသို့လွှဲပြောင်းခြင်းကြောင့် ကုမ္ပဏီသည် နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ်သို့ရောက်ရှိသည် သို့မဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခုအဖြစ်မှ ရပ်စဲသည်ဆိုသည်ကို အကြောင်းကြားစာတွင် ဖော်ပြရမည်။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းသည် အစုရှယ်ယာများ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လွှဲပြောင်း ခြင်း၏ တရားဝင်မှုကို ထိခိုက်ခြင်းမရှိစေရ။
၈၇။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၈၆ ပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင် သိလျက်ဖြင့် ဆောင်ရွက်ခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်ခုနစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
တရားဝင်ကိုယ်စားလှယ်ဖြင့်လွှဲပြောင်းခြင်း
၈၈။ ကုမ္ပဏီရှိ ကွယ်လွန်ခဲ့သော ပါဝင်သူတစ်ဦးဦး သို့မဟုတ် အခြားအကျိုးခံစားခွင့်ကို လက်ဝယ်ထား ရှိသော ကွယ်လွန်သူတစ်ဦးဦး၏ အစုရှယ်ယာ သို့မဟုတ် အခြားသော အကျိုးခံစားခွင့်အား ၎င်းတို့၏ တရားဝင်ကိုယ်စားလှယ်ဖြင့် လွှဲပြောင်းခြင်းသည် ယင်းတရားဝင်ကိုယ်စားလှယ်မှာ အကျိုး ခံစားခွင့်နှင့် သက်ဆိုင်သည့် ကုမ္ပဏီပါဝင်သူ သို့မဟုတ် လက်ဝယ်ထားရှိသူ မဟုတ်စေကာမူ အဆိုပါ လွှဲပြောင်းမှု စာချုပ်အား ချုပ်ဆိုဆောင်ရွက်သည့်အချိန်၌ အကျိုးခံစားခွင့်နှင့် သက်ဆိုင်သည့်ကုမ္ပဏီ ပါဝင်သူ သို့မဟုတ် လက်ဝယ်ထားရှိသူ ဖြစ်သကဲ့သို့ တရားဝင်စေရမည်။
အခန်း(၁၃)
မှတ်ပုံတင်စာရင်းများနှင့် ကုမ္ပဏီရှိ အကျိုးခံစားခွင့်များအား မှန်ကန်ကြောင်း ထောက်ခံခြင်း
ပိုင်ဆိုင်ခွင့်အထောက်အထားဖြစ်စေမည့် အစုရှယ်ယာများ၏သက်သေခံလက်မှတ်
၈၉။ (က) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက ပိုင်ဆိုင်သည့်အစုရှယ်ယာ သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြချက်ပါရှိပြီး ပုဒ်မ ၂၉ နှင့်အညီ ကုမ္ပဏီ၏ရုံးတံဆိပ် ခတ်နှိပ်ထားသော သို့မဟုတ် အခြားနည်းဖြင့် လက်မှတ်ရေးထိုးထားသော သက်သေခံလက်မှတ်တစ်ခု သည် အဆိုပါအစုရှယ်ယာ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်တွင် ဖော်ပြပါရှိသည့် ကုမ္ပဏီတွင် ပါဝင်သူ၏ မှန်ကန်ကြောင်းထင်ရှားသော ပိုင်ဆိုင်ခွင့်အထောက်အထား ဖြစ်စေရမည်။
(ခ) ကုမ္ပဏီ၏အစုရှယ်ယာများ၊ ဒီဘင်ချာများ၊ ဒီဘင်ချာစတော့ရှယ်ယာများ သို့မဟုတ် အခြားမှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို ထုတ်ဝေသတ်မှတ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းအား မှတ်ပုံတင်ပြီးနောက် ၂၈ ရက်အတွင်း အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအားလုံးသည် ထုတ်ဝေသတ်မှတ်ထားသော သို့မဟုတ် လွှဲပြောင်းထားသော အစုရှယ်ယာများ၊ ဒီဘင်ချာများ၊ ဒီဘင်ချာစတော့ရှယ်ယာများ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များအားလုံး၏ သက်သေခံလက်မှတ်ကိုထုတ်ဝေခြင်းနှင့်သက်ဆိုင်သော စည်းကမ်းချက်များအား အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိလျှင် ပြီးစီးအောင်ဆောင်ရွက်၍ ပေးအပ်ရန်အတွက် အသင့်ပြုလုပ်ထားရှိရမည်။
(ဂ) ပုဒ်မခွဲ (ခ) နှင့်အညီ ထုတ်ပေးသော သက်သေခံလက်မှတ် အားလုံးတွင် အောက်ပါတို့ကို ဖော်ပြရ မည်-
(၁) ကုမ္ပဏီ၏အမည်၊
(၂) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ၊
(၃) အစုရှယ်ယာသက်သေခံလက်မှတ်နှင့် သက်ဆိုင်လျှင် အစုရှယ်ယာအရေအတွက်၊ အစုရှယ်ယာများ ၏ အမျိုးအစား၊ အစုရှယ်ယာများအတွက် ပေးချေထားသည့် ငွေပမာဏ၊ အစုရှယ်ယာများ အတွက် ပေးချေရခြင်းမရှိသေးသည့် ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏနှင့် အစုရှယ်ယာများအတွက် ငွေပေးချေ ပြီး ဖြစ်သည့် ရာခိုင်နှုန်းနှင့်
(၄) မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များဖြစ်လျှင် အဆိုပါ ငွေချေးသက်သေခံ လက်မှတ် အရေအတွက်၊ အမျိုးအစားနှင့် ပေးချေထားသော ငွေပမာဏ၊ အစုရှယ်ယာအဖြစ် လဲလှယ်နိုင်သော ငွေချေးသက်သေခံ လက်မှတ်များဖြစ်လျှင် ထိုသို့လဲလှယ် နိုင်မည့်အစုရှယ်ယာ သို့မဟုတ် အခြားသော အကျိုးခံစားခွင့်များ၏ အရေအတွက်။
(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းသည် အစုရှယ်ယာ သို့မဟုတ် မှတ်ပုံတင်ထားသော အကျိုးခံစားခွင့်များကို လက်ဝယ်ထားရှိသူတစ်ဦးဦး၏ အခွင့်အရေးများကို အကျိုးသက်ရောက် စေခြင်းမရှိစေရ။
ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း
၉၀။ (က) ကုမ္ပဏီတစ်ခုအား ဖွဲ့စည်းတည်ထောင်ရန်အတွက် လျှောက်လွှာတွင် ဖော်ပြပါရှိသော ကုမ္ပဏီ တွင် ပါဝင်သူများအဖြစ် အမည်ဖော်ပြထားသူများကို ကုမ္ပဏီတွင်ပါဝင်သူများဖြစ်သည်ဟု သဘောတူ လက်ခံထားကြောင်း မှတ်ယူရမည်ဖြစ်ပြီး ယင်းကုမ္ပဏီအား မှတ်ပုံတင်သည့်အခါ ကုမ္ပဏီတွင်ပါဝင် သူများ၏ မှတ်ပုံတင်စာရင်း၌ ၎င်းတို့အား ကုမ္ပဏီတွင်ပါဝင်သူအဖြစ် ရေးသားဖော်ပြရမည်။
(ခ) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ် သဘောတူလက်ခံထား၍ ၎င်း၏အမည်ကို ကုမ္ပဏီတွင်ပါဝင် သူများ၏ မှတ်ပုံတင်စာရင်းတွင် ရေးသားဖော်ပြထားသူများသည် ကုမ္ပဏီတွင် ပါဝင်သူများဖြစ်သည်။
(ဂ) အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအားလုံးသည် ၎င်းတို့ ကုမ္ပဏီတွင် ပါဝင်သူများ၏ နောက်ဆုံးအချက်အလက်များအထိ ပါရှိသော မှတ်ပုံတင်စာရင်းကို ထားရှိ ရမည်ဖြစ်ပြီး အောက်ပါအချက်အလက် များကိုလည်း ယင်းမှတ်ပုံတင်စာရင်းတွင် ရေးသားဖော်ပြရမည်-
(၁) ကုမ္ပဏီတွင်ပါဝင်သူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် မည်သည့်နိုင်ငံသား ဖြစ်သည် ဟူသော အချက်များ၊
(၂) ပုဂ္ဂိုလ်တစ်ဦးအား ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင် စာရင်းတွင် ရေးသွင်း ဖော်ပြသည့်ရက်စွဲနှင့်
(၃) ပုဂ္ဂိုလ်တစ်ဦးအား ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲသည့်ရက်စွဲ။
(ဃ) အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီတွင် အစုရှယ်ယာ မတည်ငွေရင်း ရှိခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း၌ အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်နှင့် အညီ အောက်ပါတို့ကိုလည်းဖော်ပြရမည်-
(၁) အစုရှယ်ယာများကို ထုတ်ဝေမှုပြုလုပ်သည့်ရက်စွဲ၊
(၂) ထုတ်ဝေမှုတစ်ရပ်စီတွင်ပါရှိသည့် အစုရှယ်ယာအရေအတွက်၊
(၃) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးစီက ပိုင်ဆိုင်သည့် အစုရှယ်ယာများ၊
(၄) အစုရှယ်ယာများ၏ အမျိုးအစား၊
(၅) အစုရှယ်ယာအမှတ်စဉ်များနှင့် အစုရှယ်ယာသက်သေခံလက်မှတ်များ၏ အမှတ်စဉ်များ၊
(၆) အစုရှယ်ယာများအတွက် ပေးချေထားသည့် ငွေပမာဏ၊
(၇) အစုရှယ်ယာများအတွက် အပြည့်အဝငွေပေးချေထားခြင်း ရှိမရှိနှင့်
(၈) အစုရှယ်ယာများ အတွက်ပေးချေရန် ကျန်ရှိသည့်ငွေပမာဏရှိခဲ့လျှင် ယင်းငွေပမာဏ။
ကုမ္ပဏီတွင် ပါဝင်သူများနှင့် စပ်လျဉ်းသည့်အညွှန်းစာရင်း
၉၁။ (က) ပါဝင်သူဦးရေ ၅ဝ အထက်ရှိသော ကုမ္ပဏီအားလုံးသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းကို အညွှန်းစာရင်းတစ်ရပ်အဖြစ် ပြုစုထားရှိခြင်းမဟုတ်လျှင် ကုမ္ပဏီတွင် ပါဝင်သူ များ၏ အမည်များအတွက် နောက်ဆုံးအချက်အလက်များပါရှိသော အညွှန်းစာရင်းတစ်ရပ်ကို ပြုစုထား ရှိရမည်ဖြစ်ပြီး ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပြောင်းလဲပြင်ဆင်မှု တစ်ရပ်ရပ် ပြုလုပ်သည့်နေ့မှ ၁၄ ရက်အတွင်း အညွှန်းစာရင်းတွင် လိုအပ်သောပြောင်းလဲပြင်ဆင်မှုကို ပြုလုပ်ရ မည်။
(ခ) ကုမ္ပဏီတွင် ပါဝင်သူများအတွက် အညွှန်းစာရင်းတွင် ၎င်းနှင့်သက်ဆိုင်သည့် အချက်အလက်များ အား မှတ်ပုံတင်စာရင်း၌ လွယ်ကူစွာရှာဖွေသိရှိနိုင်ရန်အတွက် လုံလောက်သည့် အညွှန်းသင်္ကေတများ ကို ထည့်သွင်းဖော်ပြရမည်။
အော့ပ်ရှင် (option) ရှိသူများ၏ မှတ်ပုံတင်စာရင်း
၉၂။ (က) ထုတ်ဝေခြင်းမပြုရသေးသော အစုရှယ်ယာများ သို့မဟုတ် အခြားအကျိုးခံစားခွင့်များကို အော့ပ်ရှင် (option) ပြုထားသော ကုမ္ပဏီအားလုံးသည် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ အောက်ပါအချက်အလက်များကို မှတ်တမ်းတင်ထားသော အော့ပ်ရှင် (option) ရှိသူများ၏ မှတ်ပုံတင်စာရင်းတစ်ခုကို ပြုလုပ် ထားရှိရမည်-
(၁) ကုမ္ပဏီတွင်အော့ပ်ရှင် (option) ရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် မည်သည့် နိုင်ငံသား ဖြစ်သည်ဟူသော အချက်များအပြင် အော့ပ်ရှင် (option) ပြုထားသည့် အစုရှယ်ယာများ သို့မဟုတ် အခြားအကျိုးခံစားခွင့်များ၏ အရေအတွက်နှင့် ရှင်းလင်းဖော်ပြချက်၊
(၂) ပုဂ္ဂိုလ်တစ်ဦးစီအား အော့ပ်ရှင် (option) ပြုထားသည့် အစုရှယ်ယာများအတွက် အော့ပ်ရှင် (option) ရှိသူတစ်ဦးအဖြစ် မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြခဲ့သည့် ရက်စွဲ၊
(၃) အော့ပ်ရှင် (option) ကိုကျင့်သုံးဆောင်ရွက်နိုင်သည့် ကာလ သို့မဟုတ် အချိန်၊
(၄) အော့ပ်ရှင် (option) ကို ကျင့်သုံးဆောင်ရွက်ခြင်း မပြုမီက ပေါ်ပေါက်ရမည့် အဖြစ်အပျက် တစ်ရပ်ရပ်၊
(၅) အော့ပ်ရှင် (option) ပေးခြင်းအတွက် ပေးချေရသည့် ငွေပမာဏ တစ်ရပ်ရပ်၊
(၆) အော့ပ်ရှင် (option) ကျင့်သုံးဆောင်ရွက်မှုအတွက် ပေးချေရမည့် ငွေပမာဏတစ်ရပ်ရပ် သို့မ ဟုတ် အဆိုပါ ငွေပမာဏအား သတ်မှတ်သည့်နည်းလမ်းနှင့်
(၇) ပုဂ္ဂိုလ်တစ်ဦးအား အော့ပ်ရှင် (option) ရှိသူတစ်ဦးအဖြစ်မှရပ်စဲသည့် ရက်စွဲ။
(ခ) အော့ပ်ရှင် (option) ရှိသူများ၏ မှတ်ပုံတင်စာရင်းသည် အော့ပ်ရှင်(option) များအား ကျင့်သုံး ဆောင်ရွက်သည့်အခါ သို့မဟုတ် သက်တမ်းကုန်ဆုံးသည့်အခါများတွင် အဆိုပါ မှတ်ပုံတင်စာရင်းအား နောက်ဆုံးဖြစ်ပေါ်သည့် အချက်အလက်များဖြင့် ဖြည့်စွက် ပြုစုထားရှိရမည်။
(ဂ) အော့ပ်ရှင် (option) များအား လွှဲပြောင်းသည့် ပုဂ္ဂိုလ်တစ်ဦးသည် လွှဲပြောင်းသည့် အကြောင်း ကြားစာအား ကုမ္ပဏီသို့ပေးပို့သည့်အခါမှသာလျှင် ကုမ္ပဏီသည် အော့ပ်ရှင် (option) တစ်ရပ်အား လွှဲပြောင်းခြင်းအတွက် အော့ပ်ရှင်(option)ရှိသူ များ၏ မှတ်ပုံတင်စာရင်းတွင် နောက်ဆုံးဖြစ်ပေါ်သည့် အချက်အလက်များဖြင့် ဖြည့်စွက်ရန်လိုအပ်မည်ဖြစ်သည်။ ကုမ္ပဏီမှ အော့ပ်ရှင် (option) အား လွှဲပြောင်းသည့် ကိစ္စရပ်ကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းရန် ပျက်ကွက်ခြင်းသည် အော့ပ်ရှင် (option) လွှဲပြောင်းမှုကို ထိခိုက်စေခြင်းမရှိစေရ။
ဒီဘင်ချာရှိသူများ၏ မှတ်ပုံတင်စာရင်း
၉၃။ ဒီဘင်ချာများထုတ်ဝေသည့် ကုမ္ပဏီအားလုံးသည် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အညီ အောက်ပါအချက်အလက်များကို မှတ်တမ်းတင်ထားသော ဒီဘင်ချာရှိသူများ၏ မှတ်ပုံတင်စာရင်းတစ်ခု ကို ပြုလုပ်ထားရှိရမည်-
(က) ဒီဘင်ချာရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် မည်သည့် နိုင်ငံသား ဖြစ်သည်ဟူသော အချက်များအပြင် ၎င်းတို့ထံထုတ်ဝေထားသည့် သို့မဟုတ် ၎င်းတို့လက်ဝယ် ရှိသည့် ဒီဘင်ချာများ၏ အရေအတွက်နှင့် ရှင်းလင်းဖော်ပြချက်၊
(ခ) ပုဂ္ဂိုလ်တစ်ဦးစီအား ဒီဘင်ချာရှိသူတစ်ဦး အဖြစ် မှတ်ပုံတင်စာရင်းတွင် ရေးသွင်းဖော်ပြခဲ့သည့် ရက်စွဲနှင့်
(ဂ) ပုဂ္ဂိုလ်တစ်ဦးအား ဒီဘင်ချာရှိသူတစ်ဦး အဖြစ်မှရပ်စဲသည့် ရက်စွဲ။
အခြားအကျိုးခံစားခွင့်များ၏ မှတ်ပုံတင်စာရင်း
၉၄။ (က) ကုမ္ပဏီတစ်ခုသည် ယင်း၏ အစုရှယ်ယာမတည်ငွေရင်းရှိ အခြားအကျိုးခံစားခွင့် တစ်ရပ်ရပ် နှင့် စပ်လျဉ်း၍ဖြစ်စေ၊ ထုတ်ဝေထားသည့် အကျိုးခံစားခွင့်တစ်ရပ်အားရယူရန် အခွင့်အရေးပေးအပ် ထားသော ငွေချေးသက်သေခံလက်မှတ်နှင့် စပ်လျဉ်း၍ဖြစ်စေ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့် အညီ အောက်ပါအချက်အလက်များကို မှတ်တမ်းတင်ထားသော မှတ်ပုံတင်စာရင်းတစ်ခုကို ပြုလုပ် ထားရှိရမည်-
(၁) အကျိုးခံစားခွင့်လက်ဝယ်ရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် မည်သည့် နိုင်ငံသား ဖြစ်သည်ဟူသော အချက်များအပြင် ၎င်းတို့ထံ ထုတ်ဝေထားသည့် သို့မဟုတ် ၎င်းတို့လက်ဝယ်ရှိသည့် အကျိုးခံစား ခွင့်များ၏ အရေအတွက်နှင့် ရှင်းလင်းဖော်ပြချက်၊
(၂) ပုဂ္ဂိုလ်တစ်ဦးစီအား အကျိုးခံစားခွင့် လက်ဝယ်ရှိသူတစ်ဦးအဖြစ် မှတ်ပုံတင်စာရင်းတွင် ရေးသွင်း ဖော်ပြခဲ့သည့်ရက်စွဲ၊
(၃) ပုဂ္ဂိုလ်တစ်ဦးအား အကျိုးခံစားခွင့် လက်ဝယ်ရှိသူတစ်ဦးအဖြစ်မှ ရပ်စဲသည့်ရက်စွဲနှင့်
(၄) အကျိုးခံစားခွင့် သက်တမ်းကုန်ဆုံးခြင်း၊ ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် လဲလှယ်ခြင်းများနှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များ။
(ခ) ဤပုဒ်မအရ အကျိုးခံစားခွင့်တစ်ရပ်ရပ်၏ မှတ်ပုံတင်စာရင်းသည် ကုမ္ပဏီရှိအစုရှယ်ယာများ အဖြစ်သို့လဲလှယ်နိုင်သည့် ငွေချေးသက်သေခံလက်မှတ်များကို လက်ဝယ်ပိုင်ဆိုင်ထားသူများ၏ မှတ်ပုံ တင်စာရင်းတစ်ရပ် ဖြစ်ခဲ့လျှင် အကျိုးခံစားခွင့်များအား လဲလှယ်ဆောင်ရွက်သည့်အခါ သို့မဟုတ် သက်တမ်းကုန်ဆုံးသည့်အခါများတွင် အဆိုပါ မှတ်ပုံတင်စာရင်းအား နောက်ဆုံးဖြစ်ပေါ်သည့် အချက် အလက်များဖြင့် ဖြည့်စွက်ပြုစုထားရှိရမည်။
(ဂ) အကျိုးခံစားခွင့်အား လွှဲပြောင်းသည့်ပုဂ္ဂိုလ်တစ်ဦးသည် လွှဲပြောင်းသည့် အကြောင်းကြားစာအား ကုမ္ပဏီသို့ပေးပို့သည့်အခါမှသာလျှင် ကုမ္ပဏီသည် မှတ်ပုံတင်စာရင်းရေးသွင်းထားသည့် အကျိုးခံစား ခွင့်အား လွှဲပြောင်းခြင်းတစ်ရပ်ရပ်နှင့်ပတ်သက်၍ ပုဒ်မခွဲ (ခ) တွင် ဖော်ပြပါရှိသည့် အမျိုးအစားနှင့် သက်ဆိုင်သော မှတ်ပုံတင်စာရင်းတွင် နောက်ဆုံးဖြစ်ပေါ်သည့် အချက်အလက်များဖြင့် ဖြည့်စွက်ရန် လိုအပ်မည်ဖြစ်သည်။ ကုမ္ပဏီက အကျိုးခံစားခွင့်အား လွှဲပြောင်းသည့်ကိစ္စရပ်ကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းရန် ပျက်ကွက်ခြင်းသည် အကျိုးခံစားခွင့်လွှဲပြောင်းမှု တရားဝင်ခြင်းကို ထိခိုက်စေခြင်း မရှိ စေရ။
ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်း၌ ထိန်းသိမ်းထားရှိရမည့် မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများ
၉၅။ (က) ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဤအခန်းအရ ထိန်းသိမ်းထားရှိရမည့် ကုမ္ပဏီနှင့် သက်ဆိုင်သော မှတ်ပုံတင်စာရင်းများအားလုံးနှင့် အညွှန်းစာရင်းများကို ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း အဓိကဆောင်ရွက်ရာနေရာ၌ ထိန်းသိမ်း ထားရှိရမည်။
(ခ) ကုမ္ပဏီသည် ၎င်း၏မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထား ရှိရန်အတွက် နိုင်ငံတော်အတွင်း မည်သူ့ကိုမဆိုခန့်အပ်နိုင်သည်။ ထိုသို့ဆောင်ရွက်သည့်အခါ ကုမ္ပဏီ၏မှတ်ပုံတင် စာရင်းများနှင့် အညွှန်းစာရင်းများကို ဖော်ပြပါခန့်အပ်ခံရသူ ပုဂ္ဂိုလ်၏ရုံးခန်း၌ ကုမ္ပဏီကိုယ်စား ထိန်းသိမ်းထားရှိနိုင်သည်။
(ဂ) ကုမ္ပဏီ၏မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း အဓိကဆောင်ရွက်သော နေရာမဖြစ်သည့် အခြားနေရာတစ်ခုခု၌ ကုမ္ပဏီ၏မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထားရှိသည့်အခါ ထိုသို့ထားရှိသည့်နေ့မှ ၂၁ ရက်အတွင်း ကုမ္ပဏီသည် အဆိုပါမှတ်ပုံတင် စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထားရှိသည့်နေရာအား သတ်မှတ်ဖော်ပြထားသည့် ပုံစံ ဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားစာ ပေးပို့တင်ပြရမည်ဖြစ်သည့်အပြင် ကုမ္ပဏီ၏မှတ်ပုံတင် စာရင်းများနှင့် အညွှန်းစာရင်းများကို ထိန်းသိမ်းထားရှိသည့် နေရာပြောင်းလဲမှုရှိခဲ့ပါကလည်း ထိုသို့ ပြောင်းလဲသည့် နေ့မှ ၂၁ ရက်အတွင်း သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားစာ ပေးပို့တင်ပြ ရမည်။
မှတ်ပုံတင်စာရင်းတွင် ပြောင်းလဲပြင်ဆင်မှုများအား အကြောင်းကြားရခြင်း
၉၆။ (က) ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၉၀ ပါပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းပြုလုပ်သည့် ပြောင်းလဲပြင်ဆင်မှုအသေးစိတ်ကို သတ်မှတ်ဖော်ပြ ထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားစာ ပေးပို့တင်ပြရမည်။
(ခ) သက်ဆိုင်ရာပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်သည့်နေ့မှ ၂၁ ရက်အတွင်း အကြောင်းကြား တင်ပြ ခြင်းကို ပြုလုပ်ရမည်။
နှစ်စဉ်အစီရင်ခံစာ၊ ကုမ္ပဏီတွင်ပါဝင်သူများစာရင်းနှင့် အကျဉ်းချုပ်ဖော်ပြချက်
၉၇။ (က) ကုမ္ပဏီအားလုံးသည် ယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် ၎င်း နောက်ပိုင်း ကာလအတွက်နှစ်စဉ် အနည်းဆုံးတစ်ကြိမ် သို့ရာတွင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင် သည့် နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျစေဘဲ ကုမ္ပဏီ၏အသေးစိတ် ဖော်ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင် အရာရှိထံသို့ တင်ပြရမည်။
(ခ) သို့ရာတွင် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်မှတစ်ပါး နှစ်စဉ် အစီရင်ခံစာ၌ အောက်ပါအချက်အလက်များ ပါရှိစေရမည်-
(၁) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောအမည်၊
(၂) ကုမ္ပဏီ၏ မှတ်ပုံတင်အမှတ်စဉ်၊
(၃) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာနှင့် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း ကို အခြားနေရာတစ်ခုခုတွင် ထိန်းသိမ်းထားရှိခဲ့ပါက ထိုသို့ထိန်းသိမ်းထားရှိသည့် နေရာ၏လိပ်စာ (ကွဲလွဲလျှင်)၊
(၄) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်ခဲ့လျှင် ကုမ္ပဏီတွင် အစုရှယ်ယာအရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့် ပါဝင်သူဦးရေ ၅ဝ ၏စာရင်း သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူဦးရေ ၅ဝ အောက် နည်းလျှင် ထိုသို့ပါဝင်သူများ၏ စာရင်းနှင့် ၎င်းတို့၏အမည်များ၊ နေရပ်လိပ်စာများ၊ မည်သည့်နိုင်ငံသား ဖြစ်ကြောင်းနှင့် ပိုင်ဆိုင်သည့် အစုရှယ်ယာအရေအတွက်၊
(၅) အခြားကုမ္ပဏီဖြစ် ခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူများစာရင်းနှင့် ၎င်းတို့၏အမည်များ၊ နေရပ်လိပ်စာ များ၊ မည်သည့်နိုင်ငံသား ဖြစ်ကြောင်းနှင့် ပိုင်ဆိုင်သည့်အစုရှယ်ယာ အရေအတွက်အပြင် နောက်ဆုံး နှစ်စဉ်အစီရင်ခံစာ တင်ပြသည့်နေ့ရက်မှ စတင်၍ ကုမ္ပဏီတွင် ပါဝင်သူများအဖြစ်မှ ရပ်စဲခဲ့သူများ စာရင်း၊
(၆) ကုမ္ပဏီ၏နောက်ဆုံး ပြုလုပ်ခဲ့သော နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ လျှင် ကျင်းပသည့်နေ့ရက်၊
(၇) ကုမ္ပဏီ၏ငွေစာရင်းများအား ပြုလုပ်ခဲ့သည့်နေ့ရက်နှင့် နှစ်စဉ်အစီရင်ခံစာအား ဖော်ပြသည့် နေ့ရက်တို့တွင် ကုမ္ပဏီ၏ အဓိကလုပ်ဆောင်မှု သို့မဟုတ် လုပ်ဆောင်မှုများဆိုင်ရာ သီးခြားဖော်ပြချက် များ၊
(၈) ငွေသားဖြင့်ထုတ်ဝေသည့် အစုရှယ်ယာများနှင့် ငွေသားမှတစ်ပါး အခြားနည်းဖြင့် အပြည့်အဝ သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသသော်လည်းကောင်း ပေးချေထားသည့် အစုရှယ်ယာများအား ပိုင်းခြားဖော်ပြထားသည့် အကျဉ်းချုပ်၊
(၉) ကုမ္ပဏီ၏အစုရှယ်ယာ မတည်ငွေရင်းပမာဏနှင့် ပိုင်းခြားသတ်မှတ်ထားသည့် အစုရှယ်ယာ အရေ အတွက်၊
(၁ဝ) အစုရှယ်ယာတစ်ခုစီအတွက် သတ်မှတ်တောင်းဆိုထားသည့် ပေးချေရန်ငွေပမာဏ၊
(၁၁) နောက်ဆုံးအကြိမ်နှစ်စဉ်အစီရင်ခံစာ ပြုလုပ်သည့်နေ့၏နောက်ပိုင်းတွင် လက်လွှတ်ဆုံးရှုံးသော သို့မဟုတ် ပယ်ဖျက်သောအစုရှယ်ယာအရေအတွက် စုစုပေါင်း၊
(၁၂) နောက်ဆုံးအကြိမ် နှစ်စဉ်အစီရင်ခံစာ ပြုလုပ်သည့်နေ့၏ နောက်ပိုင်းတွင် ကုမ္ပဏီသည် နိုင်ငံခြား ကုမ္ပဏီဖြစ်လာသည့်အကြောင်း သို့မဟုတ် နိုင်ငံခြားကုမ္ပဏီအဖြစ်မှ ရပ်စဲသည့်အကြောင်းနှင့် ပြောင်းလဲ သွားသောနေ့ရက်၊
(၁၃) ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ၊ အစုများပိုင်ဆိုင်သည့်ကုမ္ပဏီနှင့် မူရင်းအစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီရှိခဲ့လျှင် ၎င်းတို့၏အမည်များ၊
(၁၄) နှစ်စဉ်အစီရင်ခံစာ ပြုလုပ်သည့်နေ့တွင် ကုမ္ပဏီ၏ဒါရိုက်တာ ဖြစ်ကြသူများနှင့် ကုမ္ပဏီ၏ အတွင်းရေးမှူးများရှိခဲ့လျှင် ၎င်းတို့၏အမည်များ၊ နေရပ်လိပ်စာများ၊ ကျား/ မ၊ မည်သည့်နိုင်ငံသား ဖြစ်သည်ဟူသောအကြောင်းနှင့် နောက်ဆုံးနှစ်စဉ် အစီရင်ခံစာပြုစုပြီးနောက်ပိုင်း ၎င်းတို့ကို ပြောင်းလဲ ပြင်ဆင်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ ထိုသို့ပြောင်းလဲပြင်ဆင်ခဲ့သည့် နေ့ရက်၊
(၁၅) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံတင်ပြ၍ မှတ်ပုံတင်ထားရန် လိုအပ်သော ပေါင်နှံမှု များနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းများကို မှတ်ပုံတင်ထားပြီးကြောင်း အတည်ပြုချက်နှင့်
(၁၆) အခါအား လျော်စွာ သတ်မှတ်ဖော်ပြထားသည့် အခြားအချက်အလက်များ။
(ဂ) မှတ်ပုံတင်အရာရှိထံသို့ ဖော်ပြပါ အချက်အလက်များအား တင်ပြရမည့်အပြင် အထက်ပါအချက် အလက်များနှင့် အကျဉ်းချုပ်ဖော်ပြချက် များကို ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်း၌ သီးခြား အပိုင်းတွင် ထည့်သွင်းဖော်ပြရမည်။ မှတ်ပုံတင်စာရင်းနှင့်အတူ ထိန်းသိမ်းထားရှိသည့် နှစ်စဉ်အစီရင် ခံစာနှင့် မိတ္တူများကို ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦး သို့မဟုတ် အတွင်းရေးမှူးတစ်ဦးက လက်မှတ် ရေးထိုးထားရမည့်အပြင် စာရင်းနှင့် အကျဉ်းချုပ်များတွင်ပါသည့် အချက်အလက်များကို ဖော်ပြပါနေ့ အထိ မှန်ကန်ကြောင်းဖော်ပြရမည်။
(ဃ) အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုသည် ယင်း၏ ဒါရိုက်တာတစ်ဦးကဖြစ်စေ၊ အတွင်း ရေးမှူးကဖြစ်စေ၊ အခြားအရာရှိကဖြစ်စေ လက်မှတ်ရေးထိုးထားသည့် သက်သေခံ လက်မှတ်တစ်ခုကို ပုဒ်မခွဲ (က) အရ လိုအပ်သော နှစ်စဉ်အစီရင်ခံစာနှင့်အတူ ပူးတွဲတင်ပြရမည်။ ထိုသက်သေခံ လက်မှတ် ၌ နောက်ဆုံးအကြိမ် နှစ်စဉ်အစီရင်ခံစာပြုလုပ်သည့်နေ့ နောက်ပိုင်း သို့မဟုတ် ပထမအကြိမ်ပြုလုပ် သည့် နှစ်စဉ်အစီရင်ခံစာဖြစ်ပါက ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့်နေ့ရက် နောက်ပိုင်းတွင် ကုမ္ပဏီသည် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများအတွက် ငွေကြေးထည့်ဝင်စေရန် အများပြည်သူ များအား တစ်စုံတစ်ရာ ကမ်းလှမ်းထားခြင်းမရှိကြောင်း ဖော်ပြပါရှိစေရမည်။
မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းဖော်ပြခြင်းမပြုရမည့် ယုံကြည်အပ်နှံမှုများ
၉၈။ (က) အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သို့မဟုတ် အကျိုးဖြစ်ထွန်းမှု ရှိစေမည်ဖြစ်သော မည်သည့်ယုံကြည်အပ်နှံမှုကိုမျှ မှတ်ပုံတင်စာရင်းတွင် ရေးသွင်းခြင်းသော်လည်းကောင်း၊ မှတ်ပုံတင် အရာရှိက လက်ခံခြင်းသော်လည်းကောင်း မပြုလုပ်ရ။
(ခ) ပုဒ်မခွဲ(က) ၌ မည်သို့ပင် ဆိုစေကာမူ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို လက်ဝယ်ရှိသူအဖြစ် မှတ်ပုံတင်ထားသည့် သေဆုံးသူတစ်ဦး၏ တရားဝင် ကိုယ်စားလှယ်သည် အဆိုပါသေဆုံးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်စားလှယ်အနေဖြင့် ဖော်ပြပါ အစု ရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်အား လက်ဝယ်ရှိသူအဖြစ် ကုမ္ပဏီ၏ သဘောတူညီချက်နှင့်အညီ မှတ်ပုံတင်ခွင့်ရရှိသည်။
(ဂ) ပုဒ်မခွဲ (က) ၌ မည်သို့ပင်ဆိုစေကာမူ ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် အစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို လက်ဝယ်ရှိသူ အဖြစ် မှတ်ပုံတင်ထားသည့် ဒေဝါလီခံရသူတစ်ဦး၏ ပစ္စည်းများအတွက် ယုံကြည်အပ်နှံခြင်းခံရသူ၊ အတည်ပြု ဆောင်ရွက်ရသူ၊ စီမံဆောင်ရွက်ရသူ သို့မဟုတ် လွှဲအပ်ခံ ရသူသည် အဆိုပါ ဒေဝါလီခံရသူ၏ ပစ္စည်းများအတွက် ယုံကြည်အပ်နှံခြင်းခံရသူ၊ အတည်ပြုဆောင်ရွက် ရသူ၊ စီမံ ဆောင်ရွက်ရသူ သို့မဟုတ် လွှဲအပ်ခံရသူအနေဖြင့် ဖော်ပြပါအစုရှယ်ယာ သို့မဟုတ် အကျိုးခံစားခွင့်အား လက်ဝယ်ရှိသူအဖြစ် ကုမ္ပဏီ၏ သဘောတူညီချက်နှင့်အညီ မှတ်ပုံ တင်ခွင့်ရရှိသည်။
မှတ်ပုံတင်စာရင်းများအား စစ်ဆေးခြင်း
၉၉။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိသည့် ကုမ္ပဏီတစ်ခုနှင့်သက်ဆိုင်သော မှတ်ပုံတင်စာရင်းများ နှင့် အညွှန်းစာရင်းများအားလုံးကို နေ့စဉ်အလုပ်ချိန်အတွင်း ကုမ္ပဏီမှ အထွေထွေအစည်းအဝေးတွင် ချမှတ်နိုင်သော စစ်ဆေးရန်ခွင့်ပြုမည့်နေ့ရက် တစ်ရက်စီတွင် သာမန်အလုပ်ချိန်အတွင်း အချိန်နှစ်နာရီ အောက် မနည်းစေမည့် သင့်လျော်သော စည်းကမ်းကန့်သတ်ချက်များနှင့်အညီ ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးက စစ်ဆေးနိုင်ရန်အတွက် အခမဲ့ခွင့်ပြုပေးရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ တစ်ခုဖြစ်ခဲ့လျှင် အခြားပုဂ္ဂိုလ်တစ်ဦးဦးမှ စစ်ဆေးမှုတစ်ရပ်စီအတွက် ဒါရိုက်တာများမှ သတ်မှတ်ထား သော သင့်လျော်သည့် ငွေပမာဏကို ပေးဆောင်သည့် စစ်ဆေးခြင်းကိုလည်းခွင့်ပြုရမည်။ အဆိုပါ ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးသည် ဖော်ပြပါစာရင်းများမှ ကောက်နုတ်ချက်များ ကို ပြုလုပ်ရယူနိုင်သည်။
(ခ) ဤဥပဒေအရ ပြုစုထားရှိရန်လိုအပ်သော မှတ်ပုံတင်စာရင်း၊ အညွန်းစာရင်း၊ သို့မဟုတ် ၎င်းတို့၏ တစ်စိတ်တစ်ဒေသ၊ စာရင်းများနှင့် အကျဉ်းချုပ်များ သို့မဟုတ် ၎င်းတို့၏ တစ်စိတ်တစ်ဒေသတို့၏ မိတ္တူတစ်စောင်ကို ဒါရိုက်တာများက သတ်မှတ်ထားသော သင့်လျော်သည့်ငွေပမာဏကို ပေးဆောင် စေခြင်းဖြင့် ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးကသော်လည်းကောင်း၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ တစ်ခုဖြစ်ခဲ့လျှင် အခြားပုဂ္ဂိုလ်တစ်ဦးဦးက သော်လည်းကောင်း ရယူနိုင်သည်။ ကုမ္ပဏီသည်ပါဝင်သူ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးမှ ထိုသို့တောင်းခံလာသော မိတ္တူတစ်စုံတစ်ရာအား ထိုသူမှ သတ်မှတ်ထား သော ငွေပမာဏကိုပေးသွင်းပြီး ကုမ္ပဏီက လိုအပ်သောအချက်အလက်များကို လက်ခံရရှိပြီးသည့် နောက်တစ်ရက်မှစတင်၍ ၁ဝ ရက်တာကာလအတွင်း ထိုသို့ တောင်းခံသူထံသို့ ပေးပို့ရမည်။
၁၀၀။ ပုဒ်မ ၉၉၊ ပုဒ်မခွဲ (က) အရ လိုအပ်သောစစ်ဆေးမှု တစ်ရပ်ရပ်ကို ငြင်းပယ်ခဲ့လျှင် သို့မဟုတ် ပုဒ်မ ၉၉၊ ပုဒ်မခွဲ (ခ) အရ လိုအပ်သော မိတ္တူတစ်စုံတစ်ရာကို သတ်မှတ်ထားသည့်ကာလအတွင်း ပေးပို့ခြင်းမရှိ ခဲ့လျှင် ထိုသို့ပျက်ကွက်ခဲ့သည့်ကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ တစ်ဦးစီသည် ပြစ်မှုတစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး မှတ်ပုံတင် အရာရှိသည် အမိန့်တစ်ရပ်ထုတ်ပြန်၍ မှတ်ပုံတင်စာရင်းများနှင့် အညွှန်းစာရင်းများကို ချက်ချင်းစစ်ဆေး ဆောင်ရွက်စေနိုင်သည် သို့မဟုတ် လိုအပ်သောမိတ္တူများကို ယင်းတို့အားရယူလိုသည့် ပုဂ္ဂိုလ်များထံသို့ ပေးပို့စေရန် ညွှန်ကြားနိုင်သည်။
မှတ်ပုံတင်စာရင်းရှိ မှားယွင်းမှုများကို ပြင်ဆင်နိုင်သည့် တရားရုံး၏ အခွင့်အာဏာ
၁၀၁။ (က) အကယ်၍-
(၁) ဤဥပဒေအရ ကုမ္ပဏီက ထိန်းသိမ်းထားရှိရမည်ဖြစ်သော မှတ်ပုံတင်စာရင်းတစ်ခု၌ ပုဂ္ဂိုလ် တစ်ဦးဦး၏ အမည်ကိုမှားယွင်း၍ ဖော်ပြခဲ့လျှင် သို့မဟုတ် ပယ်ဖျက်ခဲ့လျှင် သို့မဟုတ်
(၂) ပုဂ္ဂိုလ်တစ်ဦးဦးအား ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲသည့်အချက်အလက်ကို မှတ်ပုံတင် စာရင်းတွင် ရေးသွင်းရန်ပျက်ကွက်ခဲ့လျှင် သို့မဟုတ် မလိုလားအပ်သော နှောင့်နှေးမှုကို ပြုလုပ်ခဲ့လျှင်၊ နစ်နာသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီသည် မှတ်ပုံတင်စာရင်း တွင် ပါရှိသောမှားယွင်းမှုကို ပြင်ဆင်ပေးနိုင်ရန်အတွက် တရားရုံးသို့ လျှောက်ထားတင်ပြနိုင်သည်။
(ခ) တရားရုံးသည် လျှောက်ထားမှုအားငြင်းပယ်နိုင်သည် သို့မဟုတ် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန် နှင့် နစ်နာသူပုဂ္ဂိုလ်ကြုံတွေ့ ခံစားခဲ့ရသော ထိခိုက်နစ်နာမှုများအတွက် ကုမ္ပဏီမှပေးလျော်စေရန် အမိန့် ချမှတ်နိုင်သည့်အပြင် တရားရုံးက သင့်သည်ထင်မြင်သည့် ကုန်ကျစရိတ်များကိုလည်း ပေးချေစေရန် အမိန့်ချမှတ်နိုင်သည်။
(ဂ) တရားရုံးအနေဖြင့် ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်အညီ လျှောက်ထားမှုတစ်ရပ်ရပ်အရ တင်ပြလာ သည့် ကိစ္စရပ်သည် လျှောက်ထားမှုတွင် သက်ဆိုင်သူအဖြစ်ပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးက ၎င်း၏အမည် အား မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း သို့မဟုတ် ချန်လှပ်ထားခြင်းနှင့်စပ်လျဉ်း၍ ရထိုက် ခွင့်ရှိသော အကြောင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆုံးဖြတ်နိုင်သည်။ တရားရုံးသည် အများ အားဖြင့် မှတ်ပုံတင်စာရင်းရှိ မှားယွင်းမှုများကို ပြင်ဆင်ပေးနိုင်ရန်အတွက် လိုအပ်သောကိစ္စရပ်များ သို့မဟုတ် ဆုံးဖြတ်ပေးရမည်ဖြစ်သော လိုအပ်သော ဆောင်ရွက်မှုများကို ဆုံးဖြတ်နိုင်သည်။ သို့ရာတွင် တရားရုံးသည် ဥပဒေရေးရာ ပြဿနာတစ်ရပ်ရပ် ပါရှိနိုင်သည့် ကိစ္စရပ်တစ်ခုခုကို ဖြေရှင်းစေရန် ညွှန်ကြားနိုင်ပြီး အဆိုပါကိစ္စရပ်အပေါ် ချမှတ်သည့်ဆုံးဖြတ်ချက်တစ်ရပ်ရပ်အား အယူခံတင်ပြခြင်းကို တရားမကျင့်ထုံး ဥပဒေပုဒ်မ ၁ဝဝ တွင် ဖော်ပြထားသည့် အကြောင်းအချက်များအပေါ်အခြေပြုလျက် ယင်းဥပဒေတွင်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
မှတ်ပုံတင်စာရင်းရှိမှားယွင်းမှုများကို ပြင်ဆင်ခြင်းအား မှတ်ပုံတင်အရာရှိထံတင်ပြ အကြောင်းကြားရခြင်း
၁၀၂။ တရားရုံးသည် မှတ်ပုံတင်စာရင်းရှိ မှားယွင်းမှုများကိုပြင်ဆင်ရန် အမိန့်တစ်ရပ်ချမှတ်ခဲ့ပါက မှားယွင်းမှုများအား ပြင်ဆင်ခြင်းကို အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၁၄ ရက်အတွင်း မှတ်ပုံတင် အရာရှိထံသို့ တင်ပြအကြောင်းကြားရမည်ဟု ယင်းအမိန့်တွင် ထည့်သွင်းဖော်ပြ၍ ညွှန်ကြားရမည်။
အထောက်အထားဖြစ်စေရမည့် ကုမ္ပဏီတွင်ပါဝင်သူများနှင့်သက်ဆိုင်သော မှတ်ပုံတင်စာရင်း
၁၀၃။ (က) ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ထိခိုက်စေခြင်းမရှိဘဲ ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းသည် မှတ်ပုံတင်စာရင်းရေးသွင်းထားသော ကုမ္ပဏီတွင် ပါဝင်သူများ၏အစုရှယ်ယာများ ရပိုင်ခွင့်အပါအဝင် ယင်းမှတ်ပုံတင်စာရင်းတွင် ဤဥပဒေအရညွှန်ကြား ထားသည့် သို့မဟုတ် ခွင့်ပြုထားသည့်အတိုင်း ထည့်သွင်းဖော်ပြရမည်ဖြစ်သော ကိစ္စရပ်တစ်ခုခုအတွက် မှန်ကန်ကြောင်း ထင်ရှားသောအထောက်အထား ဖြစ်စေရမည်။
(ခ) ကုမ္ပဏီတစ်ခုသည် ယင်း၏မှတ်ပုံတင် စာရင်းတွင် ရေးသွင်းထားသည့် အစုရှယ်ယာ ပိုင်ဆိုင်သူ တစ်ဦးအား အောက်ပါတို့ကို လက်ခံဆောင်ရွက်နိုင်ခွင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး အနေဖြင့်သာလျှင်သတ်မှတ် ရမည်-
(၁) အစုရှယ်ယာနှင့်ဆက်စပ်သော ဆန္ဒမဲ ပေးပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ခြင်း၊
(၂) အကြောင်းကြားချက်များကို လက်ခံရယူခြင်း၊
(၃) အစု ရှယ်ယာနှင့်သက်ဆိုင်သည့် အမြတ်ဝေစုခွဲဝေမှုများကို လက်ခံရယူခြင်းနှင့်
(၄) အစုရှယ်ယာနှင့် ဆက်စပ်သော ရပိုင်ခွင့်များနှင့် အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်ခြင်း။
မှတ်ပုံတင်စာရင်းများနှင့်စပ်လျဉ်း၍ ပျက်ကွက်မှုများ
၁၀၄။ ကုမ္ပဏီဒါရိုက်တာများနှင့် အခြားအရာရှိအားလုံး၏တာဝန်မှာ မှတ်ပုံတင်စာရင်းများနှင့် အညွှန်း စာရင်းများကို ထိန်းသိမ်းထားရှိရန်နှင့် လိုအပ်သည့်အခါ ရရှိနိုင်စေရန်၊ ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုအပ်သောအရေးယူဆောင်ရွက်မှုများကို ပြုလုပ်ရန်နှင့် ကုမ္ပဏီ၏ အခြားတာဝန်များကို ဆောင်ရွက်ရာတွင် ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရန် လိုအပ်မည့် ဆောင်ရွက်မှုများကို ပြုလုပ်ရမည်။
၁၀၅။ ပုဒ်မ ၁ဝ၄ ပါပြဋ္ဌာန်းချက်ကို လိုက်နာရန်ပျက်ကွက်လျှင် ပျက်ကွက်မှု၌ သိလျက်ဖြင့်ဖြစ်စေ၊ တမင် ဖြစ်စေ ပါဝင်သည့် ကုမ္ပဏီ၊ ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် အခြားအရာရှိများတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်ငါးသိန်းကို ပေးဆောင်ရမည်။
အခန်း(၁၄)
အမြတ်ဝေစုများ
အမြတ်ဝေစုများသတ်မှတ်ခြင်း
၁၀၆။ (က) ပုဒ်မ ၁ဝ၇ နှင့် ၁ဝ၉ တို့အရ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ ခံဝန်ချက် အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီမှတစ်ပါး ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့သည် ၎င်း၏အစု ရှယ်ယာရှင်များသို့ အမြတ်ဝေစုခွဲဝေပေးမည်ဟု သတ်မှတ်၍ အမြတ်ဝေစုပမာဏ၊ ပေးချေရမည့်အချိန် နှင့် ပေးချေရမည့် နည်းလမ်းများကို သတ်မှတ်ရမည်။
(ခ) အမြတ်ဝေစုပေးချေရမည့် နည်းလမ်းများတွင် ငွေသားဖြင့်ဖြစ်စေ၊ အစုရှယ်ယာထုတ်ဝေခြင်းဖြင့် ဖြစ်စေ၊ အော့ပ်ရှင် (option) ပြုခြင်းဖြင့်ဖြစ်စေ၊ ရရန်ပိုင်ခွင့်များကို လွှဲပြောင်းခြင်းဖြင့် ဖြစ်စေ ဆောင်ရွက်ခြင်းများ ပါဝင်နိုင်သည်။
(ဂ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အမြတ်ဝေစုအား သတ်မှတ်ခြင်းကို ကုမ္ပဏီမှပေးချေ ရမည့် ကြွေးမြီအဖြစ်မမှတ်ယူရ။ အဆိုပါသတ်မှတ်ချက်ကို အမြတ်ဝေစု ပေးချေခြင်းမပြုမီ မည်သည့် အချိန်တွင်မဆို ပြန်လည်ရုပ်သိမ်းနိုင်သည်။ ကြွေးမြီတင်ရှိခြင်းသည် ငွေပေးချေရန် သတ်မှတ်ထားသည့် အချိန်မှသာ ကျရောက်သည်။
အမြတ်ဝေစုများအတွက် လိုအပ်သည့်အချက်များ
၁၀၇။ (က) အောက်ပါအချက်များနှင့် မကိုက်ညီလျှင် ကုမ္ပဏီသည် အမြတ်ဝေစုခွဲဝေပေးခြင်းကို ဆောင် ရွက်နိုင်ခြင်း မရှိစေရ-
(၁) ကုမ္ပဏီသည် အမြတ်ဝေစုခွဲဝေပေးပြီးနောက် ချက်ချင်းကြွေးမြီစစ်ဆေးချက်ကို ကျေနပ်လက်ခံ ခြင်း၊
(၂) အမြတ်ဝေစုခွဲဝေခြင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံးအတွက် မျှတလျော်ကန်မှုရှိ ခြင်းနှင့်
(၃) အမြတ်ဝေစုပေးချေခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးချေရမည့် တာဝန်များကို အများစုထိခိုက်မှုမရှိခြင်း။
(ခ) အမြတ်ဝေစုအား ခွဲဝေဆုံးဖြတ်ပြီးနောက် ယင်းအတွက် ငွေပေးချေရခြင်းမပြုသေးမီ ကာလအတွင်း ဒါရိုက်တာအဖွဲ့သည် ပုဒ်မခွဲ (က) ပါလိုအပ်ချက်များနှင့် ညီညွတ်မှု မရှိကြောင်းတွေ့ရှိလျှင် အမြတ်ဝေစု အား ပေးချေခြင်းမပြုဘဲထားရှိနိုင်သည်။ ကုမ္ပဏီက အဆိုပါ အမြတ်ဝေစုအား ပေးချေခဲ့ပြီးဖြစ်ပါက လည်း ထိုသို့ပေးချေခြင်းသည် တရားဝင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။
ပုဒ်မ ၁ဝ၇ ပါ ပြဋ္ဌာန်းချက်များအားလိုက်နာရန် ပျက်ကွက်ခြင်း
၁၀၈။ (က) ကုမ္ပဏီသည် ပုဒ်မ ၁ဝ၇ ပါသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်ပါက ဒဏ်ကြေး ငွေကျပ်ငါးသိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ နှင့် အခြားအရာရှိတစ်ဦးစီသည် အလားတူပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။
(ခ) ပုဒ်မခွဲ (က) အပြင် ကုမ္ပဏီသည် အမြတ်ဝေစုပေးချေပြီးနောက် ယင်းနှင့်စပ်လျဉ်း၍ လူမွဲစာရင်းဝင် ခဲ့လျှင် ပုဒ်မ ၁ဝ၇ ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်၍ အမြတ်ဝေစု ပေးချေခြင်းကို သိလျက်ဖြင့်တမင် ခွင့်ပြုခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦးသည်လည်း ကုမ္ပဏီက ပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့် များထက် ကျော်လွန်သည့် မြီရှင်များသို့ ပေးရမည့်ကြွေးမြီများရှိခဲ့လျှင် အမြတ်ဝေစုပမာဏနှင့်အညီ ကုမ္ပဏီ၏ မြီရှင်များအပေါ် တာဝန်ရှိစေရမည်ဖြစ်သည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စား တရားစွဲဆိုသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက သော်လည်းကောင်း အဆိုပါငွေပမာဏကို ဖော်ပြပါ ဒါရိုက်တာများထံမှ တောင်းခံရယူနိုင်သည်။
အမြတ်ဝေစုများခွဲဝေပေးချေခြင်းအားထိခိုက်စေမည့် အခြားကိစ္စရပ်များ
၁၀၉။ (က) ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့သည် အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြတ်ဝေစုအား ခွဲဝေ သတ်မှတ်ခြင်းမပြုရ-
(၁) အစုရှယ်ယာအမျိုးအစား တစ်ရပ်တည်းတွင် အစုရှယ်ယာအချို့နှင့်သာ သက်ဆိုင်ပြီး အစုရှယ်ယာ အားလုံးနှင့် သက်ဆိုင်ခြင်းမရှိလျှင် သို့မဟုတ်
(၂) အစုရှယ်ယာအမျိုးအစား တစ်ရပ်တည်းတွင် အစုရှယ်ယာအချို့မှ အခြားအစုရှယ်ယာများထက် အမြတ်ဝေစုပမာဏ ပိုမိုရရှိခြင်း၊ တစ်စိတ်တစ်ဒေသငွေပေးချေရန် လိုအပ်သည့် အစုရှယ်ယာများနှင့် သက်ဆိုင်လျှင် အဆိုပါအစုရှယ်ယာအတွက် ခွဲဝေပေးမည့် အမြတ်ဝေစုပမာဏသည် ထိုသို့ပေးချေထား သည့် ငွေပမာဏ အချိုးအစားအတိုင်း အမြတ်ဝေစုများအား ခွဲဝေသတ်မှတ်ရမည်။
(ခ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အောက်ပါ အချက်များနှင့်ညီညွတ်လျှင် ကုမ္ပဏီသည် အဆိုပြု အမြတ်ဝေစုအစား ယင်းအမြတ်ဝေစု၏ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အစု ရှယ်ယာများအဖြစ်လက်ခံရန် သဘောတူညီသည့် အစုရှယ်ယာရှင်များကို အစုရှယ်ယာများအားထုတ် ပေးနိုင်သည်-
(၁) အဆိုပြုထားသော အမြတ်ဝေစုအစား အားလုံးအတွက်ဖြစ်စေ၊ တစ်စိတ်တစ်ဒေသအတွက်ဖြစ်စေ တူညီသည့်စည်းကမ်းချက်များဖြင့် တူညီသည့်အစုရှယ်ယာ အမျိုးအစားကို ပိုင်ဆိုင်သူသို့ ကမ်းလှမ်းရ မည်။
(၂) သဘောတူညီထားသည့် အစုရှယ်ယာရှင်များ၏ လက်ခံသောအစုရှယ်ယာများနှင့် ဆက်စပ်သည့် ဆန္ဒမဲပေးခွင့်နှင့် ခွဲဝေဆောင်ရွက်နိုင်ခွင့်ထားရှိရမည်။
(၃) အဆိုပါကမ်းလှမ်းမှုကို လက်ခံနိုင်ရန်အတွက် အနည်းဆုံး ၂၁ ရက် ကာလထားရှိ ရမည်။
(၄) အစုရှယ်ယာများကို လက်ခံရန်သဘောတူသည့် အမျိုးအစားတူအစုရှယ်ယာရှင် တစ်ဦးစီသို့ ထုတ်ဝေသည့် အစုရှယ်ယာများမှာ တူညီသော အခွင့်အရေးများ၊ တူညီသော စည်းကမ်းချက်များဖြင့် ထုတ်ဝေခြင်းဖြစ်ရမည်။ ၎င်းအပြင်
(၅) ပုဒ်မ ၆၃ နှင့် ပုဒ်မ ၇၁ တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များကို ယင်းတို့နှင့် သက်ဆိုင်သမျှ လိုက်နာ ရမည်။
၁၁၀။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁ဝ၉ ပါသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်လျှင် ဒဏ်ကြေး ငွေကျပ် ၁၀ သိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။
အကျိုးအမြတ်များကို မတည်ရင်းနှီးမြှုပ်နှံခြင်း
၁၁၁။ ပုဒ်မ ၁ဝ၉ ပါပြဋ္ဌာန်းချက်များအား ဆန့်ကျင်ခြင်းမရှိစေဘဲ ကုမ္ပဏီတစ်ခုသည် ယင်း၏ အကျိုး အမြတ်များကို ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်သည်။ ထိုသို့ ရင်းနှီးမြှုပ်နှံခြင်းသည် အစုရှယ်ယာများ ထုတ်ဝေ ရန် မလိုပါ။
အခန်း(၁၅)
အစုရှယ်ယာမတည်ငွေရင်းကိုအကျိုးသက်ရောက်စေမည့်ဆောင်ရွက်ချက်များနှင့်အကြောင်းအရာများ
အစုရှယ်ယာမတည်ငွေရင်းအား ပြောင်းလဲပြင်ဆင်ခြင်း
အစုရှယ်ယာမတည်ငွေရင်းအား ပြောင်းလဲရန်အတွက် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ၏အခွင့်အာဏာ
၁၁၂။ (က) အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် ယင်း၏ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ယင်း၏အစုရှယ်ယာ မတည်ငွေရင်း ပြောင်းလဲပြင်ဆင်ခြင်းကို အောက်တွင် ဖော်ပြ ထားသည့်အတိုင်း ပြုလုပ်နိုင်သည်-
(၁) အခန်း (၁၁) ပါပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏မတည် ငွေရင်းအား တိုးမြှင့်ခြင်းအတွက် လိုအပ်သည်ဟု ထင်မြင်သည့် အစုရှယ်ယာအသစ်များကို ထုတ်ဝေ နိုင်သည်။
(၂) အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် သာမန်ဆုံးဖြတ်ချက်ကို အထောက်အထားပြု၍ ကုမ္ပဏီ ၏ အစုရှယ်ယာမတည်ငွေရင်းအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပေါင်းစည်း၍ ပိုမိုများပြားသော အစု ရှယ်ယာများအဖြစ် ပိုင်းခြားခြင်း ပြုလုပ်နိုင်သည်၊ လက်ရှိအစုရှယ်ယာများဖြင့် မပေးချေရသေးသော ငွေပမာဏရှိခဲ့လျှင် အဆိုပါ ငွေပမာဏကို အစားဖြည့်စွက်သည့် အစုရှယ်ယာအနက် ညီမျှစွာပိုင်းခြားရ မည်။
(၃) အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် သာမန်ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများ ကို သို့မဟုတ် အချို့ကို မူလထုတ်ဝေထားသော ပမာဏထက် နည်းပါးသည့် အစုရှယ်ယာများအဖြစ်သို့ ထပ်မံ ပိုင်းခြားနိုင်သည်။ သို့ရာတွင် ထိုသို့ထပ်မံပိုင်းခြားသည့်အခါ ပိုင်းခြားခဲ့သော အစုရှယ်ယာအသစ် တစ်ခုတွင် ငွေပေးချေပြီးသည့်ပမာဏနှင့် ငွေပေးချေခြင်းမပြုရသေးသည့် ပမာဏအချိုးအစားသည် မူလအစုရှယ်ယာများ ကဲ့သို့ပင် တူညီရမည်ဖြစ်သည်။
(၄) အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်ဖြင့် သာမန် အစုရှယ်ယာတစ်ခုကို ဦးစားပေးအစုရှယ်ယာတစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။
(၅) အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်ဖြင့် ဦးစားပေးအစုရှယ်ယာ တစ်ခု ကို သာမန်အစုရှယ်ယာ တစ်ခုအဖြစ် ပြောင်းလဲနိုင်သည်။
(၆) ဤအပိုင်း၏ အခန်း (၁၁) ပါပြဋ္ဌာန်းချက်များနှင့် အညီ ပြန်လည်ရွေးနုတ်ယူနိုင်သော ဦးစားပေး အစုရှယ်ယာတစ်ရပ်ရပ်ကိုပြန်လည်ရွေးနုတ်နိုင်သည်။
(၇) ကုမ္ပဏီ၏ အစုရှယ်ယာမတည်ငွေရင်းကို ဤအခန်းတွင် ဖော်ပြပါရှိသောနည်းလမ်းများဖြင့် လျှော့ ချနိုင်သည်။
(၈) အစုရှယ်ယာများကို ဤအခန်းတွင်ဖော်ပြပါရှိသော နည်းလမ်းများဖြင့် ပြန်လည် ဝယ်ယူနိုင်သည်။
(၉) ကုမ္ပဏီ၏ အစုရှယ်ယာများကို ဝယ်ယူခြင်းနှင့် သက်ဆိုင်သည့် ငွေကြေးအထောက်အပံ့များကို ဤအခန်းတွင်ဖော်ပြပါရှိသော နည်းလမ်းများဖြင့်ဆောင်ရွက်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) သည် ဤဥပဒေအရ သော်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်က သော်လည်းကောင်း ခွင့်ပြုနိုင်သော အစုရှယ်ယာမတည်ငွေရင်းကို ပြောင်းလဲပြင်ဆင်နိုင်မည့် အခြား သော အခွင့်အရေးတစ်ရပ်ရပ်ကို ကန့်သတ်ထားခြင်းမရှိသည့်အပြင် ဤဥပဒေ၏ အခြားအခန်းများတွင် ပါရှိသော ပြဋ္ဌာန်းချက်များကိုလည်း ထိခိုက်စေခြင်း မရှိစေရ။
အစုရှယ်ယာမတည်ငွေရင်းအား ပေါင်းစည်းသည့်အခါ မှတ်ပုံတင်အရာရှိထံ အကြောင်းကြားရခြင်း
၁၁၃။ အစုရှယ်ယာမတည်ငွေရင်းရှိသော ကုမ္ပဏီတစ်ခုသည် ၎င်း၏အစုရှယ်ယာ မတည်ငွေရင်းကို ပုဒ်မ ၁၁၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၂) မှ (၇) အထိတွင် ပြဋ္ဌာန်းထားသည့် နည်းလမ်းများဖြင့် ပြောင်းလဲပြင်ဆင်ခဲ့လျှင် ထိုကုမ္ပဏီသည် ပြောင်းလဲပြင်ဆင်သည့်နေ့မှ ၂၁ ရက်အတွင်း အစုရှယ်ယာ များကို ပေါင်းစည်းသည်၊ ပိုင်းခြားသည် သို့မဟုတ် ထပ်မံပိုင်းခြားသည်စသည်တို့ကို ဖော်ပြလျက် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ အကြောင်းကြားတင်ပြရမည်။
၁၁၄။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၁၃ ပါသတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်လျှင် ဒဏ်ကြေး ငွေကျပ် ၁၀ သိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။
အစုရှယ်ယာမတည်ငွေရင်းကို လျှော့ချခြင်း
၁၁၅။ (က) အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေပါ ခွင့်ပြုချက်များကို ကန့်သတ်ခြင်းမရှိဘဲ ယင်း၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့် အညီ အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ယင်းကုမ္ပဏီ၏ အစုရှယ်ယာ မတည်ငွေရင်းကို လျှော့ချနိုင်သည်-
(၁) ငွေပေးချေထားခြင်းမရှိသေးသည့် အစုရှယ်ယာမတည်ငွေရင်းအတွက် တာဝန်ရှိမှုကို ပယ်ဖျက် နိုင်သည် သို့မဟုတ် လျှော့ချနိုင်သည်။
(၂) ကုမ္ပဏီ၏ အစုရှယ်ယာတစ်ရပ်ရပ်အတွက် တာဝန်ရှိမှုကိုပယ်ဖျက်ခြင်း သို့မဟုတ် လျှော့ချခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပျောက်ဆုံးသည့် သို့မဟုတ် ပိုင်ဆိုင်ကြောင်း တင်ပြခြင်းမပြုနိုင်သည့် ငွေပေးချေထားသော အစုရှယ်ယာမတည်ငွေရင်း တစ်ရပ်ရပ်ကို ပယ်ဖျက်နိုင်သည်။
(၃) ကုမ္ပဏီ၏ အစုရှယ်ယာတစ်ရပ်ရပ်အတွက် တာဝန်ရှိမှုကိုပယ်ဖျက်ခြင်း သို့မဟုတ် လျှော့ချခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုမ္ပဏီကလိုအပ်သောပမာဏထက် ကျော်လွန်သည့် ငွေပေးချေထား သော အစုရှယ်ယာမတည်ငွေရင်းတစ်ရပ်ရပ်ကို ပြန်လည်ပေးချေနိုင်သည်။
(ခ) အောက်ပါအချက်များနှင့် မကိုက်ညီလျှင် ကုမ္ပဏီသည် မတည်ငွေရင်း လျှော့ချခြင်းမပြုရ-
(၁) ကုမ္ပဏီသည် မတည်ငွေရင်း လျှော့ချပြီးနောက် ချက်ချင်းကြွေးမြီစစ်ဆေးချက်ကို ကျေနပ်လက်ခံ ခြင်း၊
(၂) မတည်ငွေရင်းလျှော့ချခြင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များအားလုံးအတွက် မျှတလျော်ကန်မှု ရှိခြင်း၊
(၃) မတည်ငွေရင်း လျှော့ချခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးချေရမည့် တာဝန်များကို အများစုထိခိုက်မှုမရှိခြင်းနှင့်
(၄) ပုဒ်မ ၁၁၆ အရ အစုရှယ်ယာရှင်များမှ အတည်ပြုခြင်း၊
(ဂ) ဤပုဒ်မအရ ကုမ္ပဏီမှ မတည်ငွေရင်းလျှော့ချခြင်းကို အညီအမျှသော်လည်းကောင်း၊ ရွေးချယ်၍ သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။
(ဃ) မတည်ငွေရင်း အညီအမျှလျှော့ချခြင်းသည် အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီရမည်-
(၁) သာမန်အစုရှယ်ယာများနှင့်သာ သက်ဆိုင်သည်။
(၂) သာမန်အစုရှယ်ယာပိုင်ဆိုင်သူ တစ်ဦးစီအတွက် ၎င်းတို့ပိုင်ဆိုင်သည့် သာမန်အစုရှယ်ယာ အရေ အတွက် အချိုးအစားအလိုက်ဖြစ်စေရမည်။ ၎င်းအပြင်
(၃) သာမန်အစုရှယ်ယာရှင်တစ်ဦးစီအတွက် တူညီသည့်စည်းကမ်းချက်များဖြင့် ဆောင်ရွက်ရမည်။
(င) ပုဒ်မခွဲ (ဃ) မှအပ ဤပုဒ်မအရ အခြားနည်းဖြင့် မတည်ငွေရင်းလျှော့ချခြင်းများသည် ရွေးချယ် လျှော့ချခြင်းဖြစ်သည်။
အစုရှယ်ယာရှင်များ၏ အတည်ပြုချက်
၁၁၆။ (က) မတည်ငွေရင်း လျှော့ချခြင်းမှာ အညီအမျှလျှော့ချခြင်းဖြစ်ပါက ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတွင်ချမှတ်သော သာမန်ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုရမည်။
(ခ) မတည်ငွေရင်း လျှော့ချခြင်းမှာ ရွေးချယ်လျှော့ချခြင်းဖြစ်ပါက ယင်းအား အောက်ပါနည်းလမ်း တစ်ရပ်ရပ်ဖြင့် အတည်ပြုရမည်-
(၁) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင်ချမှတ်သည့် အထူးဆုံးဖြတ်ချက် တစ်ရပ်ဖြင့် အတည်ပြု ခြင်း၊ ထိုအထူးဆုံးဖြတ်ချက်သည် မတည်ငွေရင်းလျှော့ချခြင်းအတွက် အဖိုးစားနားအား လက်ခံသူ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ လျှော့ချမည့်အစုရှယ်ယာနှင့် စပ်လျဉ်း၍ မပေးချေရသေးသော ငွေပမာဏ များကို ပေးချေရန်တာဝန်ရှိသူ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ၎င်းတို့၏ တွဲဖက်လုပ်ကိုင်သူပုဂ္ဂိုလ် တစ်ဦးဦး ကဖြစ်စေ ဆုံးဖြတ်ချက်ကိုထောက်ခံ၍ ဆန္ဒမဲပေးခြင်းမပါရှိသည့် အထူးဆုံးဖြတ်ချက် ဖြစ်ရမည်။ သို့မဟုတ်
(၂) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် သာမန်အစုရှယ်ယာရှင်အားလုံးက သဘော တူညီသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း။
(ဂ) မတည်ငွေရင်းလျှော့ချခြင်းတွင် အစုရှယ်ယာများ ပယ်ဖျက်ခြင်းပါရှိခဲ့လျှင် ပယ်ဖျက်မည့် အစုရှယ်ယာများအား ပိုင်ဆိုင်သောအစုရှယ်ယာရှင်များ၏ အစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်ဖြင့် ထိုသို့လျှော့ချခြင်းကို အတည်ပြုရမည်။
(ဃ) ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပုဒ်မ ၁၁၅၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) မှ (၃) တို့တွင်ပါရှိသော သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ထားကြောင်း အတည်ပြုဖော်ပြချက် အပါအဝင် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မည်သို့ ဆန္ဒမဲပေးရန်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သောကုမ္ပဏီမှ သိရှိထားသည့် အရေးကြီးသော အချက်အလက်များအားလုံးကို ဖော်ပြထားသည့် တင်ပြချက်တစ်ရပ် ပါရှိစေရမည်။
(င) အစုရှယ်ယာရှင်များထံသို့ အစည်းအဝေးအကြောင်းကြားစာအား ပေးပို့ခြင်းမပြုမီ ကုမ္ပဏီသည် အောက်ပါစာရွက်စာတမ်း မိတ္တူတစ်စုံစီကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်-
(၁) အစည်းအဝေး အကြောင်းကြားစာနှင့်
(၂) အစုရှယ်ယာရှင်များထံသို့ပေးပို့မည့် အစည်းအဝေးအကြောင်းကြားစာနှင့် အတူ ပူးတွဲပါရှိသည့် မတည်ငွေရင်း လျှော့ချခြင်းနှင့် သက်ဆိုင်သောစာရွက်စာတမ်းများ။ ကုမ္ပဏီသည် အစည်းအဝေး အကြောင်းကြားစာနှင့် ယင်းနှင့်အတူပူးတွဲပါရှိသည့် စာရွက်စာတမ်းများကို မှတ်ပုံတင်အရာရှိထံ တင်ပြ ဆောင်ရွက်ပြီးဖြစ်ကြောင်းကို ဖော်ပြလျက် မတည်ငွေရင်းလျှော့ချခြင်းအား အတည်ပြုမည့် အစည်း အဝေး တစ်ရပ်ခေါ်ယူ ကျင်းပရန်ရည်ရွယ်သည့် အကြောင်းကြားစာကိုလည်း နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူး လျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် ထည့်သွင်းဖော်ပြရမည်။
(စ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (င) ပါစာရွက်စာတမ်းများကို လက်ခံရရှိသည့်နေ့ရက်မှစ၍ ၂၈ ရက် အတွင်း အစုရှယ်ယာရှင် များထံသို့ အစည်းအဝေး အကြောင်းကြားစာ ပေးပို့ခြင်းကိုဆောင်ရွက်ရန် သတ်မှတ်ရမည်။ မှတ်ပုံတင်အရာရှိက အကြောင်းကြားစာပေးပို့ရန် သတ်မှတ်ခဲ့လျှင် သို့မဟုတ် ယင်း ကာလအတွင်း သတ်မှတ်ချက်ကို မထုတ်ပြန်လျှင် ကုမ္ပဏီသည် အစည်းအဝေး အကြောင်းကြားစာကို ကုမ္ပဏီတွင် ပါဝင်သူများအား ပေးပို့ဆောင်ရွက်နိုင်သည်။
(ဆ) ပုဒ်မခွဲ (စ) အရ သတ်မှတ်ချက်တစ်ရပ်ရပ် ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အစုရှယ်ယာရှင် များ သို့မဟုတ် မြီရှင်များအား အကာအကွယ်ပေးရန်အတွက် လိုအပ်သည်ဟု ယူဆသည့်အခါ ပုဒ်မခွဲ (င) အရ တင်ပြသော စာရွက်စာတမ်းတစ်ရပ်ရပ်ကို ရှင်းလင်းစွာဖော်ပြရန် သို့မဟုတ် ပြောင်းလဲပြင်ဆင် ရန် အတွက် ကုမ္ပဏီသို့ညွှန်ကြားနိုင်သည်။
(ဇ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဃ) တွင်ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာထားခြင်း မရှိကြောင်း သို့မဟုတ် အလားတူအရေးကြီးသော အကြောင်းများကို တွေ့ရှိရလျှင် ပုဒ်မခွဲ (စ) တွင် ပါရှိသည့် အချိန်ကာလအတွင်း အစည်းအဝေး အကြောင်းကြားစာကို ကုမ္ပဏီမှထုတ်ဝေပေးပို့ခြင်း မပြုရန် သတ်မှတ်နိုင်သည်။
(ဈ) ကုမ္ပဏီသည် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ချမှတ်ပြီးနောက် ၂၁ ရက်အတွင်း ပုဒ်မခွဲ (ခ) အရ ယင်းဆုံးဖြတ်ချက်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ ထို့ပြင် နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ် သတင်းစာတစ်ခုခုတွင် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဖြစ်ကြောင်း အကြောင်းကြားချက်နှင့် မတည်ငွေရင်းလျှော့ချသည့် အသေးစိတ်ဖော်ပြချက် အကျဉ်းချုပ် တို့ကိုထုတ်ပြန်ရမည်။ ကုမ္ပဏီသည် မတည်ငွေရင်းလျှော့ချခြင်းကို အဆိုပါသတင်းစာတွင် ထုတ်ပြန် ပြီးနောက် ၂၈ ရက် ကြာမြင့်သည်အထိ မပြုလုပ်ရ။
(ည) ပုဒ်မခွဲ (စ)၊ (ဆ) နှင့် (ဇ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီက လူမွဲခံယူရခြင်း သို့မဟုတ် နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ပေါ်ပေါက်စေကာမူ ကုမ္ပဏီ၊ ကုမ္ပဏီတွင် ပါဝင် သူများ သို့မဟုတ် အခြားသူများအပေါ် မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိစေရ။
(ဋ) ပုဒ်မခွဲ (ည) အရ မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိသော်လည်း မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက် ကို အယူခံဝင်ရန် ပုဒ်မ ၄၂၈ အရ ကုမ္ပဏီမှရရှိသော အခွင့်အရေးကို ကန့်သတ်ထားခြင်းမရှိစေရ။
မတည်ငွေရင်းလျှော့ချခြင်းဆိုင်ရာ သတ်မှတ်ချက်များကိုလိုက်နာရန် ပျက်ကွက်မှု၏ အကျိုးဆက်များ
၁၁၇။ (က) ကုမ္ပဏီသည် ပုဒ်မ ၁၁၅ နှင့် ၁၁၆ တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိလျှင် ပုဒ်မ ၁၁၅ အရ မတည်ငွေရင်းလျှော့ချခြင်းကို မပြုလုပ်ရ။
(ခ) ပုဒ်မ ၁၁၅ နှင့် ၁၁၆ တို့တွင် ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကျိုဆန့်ကျင်၍ ဆောင်ရွက်ခြင်းသည် မတည်ငွေရင်းလျှော့ချခြင်း သို့မဟုတ် ချုပ်ဆိုထားသည့် ပဋိညာဉ်တစ်ခုခု သို့မဟုတ် ယင်းပဋိညာဉ်နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်တစ်ရပ်ရပ် တို့၏ အကျိုးသက်ရောက်ခြင်းကို ထိခိုက်စေခြင်းမရှိစေရ။
၁၁၈။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၁၇၊ ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်များကိုလိုက်နာရန် ပျက်ကွက် လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိစေ ရမည်။
၁၁၉။ ပုဒ်မ ၁၁၈ အပြင် ကုမ္ပဏီသည် မတည်ငွေရင်းလျှော့ချခြင်းနှင့် စပ်လျဉ်း၍ လျှော့ချပြီးနောက် လူမွဲစာရင်းဝင်ခဲ့လျှင် ပုဒ်မ ၁၁၇၊ ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကာ မတည်ငွေရင်း လျှော့ချခြင်းကို သိလျက်ဖြင့်တမင် ခွင့်ပြုခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာများအားလုံးသည်လည်း ကုမ္ပဏီ က ပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့်များထက် ကျော်လွန်သည့် မြီရှင်များသို့ ပေးရမည့်ကြွေးမြီများ ရှိခဲ့လျှင် မတည်ငွေရင်းလျှော့ချမှုပမာဏနှင့်အညီ ကုမ္ပဏီ၏မြီရှင်များအပေါ်တွင် တာဝန်ရှိစေရမည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စား တရားစွဲဆိုသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက သော်လည်းကောင်း အဆိုပါငွေပမာဏကို ဖော်ပြပါဒါရိုက်တာများထံမှ တောင်းခံရယူနိုင်သည်။
အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်း
၁၂၀။ (က) အောက်ပါအချက်များနှင့်ကိုက်ညီလျှင် ကုမ္ပဏီသည် ၎င်း၏အစုရှယ်ယာများကို ပြန်လည် ဝယ်ယူနိုင်သည်-
(၁) ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူပြီးနောက် ချက်ချင်းကြွေးမြီ စစ်ဆေးချက်ကို ကျေနပ်လက်ခံလျှင်၊
(၂) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းသည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ အားလုံးအတွက် မျှတလျော်ကန်မှုရှိလျှင်၊
(၃) အစုရှယ်ယာများအား ပြန်လည် ဝယ်ယူခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးချေရ မည့် တာဝန်များကို အများစုထိခိုက်မှု မရှိလျှင်နှင့်
(၄) ပုဒ်မ ၁၂၂ တွင် ဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ပြီး ပုဒ်မ ၁၂၁ အရ အစုရှယ်ယာရှင်များက အတည်ပြုလျှင်။
(ခ) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းကို အညီအမျှသော်လည်းကောင်း၊ ရွေးချယ်၍သော် လည်းကောင်း ဆောင်ရွက်နိုင်သည်။
(ဂ) အစုရှယ်ယာများအား အညီအမျှ ပြန်လည်ဝယ်ယူခြင်းတွင် အောက်ပါစည်းကမ်းချက်များနှင့် ကိုက်ညီရမည်-
(၁) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းမှုသည် သာမန်အစုရှယ်ယာများနှင့်သာ သက်ဆိုင်သည်။
(၂) သာမန်အစုရှယ်ယာ ပိုင်ဆိုင်သူအားလုံးထံသို့ ၎င်းတို့၏ သာမန်အစုရှယ်ယာ အချိုးနှင့်ညီမျှသည့် အစု ရှယ်ယာများကို ပြန်လည်ဝယ်ယူနိုင်စေရန် ကမ်းလှမ်းမှု ပြုလုပ်ရမည်။
(၃) သာမန်အစုရှယ်ယာ ပိုင်ဆိုင်သူ အားလုံးသည် အဆိုပါ ကမ်းလှမ်းချက်များကို လက်ခံရရှိနိုင်သည့် အခွင့်အရေးရှိရမည်။
(၄) ထိုကမ်းလှမ်းမှုများကို လက်ခံရန်အတွက် သတ်မှတ်ပေးထားသောကာလအထိ အစုရှယ်ယာများ အား ပြန်လည်ဝယ်ယူခြင်းဆိုင်ရာ သဘောတူညီချက်များကို ချုပ်ဆိုဆောင်ရွက်ခြင်း မပြုရ။ ၎င်းအပြင်
(၅) ကမ်းလှမ်းချက် အားလုံးတွင်ပါရှိသည့် စည်းကမ်းချက်များသည် တူညီရမည်။
(ဃ) ပုဒ်မခွဲ (ဂ) မှအပ ဤပုဒ်မအရ အစုရှယ်ယာများဝယ်ယူရာတွင် အခြားနည်းဖြင့် အစုရှယ်ယာ များအား ပြန်လည်ဝယ်ယူခြင်းအားလုံးသည် ရွေးချယ်၍ဝယ်ယူခြင်းဖြစ်သည်။
အစုရှယ်ယာရှင်များ၏ အတည်ပြုချက်
၁၂၁။ (က) အစုရှယ်ယာများအား အညီအမျှ ပြန်လည်ဝယ်ယူခြင်းအတွက် သဘောတူညီချက်တစ်ရပ်ကို ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ချမှတ်သော သာမန်ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုရမည် သို့မဟုတ် အဆိုပါအတည်ပြုချက်ရရှိသည့်အခါမှ သဘောတူညီချက်ကို တရားဝင်ပြုလုပ်ရမည်။
(ခ) အစုရှယ်ယာများအား ရွေးချယ်ခြင်းဖြင့် ပြန်လည်ဝယ်ယူခြင်းအတွက် သဘောတူညီချက်တစ်ရပ်ကို အောက်ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် အတည်ပြုရမည် သို့မဟုတ် အတည်ပြုချက်ရရှိသည့်အခါမှ အဆိုပါ အတည်ပြုချက်နှင့် အညီပြုလုပ်ရမည်-
(၁) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြု ခြင်း၊ ထိုအထူးဆုံးဖြတ်ချက်သည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်း၏ တစ်စိတ်တစ်ဒေသ အဖြစ် အဖိုးစားနားအားလက်ခံသူ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ၎င်းတို့၏တွဲဖက်လုပ်ကိုင်သူ ပုဂ္ဂိုလ် တစ်ဦးဦးကဖြစ်စေ ဆုံးဖြတ်ချက်ကို ထောက်ခံ၍ဆန္ဒမဲပေးခြင်း မပါရှိသည့် အထူးဆုံးဖြတ်ချက် ဖြစ်ရ မည်။ သို့မဟုတ်
(၂) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် သာမန်အစုရှယ်ယာရှင်အားလုံးက သဘောတူညီသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း။
(ဂ) ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပုဒ်မ ၁၂ဝ၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) မှ (၃) အထိပါရှိသော သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ထားကြောင်း အတည်ပြုဖော်ပြချက် အပါအဝင် ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မည်သို့ဆန္ဒမဲပေးရန်ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သောကုမ္ပဏီမှ သိရှိထားသည့် အရေးကြီးသော အချက်အလက်များအားလုံးကို ဖော်ပြထားသည့် တင်ပြချက်တစ်ရပ် ပါရှိစေရမည်။
(ဃ) အစုရှယ်ယာ ရှင်များထံသို့ အစည်းအဝေးအကြောင်းကြားစာအား ပေးပို့ခြင်းမပြုမီ၊ အစုရှယ်ယာ များအား ပြန်လည်ဝယ်ယူခြင်းအတွက် သဘောတူညီချက်ကို မပြုလုပ်မီကုမ္ပဏီသည် အောက်ပါစာရွက် စာတမ်း မိတ္တူတစ်စုံစီကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်-
(၁) အစည်းအဝေးအကြောင်းကြားစာ၊
(၂) အစုရှယ်ယာများအား ပြန်လည်ဝယ်ယူမည့် ကမ်းလှမ်းချက်အတွက် စည်းကမ်းချက်များ သတ်မှတ် ဖော်ပြပါရှိသော စာရွက်စာတမ်းနှင့်
(၃) အစုရှယ်ယာရှင်များထံသို့ပေးပို့မည့် အစည်းအဝေးအကြောင်းကြားစာနှင့် အတူ ပူးတွဲပါရှိသည့် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများ။ ကုမ္ပဏီသည် အစည်းအဝေး အကြောင်းကြားစာနှင့် ယင်းနှင့်အတူ ပူးတွဲပါရှိသည့် စာရွက်စာတမ်းများကို မှတ်ပုံတင် အရာရှိထံ တင်ပြဆောင်ရွက်ပြီးဖြစ်ကြောင်းကို ဖော်ပြလျက် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူ ခြင်းကို အတည်ပြုမည့် အစည်းအဝေးတစ်ရပ်ခေါ်ယူကျင်းပရန် ရည်ရွယ်သည့် အကြောင်းကြားစာကို လည်း နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် ထည့်သွင်း ဖော်ပြရမည်။
(င) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဃ) ပါစာရွက်စာတမ်းများကို လက်ခံရရှိသည့်နေ့ရက် မှစ၍ ၂၈ ရက်အတွင်း အစုရှယ်ယာရှင်များထံသို့ အစည်းအဝေးအကြောင်းကြားစာ ပေးပို့ခြင်းကို ဆောင်ရွက်ရန် သတ်မှတ်ရမည်။ မှတ်ပုံတင်အရာရှိမှ အကြောင်းကြားစာပေးပို့ရန် သတ်မှတ်ခဲ့လျှင် သို့မဟုတ် ယင်း ကာလအတွင်း သတ်မှတ်ချက်ကို မထုတ်ပြန်လျှင် ကုမ္ပဏီသည် အစည်းအဝေး အကြောင်းကြားစာကို ပေးပို့ဆောင်ရွက် နိုင်သည့်အပြင် အစုရှယ်ယာရှင်များ၏ အတည်ပြုချက်ရရှိပါက အစုရှယ်ယာ များအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက်ကို ပြုလုပ်နိုင်သည်။
(စ) ပုဒ်မခွဲ (င) အရ သတ်မှတ်ချက် တစ်ရပ်ရပ်အား ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အစုရှယ်ယာ ရှင်များ သို့မဟုတ် မြီရှင်များအား အကာအကွယ်ပေးရန်အတွက် လိုအပ်သည်ဟု ယူဆသည့်အခါ ပုဒ်မခွဲ (ဃ) အရ တင်ပြသောစာရွက်စာတမ်း တစ်ရပ်ရပ်ကို ရှင်းလင်းစွာဖော်ပြရန် သို့မဟုတ် ပြောင်းလဲ ပြင်ဆင်ရန်အတွက် ကုမ္ပဏီသို့ ညွှန်ကြားနိုင်သည်။
(ဆ) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဂ) တွင်ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာထားခြင်း မရှိ ကြောင်း သို့မဟုတ် အလားတူအရေးကြီးသော အကြောင်းများကို သင့်လျော်သည့် အကြောင်းအရာ အဖြစ် တွေ့ရှိရလျှင် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက် ပြုလုပ်ခြင်းနှင့် အစည်း အဝေးအကြောင်းကြားစာကိုကုမ္ပဏီမှ ထုတ်ဝေပေးပို့ခြင်းမပြုရန် ပုဒ်မခွဲ (င) တွင်ပါရှိသည့် အချိန် ကာလအတွင်း ချမှတ်နိုင်သည်။
(ဇ) ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ပြီးနောက် ၂၁ ရက်အတွင်း ပုဒ်မခွဲ (ခ) အရ ယင်း ဆုံးဖြတ်ချက်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ ထို့ပြင်နိုင်ငံတစ်ဝှမ်း ထုတ်ဝေ သည့် သတင်းစာတွင် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်ကြောင်း အကြောင်းကြားချက်နှင့် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းအတွက် အသေးစိတ်ဖော်ပြချက် အကျဉ်းချုပ်တို့ကို ထုတ်ပြန် ရမည်။ ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းကို နိုင်ငံတစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူး လျက်ရှိသော နေ့စဉ်ထုတ် သတင်းစာတစ်ခုခုတွင် ထုတ်ပြန်ပြီးနောက် ၂၈ ရက် ကြာမြင့်သည်အထိ မပြု လုပ်ရ။
(ဈ) ပုဒ်မခွဲ (င)၊ (စ) နှင့် (ဆ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီက လူမွဲခံယူရခြင်း သို့မဟုတ် နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ် ပေါ်ပေါက်စေကာမူ ကုမ္ပဏီ၊ ကုမ္ပဏီတွင် ပါဝင် သူများ သို့မဟုတ် အခြားသူများအပေါ် မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိစေရ။
(ည) ပုဒ်မခွဲ (ဈ) အရ မှတ်ပုံတင်အရာရှိတွင် တာဝန်မရှိသော်လည်း မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက် ကို အယူခံဝင်ရန် ပုဒ်မ ၄၂၈ အရ ကုမ္ပဏီမှရရှိသော အခွင့်အရေးကို ကန့်သတ်ထားခြင်းမရှိစေရ။
အစုရှယ်ယာများအားပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ
၁၂၂။ (က) ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူရန် ကမ်းလှမ်းချက်တစ်ရပ်တွင် ထိုကမ်းလှမ်း ချက်အားလက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်အတွက် ဆုံးဖြတ်နိုင်ရန် ကုမ္ပဏီမှသိရှိထား သည့် အရေးကြီးသော အချက်အလက်အားလုံးကို ဖော်ပြထားသော တင်ပြချက်တစ်ရပ် ပါရှိစေရမည်။
(ခ) ကုမ္ပဏီသည် အစု ရှယ်ယာများအား ပြန်လည်ဝယ်ယူရန်အတွက် သဘောတူညီချက်တစ်ရပ်ကို ပြုလုပ် ပြီးသည့်အခါတွင် ပြန်လည်ဝယ်ယူမည့် အစုရှယ်ယာများနှင့်အတူ ဆက်စပ်ပါရှိသည့် အခွင့်အရေးများ အားလုံးကို ဆိုင်းငံ့ ထားရမည်။ အဆိုပါ သဘောတူညီချက်အား ရပ်စဲခဲ့လျှင် ထိုသို့ဆိုင်းငံ့ထားခြင်းကို ပယ်ဖျက်ရမည်။
(ဂ) ကုမ္ပဏီသည် ၎င်းမှပြန်လည်ဝယ်ယူထားသည့် အစုရှယ်ယာများကို စွန့်လွှတ်ခြင်းမပြုရ။ ဤပုဒ်မခွဲ ပါ ပြဋ္ဌာန်းချက်နှင့်ဆန့်ကျင်၍ ပြုလုပ်ထားသည့် သဘောတူညီချက် တစ်ရပ်ရပ်သည် ပျက်ပြယ်သည်။
(ဃ) ကုမ္ပဏီသို့ ပြန်လည်ဝယ်ယူသည့် အစုရှယ်ယာများအား လွှဲပြောင်းခြင်းကို မှတ်ပုံတင်ပြီးနောက် အစုရှယ်ယာများကို ချက်ချင်းပယ်ဖျက်ရမည်။
အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းဆိုင်ရာ သတ်မှတ်ချက်များကိုလိုက်နာရန် ပျက်ကွက်မှု၏ အကျိုးဆက်များ
၁၂၃။ (က) ကုမ္ပဏီသည် ပုဒ်မ ၁၂၁ နှင့် ၁၂၂ တို့တွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်း မရှိလျှင် ပုဒ်မ ၁၂ဝ အရ အစုရှယ်ယာများအား ပြန်လည် ဝယ်ယူခြင်းကို မပြုလုပ်ရ။
(ခ) ကုမ္ပဏီသည် ပုဒ်မ ၁၂၁ နှင့် ၁၂၂ တို့တွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍ ဆောင်ရွက်ခြင်းသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်း သို့မဟုတ် ချုပ်ဆိုထားသည့် ပဋိညာဉ် တစ်ခုခု သို့မဟုတ် ယင်းပဋိညာဉ်နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်တစ်ရပ်ရပ်တို့၏ အကျိုးသက် ရောက်ခြင်းကို ထိခိုက်စေခြင်းမရှိစေရ။
၁၂၄။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၂၃၊ ပုဒ်မခွဲ (က) ပါသတ်မှတ် ချက်များကို လိုက်နာရန်ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့် တမင်ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိ စေရမည်။
၁၂၅။ ပုဒ်မ ၁၂၄ အပြင် ကုမ္ပဏီသည် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်ဝယ်ယူပြီးနောက် လူမွဲစာရင်းဝင်ခဲ့လျှင် ပုဒ်မ ၁၂၃၊ ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်၍ အစုရှယ်ယာများအား ပြန်လည်ဝယ်ယူခြင်းကို သိလျက်ဖြင့်တမင် ခွင့်ပြုခဲ့သောကုမ္ပဏီ၏ ဒါရိုက်တာများ အားလုံးသည်လည်း ကုမ္ပဏီကပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့်များထက် ကျော်လွန် သည့် မြီရှင်များသို့ ပေးရမည့် ကြွေးမြီများရှိခဲ့လျှင် အစုရှယ်ယာများအား ပြန်လည်ဝယ်ယူမှု အတွက် ပေးချေရမည့်တန်ဖိုး ပမာဏနှင့်အညီ ကုမ္ပဏီ၏ မြီရှင်များအပေါ်တွင် တာဝန်ရှိစေရမည် ဖြစ်သည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စား တရားစွဲဆိုသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက သော်လည်းကောင်း အဆိုပါ ငွေပမာဏကို ဖော်ပြပါဒါရိုက်တာများထံမှ တောင်းခံရယူနိုင်သည်။
အစုရှယ်ယာရှင်များ၏ အခွင့်အရေးများကို ပြောင်းလဲသတ်မှတ်ခြင်း
အစုရှယ်ယာအမျိုးအစားများကို ပိုင်ဆိုင်သူများ၏ အခွင့်အရေးကို ပြောင်းလဲသတ်မှတ်ခြင်း
၁၂၆။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ အစုရှယ်ယာအမျိုးအစားတစ်ရပ်တွင်ပါရှိသော အစု ရှယ်ယာများ၏အခွင့်အရေးများ သို့မဟုတ် အစုရှယ်ယာမတည်ငွေရင်းမပါရှိသော ကုမ္ပဏီဖြစ်ခဲ့လျှင် ကုမ္ပဏီတွင် ပါဝင်သူအမျိုးအစားတစ်ရပ်တွင် ပါရှိသောသူများ၏ အခွင့်အရေးကို ပြောင်းလဲသတ်မှတ် ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများအား သတ်မှတ်ဖော်ပြထားပါက အဆိုပါ လုပ်ထုံးလုပ်နည်းများနှင့် အညီသာလျှင် ပြောင်းလဲသတ်မှတ်နိုင်မည် သို့မဟုတ် ပယ်ဖျက်နိုင်မည် ဖြစ် သည်။ ထိုလုပ်ထုံးလုပ်နည်းကို ယင်းတွင်ပါရှိသည့် သတ်မှတ်ချက်များနှင့် အညီသာလျှင် ပြောင်းလဲနိုင် သည်။
(ခ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပုဒ်မခွဲ (က) ၌ ဖော်ပြထားသော လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ် မပါရှိခဲ့လျှင် အဆိုပါအလားတူအခွင့်အရေးများကို ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက်ဖြင့်သာ ပြောင်းလဲသတ်မှတ် နိုင်သည် သို့မဟုတ် ပယ်ဖျက်နိုင်သည်။ ထို့ပြင်
(၁) အောက်ပါဖော်ပြထားသည့် ပါဝင်သူများ၏ အစည်းအဝေးမှ ချမှတ်သော အထူးဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်-
(ကက) အစုရှယ်ယာ မတည်ငွေရင်း ပါရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်ဆိုလျှင် အဆိုပါအစုရှယ်ယာ အမျိုးအစားတွင် အစုရှယ်ယာများ ပိုင်ဆိုင်သည့်သူများ သို့မဟုတ်
(ခခ) အစုရှယ်ယာ မတည်ငွေရင်းမပါရှိသော ကုမ္ပဏီတစ်ခုဖြစ်သည်ဆိုလျှင် ပြောင်းလဲသတ်မှတ်ထား သော သို့မဟုတ် ပယ်ဖျက်ထားသော အခွင့်အရေးများကို ခံစားခွင့်ရှိသည့် အမျိုးအစားတွင် ပါဝင်သူများ သို့မဟုတ်
(၂) အဆိုပါအမျိုးအစားတွင် အနည်းဆုံး ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းရှိသည့် ကုမ္ပဏီတွင် ပါဝင်သူများ၏ စာဖြင့်ရေးသား သဘောတူညီချက်ဖြင့်လည်း ပြုလုပ်နိုင်သည်။
(ဂ) ကုမ္ပဏီသည် ပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းအား ပြုလုပ်ပြီးနောက် ခုနစ်ရက် အတွင်း ထိုသို့ ပြောင်းလဲသတ်မှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းကို အဆိုပါ အမျိုးအစားများတွင် ပါဝင်သူများထံသို့ စာဖြင့်ရေးသား အကြောင်းကြားရမည်။
(ဃ) ပုဒ်မခွဲ (င) အရပြုလုပ်သော လျှောက်ထားမှုကို လိုက်နာလျက် သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပြီးနောက် သို့မဟုတ် သက်ဆိုင်ရာသဘောတူညီချက်များကို လက်ခံရရှိပြီးနောက် ၂၁ ရက်အတွင်း ကုမ္ပဏီသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြုလုပ်သည့် ပြောင်းလဲသတ်မှတ်ခြင်းများ နှင့် ကုမ္ပဏီ၏ အစုရှယ်ယာမတည်ငွေရင်း ပြောင်းလဲစေမည့် ကိစ္စရပ်များအား မှတ်ပုံတင်အရာရှိထံသို့ သတ်မှတ်ဖော်ပြ ထားသည့်ပုံစံဖြင့် အကြောင်းကြားစာ ပေးပို့တင်ပြရမည်။
(င) ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြောင်းလဲသတ်မှတ်ထားသည့် ထုတ်ဝေပြီးဖြစ်သော အစုရှယ်ယာ အမျိုးအစားတစ်ခု၏ စုစုပေါင်း ၁ဝ ရာခိုင်နှုန်းထက်မနည်းသော အစုရှယ်ယာများကို ပိုင်ဆိုင်ထားသည့် သူများတွင် ပြောင်းလဲသတ်မှတ်ရန်အတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်းတွင် သဘောတူညီခြင်းမရှိခဲ့လျှင် သို့မဟုတ် မဲပေးခြင်းမရှိသူက အဆိုပါ ပြောင်းလဲသတ်မှတ်ခြင်းကို ဆက်လက်၍ သဘောတူညီခြင်း မရှိလျှင် ထိုသူသည် အဆိုပါ ပြောင်းလဲသတ်မှတ်ခြင်းကို ပယ်ဖျက်ပေးရန် အတွက်တရားရုံးသို့ လျှောက်ထားတင်ပြနိုင်သည်။ ထိုသို့လျှောက်ထားမှု တစ်စုံတစ်ရာရှိခဲ့ပါက အဆိုပါပြောင်းလဲ သတ်မှတ် ခြင်းကို တရားရုံးကအတည်မပြုမီအထိ ထိုသို့ပြောင်းလဲသတ်မှတ်ခြင်းမှာ အကျိုးသက်ရောက်ခြင်း မရှိ စေရ။
(စ) ပုဒ်မခွဲ (င) အရ တင်ပြလျှောက်ထားမှုကို သဘောတူညီချက်ပေးသည့်နေ့ရက် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ရက်မှ ၂၁ ရက်အတွင်း ပြုလုပ်ရမည်။ လျှောက်ထားမှုအား ပြုလုပ်ခွင့် ရှိသည့်အစုရှယ်ယာရှင်များ ကိုယ်စား ၎င်းတို့က ဤကိစ္စအလို့ငှာ စာဖြင့် ရေးသားခန့်အပ်ထားသော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများက ထိုလျှောက်ထားမှုကို ပြုလုပ်နိုင်သည်။
(ဆ) လျှောက်ထားမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားရုံးသည် လျှောက်ထားသူ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ ကြားနာပေးရန် တရားရုံးသို့ လျှောက်ထားသော အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ကြားနာစစ်ဆေး ပြီးနောက် အဆိုပါ ပြောင်းလဲသတ်မှတ်ခြင်းသည် လျှောက်ထားသူမှ ကိုယ်စားပြုသောအမျိုးအစားတွင် ပါဝင်သူများကို မတရားထိခိုက်နစ်နာ စေကြောင်း အမှုတွင်ပေါ်ပေါက်ခဲ့လျှင် ထိုသို့ပြောင်းလဲ သတ်မှတ် ခြင်းအား ခွင့်မပြုကြောင်း ဆုံးဖြတ်နိုင်သည်။ အမှုတွင် ထိုသို့မပေါ်ပေါက်ပါက ပြောင်းလဲသတ်မှတ်ခြင်း အား အတည်ပြုပေးရမည်။
(ဇ) အဆိုပါ လျှောက်ထားမှုနှင့်စပ်လျဉ်း၍ တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။
(ဈ) ကုမ္ပဏီသည် လျှောက်ထားမှုအပေါ်ချမှတ်သည့် အမိန့်တစ်ရပ်ရပ်ကို လက်ခံရရှိပြီးနောက် ၂၁ ရက် အတွင်း ထိုအမိန့်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံပေးပို့ရမည်။
(ည) ကုမ္ပဏီအရာရှိအားလုံး၏ တာဝန်မှာ ဤပုဒ်မပါ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုအပ်သော အရေးယူဆောင်ရွက်မှုများကိုလည်းကောင်း၊ သက်ဆိုင်သည့် တင်ပြဆောင်ရွက်မှုများကို လည်းကောင်း ပြုလုပ်ရန်ဖြစ်သည်။
(ဋ) ဤပုဒ်မတွင်ဖော်ပြပါရှိသည့် ‘ပြောင်းလဲသတ်မှတ်ခြင်း’ နှင့် ‘ပြောင်းလဲသတ်မှတ်သော’ ဆိုသည် တွင် ‘ပယ်ဖျက်ခြင်း’ နှင့် ‘ပယ်ဖျက်သော’ ဟု အဓိပ္ပာယ်လည်း ပါဝင်စေရမည်။
၁၂၇။ ပုဒ်မ ၁၂၆၊ ပုဒ်မခွဲ (ည) တွင်ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်ကိုလိုက်နာရန် ပျက်ကွက်လျှင် ပျက်ကွက်မှု၌ သိလျက်ဖြင့်တမင်ပါဝင်သည့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ တစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်းကို ပေးဆောင်ရမည်။
ငွေကြေးအထောက်အပံ့
ကုမ္ပဏီမှ ယင်း၏ထုတ်ဝေသည့် အစုရှယ်ယာများကိုဝယ်ယူခြင်းအတွက် ငွေကြေးအထောက်အပံ့ပေးခြင်းဆိုင်ရာ ကန့်သတ်ချက်များ
၁၂၈။ (က) ဤပုဒ်မ သို့မဟုတ် ပုဒ်မ ၁၃ဝ တို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များမှတစ်ပါးအများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ လက်အောက်ခံကုမ္ပဏီမဟုတ်သော အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီများအပြင် အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ယင်းကုမ္ပဏီက သို့မဟုတ် ကုမ္ပဏီ၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီကထုတ်ဝေ ထားသည့် အစုရှယ်ယာတစ်ရပ်ရပ်ကို ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်ခဲ့သော သို့မဟုတ် ပြုလုပ်မည်ဖြစ် သော ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သို့မဟုတ် ဝယ်ယူရန်အတွက် ငွေကြေးအထောက်အပံ့ တစ်စုံတစ်ရာကို ပေးအပ်ခြင်းမပြုရ။ သို့ရာတွင် ငွေထုတ်ချေးခြင်းမှာ ကုမ္ပဏီ၏ သာမန်စီးပွားရေးလုပ်ငန်း တစ်စိတ် တစ်ဒေသဖြစ်လျှင် ကုမ္ပဏီ၏ သာမန်စီးပွားရေးလုပ်ငန်းအဖြစ် ငွေထုတ်ချေးခြင်းအား ဤပုဒ်မတွင်ပါရှိ သော မည်သည့်ပြဋ္ဌာန်းချက်ကမျှ တားမြစ်ခြင်းမရှိစေရ။
(ခ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ကုမ္ပဏီတစ်ခုက အစုရှယ်ယာများကို ပြန်လည် ရွေးနုတ်ရယူခြင်း၊ အစုရှယ်ယာမတည်ငွေရင်းကို လျှော့ချခြင်း သို့မဟုတ် အခန်း (၁၅) တွင်ပါရှိသော ပြဋ္ဌာန်းချက်များအရ ကုမ္ပဏီ၏ အစုရှယ်ယာမတည်ငွေရင်းအပေါ် အကျိုးသက်ရောက် စေမည့် ဆောင်ရွက်မှု သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ပြုလုပ်ခြင်းတို့နှင့်စပ်လျဉ်းသော အခွင့်အရေးကို ထိခိုက်စေခြင်း မရှိစေရ။
၁၂၉။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၂၈ ပါပြဋ္ဌာန်းချက်များကို ဆန့်ကျင်လျက် ပြုလုပ်ဆောင်ရွက်ခဲ့လျှင် ပျက်ကွက်မှု၌ သိလျက်ဖြင့်တမင် ပါဝင်သည့်ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ များ တစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ် ၂၅ သိန်းကို ပေးဆောင်ရမည်။
ငွေကြေးအထောက်အပံ့ ပေးအပ်ရန် ကုမ္ပဏီအားခွင့်ပြုခြင်း
၁၃၀။ (က) ပုဒ်မ ၁၂၈ နှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် အောက်ပါအချက်များနှင့် ညီညွတ်မှသာ ကုမ္ပဏီ သို့မဟုတ် ယင်း၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုရှိ အစုရှယ်ယာများကို ရယူနိုင်ရန် အတွက် ပုဂ္ဂိုလ်တစ်ဦးဦးသို့ ငွေကြေးအထောက်အပံ့ ပေးအပ်နိုင်သည်-
(၁) ဒါရိုက်တာအဖွဲ့သည် အောက်ပါအခြေအနေများကို လက်ခံနိုင်ဖွယ်ရှိသော အကြောင်းပြချက်များ ရှိကြောင်း ဆုံးဖြတ်ခဲ့လျှင်-
(ကက) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးသင့်ကြောင်း၊
(ခခ) ထိုသို့ ငွေကြေးအထောက်အပံ့ပေးခြင်းသည် ကုမ္ပဏီအတွက် အကောင်းဆုံး အကျိုးခံစားခွင့်များ ကို ကောင်းစွာရရှိစေမည်ဖြစ်ကြောင်း၊
(ဂဂ) ငွေကြေး အထောက်အပံ့ပေးခြင်းသည် ကုမ္ပဏီ၏အစုရှယ်ယာရှင်များ အားလုံးအတွက် မျှတ လျော်ကန်မှုရှိကြောင်း၊
(ဃဃ) ငွေကြေးအထောက်အပံ့ပေးခြင်းသည် ကုမ္ပဏီက ယင်း၏မြီရှင်များသို့ ငွေပေးချေရမည့် တာဝန်များကို အများစုထိခိုက်မှုမရှိကြောင်းနှင့်
(ငင) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးပြီးနောက် ချက်ချင်း ကြွေးမြီစစ်ဆေးချက်ကို ကျေနပ် လက်ခံကြောင်း၊ သို့မဟုတ်
(၂) ပုဒ်မ ၁၃၃ အရ ငွေကြေး အထောက်အပံ့ပေးခြင်းအား အစုရှယ်ယာရှင်များက အတည်ပြုကြောင်း။
(ခ) ငွေကြေးအထောက်အပံ့ပေးခြင်းအား ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ ဒါရိုက်တာအဖွဲ့မှ ခွင့်ပြုပြီးနောက် အဆိုပါငွေကြေး အထောက်အပံ့ကို ပေးအပ်ခြင်းမပြုသေးမီ ကာလအတွင်း ကုမ္ပဏီ အနေဖြင့် ငွေကြေးအထောက်အပံ့ပေး ပြီးနောက် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) ပါ လိုအပ်ချက်များကို ချက်ချင်းလိုက်နာနိုင်သည့် အခြေအနေရှိမည်မဟုတ်ကြောင်း ဒါရိုက်တာအဖွဲ့ကတွေ့ရှိလျှင် ကုမ္ပဏီက ပြုလုပ်မည့် ငွေကြေးအထောက်အပံ့ တစ်ရပ်ရပ်ကို ပြုလုပ်ခွင့်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။
၁၃၁။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၃ဝ ပါသတ်မှတ်ချက်များကိုလိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေး ငွေကျပ်နှစ်ဆယ့်ငါးသိန်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်မှုကို ခွင့်ပြုခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိ စေရမည်။
၁၃၂။ ပုဒ်မ ၁၃၁ အပြင် ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့များ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပေးအပ် ပြီးနောက် လူမွဲစာရင်းဝင်ခဲ့လျှင် ပုဒ်မ ၁၃ဝ၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်၍ ငွေကြေးအထောက်အပံ့ပေးခြင်းကို သိလျက်ဖြင့်တမင် ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာများအားလုံး သည်လည်း ကုမ္ပဏီကပြန်လည်ရရှိနိုင်သော ရရန်ပိုင်ခွင့်များထက် ကျော်လွန်သည့် မြီရှင်များသို့ ပေးရ မည့် ကြွေးမြီများရှိခဲ့လျှင် ငွေကြေးအထောက်အပံ့များပေးခဲ့သည့် တန်ဖိုးပမာဏနှင့်အညီ ကုမ္ပဏီ၏ မြီရှင်များ အပေါ်တွင် တာဝန်ရှိစေရမည်ဖြစ်သည်။ မြီရှင်ကသော်လည်းကောင်း၊ မြီရှင်ကိုယ်စား တရား စွဲဆိုသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကသော်လည်းကောင်း အဆိုပါ ငွေပမာဏကို ဖော်ပြပါ ဒါရိုက်တာများထံမှ တောင်းခံရယူနိုင်သည်။
အစုရှယ်ယာရှင်များ၏ အတည်ပြုချက်
၁၃၃။ (က) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးခြင်းအတွက် အစုရှယ်ယာရှင်များ၏ အတည်ပြု ချက်ကို အောက်ပါအတိုင်းပြုလုပ်ရမည်-
(၁) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြု ခြင်း၊ ထိုအထူးဆုံးဖြတ်ချက်မှာ အစုရှယ်ယာများ ရရှိသူကဖြစ်စေ၊ ၎င်းတို့၏တွဲဖက်လုပ်ကိုင်သူ ပုဂ္ဂိုလ် တစ်ဦးဦးကဖြစ်စေ ဆုံးဖြတ်ချက်ကိုထောက်ခံ၍ ဆန္ဒမဲပေးခြင်း မပါရှိသည့် အထူးဆုံးဖြတ်ချက် ချမှတ် ခြင်း၊ သို့မဟုတ်
(၂) ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် သာမန်အစုရှယ်ယာရှင်များအားလုံးက သဘောတူညီ သည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် အတည်ပြုခြင်း။
(ခ) ကုမ္ပဏီသည် ပုဒ်မ ၁၃ဝ တွင် ဖော်ပြပါရှိသည့်အတိုင်း ငွေကြေးအထောက်အပံ့ကို ရယူဆောင်ရွက် ပြီးနောက် ချက်ချင်းနိုင်ငံတော်အတွင်း စတော့ဈေးကွက်၌ အမည်စာရင်း တင်သွင်းထားသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ လက်အောက်ခံကုမ္ပဏီ ဖြစ်သည်ဆိုလျှင် ငွေကြေးအထောက်အပံ့အား အဆိုပါ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင် ချမှတ်သည့် အထူးဆုံးဖြတ် ချက် တစ်ရပ်ဖြင့် အတည်ပြုရမည်။
(ဂ) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့ပေးခြင်း ဆောင်ရွက်ပြီးနောက် ချက်ချင်း အောက်ပါအတိုင်း အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုရှိခဲ့လျှင် ထိုအစုများပိုင်ဆိုင်သည့် ကုမ္ပဏီသည်-
(၁) ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားပြီး နိုင်ငံတော်အတွင်း စတော့ဈေးကွက်၌ အမည်စာရင်း တင်သွင်းထားခြင်း မရှိသေးသည့် ကုမ္ပဏီဖြစ်သည်ဆိုလျှင်၊ ၎င်းအပြင်
(၂) ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အခြားကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု မဟုတ်သော ကုမ္ပဏီ ဖြစ်သည်ဆိုလျှင်၊ အထက်ပါကိစ္စရပ်တွင် ငွေကြေးအထောက်အပံ့ပေးခြင်းကို ထိုအစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင်ချမှတ်သည့် အထူးဆုံးဖြတ်ချက် တစ်ရပ်ဖြင့် အတည်ပြုရမည်။ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) သို့မဟုတ် (ဂ) တို့တွင်ပါရှိသော ကိစ္စရပ်များ အတွက် အစည်းအဝေးတစ်ရပ်အား ခေါ်ယူကျင်းပလိုသော ကုမ္ပဏီသည် အစည်းအဝေးအကြောင်း ကြားစာနှင့် အတူ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မည်သို့ဆန္ဒမဲပေးရန် ဆုံးဖြတ်ခြင်းနှင့် သက်ဆိုင်သော ကုမ္ပဏီမှ သိရှိထားသည့် အရေးကြီးသော အချက်အလက်များအားလုံးကို ဖော်ပြထားသည့် တင်ပြချက် တစ်ရပ်ပါရှိစေရမည်။
(ဃ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) သို့မဟုတ် (ဂ) တို့တွင်ပါရှိသော ကိစ္စရပ်များအတွက် ခေါ်ယူ ကျင်းပမည့် အစည်းအဝေး အကြောင်းကြားစာအား ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ပေးပို့ခြင်းမပြုမီ ကုမ္ပဏီသည် အောက်ပါစာရွက်စာတမ်းမိတ္တူတစ်စုံစီကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်-
(၁) အစည်းအဝေး အကြောင်း ကြားစာနှင့်
(၂) ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ပေးပို့မည့် အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပူးတွဲပါရှိသည့် ငွေကြေးအထောက်အပံ့ပေးခြင်းနှင့် သက်ဆိုင်သော စာရွက် စာတမ်းများ။
(င) ကုမ္ပဏီသည် ငွေကြေးအထောက်အပံ့မပေးမီ အနည်းဆုံး ၂၁ ရက်အတွင်း ထိုငွေကြေး အထောက် အပံ့ ပေးခြင်းအား ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်အညီ အတည်ပြုဆောင်ရွက် ပြီးဖြစ်ကြောင်း သတ်မှတ် ဖော်ပြထားသည့် ပုံစံဖြင့် အကြောင်းကြားစာတစ်စောင်အား မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်။
(စ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) သို့မဟုတ် (ဂ) တို့တွင်ပါရှိသော ကိစ္စရပ်များအတွက် ချမှတ်ထားသည့် အထူးဆုံးဖြတ်ချက် တစ်ရပ်ကို ယင်းဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ ၁၄ ရက် အတွင်း ဖော်ပြပါကုမ္ပဏီ၊ နိုင်ငံတော်အတွင်း စတော့ဈေးကွက်၌ အမည်စာရင်း တင်သွင်းထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ သို့မဟုတ် အစုများပိုင်ဆိုင်သည့် ကုမ္ပဏီသည် မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။
(ဆ) ကုမ္ပဏီ၏ဒါရိုက်တာနှင့် အခြားအရာရှိအားလုံး၏တာဝန်များမှာ ဤပုဒ်မပါ လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုအပ်သောအရေးယူ ဆောင်ရွက်မှုများကိုလည်းကောင်း၊ သက်ဆိုင်သည့် တင်ပြဆောင် ရွက်မှုများကို လည်းကောင်း သင့်လျော်သော ဆောင်ရွက်ချက်ဖြင့် ပြုလုပ်ရန်ဖြစ်သည်။
၁၃၄။ ပုဒ်မ ၁၃၃၊ ပုဒ်မခွဲ (ဆ) တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်ကိုလိုက်နာရန် ပျက်ကွက်လျှင် ပျက်ကွက် မှု၌ သိလျက်ဖြင့်တမင် ပါဝင်သည့် ကုမ္ပဏီနှင့်ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ တစ်ဦးစီသည် ဒဏ်ကြေးငွေကျပ် ၂၅ သိန်းကို ပေးဆောင်ရမည်။
ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ဆောင်ရွက်ခြင်း၏ အကျိုးသက်ရောက်မှုများ
၁၃၅။ ပုဒ်မ ၁၂၈ တွင်ပါရှိသော ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျက် ကုမ္ပဏီသည် ငွေကြေးအထောက် အပံ့များကိုပေးအပ်ခဲ့လျှင် ထိုသို့ငွေကြေးအထောက်အပံ့ပေးခြင်း သို့မဟုတ် ချုပ်ဆိုထားသည့် ပဋိညာဉ် တစ်ခုခု သို့မဟုတ် ယင်းပဋိညာဉ်နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်တစ်ရပ်ရပ်တို့၏ အကျိုး သက်ရောက်ခြင်းကို ထိခိုက်စေခြင်းမရှိစေရ။
အစုရှယ်ယာများကို မိမိကိုယ်တိုင်ပြန်လည်ရယူခြင်းအား တားမြစ်ခြင်း
အစုရှယ်ယာများအားတိုက်ရိုက်ရယူခြင်း
၁၃၆။ ကုမ္ပဏီတစ်ခုသည် အောက်ပါကိစ္စရပ်မှအပ ၎င်း၏အစုရှယ်ယာများကို ရယူခြင်းမပြုရ-
(က) ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်ဝယ်ယူခြင်း သို့မဟုတ်
(ခ) တရားရုံး၏အမိန့်အရ ဆောင်ရွက်ခြင်း။
အစုရှယ်ယာများအပေါ် အာမခံချက်များ ရယူခြင်း
၁၃၇။ ကုမ္ပဏီတစ်ခုသည် ယင်း၏အစုရှယ်ယာများ သို့မဟုတ် ယင်းကို ကြီးကြပ်အုပ်ချုပ်နေသည့် အစုများ ပိုင်ဆိုင်သောကုမ္ပဏီ၏ အစုရှယ်ယာများအပေါ် အာမခံချက်များရယူခြင်းမပြုရ။
အစုရှယ်ယာများကို လက်အောက်ခံကုမ္ပဏီတစ်ခုသို့ ထုတ်ဝေခြင်း သို့မဟုတ် လွှဲပြောင်းခြင်း
၁၃၈။ အောက်ပါအကြောင်းများ ပေါ်ပေါက်ခြင်းမရှိလျှင် ကုမ္ပဏီတစ်ခုက ယင်း၏လက်အောက်ခံ ကုမ္ပဏီသို့ ယင်း၏ အစုရှယ်ယာများကိုထုတ်ဝေခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းသည် ပျက်ပြယ် သည်-
(က) လွှဲပြောင်းလက်ခံသော လက်အောက်ခံကုမ္ပဏီသည် အစုရှယ်ယာများအား ယုံကြည် အပ်နှံခြင်းခံရ သူအဖြစ်သာ လက်ခံထားခြင်းဖြစ်ပြီး အစုရှယ်ယာများမှ အကျိုးခံစားခွင့် တစ်ရပ်ရပ်ကို ရယူခြင်းမရှိ လျှင် သို့မဟုတ်
(ခ) လွှဲပြောင်းမှုအား အဆိုပါကုမ္ပဏီ၏ အစုများပိုင်ဆိုင်သော ကုမ္ပဏီကပြုလုပ်ပြီး လွှဲပြောင်းလက်ခံ သော လက်အောက်ခံကုမ္ပဏီက ထိုအစုများပိုင်ဆိုင်သောကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီ ဖြစ်လျှင်။
ကင်းလွတ်ချက်များ
၁၃၉။ ဤပုဒ်မနှင့် သက်ဆိုင်ခြင်းမရှိသည့် အခြားအခွင့်အာဏာတစ်ရပ်ရပ်ကို ထိခိုက်ခြင်းမရှိစေဘဲ ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မ ၁၃၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၁၃၇ နှင့် ၁၃၈ တို့တွင် တားမြစ်ထားသည့် သို့မဟုတ် ပျက်ပြယ်သည့်ကိစ္စတစ်ရပ်ရပ်ကိုခွင့်ပြုနိုင်ပြီး အကျိုးသက်ရောက်စေနိုင်သည့် အခြေအနေ များကို သတ်မှတ်ဖော်ပြနိုင်သည်။
တာဝန်များကို ဆက်လက်ဆောင်ရွက်ရခြင်း
အခြားတာဝန်များကို ဆက်လက်လိုက်နာဆောင်ရွက်ရခြင်း
၁၄၀။ ဒါရိုက်တာတစ်ဦးသည် အစုရှယ်ယာမတည်ငွေရင်းအပေါ် အကျိုးသက်ရောက်စေမည့် ဆောင်ရွက် ချက်များနှင့်စပ်လျဉ်း၍ အပိုင်း ၄ တွင် ပါရှိသော တာဝန်များအပါအဝင် ဤဥပဒေအရ ၎င်းတို့၏တာဝန် သို့မဟုတ် ၎င်းတို့အားပေးအပ်ထားသည့် တာဝန်တစ်ရပ်ရပ်ကို ဤအခန်းတွင် ဖော်ပြပါရှိသော ပြဋ္ဌာန်း ချက် တစ်ရပ်အရ ခွင့်ပြုထားသည့် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများက ဆုံးဖြတ်ချက်ချမှတ်၍ အတည် ပြုထားသည့် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ခွင့်ပြုထားသည့် အကြောင်းမျှဖြင့် ကင်းလွတ် ခွင့် မရှိစေရ။
အပိုင်း (၄)
စီမံခန့်ခွဲခြင်းနှင့်အုပ်ချုပ်ခြင်း၊ အများပြည်သူသို့ ကမ်းလှမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ကြွေးမြီ တာဝန် ရှိခြင်း၊ ကုမ္ပဏီ၏ငွေစာရင်းများကို ထိန်းသိမ်းထားရှိခြင်း
အခန်း (၁၆)
ကုမ္ပဏီရုံးခန်းနှင့် အမည်
မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်း
၁၄၁။ (က) ကုမ္ပဏီတစ်ခုသည် ယင်းအား စတင်ဖွဲ့စည်းတည်ထောင်သည့် နေ့မှစ၍ ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်မှုများ၊ အကြောင်းကြားမှုများအတွက် လိပ်မူပေးပို့နိုင်မည့် မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်း တစ်ခုရှိရမည်။
(ခ) ကုမ္ပဏီသည် မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာရှိ အဆောက်အအုံဥပစာတွင် လုပ်ငန်းဆောင် ရွက်ရန်မလိုအပ်။ သို့ရာတွင် အဆိုပါ အဆောက်အအုံဥပစာတွင် ဝင်ရောက်နေထိုင်သူက ယင်းနေရာအား ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းအဖြစ် အသုံးပြုခွင့်ပေးကြောင်း သဘောတူညီချက်ကို ရယူ ထိန်းသိမ်းထားရမည်။ အဆိုပါသဘောတူညီချက်အား ပြန်လည်ရုပ်သိမ်းခဲ့လျှင် ကုမ္ပဏီသည် မှတ်ပုံတင် ထားသော ရုံးခန်းအသစ်တစ်ခုကို ထပ်မံဖော်ပြရမည်။ မှတ်ပုံတင်အရာရှိသည် ဤပုဒ်မခွဲအရ လိုအပ်သော သဘောတူညီချက် အထောက်အထားကို ကုမ္ပဏီအားတင်ပြစေနိုင်သည်။
(ဂ) ကုမ္ပဏီဖွဲ့စည်းတည်ထောင်သည့် လျှောက်လွှာတွင် မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ အပြည့် အစုံကို အကြောင်းကြား ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး အဆိုပါလိပ်စာတွင် အဆိုပြုပြောင်းလဲပြင်ဆင်မှု တစ်စုံတစ်ရာရှိခဲ့ပါက ထိုသို့ပြောင်းလဲ ပြင်ဆင်သည့်နေ့ မတိုင်မီ သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။ မှတ်ပုံတင်အရာရှိသည် အဆိုပါပြောင်းလဲမှုများကို မှတ်တမ်းတင် ထားရှိရမည်။
(ဃ) ကုမ္ပဏီ၏ နှစ်စဉ်အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည့် မှတ်ပုံတင်ထားသော ကုမ္ပဏီ ရုံးခန်းလိပ်စာသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ သတ်မှတ်ထားသည့် တာဝန်အတွက် ပြည့်စုံ လုံလောက်သည်ဟု သတ်မှတ်ခြင်း မရှိစေရ။
(င) မှတ်ပုံတင်အရာရှိသည် အောက်ပါ ကိစ္စရပ်များပေါ်ပေါက်ကြောင်း ထင်မြင်ခဲ့လျှင် နိုင်ငံအတွင်း နေထိုင်သည့် ဒါရိုက်တာတစ်ဦးဦးထံသို့ အကြောင်းကြားစာပေးပို့၍ မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာ ကို အဆိုပါဒါရိုက်တာ၏လိပ်စာဖြင့် ပြောင်းလဲသတ်မှတ်လိုကြောင်း အသိပေးနိုင်သည်-
(၁) အကယ်၍ မှတ်ပုံတင်ထားသောရုံးခန်းသည် ကုမ္ပဏီလုပ်ငန်းဆောင်ရွက်သည့် အဆောက်အအုံ ဥပစာတွင် တည်ရှိခဲ့သော်လည်း ထိုအဆောက်အအုံဥပစာတွင် ကုမ္ပဏီကဆက်လက်လုပ်ငန်း ဆောင်ရွက် ခြင်း မရှိလျှင် သို့မဟုတ်
(၂) အကယ်၍ မှတ်ပုံတင်ထားသောရုံးခန်းသည် ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်သည့် အဆောက်အအုံ ဥပစာတွင် လုပ်ငန်းဆောင်ရွက်ခြင်းမရှိလျှင် ထိုအဆောက်အအုံ ဥပစာတွင် ဝင်ရောက်နေထိုင်သူက ယင်းဥပစာအား ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းအဖြစ် အသုံးပြုခွင့်ပေးရန် သဘောတူညီခြင်း မရှိလျှင် သို့မဟုတ် ပြန်လည်ရုပ်သိမ်းလျှင် သို့မဟုတ် ၎င်းအနေဖြင့် ယင်းဥပစာ တွင် ဆက်လက်နေထိုင် ခြင်း မရှိလျှင် အဆိုပါအကြောင်းကြားစာအား ထုတ်ပြန်သည့်နေ့မှ ၂၈ ရက် အတွင်း ကုမ္ပဏီသည် ရုံးခန်းလိပ်စာအသစ်ကို သတ်မှတ်ဖော်ပြနိုင်ခြင်းမရှိပါက မှတ်ပုံတင်အရာရှိသည် အထက်ပါလိပ်စာကို မှတ်ပုံတင်ထားသော ရုံးခန်းလိပ်စာအဖြစ် ပြောင်းလဲသတ်မှတ်နိုင်သည်။
၁၄၂။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၁၄၁ အရ သတ်မှတ်ထားသည့် အချက်များကိုလိုက်နာရန် ပျက်ကွက် ခဲ့လျှင် ဒဏ်ကြေးငွေကျပ်လေးသိန်းကို ပေးဆောင်ရမည်။
တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ၏အမည်ကို ဖော်ပြရခြင်း
၁၄၃။ တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီအားလုံးသည်-
(က) ယင်း၏အမည်အား မှတ်ပုံတင်ထားသော ကုမ္ပဏီရုံးခန်းတွင်လည်းကောင်း၊ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်သည့်ရုံးခန်း သို့မဟုတ် နေရာအားလုံးတို့တွင် လည်းကောင်း မြင်သာသည့် နေရာ ၌ မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းစွာရေးသားဖော်ပြရမည်။
(ခ) ကုမ္ပဏီ၏ရုံးတံဆိပ်ရှိခဲ့လျှင် ယင်းရုံးတံဆိပ်တွင် ၎င်း၏အမည်အား ရှင်းလင်းလွယ်ကူသည့် စာလုံး များဖြင့် ဖော်ပြပါရှိစေရမည်။
(ဂ) အောက်ပါကိစ္စရပ်များအားလုံးတွင် ယင်း၏ အမည်အား မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ ဖြင့် လွယ်ကူစွာဖတ်ရှုနိုင်စေရန်ဖော်ပြရမည်-
(၁) ကုမ္ပဏီက သော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်းစာဖြင့် ရေးသားပေးပို့ သည့် ဆက်သွယ်ဆောင်ရွက်မှုများနှင့်
(၂) ကုမ္ပဏီကသော်လည်းကောင်း၊ ကုမ္ပဏီ၏ကိုယ်စားသော်လည်းကောင်း ထုတ်ပြန်သည့် သို့မဟုတ် လက်မှတ်ရေးထိုးပြီး ကုမ္ပဏီအတွက် ဥပဒေအရတာဝန်ရှိမှုတစ်ရပ်ရပ်ကို ဖြစ်စေသည့် စာရွက်စာတမ်း များ။
ကုမ္ပဏီ၏အမည်ကို ဖော်ပြခြင်းမပြုသည့်အတွက် ပြစ်ဒဏ်
၁၄၄။ (က) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုသည် ယင်း၏အမည်အား ဤဥပဒေအရညွှန်ကြား ထားသည့် နည်းလမ်းများအတိုင်း ရှင်းလင်းထင်ရှားစွာ လိုက်နာဖော်ပြခြင်း မရှိလျှင် ဒဏ်ကြေးငွေကျပ် ငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး သိလျက်ဖြင့်တမင် ပျက်ကွက်စေခဲ့သည့် သို့မဟုတ် ပျက်ကွက် ရန် ခွင့်ပြုခဲ့သည့် ကုမ္ပဏီအရာရှိတစ်ဦးစီသည် အလားတူ ပြစ်ဒဏ်အတွက် တာဝန်ရှိစေရမည်။
(ခ) တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခု၏ အရာရှိတစ်ဦးဦး သို့မဟုတ် ယင်းကိုယ်စား ဆောင်ရွက်သူ တစ်ဦးဦးသည် အထက်တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ယင်း၏အမည်ကို ရှင်းလင်း ထင်ရှားစွာဖော်ပြခြင်း မပြုဘဲ ကုမ္ပဏီ၏ ရုံးတံဆိပ်တစ်ခုအဖြစ် ရည်ရွယ်လျက် ရုံးတံဆိပ်တစ်ခုခုကို အသုံးပြုခဲ့လျှင် သို့မဟုတ် ထိုသို့အသုံးပြုရန်ခွင့် ပြုခဲ့လျှင် သို့မဟုတ် အထက်တွင် ပြဋ္ဌာန်းထားသည့် အတိုင်း ယင်း၏အမည်ကို ပုဒ်မ ၁၄၃၊ ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသည့် ဆက်သွယ်ဆောင်ရွက်မှု သို့မဟုတ် စာရွက်စာတမ်းတစ်ခုခုကို ဖော်ပြခြင်းမပြုဘဲ ပြုလုပ်ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ထိုသို့ ပြုလုပ်ဆောင်ရွက်ရန် ခွင့်ပြုခဲ့လျှင် ဒဏ်ကြေးငွေ ကျပ်ငါးသောင်းကို ပေးဆောင်ရမည်။ ၎င်းအပြင် အဆိုပါ စာရွက်စာတမ်းသည် ကုမ္ပဏီအတွက် ဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်ကို ဖြစ်ပေါ်စေခဲ့ပြီး အောက်ပါကိစ္စရပ်များ မပေါ်ပေါက်ခဲ့လျှင် ထိုတာဝန်ရှိမှုကို ကုမ္ပဏီကမဆောင်ရွက်နိုင်သဖြင့် ကုမ္ပဏီ အပေါ်တွင် ဖြစ်ပေါ်လာသည့် တာဝန်ရှိမှုများအတွက်လည်း ထိုသူက တာဝန်ယူဆောင်ရွက် ရမည်-
(၁) အခြားပုဂ္ဂိုလ်အတွက် ကုမ္ပဏီသည် တာဝန်ယူဆောင်ရွက်မည်ဟု အဆိုပါပုဂ္ဂိုလ်သည် သိရှိသူ သို့မဟုတ် သိရှိသည်ဟု မှတ်ယူခံရသူပုဂ္ဂိုလ်ဖြစ်ကြောင်း စာရွက်စာတမ်းကို ထုတ်ပြန်ခဲ့သူ သို့မဟုတ် လက်မှတ်ရေးထိုးခဲ့သူက ထင်ရှား ပြသနိုင်ခြင်း၊ သို့မဟုတ်
(၂) တရားရုံးက အဆိုပါစာရွက်စာတမ်းကို ထုတ်ပြန်ခဲ့သူ သို့မဟုတ် လက်မှတ်ရေးထိုးခဲ့သူအပေါ် ထိုသို့ တာဝန်ရှိစေခြင်းမှာ တရားမျှတမှုမရှိကြောင်းတွေ့ရှိခြင်း။
အခန်း (၁၇)
အစည်းအဝေးများနှင့် ကုမ္ပဏီများ၏ ဆောင်ရွက်မှုများ
ဒါရိုက်တာများ၏ အစည်းအဝေးများ
၁၄၅။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ-
(၁) ဒါရိုက်တာများ၏ အစည်းအဝေးတစ်ရပ်ကို ဒါရိုက်တာတစ်ဦးက အခြားဒါရိုက်တာများထံသို့ သင့်လျော်သော အချိန်ကာလအတွင်း အကြောင်းကြားစာပေးပို့၍ ခေါ်ယူကျင်းပနိုင်သည်။
(၂) အစည်းအဝေးအား ဒါရိုက်တာများအားလုံးက သဘောတူလက်ခံသည့်နည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းဖြင့် ဖြစ်စေ ခေါ်ယူနိုင်သည် သို့မဟုတ် ကျင်းပနိုင်သည်။
(၃) ဒါရိုက်တာများ၏ အစည်းအဝေးတစ်ရပ်အတွက် အစည်းအဝေးအထမြောက်စေရန် တက်ရောက်ရ မည့် ဒါရိုက်တာဦးရေမှာ နှစ်ဦး သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ဖော်ပြ ထားသည့် အရေအတွက်ရှိရမည်ဖြစ်ပြီး ထိုဒါရိုက်တာအားလုံးသည် အစည်းအဝေးအချိန်ကာလ တစ် လျှောက်လုံးတက်ရောက်ရမည်။ ၎င်းအပြင်
(၄) အစည်းအဝေး ဆုံးဖြတ်ချက်တစ်ရပ်အား အဆိုပါဆုံးဖြတ်ချက်အတွက် မဲပေးခွင့်ရရှိသူ ဒါရိုက်တာ များ၏ ဆုံးဖြတ်မဲအများစုဖြင့် ချမှတ်ဆောင်ရွက်ရမည်။
(ခ) ဒါရိုက်တာများ၏ အစည်းအဝေးများနှင့် ကုမ္ပဏီ၏အစည်းအဝေးများတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက် မည့် ပုဂ္ဂိုလ်တစ်ဦးကို ဒါရိုက်တာများကရွေးချယ်ရမည်။ အစည်းအဝေးတစ်ရပ်တွင်ဖြစ်စေ၊ အစည်း အဝေး ဆောင်ရွက်နေသည့် အချိန်ကာလအပိုင်းအခြား တစ်ရပ်တွင်ဖြစ်စေ ရွေးချယ်ခံထားရသော ဥက္ကဋ္ဌ က တက်ရောက်ရန် ပျက်ကွက်ခဲ့လျှင် အစားထိုးဆောင်ရွက်မည့် ဥက္ကဋ္ဌတစ်ဦးကို ရွေးချယ်နိုင်သည်။
(ဂ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အညီ ဥက္ကဋ္ဌသည် ဒါရိုက်တာများ၏ အစည်းအဝေးတွင် အဆုံး အဖြတ် မဲတစ်မဲပေးခွင့်ရှိသည်။
နှစ်ပတ်လည် အထွေထွေအစည်းအဝေး
၁၄၆။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီအားလုံးသည် ယင်း၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးအဖြစ် အထွေထွေအစည်းအဝေးတစ်ရပ်ကို ယင်းကုမ္ပဏီအား စတင်ဖွဲ့စည်း တည်ထောင်သည့် နေ့ရက်မှ ၁၈ လအတွင်း ကျင်းပရမည်ဖြစ်ပြီး ၎င်းအစည်းအဝေးအား ကျင်းပပြီး နောက်ပိုင်း ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ကျင်းပရမည်။ ထိုသို့ဆောင်ရွက်ရာတွင် နောက်ဆုံးအကြိမ် ခေါ်ယူကျင်းပခဲ့သည့် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးမှ ၁၅ လထက်မပိုသော ကာလအတွင်း ဖြစ်စေရမည်။
(ခ) ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည့် အကြောင်းအရာများသည် အစည်းအဝေးအကြောင်းကြား စာ၌ ဖော်ပြထားခြင်းမရှိစေကာမူ အောက်ပါကိစ္စရပ်များ ပါဝင်ရမည်-
(၁) ကုမ္ပဏီအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာ၊ ဒါရိုက်တာများ၏ အစီရင်ခံစာများနှင့် စာရင်းစစ်အစီရင်ခံစာများကိုပြုစုရန် လိုအပ် သည့်အခါ ထိုအစီရင်ခံစာများအတွက် ဆွေးနွေးဆုံးဖြတ် ခြင်း၊
(၂) ဒါရိုက်တာများကို ရွေးချယ်ခြင်းနှင့်
(၃) ကုမ္ပဏီအနေဖြင့် စာရင်းစစ်တစ်ဦး ခန့်ထားရန်လိုအပ်သည့်အခါ အဆိုပါစာရင်းစစ်အား ခန့်ထား ခြင်း။
(ဂ) ဥက္ကဋ္ဌသည် ကုမ္ပဏီတွင်ပါဝင်သူများအား ကုမ္ပဏီ၏စီမံအုပ်ချုပ်မှုများနှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းရန် သို့မဟုတ် သဘောထားမှတ်ချက်များ ပေးရန်တို့အတွက် သင့်လျော်သော အခွင့်အရေးပေး ရမည်။
(ဃ) ကုမ္ပဏီ၏စာရင်းစစ်သည် နှစ်ပတ်လည် အထွေထွေအစည်းအဝေးသို့ တက်ရောက်ရမည် ဖြစ်ပြီး ဥက္ကဋ္ဌသည်ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီ၏စာရင်းစစ်ဆေးခြင်း၊ စာရင်းစစ်အစီရင်ခံစာ သို့မဟုတ် ငွေစာရင်းများနှင့် စပ်လျဉ်း၍ စာရင်းစစ်သို့ မေးခွန်းများမေးမြန်းနိုင်ရန်အတွက် သင့်လျော်သော အခွင့် အရေးပေးရမည်။
(င) အောက်ပါကိစ္စရပ်များ ပေါ်ပေါက်ခြင်းမှတစ်ပါး ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အသေးစား ကုမ္ပဏီများနှင့် သက်ဆိုင်ခြင်းမရှိစေရ-
(၁) ထိုအသေးစားကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းသည် ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို ကျင့်သုံး ဆောင်ရွက်မှုရှိခြင်း သို့မဟုတ် အလားတူ သတ်မှတ်ချက်များပါရှိခြင်း သို့မဟုတ်
(၂) ထိုအသေးစားကုမ္ပဏီတွင် ပါဝင်သူများက သာမန်ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်၍ ဤပုဒ်မရှိ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်စေရန် ဆုံးဖြတ်ခြင်း သို့မဟုတ်
(၃) မှတ်ပုံတင်အရာရှိက ထိုအသေးစားကုမ္ပဏီအနေဖြင့် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအား ကျင့်သုံး ဆောင်ရွက်သင့်သည်ဟု ဆုံးဖြတ်ခြင်း။
ပုဒ်မ ၁၄၆ ပါ ပြဋ္ဌာန်းချက်များအား ပျက်ကွက်ခြင်း
၁၄၇။ ပုဒ်မ ၁၄၆ ပါပြဋ္ဌာန်းချက်များအရ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးတစ်ရပ်အား ကျင်းပ ရာတွင် ပျက်ကွက်မှုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ပါက-
(က) ထိုပျက်ကွက်မှုတွင် သိလျက်ဖြင့်တမင် ပါဝင်ခဲ့သော ကုမ္ပဏီ၊ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။ ၎င်းအပြင်
(ခ) တရားရုံးသည် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး၏ တင်ပြလျှောက်ထားချက်အရ ကုမ္ပဏီ၏ နှစ်ပတ် လည် အထွေထွေအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပစေနိုင်သည် သို့မဟုတ် ခေါ်ယူကျင်းပရန် ညွှန်ကြားနိုင်သည်။ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အစည်းအဝေးကျင်းပ ဆောင်ရွက် ခြင်းနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များကို ပြုလုပ်နိုင်သည်။
ဥပဒေအရ လိုက်နာကျင်းပရသည့် ကုမ္ပဏီအစည်းအဝေး
၁၄၈။ (က) အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီများ၊ ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီများအားလုံးသည် ကုမ္ပဏီဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ၂၈ ရက်အောက်မနည်း ခြောက်လ ထက် မများသောကာလအတွင်း ကုမ္ပဏီတွင်ပါဝင်သူများ၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို ကျင်းပရမည်။ ထိုအစည်းအဝေးကို ဥပဒေအရ လိုက်နာကျင်းပရသည့် ကုမ္ပဏီအစည်းအဝေးဟု ခေါ်တွင် စေရမည်။
(ခ) ဒါရိုက်တာများသည် အစည်းအဝေးကျင်းပမည့်နေ့ရက်မတိုင်မီ အနည်းဆုံး ၂၁ ရက် ကြိုတင်၍ ဤပုဒ်မတွင် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းနှင့်အညီ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထား သည့် ဤဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာတစ်စောင်ကို ကုမ္ပဏီတွင်ပါဝင်သူ အားလုံးထံသို့ ဖြန့်ဝေရမည်။
(ဂ) ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာအား ကုမ္ပဏီ၏ ဒါရိုက်တာများအနက်မှ နှစ်ဦးထက် မနည်းသော ဒါရိုက်တာများမှဖြစ်စေ၊ ဒါရိုက်တာတစ်ဦးတည်းရှိသော ကုမ္ပဏီတွင် တစ်ဦးတည်းရှိသော ဒါရိုက်တာမှဖြစ်စေ၊ ဒါရိုက်တာများကိုယ်စား ဆောင်ရွက်ရန် အခွင့်အာဏာ အပ်နှင်းခြင်းခံရသော ဒါရိုက်တာများ၏ ဥက္ကဋ္ဌကဖြစ်စေ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး ယင်းအစီရင်ခံစာ တွင် အောက်ပါတို့ကို ဖော်ပြရမည်-
(၁) ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာအရေအတွက်စုစုပေါင်း၊ ယင်းတို့တွင် အပြည့်အဝကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ငွေသားဖြင့်ပေးချေထားသော ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာများ အား ပိုင်းခြားဖော်ပြချက်၊ ငွေသားဖြင့် မဟုတ်ဘဲ အခြားနည်းတစ်ရပ်ရပ်ဖြင့် ပေးချေထားသော အစု ရှယ်ယာ ပိုင်းခြားဖော်ပြချက်၊ တစ်စိတ်တစ်ဒေသကို ပေးချေထားသည့် အစုရှယ်ယာဖြစ်လျှင် ထိုသို့ ပေးချေထားသည့် ပမာဏနှင့် အပြည့်အဝကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပေးချေထားသည့် အစုရှယ်ယာတန်ဖိုး၊
(၂) အထက်တွင် ဖော်ပြပါရှိသကဲ့သို့ ခွဲဝေသတ်မှတ်ပြီး ပိုင်းခြားဖော်ပြထားသော အစုရှယ်ယာ အားလုံး နှင့် စပ်လျဉ်း၍ ကုမ္ပဏီက လက်ခံရရှိပြီးဖြစ်သည့် ငွေသားပမာဏစုစုပေါင်း၊
(၃) ခေါင်းစဉ်အလိုက် ခွဲခြားဖော်ပြထားသော အစုရှယ်ယာများ၊ ဒီဘင်ချာများနှင့် အခြားကဏ္ဍများမှ ကုမ္ပဏီက လက်ခံရရှိမှု၊ ငွေပေးချေမှု၊ လက်ဝယ်ရှိ ရငွေသုံးငွေဆိုင်ရာနှင့် သက်ဆိုင်သည့် အသေးစိတ် ဖော်ပြချက်များ၊ အစုရှယ်ယာများ ထုတ်ဝေခြင်း သို့မဟုတ် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ပေးချေရသော ကော်မရှင်ကြေး သို့မဟုတ် လျှော့ပေါ့တန်ဖိုးတို့ကို သီးခြားစီဖော်ပြလျက် ကုမ္ပဏီ၏ ကနဦးကုန်ကျ စရိတ်များအတွက် ငွေစာရင်း သို့မဟုတ် ခန့်မှန်းတွက်ချက်မှုများနှင့်အတူ အစီရင်ခံစာ ပြုလုပ်သည့်နေ့မှ ခုနစ်ရက်တာကာလအတွင်းရှိ နေ့ရက်တစ်ရက်ရက်အထိ ကုမ္ပဏီက လက်ခံရရှိမှုများ၊ ပြုလုပ်ခဲ့သော ငွေပေးချေမှုများနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ဖော်ပြချက်၊
(၄) ကုမ္ပဏီဖွဲ့စည်းတည်ထောင်သည့်နေ့မှစ၍ ဖော်ပြပါရှိခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာများ၊ စာရင်းစစ် များနှင့် အတွင်းရေးမှူးရှိခဲ့လျှင် ၎င်းတို့၏အမည်များ၊ နေရပ်လိပ်စာများ၊ နိုင်ငံသားနှင့် အခြား သက်ဆိုင်သည့် ဖော်ပြချက်များ၊ ယင်းတို့အား ပြောင်းလဲပြင်ဆင်ထားသည့် ဖော်ပြချက် များရှိခဲ့လျှင် ယင်းပြင်ဆင်ဖော်ပြ ချက်များ၊
(၅) အစည်းအဝေးတွင် အတည်ပြုချက်ရယူရန် တင်ပြမည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ပါ အကြောင်း အရာများ၊ ပြင်ဆင်ချက်များနှင့် ပြင်ဆင်မည့်အကြောင်းအရာများ သို့မဟုတ် အဆိုပြုတင်ပြသည့် ပြင်ဆင်ချက်များ၊
(၆) အာမခံပဋိညာဉ်စာချုပ်များရှိခဲ့လျှင် ယင်းစာချုပ်များအရ ဆောင်ရွက်ပေးရမည့် တာဝန်များကို မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးခြင်းများ၊
(၇) ဒါရိုက်တာများထံမှ တောင်းဆိုမှုအရ ပေးချေရမည့် ကြွေးကျန်များရှိခဲ့လျှင် ယင်းကြွေးကျန်များနှင့်
(၈) အစုရှယ်ယာများအား ထုတ်ဝေခြင်း သို့မဟုတ် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ ဒါရိုက်တာ သို့မဟုတ် အရာရှိထံသို့ ပေးချေခဲ့သော သို့မဟုတ် ပေးချေရမည်ဖြစ်သော ကော်မရှင်ကြေး သို့မဟုတ် ပွဲစားခများ အတွက် ဖော်ပြချက်များ။
(ဃ) ကုမ္ပဏီမှ ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာများနှင့်လည်းကောင်း၊ ကုမ္ပဏီမှ အဆိုပါ အစု ရှယ်ယာများအတွက် လက်ခံရရှိခဲ့သည့်ငွေကြေး၊ လက်ခံရရှိမှုများ၊ ပေးချေမှုများနှင့် လည်းကောင်း သက်ဆိုင်ခဲ့လျှင် ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာအား ကုမ္ပဏီ၏စာရင်းစစ် များမှ မှန်ကန်ကြောင်းလက်မှတ် ရေးထိုးရမည်။
(င) ဒါရိုက်တာများသည် ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာအား ကုမ္ပဏီတွင် ပါဝင်သူများ ထံသို့ ပေးပို့ပြီးနောက် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထား သည့် အဆိုပါ အစီရင်ခံစာ၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင် ထားရှိနိုင်ရန်အတွက် မှတ်ပုံတင်အရာရှိထံ သို့ ပေးပို့ရမည်။
(စ) ဒါရိုက်တာများသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ အမည်များ၊ ၎င်းတို့နှင့် သက်ဆိုင်သည့် ဖော်ပြ ချက်များ၊ နိုင်ငံသားနှင့် နေရပ်လိပ်စာတို့ကိုလည်းကောင်း၊ ကုမ္ပဏီတွင်ပါဝင်သူ အသီးသီးက ပိုင်ဆိုင် ထားသည့် အစုရှယ်ယာအရေအတွက်ကိုလည်းကောင်း ဖော်ပြထားသည့် စာရင်းတစ်ခုကို အစည်းအဝေး စတင်သည့်အခါတွင် တင်ပြနိုင်ရန်အတွက် ပြုစုထားရှိရမည် ဖြစ်ပြီး အစည်းအဝေးကျင်းပနေစဉ် ကာလ တစ်လျှောက် ကုမ္ပဏီတွင် ပါဝင်သူများက အလွယ်တကူ ရယူအသုံးပြုနိုင်စေရန် ထားရှိရမည်။
(ဆ) အစည်းအဝေးသို့ တက်ရောက်ကြသော ကုမ္ပဏီတွင်ပါဝင်သူများသည် ကုမ္ပဏီဖွဲ့စည်းမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဥပဒေအရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာနှင့် စပ်လျဉ်း၍လည်းကောင်း ကြိုတင်အကြောင်းကြားခြင်း ပြုခဲ့သည်ဖြစ်စေ၊ မပြုခဲ့သည်ဖြစ်စေ ပေါ်ပေါက် လာသည့် ကိစ္စရပ်များကို လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကြောင်းကြားခြင်း မရှိခဲ့လျှင် မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ခြင်း မပြုရ။
(ဇ) အစည်းအဝေးကို အခါအားလျော်စွာ ရွေ့ဆိုင်းနိုင်ပြီး ထိုသို့ရွေ့ဆိုင်း ကျင်းပသည့် အစည်းအဝေး တစ်ရပ်ရပ်တွင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကြောင်း ကြား၍ ယခင်အစည်းအဝေး မကျင်းပမီတွင်လည်းကောင်း၊ ကျင်းပပြီးနောက်ပိုင်းတွင် လည်းကောင်း ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကိုချမှတ်နိုင်သည်။ ထိုသို့ရွှေ့ဆိုင်းဆောင်ရွက်သည့် အစည်းအဝေးသည် ပုံမှန် ကျင်းပသည့် အစည်းအဝေးတစ်ရပ်ကဲ့သို့ အလားတူ ဆောင်ရွက်နိုင်ခွင့်အာဏာများ ရှိစေရမည်။
(ဈ) ဥပဒေအရ ပြုစုဆောင်ရွက်ရမည့်အစီရင်ခံစာအား တင်ပြဆောင်ရွက်ရာတွင်လည်းကောင်း၊ ဥပဒေ အရ လိုက်နာဆောင်ရွက်ရသည့် ကုမ္ပဏီအစည်းအဝေးအား ကျင်းပရာတွင်လည်းကောင်း ပျက်ကွက်မှု တစ်စုံတစ်ရာ ရှိသောအကြောင်းကြောင့် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန်အတွက် လျှောက် ထားမှုတစ်ရပ်ကို အပိုင်း (၅) တွင် သတ်မှတ်ဖော်ပြထားသော နည်းလမ်းများနှင့်အညီ တရားရုံးသို့ တင်ပြလာပါက တရားရုံးသည် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန် ညွှန်ကြားမည့်အစား ဥပဒေ အရ ပြုစုဆောင်ရွက်ရမည့် အစီရင်ခံစာကို တင်ပြဆောင်ရွက်စေခြင်း သို့မဟုတ် ဥပဒေအရ လိုက်နာ ဆောင်ရွက်ရသည့် ကုမ္ပဏီအစည်းအဝေးအား ကျင်းပစေခြင်းတို့အတွက် လမ်းညွှန်မှုများ ပြုလုပ်နိုင် သည် သို့မဟုတ် သင့်လျော်မျှတမည့် အခြားဆုံးဖြတ်ချက် တစ်ရပ်ကိုချမှတ်နိုင်သည်။
၁၄၉။ ပုဒ်မ ၁၄၈ ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက အဆိုပါပျက်ကွက်မှု အတွက် အပြစ်ရှိသော သို့မဟုတ် သိလျက်ဖြင့်တမင်ဆောင်ရွက်ခွင့်ပြုသော ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
အစည်းအဝေးများ
၁၅၀။ ကုမ္ပဏီ၏အထွေထွေအစည်းအဝေးတစ်ရပ်အား အောက်ပါအတိုင်းသတ်မှတ်နိုင်မည်ဖြစ်သည်-
(က) ပုဒ်မ ၁၄၆ အရ ကျင်းပသည့် နှစ်ပတ်လည် အထွေထွေအစည်းအဝေး သို့မဟုတ်
(ခ) ပုဒ်မ ၁၄၈ ပါပြဋ္ဌာန်းချက်အရ လိုက်နာကျင်းပရသည့် အစည်းအဝေး သို့မဟုတ်
(ဂ) အထူးကျင်းပသည့် အထွေထွေအစည်းအဝေး ယင်းသည် ပုဒ်မ ၁၅၁၊ ပုဒ်မခွဲ(က) အပါအဝင် ဤဥပဒေ၌ ဖော်ပြထားသည့် အခွင့်အရေးနှင့် လုပ်ထုံးလုပ်နည်းများအရ ခေါ်ယူကျင်းပသော ကုမ္ပဏီ တွင် ပါဝင်သူများ၏ အခြားသော အထွေထွေအစည်းအဝေး တစ်ရပ်ရပ်ဖြစ်သည်။
အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း
၁၅၁။ (က) ကုမ္ပဏီတစ်ခု၏ အထွေထွေအစည်းအဝေးတစ်ရပ်ကို-
(၁) လျော်ကန်သင့်မြတ်သည့် ကိစ္စရပ်အတွက် သင့်လျော်သောအချိန်နှင့် နေရာတွင် ကျင်းပရမည်။
(၂) အစည်းအဝေးကျင်းပနေစဉ် ကာလတစ်လျောက် ကုမ္ပဏီတွင်ပါဝင်သူအနည်းဆုံး နှစ်ဦး သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ထားသည့် ပိုမိုများပြားသည့် အရေအတွက်ရှိမှသာ အစည်းအဝေးအထမြောက်စေရမည်။
(၃) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အညီ ဒါရိုက်တာများက ရွေးချယ်ထားသော ပုဂ္ဂိုလ် တစ်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။ သို့ရာတွင် အစည်းအဝေးသို့ ထိုပုဂ္ဂိုလ်မတက်ရောက်နိုင်ပါက အစည်းအဝေး တက်ရောက်သူများက ဥက္ကဋ္ဌကို ရွေးချယ်ရမည်။
(၄) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အစည်းအဝေးတွင် မဲအရေအတွက် အများစုပိုင်ဆိုင် ကြသည့် တက်ရောက်သူများက ဥက္ကဋ္ဌအား အစည်းအဝေးရွှေ့ဆိုင်းပေးစေရန် သဘောတူညီလျှင် သို့မ ဟုတ် ညွှန်ကြားလျှင် အစည်းအဝေးအား ရွှေ့ဆိုင်းရမည်။
(၅) ကုမ္ပဏီ၏စာရင်းစစ်သည် တက်ရောက်နိုင်၍ ထိုစာရင်းစစ်သည် အစည်းအဝေး အကြောင်းကြား စာများအားလုံးကို လက်ခံနိုင်ပြီး၊ အစည်းအဝေးတွင် စာရင်းစစ်နှင့် သက်ဆိုင်သည့် အစည်းအဝေး လုပ်ငန်း အစိတ်အပိုင်းအားလုံးနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခွင့်ရှိသည်။
(၆) ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌသည် အခါအားလျော်စွာ ခေါ်ယူကျင်းပနိုင်သည်။
(၇) ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ဒါရိုက်တာတစ်ဦးဦးက သို့မဟုတ် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း တွင် သတ်မှတ်ဖော်ပြထားသည့် အခြားသူတစ်ဦးဦးက ခေါ်ယူနိုင်သည်။
(၈) ပုဒ်မခွဲ (ခ) နှင့်အညီ ကုမ္ပဏီတွင် ပါဝင်သူများက တရားဝင်စာဖြင့် ရေးသားတောင်းဆိုလျှင် ဒါရိုက်တာများက ခေါ်ယူကျင်းပရမည်။
(၉) ကုမ္ပဏီ၏အစည်းအဝေး၌ အဆုံးအဖြတ်မဲအဖြစ် ဆောင်ရွက်နိုင်မည့် တစ်ဆယ်ပုံတစ်ပုံအောက် မနည်းသည့် ဆန္ဒမဲများကိုပိုင်ဆိုင်ထားသော ကုမ္ပဏီတွင်ပါဝင်သူများက ခေါ်ယူကျင်းပ ဆောင်ရွက်နိုင် သည်။ သို့ရာတွင် အဆိုပါကုမ္ပဏီတွင် ပါဝင်သူများသည် အစည်းအဝေး ခေါ်ယူကျင်းပသည့် စရိတ်များ ကို ကျခံရမည်ဖြစ်ပြီး ဒါရိုက်တာများမှခေါ်ယူကျင်းပသည့် ကုမ္ပဏီ၏အစည်းအဝေးများတွင် ဆောင်ရွက် သည့် နည်းလမ်းများအတိုင်း ဖြစ်နိုင်သမျှ လိုက်နာဆောင်ရွက်ကျင်းပ ရမည်။ ၎င်းအပြင်
(၁ဝ) ကုမ္ပဏီ၏ အစည်းအဝေး၌ အခြားနည်းဖြင့် ခေါ်ယူကျင်းပရန် မသင့်လျော်၍ ဖြစ်စေ၊ ထိုသို့ ဆောင်ရွက်ရန် သင့်လျော်မျှတမှုမရှိသည်ဟု တွေ့ရှိလျှင်ဖြစ်စေ တရားရုံးသည် အမိန့်တစ်ရပ်ရပ် ချမှတ်၍ အစည်းအဝေးအား ခေါ်ယူကျင်းပနိုင်သည်။ အစည်းအဝေးတွင် မဲပေးခွင့်ရှိသော ဒါရိုက်တာ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အစည်းအဝေးခေါ်ယူကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်များကို ပြုလုပ်နိုင်သည်။
(ခ) ကုမ္ပဏီ၏အစည်းအဝေး၌ အဆုံးအဖြတ်မဲ အဖြစ်ဆောင်ရွက်နိုင်မည့် တစ်ဆယ်ပုံတစ်ပုံအောက် မနည်းသည့် ဆန္ဒမဲများကို ပိုင်ဆိုင်ထားသော အစုရှယ်ယာရှင်များကဖြစ်စေ သို့မဟုတ် အစည်းအဝေး၌ ဆန္ဒမဲပေးခွင့်ရှိသောကုမ္ပဏီတွင်ပါဝင်သူ အနည်းဆုံး ဦးရေ ၁ဝဝ ကဖြစ်စေ စာဖြင့်ရေးသားတောင်းဆို သည့်အခါ အဆိုပြုထားသော ဆောင်ရွက်မည့်လုပ်ငန်းသည် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စရပ် ဖြစ်ခဲ့လျှင် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်မရှိစေကာမူ အစု ရှယ်ယာ မတည်ငွေရင်းပါရှိသော ကုမ္ပဏီ၏ဒါရိုက်တာများသည် ကုမ္ပဏီ၏ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန် ဆက်လက်ဆောင်ရွက်ရမည်။
(ဂ) လျှောက်ထားတောင်းဆိုမှုကို စာဖြင့်ရေးသား ပြုလုပ်ရမည်ဖြစ်ပြီး အစည်းအဝေး၏ ရည်ရွယ်ချက် များနှင့် အဆိုပြုလိုသည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်တို့ကို ဖော်ပြပါရှိစေရမည်။ ၎င်းအားလျှောက်ထားသူ များက လက်မှတ်ရေးထိုး၍ ကုမ္ပဏီ၏မှတ်ပုံ တင်ထားသော ရုံးခန်းသို့ပေးပို့ရမည်။ ထိုလျှောက်ထား မှုတွင် အလားတူစာရွက်စာတမ်း များစွာပါရှိနိုင်ပြီး ထိုစာရွက်စာတမ်းတစ်ခုစီတွင် လျှောက်ထားသူ တစ်ဦးက ဖြစ်စေ၊ အများကဖြစ်စေ လက်မှတ်ရေးထိုးထားရမည်။
(ဃ) သို့ရာတွင် အစည်းအဝေးမှာ ပုဒ်မခွဲ (ခ) အရ ခေါ်ယူကျင်းပခြင်းမပြုသင့်ကြောင်း ဒါရိုက်တာများ က ဆုံးဖြတ်ခဲ့ပြီး ထိုအကြောင်းအရာအား လျှောက်ထားသူများသို့ အကြောင်းကြားခဲ့ခြင်းမှအပ ဒါရိုက်တာများသည် အစည်းအဝေးအား ခေါ်ယူကျင်းပမည်ဖြစ်ကြောင်း လျှောက်ထားတင်ပြ အကြောင်း ကြားသည့် နေ့မှစ၍ ၂၁ ရက်အတွင်း ဆောင်ရွက်ခြင်း မပြုခဲ့လျှင် လျှောက်ထားသူများကဖြစ်စေ၊ ၎င်းတို့ အနက်မှ မဲအများစုပေးခွင့်ရှိသူမှဖြစ်စေ ၎င်းတို့ကိုယ်တိုင် အစည်းအဝေးအား ခေါ်ယူကျင်းပနိုင်သည်။ သို့သော် ထိုသို့ခေါ်ယူကျင်းပသည့် အစည်းအဝေးသည် လျှောက်ထားတင်ပြ အကြောင်းကြားသည့် နေ့မှ စ၍ သုံးလအတွင်း ကျင်းပရမည်။
(င) လျှောက်ထားသူများက ဤပုဒ်မအရခေါ်ယူကျင်းပသည့်အစည်းအဝေးကို ဒါရိုက်တာများက ခေါ်ယူ ကျင်းပသည့် အစည်းအဝေးများတွင် ဆောင်ရွက်သည့် နည်းလမ်းများအတိုင်း ဖြစ်နိုင်သမျှ လိုက်နာ ဆောင်ရွက်ကျင်းပရမည်။ လျှောက်ထားသူများက ဤကိစ္စရပ်အတွက် မှတ်ပုံတင်စာရင်း၏ မိတ္တူ တစ်ရပ်ရပ်ကို တောင်းဆိုလျှင် ကုမ္ပဏီသည် အဆိုပါမိတ္တူကို ၎င်းတို့ထံတင်ပြရမည်။
(စ) ဒါရိုက်တာများက အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရန် ပျက်ကွက်ခဲ့သည့်အတွက် လျှောက် ထားသူများကကျခံခဲ့ရသည့် ထိုက်သင့်သည့်ကုန်ကျ စရိတ်များကို ကုမ္ပဏီက လျှောက်ထားသူများထံ ပြန်လည်ပေးချေရမည်။ ထိုသို့ ပြန်လည်ပေးချေခဲ့သည့် ငွေပမာဏကိုကုမ္ပဏီသည် ပျက်ကွက်ခဲ့သည့် ဒါရိုက်တာများသို့ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုအတွက် ကုမ္ပဏီမှပေးချေရမည့်အဖိုးအခ သို့မဟုတ် အခြားအခကြေးငွေတို့မှ ထုတ်နုတ်၍ ပြန်လည်ရယူရမည်။
(ဆ) ကုမ္ပဏီ၏အစည်းအဝေး၌ အဆုံးအဖြတ်မဲအဖြစ် ဆောင်ရွက်နိုင်မည့် တစ်ဆယ်ပုံတစ်ပုံအောက် မနည်းသည့် ဆန္ဒမဲများကို ပိုင်ဆိုင်ရရှိထားသော အစုရှယ်ယာရှင်များမှ ဖြစ်စေ သို့မဟုတ် အစည်း အဝေး၌ ဆန္ဒမဲပေးခွင့်ရှိသော ကုမ္ပဏီတွင်ပါဝင်သူ အနည်းဆုံး ဦးရေ ၁ဝဝ မှဖြစ်စေ ကုမ္ပဏီ၏အစည်း အဝေး၌ ပြောင်းလဲရမည့် အဆိုပြုထားသော ဆုံးဖြတ်ချက်အတွက် ကုမ္ပဏီသို့ အကြောင်းကြားစာ ပေးပို့ နိုင်သည်။
(ဇ) ပုဒ်မခွဲ (ဆ) အရ ပေးပို့သည့်အကြောင်းကြားစာအား စာဖြင့်ရေးသား ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပြုသည့် ဆုံးဖြတ်ချက်ကို ရေးသားဖော်ပြပါရှိစေရမည်။ ထိုအကြောင်းကြားစာအား ယင်းသို့ ဆောင်ရွက်ရန် အဆိုပြုသည့် ကုမ္ပဏီတွင်ပါဝင်သူများမှ လက်မှတ်ရေးထိုးရမည်။ အကြောင်းကြားစာ တွင် အကျဉ်းချုပ် ရှင်းလင်းဖော်ပြချက်ကို ပူးတွဲ၍ တင်ပြနိုင်သည်။
(ဈ) ပုဒ်မခွဲ (ဆ) တွင် ဖော်ပြထားသည့် အဆိုပြုထားသော ဆုံးဖြတ်ချက်သည် အစည်းအဝေး၌ တင်ပြ ရမည့် အဆိုပြုထားသော ဆုံးဖြတ်ချက်ဖြစ်ပြီး ဆုံးဖြတ်ချက်သည် လည်းကောင်း၊ ပူးတွဲတင်ပြသည့် ရှင်းလင်းဖော်ပြချက်သည်လည်းကောင်း အလွန်ရှည်လျားခြင်း သို့မဟုတ် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာ စေခြင်း မရှိလျှင် ကုမ္ပဏီသည် အဆိုပါ အကြောင်းကြားစာနှင့် ရှင်းလင်းဖော်ပြချက်များကို ကုမ္ပဏီသို့ ပေးပို့သော နောက်တစ်ကြိမ်ကျင်းပမည့် အစည်းအဝေးအကြောင်းကြားစာနှင့် အတူ ထည့်သွင်းဖော်ပြရ မည်။ သို့ရာတွင် နောက်တစ်ကြိမ်ကျင်းပမည့် အစည်းအဝေးသည် ဆုံးဖြတ်ချက်ဆိုင်ရာ အကြောင်း ကြားစာအား လက်ခံရရှိသည့်နေ့မှ နှစ်လအတွင်း၌ ကျင်းပမည်ဆိုလျှင် အဆိုပါ အကြောင်းကြားစာကို ပေးပို့ရန်မလို။ သို့သော် အကြောင်းကြားစာကို ပေးပို့၍ အစည်းအဝေးအား လက်ခံရရှိသည့်နေ့မှ ၁၂ လအတွင်း ကျင်းပရမည်။
(ည) ဤဥပဒေအရ သတ်မှတ်ထားသောအစည်းအဝေး အကြောင်းကြားချက်များနှင့် မဲပေးခြင်းဆိုင်ရာ များအတွက် သတ်မှတ်ချက်များကိုလိုက်နာလျက် ကုမ္ပဏီတွင် ပါဝင်သူများက အစည်းအဝေးကို သင့် လျော်စွာ ကျင်းပဆောင်ရွက်ပြီး ပါဝင်နိုင်ကြမည့် နည်းလမ်းတစ်ရပ်ဖြင့် အစည်းအဝေးများ ကျင်းပနိုင် စေရန် ကုမ္ပဏီသည် ယင်း၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် အစည်းအဝေး ခေါ်ယူကျင်းပခြင်းအတွက် ကုမ္ပဏီတွင်ပါဝင်သူများ ဆောင်ရွက်နိုင်မည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်နိုင်စေရန် သတ်မှတ် ထည့်သွင်းဖော်ပြနိုင်သည်။
အစည်းအဝေးများအတွက် အကြောင်းကြားခြင်းနှင့် မဲပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ
၁၅၂။ (က) အောက်ပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏အစည်းအဝေးများခေါ်ယူခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ် များအတွက် အကျိုးသက်ရောက်စေရမည်-
(၁) ကုမ္ပဏီ၏အစည်းအဝေးတစ်ရပ်ကို စာဖြင့်ရေးသား၍ ၂၁ ရက်ထက်မနည်းသော သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ဖော်ပြထားသော ပိုမိုကြာမြင့်သည့်ကာလအတွင်း ကြိုတင် အကြောင်းကြားစာ သို့မဟုတ် အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ ဖြစ်ခဲ့လျှင် စာဖြင့်ရေးသား၍ ၂၈ ရက်အတွင်း ကြိုတင်အကြောင်းကြားစာဖြင့် ခေါ်ယူကျင်းပနိုင်သည်။ သို့သော် အစည်းအဝေး တစ်ရပ်ရပ်အတွက် အကြောင်းကြားစာကို လက်ခံရရှိနိုင်သည့် ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ သဘောတူညီချက်ဖြင့် အစည်းအဝေးကို ပိုမိုတိုတောင်းသည့် ကာလအတွင်းပေးပို့သည့် အကြောင်း ကြားစာဖြင့်ခေါ်ယူနိုင်ပြီး ကုမ္ပဏီတွင် ပါဝင်သူများက သင့်သည်ထင်မြင်သော နည်းလမ်းများဖြင့် ကျင်းပနိုင်သည်။
(၂) ကုမ္ပဏီ၏အစည်းအဝေးအတွက် စာဖြင့်ရေးသားထားသည့် အကြောင်းကြားစာကို အစည်းအဝေး တွင် မဲပေးခွင့်ရှိသော ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၊ ဒါရိုက်တာအားလုံးနှင့် စာရင်းစစ်များထံသို့ ပေးပို့ရမည်။ အကြောင်းကြားစာကို အောက်ပါနည်းလမ်းများဖြင့် ပေးပို့နိုင်သည်-
(ကက) လူကိုယ်တိုင်သော်လည်းကောင်း၊
(ခခ) ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ဖော်ပြပါရှိသော ၎င်းတို့၏လိပ်စာများ သို့မ ဟုတ် ဤကိစ္စရပ်အလို့ငှာ ကုမ္ပဏီတွင် ပါဝင်သူများက သတ်မှတ်ဖော်ပြထားသည့် အခြားလိပ်စာများ သို့စာတိုက်မှ ဖြစ်စေ၊ အခြားတိုက်ရိုက်ပေးပို့သည့် နည်းလမ်းဖြင့်ဖြစ်စေ ဆောင်ရွက်ခြင်းဖြင့်လည်း ကောင်း၊
(ဂဂ) ဤကိစ္စရပ်အလို့ငှာ ကုမ္ပဏီတွင် ပါဝင်သူများက သတ်မှတ်ဖော်ပြထားသည့် ဖက်(စ်) နံပါတ် သို့မဟုတ် အီလက်ထရောနစ် လိပ်စာသို့ အီလက်ထရောနစ်နည်းဖြင့် လည်းကောင်း၊
(ဃဃ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ထားသည့် အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့် လည်း ကောင်း၊ သို့ရာတွင် ကုမ္ပဏီတွင်ပါဝင်သူများထံသို့ အကြောင်းကြားစာ ပေးပို့ရာတွင် မတော်တဆ ကျန်ရစ်ခဲ့ခြင်း သို့မဟုတ် အကြောင်းကြားစာ မရရှိခြင်းတို့သည် အစည်းအဝေးတစ်ရပ်ရပ်၏ဆောင်ရွက် ရမည့် လုပ်ငန်းများကို တရားမဝင်ခြင်း မရှိစေရ။
(၃) အစည်းအဝေးအကြောင်းကြားစာတွင် အောက်ပါတို့ကို ဖော်ပြ ပါရှိစေရမည်-
(ကက) အစည်းအဝေးကျင်းပမည့် နေရာ၊ နေ့ရက်နှင့် အချိန်၊
(ခခ) အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာအထွေထွေ ဖော်ပြချက်များ၊
(ဂဂ) အစည်းအဝေးသည် နှစ်ပတ်လည်အထွေထွေအစည်းအဝေး၊ ဥပဒေအရ လိုက်နာကျင်းပရသည့် အစည်းအဝေး သို့မဟုတ် အထူးကျင်းပသည့် အထွေထွေ အစည်းအဝေးတစ်ရပ်ရပ်ဖြစ်ကြောင်း ဖော်ပြ ချက်များ၊
(ဃဃ) ကုမ္ပဏီတွင် ပါဝင်သူများကအဆိုပြုသည့် ဆုံးဖြတ်ချက်များ သို့မဟုတ် အထူးဆုံးဖြတ်ချက် များ ပါရှိခြင်း သို့မဟုတ် မပါရှိခြင်းဆိုသောအချက်များ အပါအဝင် လိုအပ်သော ရှင်းလင်းတင်ပြချက် များနှင့် တကွ အစည်းအဝေးတွင် အဆိုပြုမည့် ဆုံးဖြတ်ချက်များ၊
(ငင) ကိုယ်စားလှယ်များ သို့မဟုတ် ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်ခန့်အပ်ခြင်း နှင့် စပ်လျဉ်းသည့်သတင်း အချက်အလက်များနှင့် လမ်းညွှန်ချက်များ၊ ယင်းတို့တွင် အဆိုပါခန့်အပ်မှုများအတွက် အကြောင်းကြား စာများ လက်ခံရရှိနိုင်သည့်အချိန်၊ အဆိုပါ ခန့်အပ်မှုများအား ပေးပို့ရမည့်နည်းလမ်းများ ပါဝင်ရမည်၊ ၎င်းအပြင်
(စစ) ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင်ဖြစ်စေ၊ ဤဥပဒေတွင်ဖြစ်စေ သတ်မှတ်ဖော်ပြထားသော လိုအပ် သည့် အခြားအချက်အလက်များ။
(၄) ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ၏ မှတ်ပုံတင်စာရင်းတွင် အမည်စာရင်းဖော်ပြပါရှိသော အစု ရှယ်ယာ ပိုင်ရှင်တစ်ဦးဦးသည် တူညီသော အစုရှယ်ယာအမျိုးအစားကို ပိုင်ဆိုင်ကြသော အခြားအစု ရှယ်ယာရှင်များ ကဲ့သို့ တူညီသည့်အခွင့်အရေးများ ရရှိခံစားနိုင်ပြီး တူညီသောတာဝန်ရှိမှုများနှင့်လည်း သက်ဆိုင်စေရမည်။
(ခ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အောက်ပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏အစည်း အဝေးများ၌ မဲပေးခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် အကျိုးသက်ရောက်စေရမည်-
(၁) အစုရှယ်ယာ အမျိုးအစား တစ်ရပ်ရပ်နှင့်အတူ ဆက်စပ်ပါရှိသော အခွင့်အရေးများ သို့မဟုတ် ကန့်သတ်ချက်များနှင့်အညီ ကုမ္ပဏီ၏အစည်းအဝေး၌-
(ကက) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီကလက်ပြ၍ ဆန္ဒမဲတစ်မဲပေးခွင့်ရှိသည်။
(ခခ) ဆန္ဒမဲပေးရာတွင် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးစီသည် ၎င်းတို့ပိုင်ဆိုင်သော အစုရှယ်ယာတစ်ခုစီ အတွက် ဆန္ဒမဲတစ်မဲ ပေးခွင့်ရှိသည်။
(ဂဂ)အစုရှယ်ယာတစ်ခုအား ပူးတွဲပိုင်ဆိုင်ကြလျှင် အမည်စာရင်း တင်သွင်းထားသော အစုရှယ်ယာ ပိုင် သူများအနက်မှ တစ်ဦးကမဲပေးခွင့်ရှိသည်။ ၎င်းအပြင်
(ဃဃ) ဥက္ကဋ္ဌသည် အဆုံးအဖြတ်မဲတစ်မဲ ပေးခွင့်ရှိသည်၊
(၂) မဲပေးနိုင်သည့် အခွင့်အရေးတစ်စုံတစ်ရာအပေါ် ဆန့်ကျင်တင်ပြလိုလျှင် အစည်းအဝေး၌သာ ပြုလုပ်နိုင်ပြီး ယင်းနှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌ၏အဆုံးအဖြတ်သည် အပြီးသတ် ဖြစ်စေရမည်။
(၃) အစည်းအဝေးတွင် မဲခွဲဆောင်ရွက်ရန် တင်ပြသည့် ဆုံးဖြတ်ချက်ကို ဆန္ဒမဲပေးရန် တောင်းဆိုခြင်း မရှိလျှင် လက်ပြ၍ဆန္ဒပြုခြင်းဖြင့် ဆုံးဖြတ်ရမည်။
(၄) ဆုံးဖြတ်ချက် တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဆန္ဒမဲပေးရန် အောက်ပါပုဂ္ဂိုလ်များက တောင်းဆိုဆောင် ရွက်နိုင်သည်-
(ကက) ဥက္ကဋ္ဌ သို့မဟုတ်
(ခခ) ကုမ္ပဏီတွင်ပါဝင်သူများမှ အနည်းဆုံး ငါးဦး သို့မဟုတ်
(ဂဂ) ဆန္ဒမဲပေးရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် မဲအရေအတွက် အနည်းဆုံး ၁ဝ ရာခိုင်နှုန်းကို ရရှိ ထားသည့် ကုမ္ပဏီတွင်ပါဝင် သူများ။
(၅) လက်ပြ၍ ဆန္ဒမဲပေးခြင်း မပြုမီအချိန်တွင်သော်လည်းကောင်း၊ လက်ပြ၍ ဆန္ဒမဲပေးသည့် ရလဒ် များကို ကြေညာခြင်းမပြုမီ သို့မဟုတ် ကြေညာပြီးနောက် ချက်ချင်းအချိန်တွင်လည်းကောင်း ဆန္ဒမဲ ပေးခြင်းကိုပြုလုပ်ရန် တောင်းဆိုနိုင်သည်။
(၆) ဆန္ဒမဲပေးခြင်းကို ဥက္ကဋ္ဌက ညွှန်ကြားသည့်နည်းလမ်းဖြင့် ဆောင်ရွက်ရမည်။
(၇) လက်ပြ၍ဖြစ်စေ၊ ဆန္ဒမဲဖြင့်ဖြစ်စေ ဆန္ဒမဲပေးခြင်းမပြုလုပ်မီအချိန်တွင် ဥက္ကဋ္ဌသည် လက်ခံရရှိ ထားသော ကိုယ်စားလှယ်ဖြင့်ပေးသည့် မဲများနှင့် အဆိုပါမဲများကို မည်သို့အဆုံးအဖြတ်ပြုစေမည် ဆိုသည်ကို အစည်းအဝေးသို့ အသိပေးပြောကြားရမည်။ ၎င်းအပြင်
(၈) လက်ပြ၍ဆန္ဒမဲပေးရာတွင် ဥက္ကဋ္ဌ၏ကြေညာချက်သည် အဆုံးအဖြတ်ရလဒ်အတွက် ပြည့်စုံခိုင်လုံ သော သက်သေခံချက်ဖြစ်စေရမည်။ သို့ရာတွင် အဆိုပါကြေညာချက်သည် လက်ပြ၍ဆန္ဒပြုမှုများနှင့် လက်ခံရရှိထားသော ကိုယ်စားလှယ်များ၏ ဆန္ဒပြုမှုများကို အခြေခံရမည်။
(ဂ) ကုမ္ပဏီ၏အစည်းအဝေးတစ်ရပ်ရပ်ကို ခေါ်ယူကျင်းပနိုင်မည့် နည်းလမ်းတစ်ရပ်ရပ်အရ အစည်း အဝေးအား ခေါ်ယူကျင်းပရန်အတွက်ဖြစ်စေ၊ ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ သို့မဟုတ် ဤ ဥပဒေအရ သတ်မှတ်ထားသည့်နည်းလမ်းဖြင့် ကုမ္ပဏီ၏ အစည်းအဝေးအား ကျင်းပရန်အတွက်ဖြစ်စေ အကြောင်းတစ်စုံတစ်ရာကြောင့် မပြုလုပ်နိုင်ခဲ့လျှင် တရားရုံးသည် ကိုယ်တိုင်အရေးယူ ဆောင်ရွက်ခြင်း ဖြင့်ဖြစ်စေ၊ အစည်းအဝေးတွင် မဲပေးခွင့်ရရှိသော ကုမ္ပဏီ၏ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူ တစ်ဦးဦး၏ လျှောက်ထားချက်အရဖြစ်စေ ကုမ္ပဏီ၏ အစည်းအဝေးတစ်ရပ်ကို တရားရုံးမှ သင့်သည်ထင်မြင်သည့် နည်းလမ်းဖြင့် ခေါ်ယူကျင်းပစေရန် အမိန့်ချမှတ်နိုင်သည်။ အဆိုပါအမိန့်တစ်ရပ် ကို ချမှတ်သည့်အခါ တရားရုံးသည် လိုအပ်မည်ထင်သော အထောက်အပံ့ဖြစ်စေမည့် ညွှန်ကြားချက်များ ကို ချမှတ်နိုင်သည်။ ဖော်ပြပါအမိန့် တစ်ရပ်ရပ်နှင့်အညီ ခေါ်ယူကျင်းပသည့် အစည်းအဝေးတစ်ရပ်ရပ်ကို ကုမ္ပဏီ၏ နည်းလမ်းတကျ ခေါ်ယူကျင်းပသော အစည်းအဝေးတစ်ရပ်အဖြစ် မှတ်ယူရမည်။
ကုမ္ပဏီများ၏အစည်းအဝေးများသို့တက်ရောက်ရန် ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်များ ခန့်ထားခြင်း
၁၅၃။ (က) အခြားကုမ္ပဏီတစ်ခု၏ အဖွဲ့ဝင်ဖြစ်သော ကုမ္ပဏီတစ်ခုသည် ဒါရိုက်တာများ၏ ဆုံးဖြတ် ချက်ဖြင့် ယင်း၏အရာရှိတစ်ဦးဦးကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ ဖော်ပြပါ အခြားကုမ္ပဏီ၏ အစည်းအဝေးတစ်ရပ်ရပ်၌ ယင်း၏ကိုယ်စားပြုပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်စေရန်နှင့် မဲပေးရန်အတွက် ယင်း၏အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်နိုင်စေရန် အပ်နှင်းနိုင်သည်။ ထိုသို့ အခွင့်အာဏာ အပ်နှင်းခြင်းခံရသူသည် အခြားကုမ္ပဏီ၏ အစည်းအဝေး၌လည်းကောင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆန္ဒမဲပေးရာ၌လည်းကောင်း ၎င်းအားအခွင့်အာဏာအပ်နှင်းသည့် ကုမ္ပဏီက ကျင့်သုံးဆောင်ရွက်သကဲ့ သို့ ယင်းကုမ္ပဏီ၏ကိုယ်စား အလားတူ အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။
(ခ) ကုမ္ပဏီသည် ပုဒ်မခွဲ (က) အရ တစ်ဦးထက်ပိုသော ကုမ္ပဏီကိုယ်စားပြု ပုဂ္ဂိုလ်များကို ခန့်ထား နိုင်သည်။ သို့ရာတွင် ဖော်ပြပါအခွင့်အာဏာများကို တစ်ကြိမ်တွင် ကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦးကသာလျှင် ကျင့်သုံးဆောင်ရွက် နိုင်သည်။
(ဂ) ပုဒ်မခွဲ (က) အရ ခန့်အပ်ထားသော ကုမ္ပဏီကိုယ်စားပြုပုဂ္ဂိုလ်အား ကုမ္ပဏီ၏ အစည်းအဝေးသို့ တက်ရောက်စေခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် ယင်းကိုယ်စားပြု ပုဂ္ဂိုလ်အား တရားဝင်ခန့်ထားခြင်း နှင့် သက်ဆိုင်သော အထောက်အထားများကို ကြည့်ရှုရန်အတွက် တောင်းဆိုနိုင်သည်။ ထို့အပြင် ကုမ္ပဏီ ကိုယ်စားပြုပုဂ္ဂိုလ်များ ခန့်အပ်ခြင်းအတွက် ပုံစံတစ်ခုကို ကုမ္ပဏီဒါရိုက်တာများ၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်နိုင်သည်။
ကုမ္ပဏီများ၏အစည်းအဝေးများသို့ တက်ရောက်ရန် ကိုယ်စားလှယ်များအား ခန့်ထားခြင်း
၁၅၄။ (က) ကုမ္ပဏီ၏ အစည်းအဝေးသို့တက်ရောက်၍ မဲပေးခွင့်ရှိသော ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သည် ဤပုဒ်မပါပြဋ္ဌာန်းချက်များ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့်အညီ ၎င်းကိုယ်စား အစည်းအဝေးသို့ တက်ရောက်စေရန်နှင့် မဲပေးရန်အတွက် ယင်း၏ အခွင့်အာဏာများကို ကျင့်သုံး ဆောင်ရွက်နိုင်စေရန် ကိုယ်စားလှယ်တစ်ဦးဦးကို ခန့်ထားနိုင်သည်။
(ခ) ကိုယ်စားလှယ်သည် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဖြစ်ရန်မလို။ ၎င်းသည် ကုမ္ပဏီ၏ အစည်းအဝေး ၌ လည်းကောင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဆန္ဒမဲပေးရာ၌ လည်းကောင်း ၎င်းအားခန့်အပ်သည့် ကုမ္ပဏီတွင် ပါဝင်သူက ကျင့်သုံးဆောင်ရွက်သကဲ့သို့ ၎င်းကိုယ်စား အလားတူအခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။
(ဂ) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးက ကိုယ်စားလှယ်တစ်ဦးကို ခန့်ထားရာတွင် အသုံးပြုမည့် လျှောက်လွှာ ပုံစံကို ယင်းကုမ္ပဏီက ဒါရိုက်တာ များ၏ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားနိုင်ပြီး ထိုသို့သတ်မှတ်ထား သည့် လျှောက်လွှာပုံစံရှိခဲ့လျှင် ၎င်းအားကုမ္ပဏီတွင် ပါဝင်သူများအားလုံးထံသို့ ပေးပို့ရမည်။ ကုမ္ပဏီ သည် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နိုင်သူများ၏ စာရင်းတစ်ခုကို ထိုလျှောက်လွှာပုံစံနှင့်အတူ ထည့်သွင်း ဖော်ပြနိုင်သည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ လျှောက်လွှာပုံစံတစ်ခုကို သတ်မှတ်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကိုယ်စားလှယ်ခန့်အပ်မှုသည် ခန့်အပ်သူက လက်မှတ်ရေးထိုးပြီး ၎င်းတွင် အောက်ပါအချက်အလက်များ ပါဝင်ခဲ့လျှင် တရားဝင်သည်-
(၁) ကုမ္ပဏီတွင်ပါဝင်သူ၏အမည်နှင့် နေရပ်လိပ်စာ၊
(၂) ကုမ္ပဏီ၏အမည်၊
(၃) ကိုယ်စားလှယ်၏အမည်နှင့်
(၄) ကိုယ်စားလှယ်မှ တက်ရောက်မည့်အစည်းအဝေးများ။ (အစည်းအဝေးများအားလုံးလည်း ဖြစ်နိုင် သည်။)
(င) ကိုယ်စားလှယ်ခန့်အပ်မှုတစ်ရပ် စတင်အကျိုးသက်ရောက်စေရန်အတွက် ကိုယ်စားလှယ် ခန့်အပ် သည့် စာရွက်စာတမ်းကို သက်ဆိုင်ရာအစည်းအဝေးမစတင်မီ အနည်းဆုံး ၄၈ နာရီကြိုတင်၍ ကုမ္ပဏီမှ လက်ခံရရှိပြီး ဖြစ်ရမည်။ အကြောင်းကိစ္စအသီးသီးတွင် အဆိုပါ စာရွက်စာတမ်းများကို ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် အစည်းအဝေးအကြောင်းကြားစာတွင် ကုမ္ပဏီက ဖော်ပြထား သည့် အခြားနေရာ၊ လိပ်စာ သို့မဟုတ် နံပါတ်များသို့ ပေးပို့ရမည်။
(စ) ကုမ္ပဏီသည် ကိုယ်စားလှယ်ခန့်အပ်သော ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးထံမှ စာရွက်စာတမ်း တစ်ခု ထက် ပိုမို၍ လက်ခံရရှိခဲ့လျှင် နောက်ဆုံးလက်ခံရရှိခဲ့သော စာရွက်စာတမ်းသည် ယခင် ပေးပို့ခဲ့သော စာရွက်စာတမ်းကို ပြန်လည်ရုပ်သိမ်းသည်ဟု မှတ်ယူရမည်။
(ဆ) ကိုယ်စားလှယ်ခန့်အပ်သည့် စာရွက်စာတမ်းတွင် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ကိုယ်စား လှယ်က မည်သို့ဆန္ဒမဲပေးရမည်ကို သတ်မှတ်ဖော်ပြရမည် သို့မဟုတ် ကိုယ်စားလှယ်၏ ဆုံးဖြတ်ချက် ဖြင့် မဲပေးနိုင်ခွင့်ရှိကြောင်းဖော်ပြနိုင်ပြီး မည်သို့မဲပေးရန် သတ်မှတ်ထားလျှင် ကိုယ်စားလှယ်သည် အဆိုပါ သတ်မှတ်ချက်အတိုင်း ဆန္ဒမဲပေးရမည်။
(ဇ) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးသည် အကြောင်းတစ်ခုခုကြောင့် ဆုံးဖြတ်ချက်တစ်ခုအတွက် မဲပေးနိုင် ခွင့် မရှိခဲ့လျှင် ထိုသူ၏ကိုယ်စားလှယ်သည် ၎င်း၏ကိုယ်စားမဲပေးခွင့်မရှိစေရ။
သာမန်ဆုံးဖြတ်ချက်များ
၁၅၅။ ဤဥပဒေတွင်ဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ အထူးဆုံးဖြတ်ချက် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ သတ်မှတ်ထားသောရာခိုင်နှုန်း သို့မဟုတ် အရေအတွက်ဖြင့် အတည်ပြု၍ ဆောင်ရွက်ရမည်ဟု အတိအလင်းဖော်ပြထားသည့် ကိစ္စများမှတစ်ပါး ဤဥပဒေအရ ဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရဖြစ်စေ ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ရန် လိုအပ်သည့် ကိစ္စရပ်တွင် ထိုကိစ္စရပ်ကို သာမန်ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်၍ ဆောင်ရွက်နိုင်သည်။
အစည်းအဝေးများ ကျင်းပခြင်းမပြုဘဲ စာဖြင့်ရေးသား၍ ဆုံးဖြတ်ချက်များချမှတ်ခြင်း
၁၅၆။ (က) ဒါရိုက်တာတစ်ဦးသာရှိသော ကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာများ၏ အစည်းအဝေးများကို ခေါ်ယူကျင်းပရန်မလို။ လိုအပ်သောဆုံးဖြတ်ချက်များကို စာဖြင့်ရေးသားမှတ်တမ်းတင် လက်မှတ်ရေး ထိုးပြီး ချမှတ်နိုင်သည်။
(ခ) ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးသာရှိသော ကုမ္ပဏီတစ်ခုတွင် ကုမ္ပဏီတွင်ပါဝင်သူများ၏အစည်းအဝေး များကို ခေါ်ယူကျင်းပရန်မလို။ လိုအပ်သော ဆုံးဖြတ်ချက်များကိုစာဖြင့် ရေးသားမှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး ချမှတ်နိုင်သည်။
(ဂ) ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မဲပေးခွင့်ရှိသောဒါရိုက်တာ အားလုံးသည် စာရွက်စာတမ်းတွင် ရေးသားထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ထောက်ခံကြောင်း ဖော်ပြချက်ပါရှိသော စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြလျှင် ကုမ္ပဏီတစ်ခုခုသည် ဒါရိုက်တာများ၏ အစည်းအဝေးကိုခေါ်ယူကျင်းပခြင်း မပြုဘဲ ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်သည်။ အဆိုပါစာရွက်စာတမ်း၏ သီးခြား မိတ္တူများတွင်လည်း လက်မှတ်ရေးထိုးနိုင်ပြီး နောက်ဆုံးဒါရိုက်တာတစ်ဦးက လက်မှတ်ရေးထိုးပြီးသည့် အခါတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်သည်ဟု သတ်မှတ်ရမည်။
(ဃ) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မဲပေးခွင့်ရှိသောကုမ္ပဏီတွင် ပါဝင်သူအားလုံးသည် စာရွက်စာတမ်း တွင် ရေးသားထားသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ထောက်ခံကြောင်း ဖော်ပြချက်ပါရှိသော စာရွက် စာတမ်းကို လက်မှတ်ရေးထိုးခဲ့ကြလျှင် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခုခုသည် အထွေထွေ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခြင်းမပြုဘဲ ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်သည်။ အဆိုပါ စာရွက်စာတမ်း၏ သီးခြားမိတ္တူများတွင်လည်း လက်မှတ်ရေးထိုးနိုင်ပြီး ကုမ္ပဏီတွင်ပါဝင်သူ နောက်ဆုံးတစ်ဦးက လက်မှတ်ရေးထိုးပြီးသည့်အခါတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ် ပြီးဖြစ်သည်ဟု သတ်မှတ်ရမည်။
(င) ပုဒ်မခွဲ (ဃ) အရ ဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ်ခဲ့သည့် ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ်အား အထွေထွေ အစည်းအဝေး၌ ချမှတ်ရာတွင်လိုအပ်သော ယင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ သို့မဟုတ် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ပြီး ဖြစ်စေရမည့်အပြင် ဤဥပဒေ အရ အောက်ပါလိုအပ်ချက်များကိုလည်း လိုက်နာဆောင်ရွက်ပြီး ဖြစ်စေရမည်-
(၁) ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ဆုံးဖြတ်ချက်နှင့် သက်ဆိုင်သော အချက်အလက်များ သို့မဟုတ် စာရွက်စာတမ်းများအား လက်မှတ်ရေးထိုးမည့် စာရွက်စာတမ်းနှင့် အတူပေးပို့ရန်၊
(၂) မှတ်ပုံတင်အရာရှိထံသို့ ဆုံးဖြတ်ချက်ချမှတ်ရန်အတွက် ခေါ်ယူကျင်းပသည့် အစည်းအဝေး အကြောင်းကြားစာတင်ပြရန် ကုမ္ပဏီတွင်ပါဝင်သူများက လက်မှတ် ရေးထိုးမည့် စာရွက်စာတမ်း၏ မိတ္တူတစ်စောင်တို့အား ပေးပို့တင်ပြရန်နှင့်
(၃) ဆုံးဖြတ်ချက်ချမှတ်ရန် အတွက် ခေါ်ယူကျင်းပသည့် အစည်းအဝေးအကြောင်းကြားစာ တင်ပြရန် နှင့် ပုဒ်မခွဲ(င)၊ ပုဒ်မခွဲငယ် (၁) တွင် သတ်မှတ်ဖော်ပြထားသော အချက်အလက် သို့မဟုတ် စာရွက် စာတမ်းများ၏မိတ္တူတစ်စောင်စီကို ပေးပို့တင်ပြရန်။
အထွေထွေအစည်းအဝေးများ၊ ဒါရိုက်တာများ၏ အစည်းအဝေးများနှင့်စာဖြင့် ရေးသားချမှတ်သည့် ဆုံးဖြတ်ချက်များဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းများ
၁၅၇။ (က) ကုမ္ပဏီအားလုံးသည် အထွေထွေအစည်းအဝေးများ၊ ဒါရိုက်တာများ၏ အစည်းအဝေးများ နှင့် စာဖြင့်ရေးသားချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် သက်ဆိုင်သည့်ဆောင်ရွက်မှုများ အားလုံး၏ မှတ်တမ်းများကို ယင်းတို့အတွက် ပြုလုပ်ထားရှိသော မှတ်တမ်းစာအုပ်အသီးသီးတွင် ရေးသားဖော်ပြ ရန်အတွက် ပြုလုပ်ဆောင်ရွက်ရမည်။ သက်ဆိုင်ရာမှတ်တမ်းများ သို့မဟုတ် ဆုံးဖြတ်ချက်များကို ယင်းတို့နှင့်သက်ဆိုင်သည့် မှတ်တမ်းစာအုပ်များတွင် အစည်းအဝေး ကျင်းပသည့်နေ့ရက် သို့မဟုတ် စာဖြင့်ရေးသားပြုလုပ်သည့် ဆုံးဖြတ်ချက်ချမှတ်သော နေ့ရက်မှစ၍ ၂၁ ရက်အတွင်း ရေးသားဖော်ပြရ မည်ဖြစ်ပြီး ဥက္ကဋ္ဌ သို့မဟုတ် အခွင့်အာဏာအပ်နှင်းခြင်းခံရသည့် အခြားဒါရိုက်တာတစ်ဦးဦးက လက်မှတ်ရေးထိုးထားရမည်။
(ခ) အဆိုပါမှတ်တမ်း သို့မဟုတ် စာဖြင့်ရေးသားချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်သည် ၎င်းတို့အား ပြုလုပ်ဆောင်ရွက်ခဲ့သည့် အစည်းအဝေး၏ ဥက္ကဋ္ဌကဖြစ်စေ၊ နောက်တစ်ကြိမ် ကျင်းပမည့် အစည်း အဝေး၏ ဥက္ကဋ္ဌကဖြစ်စေ လက်မှတ်ရေးထိုးသကဲ့သို့ ဆောင်ရွက်ခဲ့လျှင် ၎င်းဆောင်ရွက်မှုများ သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်ခဲ့မှုများအတွက် သက်သေထင်ရှားပြီး ဖြစ်စေရမည်။
(ဂ) ဆန့်ကျင်ကွဲလွဲမှု တစ်စုံ တစ်ရာမရှိခဲ့လျှင် အတည်ပြုလက်မှတ် ရေးထိုးထားသော မှတ်တမ်း များတွင်ပါရှိသော ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး သို့မဟုတ် ဒါရိုက်တာအစည်းအဝေးများ အားလုံးကို နည်းလမ်းတကျ ခေါ်ယူကျင်းပဆောင်ရွက်ခဲ့သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှုအားလုံးသည် နည်းလမ်းတကျရှိခဲ့သည်ဟု သတ်မှတ်ရမည့်အပြင် ဒါရိုက်တာများ သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိများ ခန့်အပ်မှုအားလုံးသည်လည်း တရားဝင်သည်ဟု မှတ်ယူရမည်။
(ဃ) ကုမ္ပဏီတစ်ခု၏ အထွေထွေ အစည်းအဝေးဆိုင်ရာ ဆောင်ရွက်မှုမှတ်တမ်းများနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ စာဖြင့်ရေးသားချမှတ်ခဲ့သော ဆုံးဖြတ်ချက်များပါရှိသော စာရင်းစာအုပ်များကို ကုမ္ပဏီ ၏ မှတ်ပုံတင်ထားသော ရုံးခန်း၌ဖြစ်စေ၊ ဤဥပဒေနှင့် အညီ ထိန်းသိမ်းထားရှိရမည့် ကုမ္ပဏီ၏ မှတ်ပုံတင် စာရင်းများထားရှိရာ အခြားနေရာတွင်ဖြစ်စေ ထိန်းသိမ်းထားရှိရမည်။ ယင်းတို့အား ရုံး လုပ်ငန်းအချိန် ကာလအတွင်း ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦး၏ စစ်ဆေးဆောင်ရွက်မှုအတွက် အခမဲ့ ခွင့်ပြုရမည်။ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် အထွေထွေအစည်းအဝေးတွင် စစ်ဆေး ဆောင်ရွက်ခြင်းအတွက် တစ်နေ့လျှင် အချိန်နှစ်နာရီအောက် မနည်းသောကာလကို ခွင့်ပြုရန် သတ်မှတ် နိုင်သည်ဟူသော ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်။
(င) အစည်းအဝေးကျင်းပသည့်နေ့မှ ခုနစ်ရက်ကာလနောက်ပိုင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် ပုဒ်မခွဲ (ဃ) တွင် ဖော်ပြပါရှိသော မှတ်တမ်း သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်၏ မိတ္တူတစ်စောင်ကို ဒါရိုက်တာများက သတ်မှတ်ထားသော သင့်လျော်သည့် အဖိုးအခကို ပေးသွင်း၍ ၎င်းတောင်းဆိုသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း ရရှိခွင့်ရှိစေရမည်။
၁၅၈။ ပုဒ်မ ၁၅၇၊ ပုဒ်မခွဲ (ဃ) အရ ဆောင်ရွက်သည့် စစ်ဆေးမှုတစ်ရပ်ရပ်ကို ငြင်းပယ်ခဲ့လျှင် သို့မဟုတ် ပုဒ်မ ၁၅၇၊ ပုဒ်မခွဲ (င) အရ တောင်းဆိုသည့် မိတ္တူတစ်စုံတစ်ရာကို ပုဒ်မ ၁၅၇၊ ပုဒ်မခွဲ (င) တွင် သတ်မှတ်ထားသည့် အချိန်အတွင်း ပေးအပ်ခြင်းမပြုခဲ့လျှင် ထိုသို့ပျက်ကွက်မှု၌ သိလျက်ဖြင့် တမင် ပြုလုပ်ဆောင်ရွက်ခဲ့သော အဆိုပါကုမ္ပဏီနှင့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများ တစ်ဦး စီသည် ပြစ်မှုတစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
၁၅၉။ ပုဒ်မ ၁၅၈ တွင်ဖော်ပြထားသည့် ငြင်းပယ်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းအတွက် တရားရုံးသည် အမိန့်တစ်ရပ်ချမှတ်၍ အထွေထွေအစည်းအဝေး၏ ဆောင်ရွက်မှုများအားလုံး သို့မဟုတ် စာဖြင့်ရေးသား ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်သက်ဆိုင်သော စာရင်းစာအုပ်များကို ချက်ချင်းစစ်ဆေး ဆောင်ရွက် မှု ပြုလုပ်စေနိုင်သည် သို့မဟုတ် မိတ္တူတောင်းခံသော ပုဂ္ဂိုလ်များထံသို့ လိုအပ်သော မိတ္တူများကို ပေးပို့ စေရန် ညွှန်ကြားနိုင်သည်။
အခန်း (၁၈)
ဒါရိုက်တာများ၊ ၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် တာဝန်များ
ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များ
၁၆၀။ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကုမ္ပဏီ၏စီးပွားရေး လုပ်ငန်းများကို ဒါရိုက်တာအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သို့မဟုတ် ညွှန်ကြား ချက်နှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်ရမည် သို့မဟုတ် ဒါရိုက်တာတစ်ဦးတည်း ရှိသည့်ကုမ္ပဏီတွင် အဆိုပါ ဒါရိုက်တာတစ်ဦးတည်း၏ ညွှန်ကြားချက်ဖြင့်ဆောင်ရွက်ရမည်။
(ခ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရာတွင် ဒါရိုက်တာများ သို့မဟုတ် တစ်ဦး တည်းရှိသော ဒါရိုက်တာသည် ကုမ္ပဏီ၏လုပ်ပိုင်ခွင့်များအားလုံးကို ဤဥပဒေတွင် လည်းကောင်း၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်လည်းကောင်း အတိအလင်း ဖော်ပြပါရှိသည့်အတိုင်း ကုမ္ပဏီ တွင် ပါဝင်သူများက ကျင့်သုံးဆောင်ရွက်ရန် လိုအပ်သောလုပ်ပိုင်ခွင့်များနှင့်အညီ ကျင့်သုံးဆောင်ရွက် နိုင်သည်။
(ဂ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ဒါရိုက်တာအဖွဲ့သည် ဒါရိုက်တာများက ကျင့်သုံး ဆောင်ရွက်နိုင်သော လုပ်ပိုင်ခွင့်များမှ တစ်ရပ်ရပ်ကို အုပ်ချုပ်မှုဒါရိုက်တာ (managing director) တစ်ဦးထံသို့ အပ်နှင်းနိုင်သည်။
(ဃ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့်အညီ ဒါရိုက်တာအဖွဲ့သည် ယင်း၏လုပ်ပိုင်ခွင့်များမှ တစ်ရပ်ရပ်ကို အောက်ပါပုဂ္ဂိုလ်များထံသို့ အပ်နှင်းနိုင်သည်-
(၁) ဒါရိုက်တာများမှ ပါဝင်သော ကော်မတီတစ်ရပ်ရပ်၊
(၂) ဒါရိုက်တာတစ်ဦးဦး၊
(၃) ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးဦး၊
(၄) အခြားပုဂ္ဂိုလ်တစ်ဦးဦး။
(င) ပုဒ်မခွဲ (ဃ) အရ လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသူသည် ဒါရိုက်တာအဖွဲ့မှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အဆိုပါလုပ်ပိုင်ခွင့်များအား ကျင့်သုံးဆောင်ရွက်ရမည့်အပြင် ထိုသို့အပ်နှင်း ခြင်းခံရသူက လုပ်ပိုင်ခွင့်များအား ကျင့်သုံးဆောင်ရွက်မှုသည် ဒါရိုက်တာများက အဆိုပါလုပ်ပိုင်ခွင့်များ အား ကျင့်သုံးဆောင်ရွက်သည့်အတိုင်း အကျိုးသက်ရောက်သည်။
(စ) ပုဒ်မခွဲ (ဃ) အရ ဒါရိုက်တာများသည် လုပ်ပိုင်ခွင့်တစ်ရပ်ကို အပ်နှင်းခဲ့သည့်အခါ အောက်ပါအချက် များကို ဖော်ပြနိုင်ခြင်းမရှိခဲ့လျှင် ဒါရိုက်တာများ ကိုယ်တိုင် အဆိုပါ လုပ်ပိုင်ခွင့်အား ကျင့်သုံးဆောင်ရွက် သကဲ့သို့ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ဆောင်ရွက်မှုအတွက် တာဝန်ရှိစေရမည်-
(၁) လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသူသည် ဤဥပဒေနှင့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့အရ ကုမ္ပဏီ၏ဒါရိုက်တာများအပေါ် သတ်မှတ်ထားသည့် တာဝန်ဝတ္တရားများနှင့်အညီ လုပ်ပိုင်ခွင့်အား အမြဲ ကျင့်သုံးဆောင်ရွက်သည်ဟု သင့်လျော်သည့် အကြောင်းပြချက်များရှိခြင်း၊ နှင့်
(၂) သဘောရိုးဖြင့် သင့်လျော်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စုံစမ်းစစ်ဆေးရန် လိုအပ် သည့် အခြေအနေရှိခဲ့လျှင် လုပ်ပိုင်ခွင့်အပ်နှင်းခြင်း ခံရသူသည် လွှဲအပ်ထားသည့် လုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အားထားရသော အရည်အချင်းပြည့်ဝသူဖြစ်သည်ဟု သင့်လျော်သည့် အကြောင်းပြချက်များ ရှိခြင်း။
ဒါရိုက်တာများက အချက်အလက်များကို ရယူနိုင်ခြင်း
၁၆၁။ (က) ဒါရိုက်တာတစ်ဦးသည် သင့်လျော်သည့်အချိန်တိုင်းတွင် ကုမ္ပဏီ၏ စာရင်းစာအုပ်များနှင့် မှတ်တမ်းများကို စစ်ဆေးကြည့်ရှုနိုင်သည်။
(ခ) ဒါရိုက်တာအဖြစ်မှ ရပ်နားခဲ့သူတစ်ဦးဦးသည် ဒါရိုက်တာအဖြစ်မှ ရပ်နားပြီးနောက် ခုနစ်နှစ်ကာလ အတွင်း သင့်လျော်သည့် အချိန်တိုင်းတွင် အောက်ပါတရားစွဲဆို ဆောင်ရွက်မှုများအတွက် ကုမ္ပဏီ၏ စာရင်းစာအုပ်များနှင့် မှတ်တမ်းများကို စစ်ဆေးကြည့်ရှုနိုင်ပြီး ယင်းတို့၏ မိတ္တူများကို ရယူနိုင်သည်-
(၁) ဖော်ပြပါပုဂ္ဂိုလ်သည် အမှုသည်အဖြစ်ပါဝင်နေသောကိစ္စ၊
(၂) ဖော်ပြပါပုဂ္ဂိုလ်သည် သဘောရိုးဖြင့် တရားစွဲဆိုရန် ရည်ရွယ်ခြင်း၊
(၃) ဖော်ပြပါပုဂ္ဂိုလ်သည် ယင်းအပေါ် တရားစွဲဆိုရန်အကြောင်းရှိခြင်း။
ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ
၁၆၂။ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု သို့မဟုတ် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု သို့မဟုတ် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် ကန့်သတ်ထားလျှင် အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာများသည် အထွေထွေ အစည်းအဝေး တွင် သဘောတူညီချက်ဖြင့် ဆောင်ရွက်သည့်ကိစ္စရပ်မှအပ အောက်ပါတို့ကို ဆောင်ရွက်ခြင်းမပြုရ-
(က) ကုမ္ပဏီ၏ အဓိကလုပ်ငန်းဆောင်ရွက်မှုများကို ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဖယ်ရှားခြင်း၊ သို့မဟုတ်
(ခ) ဒါရိုက်တာတစ်ဦးက ပေးချေရမည့် ကြွေးမြီတစ်ရပ်ရပ်ကို ပေးချေခြင်း။
မဲပေးခြင်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ
၁၆၃။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးသည် ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်မည့် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများ တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့် တစ်ရပ်ရပ်ရှိခဲ့လျှင် ယင်းဒါရိုက်တာသည် အစည်းအဝေးတွင် အဆိုပါ ကိစ္စရပ်အား ဆုံးဖြတ်ဆောင်ရွက်နေချိန်၌ တက်ရောက်ခြင်း မပြုရသည့်အပြင် ယင်းကိစ္စရပ် အတွက် မဲပေးခြင်းမပြုရ။
(ခ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ အစည်းအဝေးတွင် ဆုံးဖြတ်မည့်ကိစ္စ တစ်ရပ်ရပ်၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့်တစ်ရပ်ရပ် ပါရှိသော ဒါရိုက်တာတစ်ဦးသည် အောက်ပါအချက်များ ရှိခဲ့လျှင် ဒါရိုက်တာအစည်းအဝေးသို့ တက်ရောက်နိုင်ပြီး ထိုကိစ္စရပ်နှင့်စပ်လျဉ်း၍ မဲပေးခွင့် ရှိသည်-
(၁) ပုဒ်မ ၁၇၂ အရ ဒါရိုက်တာသည် ကုမ္ပဏီ၏လုပ်ငန်းများတွင် ၎င်း၏အကျိုးခံစားခွင့်နှင့် ပါဝင် ပတ်သက်မှုများ၏ အခြေအနေနှင့် အတိုင်းအတာများကို ထုတ်ဖော်ပြောဆိုခြင်း၊ အခြားဒါရိုက်တာများ က အဆိုပါဒါရိုက်တာနှင့် အကျိုးခံစားခွင့်၏ အခြေအနေကိုဖော်ပြသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ် ၍ အဆိုပါအကျိုးခံစားခွင့်သည် ထိုဒါရိုက်တာအား အစည်းအဝေးသို့ တက်ရောက်ခြင်း သို့မဟုတ် မဲပေးခြင်းများအတွက် ထိခိုက်စေခြင်းမရှိဟု တွေ့ရှိရကြောင်း ဖော်ပြခဲ့ခြင်းများရှိခဲ့လျှင် သို့မဟုတ်
(၂) ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) ၌ ဖော်ပြထားသော ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ကဲ့သို့ အလားတူ အကျိုးသက်ရောက်မှုရှိသော ဆုံးဖြတ်ချက်တစ်ရပ်အား ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး၌ ချမှတ်ခဲ့ လျှင် သို့မဟုတ်
(၃) အကျိုးခံစားခွင့်သည် ပုဒ်မ ၁၇၂ အရ ထုတ်ဖော်ပြောဆိုရန် မလိုအပ်သော အကျိုးခံစားခွင့် တစ်ရပ်ဖြစ်ခဲ့လျှင်။
(ဂ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ပုဒ်မခွဲ (ခ) တွင်ပါရှိသည့် သတ်မှတ် ချက်များနှင့် ညီညွတ်လျှင်-
(၁) အဆိုပါဒါရိုက်တာသည် အကျိုးခံစားခွင့်ပါရှိသော ကိစ္စရပ်နှင့်စပ်လျဉ်း၍ မဲပေးနိုင်သည်။
(၂) အကျိုးခံစားခွင့်ပါရှိသော လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်ရပ်ကို ဆက်လက်ပြုလုပ်နိုင်သည်။
(၃) ဒါရိုက်တာတွင် အကျိုးခံစားခွင့်ရှိစေကာမူ အဆိုပါဒါရိုက်တာသည် လုပ်ငန်းဆောင်ရွက်မှုမှ ရရှိ သည့် အကျိုးအမြတ်များကို ရယူနိုင်သည်။ ၎င်းအပြင်
(၄) အကျိုးခံစားခွင့်ပါရှိသည်ဆိုကာမျှဖြင့် ကုမ္ပဏီသည် လုပ်ငန်းဆောင်ရွက်မှုကို ရှောင်ရှားခြင်းမပြု နိုင်။
ဒါရိုက်တာများနှင့် အရာရှိများ၏ တာဝန်များ
တာဝန်များ
၁၆၄။ ပုဒ်မ ၁၆၅ မှ ပုဒ်မ ၁၇၂ အထိတွင် ဒါရိုက်တာများနှင့် အရာရှိများအား ပေးအပ်ထားသည့် အဓိက တာဝန်များကို ပြဋ္ဌာန်းထားပါသည်။ သို့သော် ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ် ရပ်အရဖြစ်စေ ပေးအပ်ထားသော တာဝန်များကို ကန့်သတ်ထားခြင်း မရှိစေရ။
ထိုက်သင့်သောဂရုပြုမှု နှင့် လုံ့လဝီရိယဖြင့် ဆောင်ရွက်ရန်တာဝန်
၁၆၅။ (က) ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် အောက်ပါအခြေအနေများတွင် သာမန်ပုဂ္ဂိုလ် တစ်ဦးကထားရှိသော ဂရုပြုမှုနှင့် လုံ့လဝီရိယတို့ဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်းနှင့် တာဝန်များကို ထမ်းဆောင်ခြင်းတို့ကို ပြုလုပ်ရမည်။
(၁) ဖော်ပြပါပုဂ္ဂိုလ်သည် ကုမ္ပဏီ၏အခြေအနေအရပ်ရပ်တို့တွင် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအဖြစ်ရှိခဲ့ကြလျှင် သို့မဟုတ်
(၂) ဖော်ပြပါ ပုဂ္ဂိုလ်သည် ကုမ္ပဏီတွင် ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအဖြစ် ရာထူးရယူခဲ့ပြီး ယင်းတို့ကဲ့သို့ အလားတူ တာဝန် များရှိခဲ့ကြလျှင်။
(ခ) ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးသည် ယင်းတို့၏လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက် ခြင်းနှင့် တာဝန်များကို ထမ်းဆောင်သောအခါ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအား ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသော လုပ်ဆောင်မှုတစ်ရပ်ရပ်ကို ပြုလုပ်မည်၊ မပြုလုပ်မည် ဟူသည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ် ချမှတ်ရာတွင် အောက်ပါကိစ္စရပ်များကို ပြုလုပ်ခဲ့လျှင် ဤပုဒ်မ၏ ပုဒ်မခွဲ (က) အရ သတ်မှတ်ချက်များ၊ အလားတူဥပဒေနှင့် အညီဖြစ်သော တာဝန်များနှင့် ပုဒ်မ ၁၇ဝ ပါတာဝန်များကို လိုက်နာဆောင်ရွက် သည်ဟု မှတ်ယူရမည်။
(၁) ဆုံးဖြတ်ချက်အား လျော်ကန်သင့်မြတ်သော ကိစ္စရပ် အတွက် သဘောရိုးဖြင့် ချမှတ်ခဲ့လျှင်၊
(၂) ဆုံးဖြတ်ချက်ချမှတ်သည့်ကိစ္စရပ်တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုး ခံစားခွင့်မပါရှိလျှင်၊
(၃) ဆုံးဖြတ်ချက် ချမှတ်သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဒါရိုက်တာများကိုယ်တိုင် သင့်လျော်မျှတသည်ဟု ယုံကြည်လျှင်၊ ၎င်းအပြင်
(၄) ဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏အကျိုးအတွက် အကောင်းဆုံးဖြစ်သည်ဟု ကျိုးကြောင်းညီညွတ်စွာ ယုံကြည်လျှင်။
ကုမ္ပဏီ၏အကျိုးအတွက် အကောင်းဆုံးဖြစ်စေရန် သဘောရိုးဖြင့် ဆောင်ရွက်ရမည့်တာဝန်
၁၆၆။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို အောက်ပါအတိုင်း ကျင့်သုံးဆောင်ရွက်ရမည်-
(၁) ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ခြင်းနှင့်သဘောရိုးဖြင့် ဆောင်ရွက် ခြင်း၊ နှင့်
(၂) လျော်ကန်သင့်မြတ်သောကိစ္စရပ်အတွက် ဆောင်ရွက်ခြင်း။
(ခ) ရာနှုန်းပြည့်လက်အောက်ခံကုမ္ပဏီ (wholly-owned subsidiary) ဖြစ်သည့် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအဖြစ် လုပ်ပိုင်ခွင့်များ ကို ကျင့်သုံးသည့်အခါ သို့မဟုတ် တာဝန်များကို ထမ်းဆောင်သည့်အခါတွင်ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း၌ ထိုသို့လိုက်နာဆောင်ရွက်ရန် အတိအလင်းခွင့်ပြုထားလျှင် အဆိုပါ လက်အောက်ခံကုမ္ပဏီ အတွက် အကောင်းဆုံးအကျိုးရလဒ် မရှိစေကာမူ ထိုကုမ္ပဏီ၏ အစုများပိုင်ဆိုင်သည့် ကုမ္ပဏီ (holding company) အတွက် အကောင်းဆုံး အကျိုးရလဒ်များရှိသည်ဟု ၎င်းတို့ယုံကြည်သည့် နည်းလမ်းများ ဖြင့် ဆောင်ရွက်နိုင်သည်။
(ဂ) ရာနှုန်းပြည့် ပိုင်ဆိုင်ထားသော လက်အောက်ခံ ကုမ္ပဏီတစ်ခုမဟုတ်သည့် လက်အောက်ခံ ကုမ္ပဏီ တစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ၎င်း၏လုပ်ပိုင်ခွင့်များကို ကျင့်သုံးသည့်အခါ သို့မဟုတ် တာဝန်များကို ထမ်းဆောင်သည့် အခါတွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ ထိုသို့ လိုက်နာဆောင်ရွက်ရန် အတိအလင်းခွင့်ပြုထားပြီး ယင်း၏အစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီမှအပ ကုမ္ပဏီ တွင် အခြားပါဝင်သူများ၏ ကြိုတင်သဘောတူညီမှုရှိခဲ့လျှင် လက်အောက်ခံကုမ္ပဏီအတွက် အကောင်း ဆုံး အကျိုးရလဒ်မရှိစေကာမူ ထိုကုမ္ပဏီ၏အစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီအတွက် အကောင်းဆုံး အကျိုးရလဒ်များရှိသည်ဟု ၎င်းတို့ ယုံကြည်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်သည်။
(ဃ) အစုရှယ်ယာရှင်များအကြား ဖက်စပ်လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဖက်စပ်လုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ပိုင်ခွင့်များကို ကျင့်သုံးသည့်အခါ သို့မဟုတ် တာဝန်များကို ထမ်းဆောင်သည့် အခါတွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ ထိုသို့လိုက်နာ ဆောင်ရွက်ရန်အတိအလင်းခွင့်ပြုထားလျှင် ကုမ္ပဏီအတွက် အကောင်းဆုံးအကျိုးရလဒ် မရှိစေကာမူ အစုရှယ်ယာရှင်တစ်ဦး သို့မဟုတ် အစုရှယ်ယာ ရှင်များအတွက် အကောင်းဆုံး အကျိုးရလဒ်များရှိသည်ဟု ၎င်းတို့ယုံကြည်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင် သည်။
(င) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၁) အရတာဝန်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အခွင့်အာဏာများကို ကျင့်သုံးခြင်းနှင့် ၎င်းတို့၏တာဝန်များကို ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သည့်အခါ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးသည် အောက်ပါကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရမည်-
(၁) အောက်ပါတို့အပေါ် အကျိုးသက်ရောက်ခြင်း အပါအဝင် ဆုံးဖြတ်ချက်ကြောင့် ကာလရှည် ဖြစ်ပေါ် မည့် အကျိုးဆက်များ-
(ကက) ကုမ္ပဏီ၏ ဝန်ထမ်းများ၊
(ခခ) ကုမ္ပဏီ၏ စီးပွားရေးအရဆက်သွယ် ဆောင်ရွက်နေမှုများတွင် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို သုံးစွဲနေသူများနှင့် ကုမ္ပဏီသို့ ပစ္စည်းပေးသွင်းနေသူများ၊
(ဂဂ) သဘာဝပတ်ဝန်းကျင်၊
(ဃဃ) ကုမ္ပဏီ၏ ဂုဏ်သိက္ခာ။
(၂) ကုမ္ပဏီတွင်ပါဝင်သူများအကြား တရားမျှတစွာ ဆောင်ရွက်ရန် လိုအပ်သည်များ။
ရာထူးနေရာကို အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့်တာဝန်
၁၆၇။ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ၎င်းတို့၏ ရာထူးနေရာအား အောက်ပါကိစ္စရပ်များ အတွက် မလျော်မကန် အသုံးပြုခြင်းမရှိစေရ-
(က) မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူ တစ်ဦးဦးအတွက်သော်လည်းကောင်း အကျိုး တစ်စုံတစ်ရာရရှိစေရန် သို့မဟုတ်
(ခ) ကုမ္ပဏီအား အကျိုး ထိခိုက်နစ်နာစေရန်။
သတင်းအချက်အလက်များကို အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့်တာဝန်
၁၆၈။ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအနေဖြင့် ၎င်းတို့ လက်ခံရရှိထားသော သတင်းအချက်အလက်များကို အောက်ပါကိစ္စရပ်များအတွက် မလျော် မကန် အသုံးပြုခြင်းမရှိစေရ-
(က) မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း၊ အခြားသူတစ်ဦးဦးအတွက်သော် လည်းကောင်း အကျိုး တစ်စုံတစ်ရာရရှိစေရန် သို့မဟုတ်
(ခ) ကုမ္ပဏီအား အကျိုးထိခိုက်နစ်နာစေရန်။
ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့အား လိုက်နာရန်တာဝန်
၁၆၉။ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့အား ဆန့်ကျင်သော နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခြင်းမပြုရ သို့မဟုတ် ကုမ္ပဏီတွင် ထိုသို့ဆန့်ကျင်လျက် ဆောင်ရွက်မည်ဟု သဘောတူလက်ခံခြင်း မပြုရ။
ကျိုးကြောင်းစဉ်းစားမှုမပြုဘဲကုန်သွယ်ခြင်းမှ ရှောင်ကြဉ်ရန်တာဝန်
၁၇၀။ ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးဦးသည် ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းအား ဆောင်ရွက်ရာ တွင် ကုမ္ပဏီ၏ မြီရှင်များအတွက် ကြီးမားသည့်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်ရန် သဘောတူခြင်းကို မပြုလုပ်ရ သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်မပြုရ။
တာဝန်များရယူဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့်တာဝန်
၁၇၁။ ကုမ္ပဏီသည် တာဝန်တစ်ရပ်ရပ်ကို လိုအပ်ချက်များနှင့်အညီ ကုမ္ပဏီက ဆောင်ရွက်နိုင်သည်ဟု သင့်လျော်သော အကြောင်းများရှိကြောင်း ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးက ယုံကြည်ခြင်း မရှိလျှင် ၎င်းသည် ကုမ္ပဏီမှ ဆောင်ရွက်ပေးရမည့် တာဝန်တစ်ရပ်ရပ်ကို သဘောတူလက်ခံခြင်း မပြုရ။
အချို့သော အကျိုးခံစားခွင့်များကို ထုတ်ဖော်ပြောဆိုရမည့်တာဝန်
၁၇၂။ (က) ကုမ္ပဏီ၏လုပ်ငန်းကိစ္စများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့် တစ်ရပ်ရပ်ပါရှိသော ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးသည် အောက်ပါအကြောင်းအရာများအပြင် ယင်း၏အကျိုးခံစားခွင့်နှင့် စပ်လျဉ်းသည့် ကိစ္စများအတွက် အကြောင်းကြားစာကို အခြားဒါရိုက်တာများထံသို့ ပေးပို့ရမည်-
(၁) အကျိုး ခံစားခွင့်သည်-
(ကက) ဒါရိုက်တာမှာ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး အခြားပါဝင်သူများနှင့် အလားတူ ပိုင်ဆိုင်မှု ကြောင့် ရရှိခြင်း၊
(ခခ) ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအဖြစ် ဒါရိုက်တာလုပ်အားခနှင့် စပ်လျဉ်း၍ရရှိခြင်း၊
(ဂဂ) ကုမ္ပဏီတွင်ပါဝင်သူများ၏ အတည်ပြုချက်လိုအပ်ပြီး ကုမ္ပဏီတွင်ပါဝင်သူများက အတည်မပြု ခဲ့လျှင် ကုမ္ပဏီအပေါ် တာဝန်တစ်ရပ်ရပ် မဖြစ်ပေါ်စေမည့် ကုမ္ပဏီက ပါဝင်ချုပ်ဆိုရန် အဆိုပြုထား သည့် ပဋိညာဉ်တစ်ရပ်ရပ်နှင့် သက်ဆိုင်ခြင်း၊
(ဃဃ) ဒါရိုက်တာက အာမခံသူဖြစ်ခြင်း သို့မဟုတ် ၎င်းအား ကုမ္ပဏီကရယူသည့် ချေးငွေ သို့မဟုတ် အဆိုပြုထားသောချေးငွေအားလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသအတွက် လျော်ကြေးငွေ တစ်ရပ်ရပ် သို့မဟုတ် အာမခံချက် တစ်ရပ်ရပ်ပေးခြင်းကြောင့် ဖြစ်ပေါ် လာခြင်း၊
(ငင) ပုဒ်မခွဲငယ်စိတ် (ဃဃ) တွင် ဖော်ပြထားသည့် အာမခံချက် သို့မဟုတ် လျော်ကြေးငွေ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ဒါရိုက်တာသည် အစားထိုးဆောင်ရွက်နိုင်ခွင့် (right of subrogation) ရှိခြင်း ကြောင့် ဖြစ်ပေါ်လာခြင်း၊
(စစ) ကုမ္ပဏီကိုဖြစ်စေ၊ ဆက်စပ်သည့်အဖွဲ့အစည်းကိုဖြစ်စေ အာမခံချက်ပေးသူအဖြစ် ဆောင်ရွက် စေခြင်းမရှိစေဘဲ ကုမ္ပဏီ၏အရာရှိတစ်ဦးအဖြစ် ဒါရိုက်တာက ဆောင်ရွက်ပေးရသော တာဝန်ရှိမှုများ အပေါ် အာမခံစေသော သို့မဟုတ် အာမခံစေမည်ဖြစ်သော ပဋိညာဉ်စာချုပ် တစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာခြင်း၊
(ဆဆ) ပုဒ်မ ၁၈၁ အရ ခွင့်ပြုထားသောလျော်ကြေးငွေ သို့မဟုတ် အဆိုပါလျော်ကြေးငွေနှင့် သက်ဆိုင်သည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့ အစည်းက ငွေပေးချေမှုတစ်ရပ်ရပ်နှင့် ပတ်သက်၍ ဖြစ်ပေါ်လာခြင်း၊
(ဇဇ) ဆက်စပ်သည့်အဖွဲ့အစည်းတစ်ခုနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း၏အကျိုးအတွက် ဖြစ်စေ၊ သို့မဟုတ် ထိုအဖွဲ့အစည်း၏ကိုယ်စားဖြစ်စေ ချုပ်ဆိုသော သို့မဟုတ် ချုပ်ဆိုမည့် ပဋိညာဉ်စာချုပ်တွင်ပါရှိပြီး ဒါရိုက်တာသည် ဆက်စပ်သည့်အဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သော အကြောင်းကြောင့် ဖြစ်ပေါ်လာခြင်း။
(၂) ဒါရိုက်တာသည် အကျိုးခံစားခွင့်၏ အခြေအနေ၊ အတိုင်းအတာပမာဏနှင့် ကုမ္ပဏီ၏လုပ်ငန်း ကိစ္စများတွင် ယင်း၏သက်ဆိုင်မှု တို့နှင့်စပ်လျဉ်းသော အကြောင်းကြားစာကို ဤပုဒ်မပါပြဋ္ဌာန်းချက်နှင့် အညီ ပေးပို့ဆောင်ရွက်ပြီး ဖြစ်သည့်အပြင် ထိုအကြောင်းကြားစာမှာ ဆက်လက်အကျိုးသက်ရောက်နေ ခြင်း၊ သို့မဟုတ်
(၃) ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးသာရှိပြီး အဆိုပါဒါရိုက်တာ၊ ၎င်းနှင့် ဆက်နွှယ်သည့် ပုဂ္ဂိုလ်များ သည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များသာလျှင်ဖြစ်ခြင်း၊ တစ်ဦးတည်း ဒါရိုက်တာရှိသည့် ကုမ္ပဏီတွင် အခြားအစုရှယ်ယာရှင် ရှိခဲ့လျှင် ပုဒ်မခွဲ (က) အရ ပေးပို့ရန်လိုအပ်သည့် အကြောင်းကြားစာကို ထိုအစု ရှယ်ယာရှင်များထံသို့ ပေးပို့ ရမည်။
(ခ) အကျိုးခံစားခွင့်နှင့် သက်ဆိုင်သည့် အကြောင်းကြားစာကို လိုအပ်သည့်အချိန်တိုင်းတွင် ပေးပို့နိုင် သည် သို့မဟုတ် ပေါ်ပေါက်လာသည့်ကိစ္စရပ်တွင် အကျိုးခံစားခွင့်ပါရှိသော ကုမ္ပဏီ၏ ဒါရိုက်တာသည် အခြားဒါရိုက်တာများထံသို့ အကျိုးခံစားခွင့်၏ အခြေအနေနှင့် အတိုင်းအတာပမာဏတို့နှင့် သက်ဆိုင် သော တည်မြဲအကြောင်းကြားစာ (standing notice) ကို ပေးပို့နိုင်သည်။
(ဂ) အကြောင်းကြားစာ ပေးပို့သည့်အချိန်တွင် ကုမ္ပဏီ၏လုပ်ငန်းကိစ္စများနှင့် သက်ဆိုင်သော ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တည်မြဲအကြောင်းကြားစာကို မည်သည့်အချိန်တွင်မဆို ပေးပို့နိုင်သည်။ သို့ရာတွင် ဒါရိုက်တာအဖွဲ့တွင် ဒါရိုက်တာအသစ်တစ်ဦးအား ခန့်ထားပါက ယခင်ကပေးပို့ထားသော တည်မြဲအကြောင်းကြားစာများကို အသစ်ဖွဲ့စည်းထားသော ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးတွင် ပြန်လည်တင်ပြရမည်။
(ဃ) အကြောင်းကြားစာတွင် ဖော်ပြထားသော အကျိုးခံစားခွင့်၏အခြေအနေ သို့မဟုတ် အတိုင်းအတာ ပမာဏမှာ သိသာစွာတိုးမြင့်လာလျှင် အဆိုပါတည်မြဲ အကြောင်းကြားစာ၏ အကျိုးသက်ရောက်မှုမှာ ရပ်စဲသည်။
(င) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပေးပို့ထားသော အကြောင်းကြားစာတစ်ရပ်ရပ်သည်-
(၁) အကျိုးခံစားခွင့်၏ အခြေအနေ၊ အတိုင်းအတာပမာဏတို့နှင့် သက်ဆိုင်သော အချက်အလက် အသေးစိတ်ကို ဖော်ပြပါရှိစေရမည်။ ၎င်းအပြင်
(၂) ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် ပေးပို့တင်ပြရမည်ဖြစ်ပြီး မှတ်တမ်းများတွင် စာရင်းရေးသွင်း ထားရမည်။
(စ) ဒါရိုက်တာတစ်ဦးဦးက ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျက် ဆောင်ရွက်ခြင်း များသည် မည်သည့်ဆောင်ရွက်ချက်၊ လုပ်ငန်းဆောင်ရွက်မှု၊ သဘောတူညီချက်၊ စာချုပ်စာတမ်း၊ ဆုံးဖြတ်ချက် သို့မဟုတ် အခြားကိစ္စရပ်များ၏ တရားဝင်အတည်ဖြစ်မှုကို ထိခိုက်စေခြင်း မရှိစေရ။
(ဆ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအပြင် အကျိုးစီးပွားဆန့်ကျင်ခြင်းနှင့် သက်ဆိုင်သော ဥပဒေ တစ်ရပ် ရပ်နှင့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့ကိုလည်း လိုက်နာဆောင်ရွက်ရမည်။
ဒါရိုက်တာများအား ခန့်အပ်ခြင်း၊ ၎င်းတို့၏အခကြေးငွေနှင့် ခန့်အပ်မှုအား ရပ်စဲခြင်း
ဒါရိုက်တာများအား ခန့်အပ်ခြင်း
၁၇၃။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိခြင်းမရှိလျှင် ယင်း၏ အခြားစည်းမျဉ်း စည်းကမ်းများနှင့်အညီ-
(၁) ကုမ္ပဏီ၏ ပထမဦးဆုံးဒါရိုက်တာများမှာ ဤဥပဒေ၏ အပိုင်း(၂) အရ ပြုလုပ်သော ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်မှုအတွက် လျှောက်လွှာတွင် အမည်စာရင်း ဖော်ပြထားသော ပုဂ္ဂိုလ်များဖြစ်သည်။
(၂) ယင်းနောက်ပိုင်းတွင် ကုမ္ပဏီ၏ဒါရိုက်တာများကို အထွေထွေအစည်းအဝေး၌ သာမန်ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်၍ ကုမ္ပဏီတွင်ပါဝင်သူများက ခန့်အပ်ရမည်။ ၎င်းအပြင်
(၃) ဒါရိုက်တာများအနက် ရုတ်တရက် လစ်လပ်သွားသော ဒါရိုက်တာနေရာတွင် အဆိုပါ ဒါရိုက်တာ များသည် အစည်းအဝေး အထမြောက်စေမည့် အရေအတွက်တွင် မပါဝင်သော်လည်း ထိုသို့လစ်လပ် သွားသော နေရာအတွက် ဒါရိုက်တာများက ဖြည့်စွက်ခန့်ထားရမည်။ သို့သော် ထိုသို့ခန့်အပ်ခံရသူ အတွက် အဆိုပါ ခန့်အပ်မှုကို ပြုလုပ်ပြီးနောက်တွင် ကျင်းပသည့် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး၌ ကုမ္ပဏီတွင် ပါဝင်သူများ၏ အတည်ပြုချက်ကို ရယူရမည်။ အဆိုပါ အစည်းအဝေးအား ခန့်အပ်မှု ပြုလုပ်ပြီး နောက်ခြောက်လအတွင်း ခေါ်ယူကျင်းပရမည်။
(ခ) အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီဖြစ်ခဲ့လျှင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အညီ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတစ်ရပ်စီ၌ ဒါရိုက်တာဦးရေ စုစုပေါင်း၏ သုံးပုံတစ်ပုံ သို့မဟုတ် သုံးပုံတစ်ပုံနှင့် အနီးစပ်ဆုံးဖြစ်သည့် အရေအတွက် သည် ရာထူးမှအငြိမ်းစားယူရမည်။ အစည်းအဝေးတစ်ရပ်ရပ်တွင် အငြိမ်းစားယူရမည့် ဒါရိုက်တာများ သည် နောက်ဆုံးရွေးကောက်တင်မြှောက်ထားသည့် အချိန်မှစ၍ ရာထူးနေရာတွင် သက်တမ်းအကြာဆုံး ထမ်းဆောင်ပြီးသူများဖြစ်ရမည်။ သို့သော် တစ်နေ့တည်းတွင် ဒါရိုက်တာများအဖြစ် ရွေးချယ်ခံခဲ့ရသူ များ အကြားအနားယူရမည့်သူကို ရွေးချယ်ရာတွင် ဥက္ကဋ္ဌက ဆုံးဖြတ်ရမည်။
(ဂ) ဒါရိုက်တာတစ်ဦးကို ခန့်အပ်နိုင်ရန်အတွက် အထွေထွေအစည်းအဝေး၌ ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်တွင် အဆိုပြုထားသည့် ဒါရိုက်တာတစ်ဦးကိုသာလျှင် ဖော်ပြနိုင်မည်ဖြစ်သည်။ သို့သော် အခြား ဒါရိုက်တာများခန့်ထားရန် သီးခြားဆုံးဖြတ်ချက်များကို အစည်းအဝေးတစ်ရပ်တည်း၌ ချမှတ်နိုင်သည်။
(ဃ) ဒါရိုက်တာများသည် ယင်းတို့အနက်မှ ဒါရိုက်တာတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောဒါရိုက်တာ များကို ကာလတစ်ရပ်အတွက် ဒါရိုက်တာများကသင့်သည်ထင်မြင်သော စည်းကမ်းချက်များဖြင့် ကုမ္ပဏီ ၏ အုပ်ချုပ်မှုဒါရိုက်တာ (managing director) အဖြစ် ခန့်အပ်နိုင်သည်။ ထိုသူသည် ဒါရိုက်တာတစ်ဦး အဖြစ်မှ ရပ်စဲလျှင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ်မှ ရပ်စဲရမည်။
(င) အခြားဒါရိုက်တာများ၏ အတည်ပြုချက်ဖြင့် ဒါရိုက်တာတစ်ဦးသည် သတ်မှတ်ထားသော ကာလ တစ်ရပ်အတွက် ထိုဒါရိုက်တာ၏ လုပ်ပိုင်ခွင့်အချို့ကိုဖြစ်စေ သို့မဟုတ် အားလုံးကိုဖြစ်စေ ကျင့်သုံးစေ ရန် အခြားသူတစ်ဦးကို ခန့်အပ်နိုင်သည်။ အဆိုပါ အလှည့်ကျ ဒါရိုက်တာအဖြစ် ခန့်အပ်ခံရသူသည် ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်ကို ကျင့်သုံးရာတွင် ဒါရိုက်တာက ကျင့်သုံးဆောင်ရွက်သကဲ့သို့ အကျိုး သက်ရောက်စေရမည်။ ခန့်အပ်မှုအား စာဖြင့်ရေးသား ဆောင်ရွက်ရမည်ဖြစ်ပြီး ကုမ္ပဏီသို့ ပေးပို့တင်ပြ ရမည်။ ခန့်အပ်မှုအား ထိုသို့ ခန့်အပ်သည့် ဒါရိုက်တာက မည်သည့်အချိန်တွင်မဆို ပြန်လည်ရုပ်သိမ်း နိုင်သည်။
(စ) အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ တစ်ဦးတည်းသော ဒါရိုက်တာလည်း ဖြစ်သော၊ တစ်ဦးတည်းသော အစုရှယ်ယာရှင်လည်းဖြစ်သော ဒါရိုက်တာသည် စာဖြင့်ရေးသားချမှတ်သည့်ဆုံးဖြတ် ချက်ဖြင့် အခြားဒါရိုက်တာတစ်ဦးကို ခန့်အပ်နိုင်သည်။
(ဆ) ကုမ္ပဏီတစ်ခု၏ တစ်ဦးတည်းသော ဒါရိုက်တာလည်းဖြစ်သော၊ တစ်ဦးတည်းသော အစုရှယ်ယာ ရှင်လည်းဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် မသန်စွမ်းသူ တစ်ဦးဖြစ်လာခြင်းရှိခဲ့လျှင် ထိုပုဂ္ဂိုလ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုယ်စားလှယ် သို့မဟုတ် ယုံကြည်အပ်နှံခြင်းခံရသူသည် ပုဂ္ဂိုလ် တစ်ဦးဦးအား ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် ခန့်အပ်နိုင်သည်။
(ဇ) ကုမ္ပဏီတွင် ဒါရိုက်တာများမရှိခဲ့လျှင် သို့မဟုတ် ဒါရိုက်တာဦးရေသည် ဒါရိုက်တာအစည်းအဝေး တစ်ရပ် ကျင်းပရာတွင် အထမြောက်စေရန် သတ်မှတ်ထားသည့် အနည်းဆုံး ဦးရေမပြည့်မီခဲ့လျှင် ဤဥပဒေပါပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများနှင့် အညီ ဒါရိုက်တာ များကို ခန့်ထားရန်မဖြစ်နိုင်လျှင် သို့မဟုတ် ဆောင်ရွက်၍မရ ခဲ့လျှင် အစုရှယ်ယာရှင်တစ်ဦး သို့မဟုတ် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီအတွက် ဒါရိုက်တာတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော ဒါရိုက်တာ များကို ခန့်ထားပေးစေရန်အတွက် တရားရုံးသို့ လျှောက်ထားတင်ပြနိုင်သည်။ တရားရုံးသည် ကုမ္ပဏီ၏ အကျိုးအတွက် ထိုသို့ခန့်အပ်ရန်ဆုံးဖြတ်လျှင် ထိုခန့်အပ်မှုအား ပြုလုပ်နိုင်ပြီး ထိုသို့ခန့်အပ်မှု တစ်ရပ်ရပ် ကို တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ပြုလုပ်ဆောင်ရွက်နိုင်သည်။
ဒါရိုက်တာများကို ဖယ်ရှားခြင်း
၁၇၄။ ကုမ္ပဏီတစ်ခုသည် ဒါရိုက်တာတစ်ဦးဦးအား ဖယ်ရှားရန် ရည်ရွယ်ချက်ဖြင့် ခေါ်ယူကျင်းပသည့် အထွေထွေအစည်းအဝေး၌ သာမန်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်၍ဖြစ်စေ၊ ဤဥပဒေနှင့်အညီ စာဖြင့် ရေးသားထားသော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်၍ဖြစ်စေ ဒါရိုက်တာတစ်ဦးဦးကို ဖယ်ရှားနိုင်သည်။
ဒါရိုက်တာ၏ အရည်အချင်းများ
၁၇၅။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ သတ်မှတ်ထားသော အစုရှယ်ယာများကို ပိုင်ဆိုင် ရန် လိုအပ်ပြီး ထိုသို့သတ်မှတ်ချက်နှင့် မပြည့်စုံသေးသော ဒါရိုက်တာအားလုံးသည် ၎င်းအား ဒါရိုက်တာ အဖြစ် ခန့်အပ်သည့်နေ့မှ နှစ်လအတွင်း သို့မဟုတ် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအရ သတ်မှတ်နိုင်သည့် ပိုမို တိုတောင်းသောကာလအတွင်း အဆိုပါသတ်မှတ်ချက် နှင့်ကိုက်ညီစေရန် ဆောင်ရွက်ရမည့်တာဝန် ရှိသည်။
(ခ) အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူပုဂ္ဂိုလ်ကိုသာလျှင် ဒါရိုက်တာတစ်ဦးအဖြစ် ခန့်ထား ရမည်။
(ဂ) ဒါရိုက်တာသည် စိတ်ပေါ့သွပ်သောသူ မဖြစ်စေရ။
(ဃ) ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဒါရိုက်တာတစ်ဦး အဖြစ် ဆောင်ရွက်ရန် တားမြစ်ထားခြင်းခံရသူတစ်ဦးသည် ထိုသို့တားမြစ်ထားသည့် အချိန်ကာလအတွင်း ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခြင်းမပြုနိုင်။
(င) လူမွဲ အဖြစ်ခံယူထားသူတစ်ဦးသည် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခြင်းမပြုနိုင်။
(စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီကထည့်သွင်း သတ်မှတ်နိုင်သော သီးခြားအရည်အချင်းများကို ထိခိုက်စေခြင်းမရှိစေရ၊ သို့သော် ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ် သော အရည်အချင်းတစ်ရပ်ရပ်နှင့် မဆန့်ကျင် သရွေ့အတည်ဖြစ်စေရမည်။
(ဆ) ဒါရိုက်တာတစ်ဦးအဖြစ်၎င်းအား ခန့်အပ်ရာတွင် အရည်အချင်း တစ်ရပ်ရပ်နှင့် ပြည့်စုံမှုမရှိဟု ဆိုစေကာမူ ယင်းတာဝန်တွင် ထမ်းဆောင်သူသည် ဤဥပဒေအရဖြစ်စေ၊ အခြားသက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ သတ်မှတ်ထားသည့် ဒါရိုက်တာတစ်ဦး၏တာဝန်ဝတ္တရားများကို ဖောက်ဖျက်ခြင်း အတွက် တာဝန်ရှိသည်ဟု သတ်မှတ်နိုင်သည်။
(ဇ) မှတ်ပုံတင်အရာရှိသည် သီးခြားလွတ်လပ်သော ဒါရိုက်တာ၏ အရည်အချင်း၊ လုပ်ပိုင်ခွင့်၊ တာဝန် များနှင့်ပတ်သက်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။
ဒါရိုက်တာများ၏ ဆောင်ရွက်မှုများသည် တရားဝင်အတည်ဖြစ်ခြင်း
၁၇၆။ ဒါရိုက်တာတစ်ဦး၏ ဆောင်ရွက်မှုများသည် ၎င်းအားခန့်အပ်ပြီးနောက်ပိုင်း ချို့ယွင်းချက် တစ်ခုခု တွေ့ရှိခြင်း သို့မဟုတ် ဤဥပဒေအရဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ ဒါရိုက်တာ အဖြစ် ခန့်အပ်ရန် သတ်မှတ်ထားသည့် အရည်အချင်းတစ်ရပ်ရပ်နှင့် မညီညွတ်စေကာမူ တရားဝင် အတည်ဖြစ်စေရမည်။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းသည် တရားဝင် အတည် ဖြစ်ခဲ့သော်လည်း တရားဝင်မဟုတ်သော ဆောင်ရွက်မှုတစ်ရပ်ရပ်ကို တရားဝင်အတည်ဖြစ်စေ သည်ဟု ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ မှတ်ယူခြင်းမရှိစေရ။
ဒါရိုက်တာများ၏ လုပ်ငန်းများကို လွှဲပြောင်းခြင်း
၁၇၇။ မည်သည့်ကုမ္ပဏီတွင်မဆို ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးအား ယင်း၏လုပ်ငန်းကို အခြားသူတစ်ဦးဦးသို့ လုပ်ပိုင်ခွင့်လွှဲအပ်နိုင်ရေးအတွက် စည်းကမ်းချက်များကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ဖြစ်စေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးနှင့် ကုမ္ပဏီအကြား ချုပ်ဆိုခဲ့သော သဘောတူစာချုပ်ဖြင့်ဖြစ်စေ သတ်မှတ်ခဲ့လျှင် အဆိုပါစည်းကမ်းချက်နှင့်အညီပြုလုပ်သည့် လုပ်ငန်းလွှဲအပ်ခြင်းသည် တစ်စုံတစ်ရာနှင့် ဆန့်ကျင်စေကာမူ ကုမ္ပဏီ၏အထူးဆုံးဖြတ်ချက်ဖြင့် အတည်မပြုမီကာလအထိ အကျိုးသက်ရောက်ခြင်း မရှိစေရ။ သို့ရာတွင် ဒါရိုက်တာတစ်ဦးသည် ၎င်းအနေဖြင့် လုပ်ငန်းမဆောင်ရွက်နိုင်သည့် ကာလအတွင်း အလှည့်ကျဒါရိုက်တာတစ်ဦးကို ခန့်အပ်ရန်အတွက် လုပ်ပိုင်ခွင့်အားကျင့်သုံးခြင်းကို ဤပုဒ်မ၏အဓိပ္ပာယ်ဖော်ပြချက်အတွင်း လုပ်ငန်းလွှဲပြောင်းခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။ ထို့အပြင် အဆိုပါအလှည့်ကျဒါရိုက်တာသည် ယင်းအားခန့်အပ်သောသူက လုပ်ငန်းဆောင်ရွက်နေသည့် ကာလများတွင် ဒါရိုက်တာတစ်ဦးအဖြစ် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ခြင်းမပြုရ။
ဒါရိုက်တာ၏ ရာထူးနေရာ ရပ်နားရခြင်း
၁၇၈။ (က) ဒါရိုက်တာတစ်ဦး၏ ရာထူးနေရာတွင် အောက်ပါကိစ္စတစ်ရပ်ရပ် ဖြစ်ပေါ်လာခဲ့လျှင် ရပ်နား ရမည် -
(၁) ဒါရိုက်တာအဖြစ် ခန့်အပ်နိုင်ရေးအတွက် လိုအပ်သော အစုရှယ်ယာပိုင်ဆိုင်မှု သတ်မှတ် ချက်ရှိပါက ပုဒ်မ ၁၇၅၊ ပုဒ်မခွဲ (က) တွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလအတွင်း သို့မဟုတ် ယင်းကာလနောက်ပိုင်းကာလ တစ်ရပ်ရပ်တွင် ထားရှိရန် ပျက်ကွက်ခဲ့လျှင်၊
(၂) စီရင်ပိုင်ခွင့် အာဏာ ရှိသော တရားရုံးတစ်ခုခုက စိတ်ပေါ့သွပ်သောသူဖြစ်ကြောင်း တွေ့ရှိခဲ့လျှင်၊
(၃) ဒေဝါလီခံရကြောင်း သို့မဟုတ် လူမွဲဖြစ်ကြောင်းဆုံးဖြတ်ခြင်းခံရလျှင်၊
(၄) အစုရှယ်ယာများအတွက် ငွေပေးချေရန် တောင်းခေါ်မှု ပြုလုပ်သည့်နေ့မှ ခြောက်လအတွင်း ဒါရိုက်တာများ ပိုင်ဆိုင်ထားသည့် အစုရှယ်ယာများနှင့်စပ်လျဉ်း၍ ၎င်းတို့အပေါ် တောင်းဆိုသည့်ငွေ အား ပေးချေရန် ပျက်ကွက်လျှင်၊
(၅) တစ်ဆက်တစ်စပ်တည်းပြုလုပ်သော ဒါရိုက်တာများအစည်းအဝေး သုံးရပ် သို့မဟုတ် တစ်ဆက် တစ်စပ်တည်းဖြစ်သော ပြက္ခဒိန်လသုံးလ၊ ယင်းတို့အနက် ပိုမိုကြာမြင့်သည့် ကာလအတွင်း ကျင်းပ ပြုလုပ်သော ဒါရိုက်တာများ အစည်းအဝေးအားလုံးသို့ ဒါရိုက်တာအဖွဲ့ထံမှ ခွင့်ယူခြင်းမရှိဘဲ သို့မဟုတ် အလှည့်ကျဒါရိုက်တာအား ခန့်အပ်ခြင်းမပြုဘဲ တက်ရောက်ရန် ပျက်ကွက်လျှင်၊
(၆) ကုမ္ပဏီသို့ စာဖြင့်ရေးသားအကြောင်းကြား၍ ဒါရိုက်တာအဖြစ် ၎င်း၏ ရာထူးနေရာမှ နုတ်ထွက် လျှင်၊
(၇) သေဆုံးခဲ့လျှင်၊
(၈) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ နှင့်အညီ လုပ်ငန်းမှ ဖယ်ရှားခြင်းခံရလျှင်၊
(၉) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများတွင် သတ်မှတ် ဖော်ပြထားသော ဒါရိုက်တာ ရာထူးနေရာအတွက် လိုအပ်သည့်အရည်အချင်း တစ်ရပ်ရပ်ကို ရရှိရန် သို့မဟုတ် ညီညွတ်ရန် ပျက်ကွက်လျှင်။
(ခ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ဒါရိုက်တာ၏လုပ်ငန်းကို ဤပုဒ်မတွင် သတ်မှတ် ထားသည့် ပြဋ္ဌာန်းချက်များအပြင် အခြားအကြောင်းများကြောင့် ဖယ်ရှားခံရမည်ဟု ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိစေရန်အတွက် ကုမ္ပဏီက ဆောင်ရွက်နိုင်ခြင်းကို ပိတ်ပင်ထား ခြင်း မရှိစေရ။
အတွင်းရေးမှူးများ
၁၇၉။ (က) အတွင်းရေးမှူးတစ်ဦးကို ဒါရိုက်တာများ၏ ဆုံးဖြတ်ချက်တစ်ရပ်ဖြင့် ခန့်အပ်နိုင်သည်။
(ခ) အနည်းဆုံး အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူပုဂ္ဂိုလ်ကိုသာလျှင် အတွင်းရေးမှူးတစ်ဦးအဖြစ် ခန့်ထားရမည်။
(ဂ) အတွင်းရေးမှူးသည် စိတ်ပေါ့သွပ်သောသူ မဖြစ်စေရ။
(ဃ) ဤဥပဒေအရဖြစ်စေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဒါရိုက်တာ၊ အတွင်းရေးမှူးသို့မဟုတ် အရာရှိတစ်ဦးအဖြစ် ဆောင်ရွက်ရန် တားမြစ်ထားခြင်း ခံရသူတစ်ဦးသည် ထိုသို့ တားမြစ်ထားသည့် အချိန်ကာလအတွင်း အတွင်းရေးမှူး တစ်ဦးအဖြစ် ဆောင်ရွက်ခြင်း မပြုနိုင်။
(င) ဤပုဒ်မပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီက ထည့်သွင်း သတ်မှတ်နိုင်သော အတွင်းရေးမှူးတစ်ဦးတွင် ရှိရမည့်သီးခြား အရည်အချင်းများကို ထိခိုက်စေခြင်း မရှိစေရ၊ သို့သော် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ်သော အရည်အချင်းတစ်ရပ်ရပ်နှင့် မဆန့်ကျင်သရွေ့ အတည် ဖြစ်စေရမည်။
(စ) အတွင်းရေးမှူးတစ်ဦး၏ ဆောင်ရွက်မှုများသည် ၎င်းတို့အား ခန့်အပ်ပြီးနောက်ပိုင်း ချို့ယွင်းချက် တစ်ခုခု တွေ့ရှိခြင်း သို့မဟုတ် ဤဥပဒေအရဖြစ်စေ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း တွင်ဖြစ်စေ ၎င်းတို့အား ခန့်အပ်ရန်သတ်မှတ်ထားသည့် အရည်အချင်း တစ်ရပ်ရပ်နှင့် မညီညွတ်စေကာ မူ တရားဝင်အတည်ဖြစ်စေရမည်။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦးဦးအား ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းသည် တရားဝင်အတည် ဖြစ်ခဲ့သော်လည်း တရားဝင်မဟုတ်သော ဆောင်ရွက်မှုတစ်ရပ်ရပ်ကို တရားဝင် အတည်ဖြစ်စေသည်ဟု ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ မှတ်ယူခြင်းမရှိစေရ။
လျော်ကြေးငွေ၊ အာမခံ၊ တာဝန်ရှိမှုမှ သက်သာခွင့်များနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များနှင့် အကန့်အသတ် မရှိသော တာဝန်ရှိမှုဆိုင်ရာ ပြဋ္ဌာန်းချက်များ
ဒါရိုက်တာများ၊ အရာရှိများနှင့်စာရင်းစစ်များ၏ တာဝန်ရှိမှုမှ ကင်းလွတ်ခွင့်ပြုနိုင်သော ပြဋ္ဌာန်းချက်များကို ရှောင်ရှားခြင်း
၁၈၀။ ဤအခန်းတွင် ပြဋ္ဌာန်းပါရှိသည်မှတစ်ပါး ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိကို လည်း ကောင်း၊ ကုမ္ပဏီ၏အရာရှိတစ်ဦးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စာရင်းစစ်အဖြစ်ခန့်အပ်ထားသော အခြားသူ တစ်ဦးဦးကိုလည်းကောင်း၊ ၎င်းတို့အပေါ် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သို့မဟုတ် ကုမ္ပဏီနှင့် အခြားနည်းဖြင့် ချုပ်ဆို ထားသည့် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်တို့တွင် ဖော်ပြထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုမ္ပဏီ နှင့် သက်ဆိုင်သော အပြစ်ရှိစေနိုင်မည့် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ တာဝန်ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှုတို့နှင့် စပ်လျဉ်း၍ ကုမ္ပဏီသို့ တာဝန်ရှိမှုတစ်ရပ်ရပ်မှ ကင်းလွတ်ခွင့် ပြုနိုင်ရေးအတွက် ဖော်ပြထားသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည်ပျက်ပြယ်စေရမည်။
လျော်ကြေးငွေများ
၁၈၁။ (က) ဤပုဒ်မတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်း တစ်ခုသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကုမ္ပဏီ၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ် တစ်ဦးအဖြစ် ကျခံဆောင်ရွက်ပေးရန် ဖြစ်ပေါ်လာသည့် အောက်ပါတာဝန်ရှိမှု တစ်ရပ်ရပ် အတွက် ပုဂ္ဂိုလ်တစ်ဦးဦးအား လျော်ကြေးမပေးရ -
(၁) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့်အဖွဲ့အစည်းတစ်ခုသို့ ဆောင်ရွက်ပေးရမည့် တာဝန်ရှိမှုတစ်ရပ်ရပ် သို့မဟုတ်
(၂) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုမှအပ အခြားသူတစ်ဦးဦးသို့ ဆောင်ရွက်ပေးရ မည်ဖြစ်ပြီး သဘောရိုးဖြင့် ဆောင်ရွက်ခြင်းမဟုတ်သည့် တာဝန်ရှိမှု တစ်ရပ်ရပ်။
(ခ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်သည် အောက်ပါကိစ္စရပ်များအတွက် ကုန်ကျစရိတ်ကျခံခြင်း မှတစ်ပါး ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုအား ကုမ္ပဏီ၏ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ်တစ်ဦးအဖြစ် ကျခံဆောင်ရွက်ပေးရမည့်တာဝန်ရှိမှု တစ်ရပ်အတွက်တရားစွဲဆိုမှုကို ခုခံချေပ ရာတွင် ကုန်ကျသည့်တရားရုံးစရိတ်များအပေါ် တာဝန်ရှိမှုအတွက် လျော်ကြေးပေးခြင်းကို တားမြစ် ခြင်း မရှိစေရ -
(၁) ပုဒ်မခွဲ (က) အရ လျော်ကြေးမပေးရသော တာဝန်ရှိမှုတစ်ရပ်နှင့်စပ်လျဉ်းသော တရားစွဲဆိုမှု များတွင် ခုခံချေပခြင်း သို့မဟုတ်
(၂) အပြစ်ရှိသောသူပါဝင်သည့် ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှု များတွင် ခုခံချေပခြင်း သို့မဟုတ်
(၃) မှတ်ပုံတင်အရာရှိကဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ တရားရုံးအမိန့် တစ်ရပ်ချမှတ်ရန်အတွက် စွဲဆိုသည့်အမှုများတွင် တရားရုံးက အမိန့်တစ်ရပ်ချမှတ်ရန် လိုအပ်ကြောင်း အထောက်အထားများရှိခဲ့လျှင် ထိုအမှုများကို ခုခံချေပခြင်း သို့မဟုတ်
(၄) ဤဥပဒေအရ ပုဂ္ဂိုလ်တစ်ဦးကို သက်သာခွင့်ပြုရန်အတွက် တရားစွဲဆိုသော အမှုဖြစ်ပြီး တရားရုံး က ထိုသက်သာခွင့်ကို ငြင်းပယ်သည့်အမှုများနှင့်စပ်လျဉ်းခြင်း။
(ဂ) ပုဒ်မခွဲ (ခ) ပါကိစ္စရပ်များအတွက် တရား စွဲဆိုမှုတွင် အယူခံ မှုများလည်းပါဝင်သည်။
အာမခံထားရှိခြင်း
၁၈၂။ (က) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အောက်ပါကိစ္စရပ်တစ်ခုခုကြောင့် ပေါ်ပေါက်လာသော တာဝန်ရှိမှုတစ်ရပ်အပေါ် တရားရုံးစရိတ် များအတွက် တာဝန်ရှိမှုမှအပ ကုမ္ပဏီ၏ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ်ဖြစ်သူအတွက် အာမခံ ပဋိညာဉ်တစ်ရပ်၏ ပရီမီယံကြေး (premium) ကို ပေးဆောင်ခြင်းမပြုရ သို့မဟုတ် ပေးဆောင်ရန် သဘောတူခြင်းမပြုရ -
(၁) ကုမ္ပဏီနှင့်သက်ဆိုင်သော တာဝန်တစ်ရပ်ရပ်ကို တမင်ဖောက်ဖျက်ခြင်းများ ပါဝင်သောဆောင်ရွက် မှုများ ပြုလုပ်ခြင်း သို့မဟုတ်
(၂) ပုဒ်မ ၁၆၇ သို့မဟုတ် ပုဒ်မ ၁၆၈ ပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ဆောင်ရွက်ခြင်း။
(ခ) အခြားသက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) သို့မဟုတ် (၂) တွင် ရည်ညွှန်းသည့်တာဝန်ရှိမှုတစ်ရပ်မှအပ အခြားတာဝန်ရှိမှုကို ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတစ်ခုသည် ပေးချေရန် သို့မဟုတ် ပေးချေရန် သဘောတူခြင်း၊ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ကုမ္ပဏီ၏ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် စာရင်းစစ်ဖြစ်သူအတွက် အာမခံပဋိညာဉ်တစ်ရပ် ၏ ပရီမီယံကြေး (premium) ပေးဆောင်ခြင်းကို ပုဒ်မခွဲ (က) သည် တားမြစ်ခြင်းမရှိ။
တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင် ဒါရိုက်တာများ၌အကန့်အသတ်မရှိသော တာဝန်ရှိမှုများ ရှိနိုင်ခြင်း
၁၈၃။ ဤဥပဒေသို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော အခြားပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ကန့်သတ်ထားခြင်းမရှိစေဘဲ ဤဥပဒေ စတင်အာဏာသက်ရောက်ခြင်းမရှိမီက ဖွဲ့စည်း တည်ထောင်ခဲ့သည့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုတွင် ဤဥပဒေစတင်အာဏာ သက်ရောက် ခြင်း မရှိမီက ခန့်အပ်ထားသော ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာတစ်ဦးဦး၏ တာဝန်ရှိမှုများသည် ကုမ္ပဏီ၏ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းတွင် ထိုသို့အကန့်အသတ်မရှိကြောင်း သတ်မှတ်ဖော်ပြထားလျှင် အကန့်အသတ်မရှိ ထားရှိနိုင်သည်။
ဒါရိုက်တာများ၊ အရာရှိများနှင့် အခြားဆက်နွှယ်သည့်ပုဂ္ဂိုလ်များ၏ အကျိုးခံစားခွင့်များနှင့် ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်မှုများဆိုင်ရာ ပြဋ္ဌာန်းချက်
အငြိမ်းစားယူခြင်းအတွက် အကျိုးခံစားခွင့်များ ထောက်ပံ့ခြင်း
၁၈၄။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီတစ်ခုသည် အကျိုးခံစားခွင့်ပေးရန်အတွက် ပုဒ်မ ၁၈၆ အရ ကုမ္ပဏီတွင်ပါဝင်သူများ၏ အတည်ပြုချက်မရရှိဘဲ ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်း တစ်ခု၏ အရာရှိတစ်ဦးအဖြစ်မှ ပုဂ္ဂိုလ်တစ်ဦးဦးက အငြိမ်းစားယူခြင်းနှင့် သက်ဆိုင်သော အကျိုးခံစားခွင့် တစ်ရပ်ရပ်ကို ထိုပုဂ္ဂိုလ်အား ပေးအပ်ခြင်းမပြုရ။
(ခ) ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်သည် အရာရှိ၏ အလုပ်ခန့်ထားခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ် သို့မဟုတ် ကုမ္ပဏီနှင့် အလားတူ စီစဉ်ဆောင်ရွက်ထားမှုအရ သို့မဟုတ် ယင်းတို့နှင့်စပ်လျဉ်း၍ ဥပဒေအရသော် လည်းကောင်း၊ သဘောရိုးဖြင့်သော် လည်းကောင်း ပေးချေရန်လိုအပ်သည့် အကျိုးခံစားခွင့်တစ်ရပ်ရပ် ကို ပေးချေခြင်းအား ကန့်သတ်ထားခြင်း မရှိစေရ။
တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းကိုလွှဲပြောင်းခြင်းနှင့်စပ်လျဉ်းသည့် အကျိုးခံစားခွင့်များ ပေးအပ်ခြင်း
၁၈၅။ ကုမ္ပဏီတစ်ခုသည် ယင်း၏ သို့မဟုတ် ဆက်စပ်သည့်အဖွဲ့အစည်းတစ်ခုခု၏ အရာရှိ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သောအရာရှိတစ်ဦးကိုဖြစ်စေ၊ ယင်းတို့၏ ဇနီးမယား၊ ဆွေမျိုး သို့မဟုတ် တွဲဖက်လုပ်ကိုင်သူတစ်ဦးဦးကိုဖြစ်စေ ပုဒ်မ ၁၈၆ အရ ကုမ္ပဏီတွင် ပါဝင်သူများ၏ အတည်ပြုချက် မရရှိဘဲ ယင်းကုမ္ပဏီ၏ သို့မဟုတ် ဆက်စပ်သည့်အဖွဲ့အစည်းတစ်ခု၏ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လွှဲပြောင်းပေးခြင်းနှင့် သက်ဆိုင်သော အကျိုးခံစားခွင့်အား ပေးအပ်ခြင်းမပြုရ။
အကျိုးခံစားခွင့်ဆိုင်ရာများကို ကုမ္ပဏီတွင်ပါဝင်သူများက အတည်ပြုခြင်း
၁၈၆။ (က) ပုဒ်မ ၁၈၄ သို့မဟုတ် ၁၈၅ တို့တွင် ဖော်ပြထားသော အကျိုးခံစားခွင့်တစ်မျိုးမျိုးကို ကုမ္ပဏီ တစ်ခု၊ အဆိုပါကုမ္ပဏီ၏ မူရင်းအစုများပိုင်ဆိုင်သည့် ကုမ္ပဏီရှိခဲ့ပါက ၎င်းကုမ္ပဏီနှင့် အခြားဆက်စပ် သည့် အဖွဲ့အစည်းများမှ ထိုကုမ္ပဏီများတွင် ပါဝင်သူများ၏ အထွေထွေအစည်းအဝေး၌ အတည်ပြုခဲ့ လျှင် ပေးအပ်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ကျင်းပသော အစည်းအဝေးတစ်ရပ်ရပ်အတွက် အကြောင်းကြားစာတွင် အကျိုး ခံစားခွင့်နှင့်သက်ဆိုင်သည့် အသေးစိတ်ဖော်ပြချက်များနှင့် ယင်းအတွက် မည်သို့မဲပေးဆောင်ရွက်မည် ဟူသည့် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းသည့် အရေးကြီးသော အချက်အလက်များကို ဖော်ပြပါရှိရမည်။
(ဂ) ပုဒ်မ ၁၈၄ သို့မဟုတ် ၁၈၅ တွင် ဖော်ပြထားသောအရာရှိ သို့မဟုတ် ယခင်ကတာဝန် ထမ်းဆောင် ခဲ့သောအရာရှိ သို့မဟုတ် အကျိုးခံစားခွင့်ကိုရရှိနိုင်သော အခြားသူတစ်ဦးဦးသည် အခြားပုဂ္ဂိုလ်တစ်ဦး ထံမှ ကိုယ်စားလှယ်အဖြစ် မည်သို့မဲပေးရမည်ကို ညွှန်ကြားထားလျှင်မှတစ်ပါး အဆိုပါ အကျိုးခံစားခွင့် နှင့်စပ်လျဉ်းသော ဆုံးဖြတ်ချက်တစ်ရပ်ရပ်အတွက် မဲပေးခြင်းမပြုရ။
ဒါရိုက်တာများ၏ အခကြေးငွေနှင့် ဒါရိုက်တာများနှင့်ဆက်နွှယ်သည့် ပုဂ္ဂိုလ်များသို့ ပေးအပ်သည့် အခြားအကျိုးခံစားခွင့်များ
၁၈၇။ (က) ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့သည် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါရှိသော ကန့်သတ်ချက်များ၊ ဤဥပဒေတွင်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် လည်း ကောင်း ပါရှိသော သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ အောက်ပါကိစ္စရပ်များကို ခွင့်ပြုနိုင်သည်-
(၁) ဒါရိုက်တာအဖြစ်ဆောင်ရွက်ခြင်း သို့မဟုတ် အခြားရာထူးနေရာတွင် ဆောင်ရွက်ခြင်းအတွက် ကုမ္ပဏီက ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသို့ပေးရမည့် အခ ကြေးငွေ သို့မဟုတ် အခြား အကျိုးခံစားခွင့်များကို ပေးချေခြင်း၊
(၂) လုပ်ငန်းလက်လွှတ်ဆုံးရှုံးမှုအတွက် လျော်ကြေးငွေကို ကုမ္ပဏီက ဒါရိုက်တာ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာတစ်ဦးဦးသို့ ပေးချေခြင်း၊
(၃) ကုမ္ပဏီက ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် ဆက်နွှယ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသို့ ချေးငွေထုတ်ပေး ခြင်း၊
(၄) ဒါရိုက်တာ သို့မဟုတ် ဆက်နွှယ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးက ပေးချေရမည့် ကြွေးမြီများအတွက် ကုမ္ပဏီက အာမခံချက်များ ပြုလုပ်ပေးခြင်း၊
(၅) ပုဒ်မခွဲငယ် (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် ဖော်ပြပါရှိသည့် ကိစ္စရပ် များအနက်မှ တစ်ရပ်ရပ်ကို ပြုလုပ်ပေးရန် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ အခြားနည်းအားဖြင့် သတ်မှတ်ပြဋ္ဌာန်းခြင်းမရှိသည့် ဒါရိုက်တာ သို့မဟုတ် ဆက်နွှယ်သည့် ပုဂ္ဂိုလ်အတွက် အခြားသောငွေကြေးဆိုင်ရာ အကျိုးခံစားခွင့် တစ်ရပ်ရပ် ပြုလုပ်ပေးခြင်းနှင့်
(၆) ဘုတ်အဖွဲ့သည် အောက်ပါ ကိစ္စရပ်များကို ကျေနပ်လက်ခံလျှင်-
(ကက) ထိုသို့ ဆောင်ရွက်ခြင်းသည် ကုမ္ပဏီ၏ အကောင်းဆုံး အကျိုးစီးပွား အတွက်ဖြစ်ခြင်း၊
(ခခ) ထိုသို့ဆောင်ရွက်ခြင်းသည် ဆောင်ရွက်နေသော အခြေအနေများနှင့် ကျိုးကြောင်းညီညွတ်မှု ရှိခြင်းနှင့်
(ဂဂ) ထိုသို့ငွေပေးချေခြင်း သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် ချေးငွေ သို့မဟုတ် အာမခံချက် သို့မဟုတ် ပဋိညာဉ်သည် ကုမ္ပဏီ၏ရှုထောင့်မှကြည့်ပါက နှစ်ဦးနှစ်ဖက် လွတ်လပ်စွာဖြင့် ဘက်လိုက်မှု မရှိသည့် စည်းကမ်းချက်များထက် မလျော့နည်းသည့် စည်းကမ်းချက်များဖြင့် သတ်မှတ်၍ ဆောင်ရွက် ခြင်း။
(ခ) ဒါရိုက်တာအဖွဲ့သည် ငွေပေးချေမှုပြုလုပ်ခြင်း၊ အကျိုးခံစားခွင့်များပေးခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ အာမခံချက်များပေးခြင်း သို့မဟုတ် ပဋိညာဉ်စာချုပ် ချုပ်ဆိုခြင်းများ ပြုလုပ်ရန်ခွင့်ပြုပြီး နောက်တွင် ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်နှင့်စပ်လျဉ်းသည့် အချက် အလက်များကို ပုဒ်မ ၁၈၉ အရ ကုမ္ပဏီက ထိန်းသိမ်းထားရှိသည့် အကျိုးခံစားခွင့်ဆိုင်ရာ မှတ်ပုံတင် စာရင်းတွင် ရေးသွင်းဖော်ပြရမည်။
(ဂ) ပုဒ်မခွဲ (က) အရ ခွင့်ပြုထားသော ပဋိညာဉ်တစ်ရပ်ရပ်အရ ဒါရိုက်တာတစ်ဦး သို့မဟုတ် ဆက်နွှယ်သည့် ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ အခကြေးငွေများပေးချေခြင်း သို့မဟုတ် အခြားအကျိုးခံစားခွင့် များ ပေးအပ်ခြင်းတို့ကို အဆိုပါပုဒ်မခွဲအရ ထပ်မံ ခွင့်ပြုပေးရန်မလို။
(ဃ) ပုဒ်မခွဲ (က) အရ ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ် တစ်ရပ်ရပ် နှင့်စပ်လျဉ်း၍ ခွင့်ပြုရန်အတွက် ဆန္ဒမဲပေးသော ဒါရိုက်တာများသည် ၎င်းတို့၏ ထင်မြင် ချက်အရ ငွေပေးချေမှုပြုလုပ်ခြင်း၊ အကျိုးခံစားခွင့်များပေးခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ အာမခံချက်များ ပေးခြင်း သို့မဟုတ် ပဋိညာဉ်စာချုပ်ချုပ်ဆိုခြင်းများသည် ကုမ္ပဏီ၏အကျိုးစီးပွားအတွက်အကောင်းဆုံး ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ရှုထောင့်မှကြည့်ပါက နှစ်ဦးနှစ်ဖက် လွတ်လပ်စွာဖြင့် ဘက်လိုက်မှုမရှိသည့် စည်းကမ်းချက်များထက် မလျော့နည်းသည့် စည်းကမ်းချက်များဖြင့် ပြုလုပ်ကြောင်း၊ ဆောင်ရွက်နေ သော အခြေအနေများနှင့် ကျိုးကြောင်းညီညွတ်မှုရှိကြောင်း၊ အဆိုပါ ထင်မြင်ယူဆချက်များအတွက် အခြေခံအထောက်အထားများအား ဖော်ပြထားသည့် မှတ်တမ်းတွင် လက်မှတ်ရေးထိုးကြရမည်။
(င) ငွေပေးချေမှု ပြုလုပ်ခြင်း၊ အကျိုးခံစားခွင့်များပေးခြင်း သို့မဟုတ် အာမခံချက်များ ပေးခြင်းများကို ပုဒ်မခွဲ (က) နှင့်အညီ ဆောင်ရွက်ပြီး အောက်ပါကိစ္စရပ်တစ်ခုခုဖြစ်ပေါ်ခဲ့သည့် အခါတွင်-
(၁) ပုဒ်မခွဲ (က) နှင့် (ဃ) တို့ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ထားခြင်း မရှိလျှင် သို့မဟုတ်
(၂) ပုဒ်မခွဲ (ဃ) အရ ထုတ်ပေးသည့် အထောက်အထားလက်မှတ်တွင် ဖော်ပြပါရှိသည့် ထင်မြင် ချက်များအတွက် သင့်လျော်သော အခြေခံအထောက်အထားများ မရှိခဲ့လျှင် ငွေပေးချေမှုကို လက်ခံခဲ့ သည့် သို့မဟုတ် အကျိုးခံစားခွင့်ပေးခြင်းကို ရရှိခဲ့သည့် သို့မဟုတ် အာမခံချက်ပေးခြင်းနှင့် သက်ဆိုင်ခဲ့ သည့် ဒါရိုက်တာ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ သို့မဟုတ် ဆက်နွှယ်သည့် ပုဂ္ဂိုလ်တစ်ဦးသည် ငွေပေးချေခြင်း၊ အကျိုးခံစားခွင့်ပေးခြင်း၊ အာမခံချက်ပေးခြင်းများကို ပြုလုပ်သည့် အချိန်က ယင်းသို့ဆောင်ရွက်မှုများသည် ကုမ္ပဏီအပေါ် မျှတမှုရှိခဲ့ကြောင်း သက်သေထင်ရှားပြနိုင်သည့် ကိစ္စရပ်မှအပ ပေးချေထားသည့် ငွေပမာဏ၊ အကျိုးခံစားခွင့်အတွက် တန်ဖိုးငွေပမာဏ သို့မဟုတ် အာမခံချက်အရ ကုမ္ပဏီက ပေးချေခဲ့သည့် ငွေပမာဏများအတွက် ကုမ္ပဏီသို့ တစ်ဦးချင်းအလိုက် မိမိတို့ ကိုယ်တိုင် တာဝန်ရှိစေရမည်။
(စ) ချေးငွေထုတ်ပေးခြင်းကို ပုဒ်မခွဲ (က) နှင့်အညီ ဆောင်ရွက်ပြီး အောက်ပါကိစ္စရပ်တစ်ခုခု ဖြစ်ပေါ် ခဲ့သည့်အခါတွင်-
(၁) ပုဒ်မခွဲ (က) နှင့် (ဃ) တို့ပါပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ထားခြင်းမရှိလျှင် သို့မဟုတ်
(၂) ပုဒ်မခွဲ (ဃ) အရ ထုတ်ပေးသည့် တရားဝင်အထောက်အထား လက်မှတ်တွင် ဖော်ပြပါရှိသည့် ထင်မြင်ချက်များအတွက် သင့်လျော်သော အခြေခံအထောက်အထားများ မရှိခဲ့လျှင် ချေးငွေထုတ်ပေး သည့်အချိန်က အဆိုပါချေးငွေကို ပြုလုပ်ခြင်းသည် ကုမ္ပဏီအပေါ် မျှတမှုရှိကြောင်း သက်သေထင်ရှား ပြနိုင်သည့် ကိစ္စရပ်မှအပ ချေးငွေနှင့် စပ်လျဉ်း၍ ပြုလုပ်ထားသည့် စည်းကမ်းချက်များ၊ သဘောတူညီ ချက်များ ရှိစေကာမူ ဒါရိုက်တာ သို့မဟုတ် ဆက်နွှယ်သည့် ပုဂ္ဂိုလ်တစ်ဦးသည် ထုတ်ပေးထားသည့် ချေးငွေကို ကုမ္ပဏီသို့ ချက်ချင်းပြန်လည်ပေးဆပ်ရမည်။
(ဆ) ဒါရိုက်တာများသည် ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ် တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အချက်အလက်များကို ကုမ္ပဏီ၏ နောက်တစ်ကြိမ်ကျင်းပသော နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီတွင် ပါဝင်သူများထံသို့ သေချာစွာထုတ်ဖော် တင်ပြ ရမည်။
ဒါရိုက်တာများ၏ အခကြေးငွေနှင့် ဒါရိုက်တာများ၊ ဆက်နွှယ်သည့်ပုဂ္ဂိုလ်များသို့ ပေးအပ်သည့် အကျိုးခံစားခွင့်များအား ကုမ္ပဏီတွင်ပါဝင်သူများက အတည်ပြုခြင်း
၁၈၈။ (က) ကုမ္ပဏီ၏ဒါရိုက်တာအဖွဲ့သည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ ကုမ္ပဏီတွင် ပါဝင်သူများက အတည်ပြုခဲ့လျှင် ကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင်ပါရှိသော ကန့်သတ်ချက်များ၊ ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဒါရိုက်တာ တစ်ဦး သို့မဟုတ် အခြားဆက်နွှယ်သည့် ပုဂ္ဂိုလ် တစ်ဦးသို့ ပုဒ်မ ၁၈၇၊ ပုဒ်မခွဲ(က) တွင် ဖော်ပြပါရှိသော ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ခွင့်ပြု နိုင်သည်။
(ခ) သက်ဆိုင်ရာအစည်းအဝေးကျင်းပရန်အတွက် အကြောင်းကြားစာအား မှတ်ပုံတင် အရာရှိသို့ ပေးပို့ခြင်းမပြုမီ ကုမ္ပဏီသည် အောက်ပါတို့ကို ပေးပို့တင်ပြရမည်-
(၁) အဆိုပြုမည့် ဆုံးဖြတ်ချက်စာသားများအား ရေးသားဖော်ပြပါရှိသည့် အဆိုပြု အစည်းအဝေး အကြောင်းကြားစာ၊
(၂) ငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်အား လက်ခံရရှိသော ဒါရိုက်တာ သို့မဟုတ် ဆက်နွှယ်သည့် ပုဂ္ဂိုလ်များ၏ အသေးစိတ်အချက်အလက်များ၊ အဆိုပါငွေပေးချေမှု၊ အကျိုးခံစားခွင့်၊ ချေးငွေ၊ အာမခံချက် သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များအပါအဝင် ဆုံးဖြတ်ချက်ကို မည်သို့မဲပေးဆုံးဖြတ်မည် ဟူသည့် ကိစ္စရပ်အတွက် အရေးပါသောအချက်အလက်များဖြစ်သော ကုမ္ပဏီက သိရှိထားသည့် အချက် အလက်များအားလုံးကို ဖော်ပြ ထားသည့် အဆိုပြုထားသော ရှင်းလင်းဖော်ပြချက်တစ်စောင်နှင့်
(၃) အစည်းအဝေးကျင်းပမည့် အကြောင်းကြားစာနှင့် အတူ ပူးတွဲတင်ပြမည့် အခြားစာရွက်စာတမ်း များနှင့် အဆိုပြုထားသော ဆုံးဖြတ်ချက်နှင့် သက်ဆိုင်သော အခြားစာရွက်စာတမ်းများ။
(ဂ) မှတ်ပုံတင် အရာရှိသည် ကုမ္ပဏီမှ ကုမ္ပဏီတွင်ပါဝင်သူများထံသို့ အစည်းအဝေး အကြောင်းကြားစာ ပေးပို့ဆောင်ရွက်နိုင်ခြင်း ရှိ မရှိကို ၂၈ ရက်အတွင်း ဆုံးဖြတ်ရမည်။ မှတ်ပုံတင်အရာရှိက အကြောင်း ကြားစာပေးပို့ရန် အတည်ပြုခဲ့လျှင် သို့မဟုတ် ယင်းကာလအတွင်း အတည်ပြုချက်ကို မထုတ်ပြန်လျှင် ကုမ္ပဏီသည် အစည်းအဝေးအကြောင်းကြားစာကို ကုမ္ပဏီတွင် ပါဝင်သူများအား ပေးပို့ဆောင်ရွက်နိုင် သည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ အတည်ပြုချက်တစ်ရပ်ရပ်အား ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီတွင် ပါဝင်သူများအား အကာအကွယ်ပေးရန်အတွက် လိုအပ်သည်ဟု ယူဆသည့်အခါတွင် ပုဒ်မခွဲ (ခ) အရ တင်ပြသော စာရွက်စာတမ်းတစ်ရပ်ရပ်ကို ရှင်းလင်းစွာဖော်ပြရန် သို့မဟုတ် ပြောင်းလဲပြင်ဆင်ရန် အတွက် ကုမ္ပဏီအား ညွှန်ကြားနိုင်သည်။
(င) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၂) တွင် ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာထားခြင်းမရှိကြောင်း သို့မဟုတ် အလားတူ အရေးကြီးသောအကြောင်းများ ရှိခဲ့ကြောင်းနှင့် စပ်လျဉ်း၍ သင့်လျော်သည့် အကြောင်းအရာများကို တွေ့ရှိရလျှင် အစည်းအဝေး အကြောင်းကြားစာ ထုတ်ဝေပေးပို့ခြင်း ငြင်းပယ်နိုင်သည်။
(စ) ဒါရိုက်တာ သို့မဟုတ် သက်ဆိုင်ရာ ဆက်နွှယ်သည့် ပုဂ္ဂိုလ်သည် အထွေထွေအစည်းအဝေး၌ အခြားပုဂ္ဂိုလ်တစ်ဦးထံမှ ကိုယ်စားလှယ်အဖြစ် မည်သို့မဲပေးရမည်ကို ညွှန်ကြားထားလျှင် မှတစ်ပါး ဆုံးဖြတ်ချက်တစ်ရပ်ရပ် ချမှတ်ရန်အတွက် မဲပေးခြင်းမပြုရ။
(ဆ) ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ချမှတ်ပြီးနောက် ၁၄ ရက်အတွင်း ပုဒ်မခွဲ (က) အရ ယင်းဆုံးဖြတ် ချက်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရမည်။
ဒါရိုက်တာများ၏ အချက်အလက်များနှင့်အခြားအကြောင်းအရာများ
ဒါရိုက်တာများ၊ အတွင်းရေးမှူးများနှင့် သက်ဆိုင်သည့် မှတ်တမ်းများ
၁၈၉။ (က) ကုမ္ပဏီအားလုံးသည် ယင်းတို့၏ မှတ်ပုံတင်ထားသောရုံးခန်း သို့မဟုတ် ယင်းတို့၏ မှတ်ပုံတင်စာရင်းများထားရှိရာ အခြားနေရာ၌ အောက်ပါအချက်အလက်များ ပါဝင်သော ဒါရိုက်တာ များ၊ အလှည့်ကျ ဒါရိုက်တာများ၊ အတွင်းရေးမှူးများ နှင့်သက်ဆိုင်သည့် မှတ်ပုံတင်စာရင်းတစ်ရပ်ကို ထိန်းသိမ်းထားရှိရမည်-
(၁) ဒါရိုက်တာ၊ အလှည့်ကျဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူး၏ လက်ရှိအမည်အပြည့်အစုံ၊ ယခင် အသုံးပြုခဲ့သည့်အမည် အပြည့်အစုံ၊ မွေးနေ့၊ အမြဲတမ်းနေရပ်လိပ်စာ၊ နိုင်ငံ၊ နိုင်ငံသားနှင့် အခြား နိုင်ငံသားအဖြစ် ထပ်မံခံယူထားလျှင် ယင်းနိုင်ငံသား၊ စီးပွားရေးအလုပ်အကိုင်ရှိခဲ့လျှင် ယင်းအလုပ် အကိုင်၊ အခြားဒါရိုက်တာနေရာ သို့မဟုတ် ဒါရိုက်တာနေရာများကို ရယူထားခြင်းရှိခဲ့လျှင် အဆိုပါနေရာ များ၏ အကြောင်းအရာများ၊
(၂) ပုဒ်မ ၁၇၂ အရ ဒါရိုက်တာတစ်ဦးက ကြေညာသည့် အကျိုးခံစားခွင့်တစ်ရပ်ရပ် နှင့်
(၃) ပုဒ်မ ၁၈၇ အရ ဒါရိုက်တာတစ်ဦးထံသို့ ပေးအပ်သည့် အကျိုးခံစားခွင့်တစ်ရပ်ရပ်။
(ခ) ဒါရိုက်တာ၊ အလှည့်ကျဒါရိုက်တာနှင့် အတွင်းရေးမှူးတစ်ဦးစီသည် ပုဒ်မခွဲ(က) အရ ထိန်းသိမ်း ထားရှိရသော မှတ်ပုံတင် စာရင်းတွင် ရေးသွင်းဖော်ပြရန် လိုအပ်သည့် အချက်အလက်များကို ကုမ္ပဏီသို့ ပေးအပ်ရမည်။
(ဂ) ကုမ္ပဏီသည် ပုဒ်မ ၉၇ အရ ဆောင်ရွက်သော နှစ်စဉ်အစီရင်ခံစာအား တင်ပြရန် တာဝန်၏ တစ်စိတ်တစ်ဒေသအဖြစ် အဆိုပါ မှတ်ပုံတင်စာရင်းတွင် ဖော်ပြထားသော အကြောင်းအရာများ ပါဝင် သည့် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် နှစ်စဉ်အစီရင်ခံစာအား မှတ်ပုံတင်အရာရှိထံပေးပို့တင်ပြရမည်။ ကုမ္ပဏီသည် မှတ်ပုံတင်စာရင်းတွင် ဖော်ပြပါရှိသော ဒါရိုက်တာများ၊ အလှည့်ကျဒါရိုက်တာများနှင့် အတွင်းရေးမှူးများ ပြောင်းလဲခြင်း သို့မဟုတ် အချက်အလက်တစ်ရပ်ရပ် ပြောင်းလဲခြင်းများအတွက် ထိုသို့ပြောင်းလဲသည့်နေ့မှ ၂၈ ရက် အတွင်း သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် အကြောင်းကြားချက် တစ်ရပ်ကို မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။
(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ထိန်းသိမ်းထားရှိရမည့် မှတ်ပုံတင်စာရင်းကို ရုံးလုပ်ငန်းအချိန် ကာလအတွင်း ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦး၏ စစ်ဆေးဆောင်ရွက်မှုအတွက် အခမဲ့ခွင့်ပြုရမည်ဖြစ်ပြီး အခြားသူတစ်ဦးဦး၏ စစ်ဆေးဆောင်ရွက်မှုကို စစ်ဆေးမှုတစ်ရပ်အတွက် ကုမ္ပဏီကသတ်မှတ်ထား သည့် သင့်လျော်သော ငွေပမာဏတစ်ရပ်ကို ပေးသွင်းစေလျက် ခွင့်ပြုရမည်။ သို့ရာတွင် ကုမ္ပဏီသည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် သို့မဟုတ် အထွေထွေ အစည်းအဝေးတွင် စစ်ဆေးဆောင်ရွက်ခြင်း အတွက် တစ်နေ့လျှင် အချိန်နှစ်နာရီအောက် မနည်းသောကာလကို ခွင့်ပြုရန်သတ်မှတ်နိုင်သည်။
(င) ဤပုဒ်မပါ ပြဋ္ဌာန်းချက် များအရ လိုအပ်သော စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်ကို ငြင်းပယ်ခဲ့လျှင် တရားရုံးသည် စစ်ဆေးမှုအတွက် ငြင်းပယ်ခံရသူ၏ လျှောက်ထားချက်နှင့် ကုမ္ပဏီ၏ အကြောင်းကြား ချက်တို့အရ မှတ်တမ်းကို ချက်ချင်းစစ်ဆေး ဆောင်ရွက်မှုပြုလုပ်စေရန် အမိန့်တစ်ရပ် ချမှတ်၍ ညွှန်ကြားနိုင်သည်။
ဤအခန်းပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း
ဤအခန်းတွင်ပါရှိသည့် သတ်မှတ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက်မှုအတွက် အကျိုးဆက်များ
၁၉၀။ (က) အခန်း (၁၈) ၏ ပုဒ်မတစ်ရပ်ရပ်တွင်ပါရှိသော ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက် ရန် ပျက်ကွက်ခဲ့လျှင် အဆိုပါပျက်ကွက်မှုတွင် ပတ်သက်သော ဒါရိုက်တာအားလုံး သို့မဟုတ် သက်ဆိုင် ရာ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သော အခြားပုဂ္ဂိုလ်တစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။
(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အား ကန့်သတ်ခြင်းမရှိစေဘဲ ပျက်ကွက်မှုအား သိလျက်ဖြင့် တမင် ပြုလုပ်ခဲ့သော ဒါရိုက်တာအားလုံး သို့မဟုတ် ဤအခန်းပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင် သော အခြားပုဂ္ဂိုလ် တစ်ဦးဦးကို အောက်ပါအတိုင်း ပြုလုပ်ရမည်-
(၁) ပျက်ကွက်မှုတွင် ဒါရိုက်တာ သို့မဟုတ် သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သော အခြား ပုဂ္ဂိုလ်တစ်ဦးဦး၏ မရိုးသားမှုများပါဝင်ခဲ့လျှင် ဤဥပဒေအရ တရားရုံးက သီးခြားပြစ်ဒဏ် ချမှတ်နိုင် သည်။
(၂) မှတ်ပုံတင်အရာရှိက လျှောက်ထားတင်ပြလာလျှင် တရားရုံးက သတ်မှတ်သည့် ကာလအတွင်း ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် အခြားအရာရှိ အဖြစ်ဆောင်ရွက်ရန် တားမြစ်နိုင်သည်။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ဒါရိုက်တာများ၊ ဤအခန်း၏ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်သော ပုဂ္ဂိုလ်တစ်ဦးဦး၏ အခြားသောတာဝန်ရှိမှု တစ်ရပ်ရပ်ကို ဖြစ်စေ၊ အောက်တွင်ဖော်ပြ ပါရှိသော ပုဒ်မ ၁၉၃ နှင့် ၂ဝဝ တို့ပါ ပြဋ္ဌာန်းချက်များအပါအဝင် ဤဥပဒေ သို့မဟုတ် အခြား သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ အခြားပုဂ္ဂိုလ်တစ်ဦးဦးက ၎င်းတို့အပေါ် တရားစွဲဆိုဆောင်ရွက်မှု တစ်ရပ်ရပ်ကိုဖြစ်စေ ကန့်သတ်ထားခြင်းမရှိစေရ။
သတင်းအချက်အလက်များ သို့မဟုတ် အကြံဉာဏ်များအပေါ် ယုံကြည်အားထားခြင်း
၁၉၁။ (က) ဒါရိုက်တာတစ်ဦးသည် ဤအခန်းပါ ပြဋ္ဌာန်းချက်အရ တာဝန်တစ်ရပ်ရပ် သို့မဟုတ် အလားတူ ဥပဒေအရ တာဝန်တစ်ရပ်ရပ်ကို ဖောက်ဖျက်မှုပြုသည် မပြုသည်ကို ဆုံးဖြတ်နိုင်ရန်အတွက် ပြုလုပ်သော တရားစွဲဆိုဆောင်ရွက်မှုများတွင် သတင်းအချက်အလက် သို့မဟုတ် ကျွမ်းကျင်သူ၏ အကြံဉာဏ်အပေါ် ဒါရိုက်တာ သို့မဟုတ် အရာရှိမှ ယုံကြည်အားထားမှုမှာ လျော်ကန်မှုရှိကြောင်း ပေါ်ပေါက်လျှင် အောက်ပါကိစ္စရပ်များ ဖြစ်ပေါ်ပါက ထိုသို့သော သတင်းအချက်အလက် သို့မဟုတ် ကျွမ်းကျင်သူ၏ အကြံဉာဏ် အပေါ် ဒါရိုက်တာ သို့မဟုတ် အရာရှိမှယုံကြည်အားထားမှုမှာ လျော်ကန်မှု ရှိသည်ဟု သတ်မှတ်ရမည်-
(၁) သတင်းအချက်အလက် သို့မဟုတ် အကြံဉာဏ်ကို အောက်ပါပုဂ္ဂိုလ်များကပေးလျှင် သို့မဟုတ် ပြုစု ခဲ့လျှင်-
(ကက) သက်ဆိုင်ရာကိစ္စရပ်အတွက် ယုံကြည်အားထားရန် သင့်လျော်သည့် အခြေခံအကြောင်းများ ရှိပြီး အရည်အချင်းပြည့်ဝကြောင်း ဒါရိုက်တာက ယုံကြည်သည့် ကုမ္ပဏီ၏ဝန်ထမ်းတစ်ဦးဦး သို့မဟုတ်
(ခခ) လုပ်ငန်းကျွမ်းကျင်မှု သို့မဟုတ် အရည်အချင်းပြည့်ဝမှုရှိကြောင်း ဒါရိုက်တာက ယုံကြည်ရန် သင့်လျော်သည့် အခြေခံအကြောင်းများရှိသော သက်ဆိုင်ရာကိစ္စရပ်နှင့် စပ်လျဉ်းသည့် အတတ်ပညာ ဆိုင်ရာ အကြံပေး သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးဦး သို့မဟုတ်
(ဂဂ) ဒါရိုက်တာ သို့မဟုတ် အရာရှိတို့၏ လုပ်ပိုင်ခွင့် အတွင်းမှ ကိစ္စရပ်များနှင့် ဆက်စပ်သည့် အခြားဒါရိုက်တာ သို့မဟုတ် အရာရှိ သို့မဟုတ်
(ဃဃ) အဆိုပါ ဒါရိုက်တာ မပါဝင်သည့် ဒါရိုက်တာများ၏ ကော်မတီတစ်ရပ်ရပ်၏ လုပ်ပိုင်ခွင့် အတွင်းမှ ကိစ္စရပ်များကို ဆောင်ရွက်နေသည့် ကော်မတီနှင့်
(၂) ဒါရိုက်တာများ၏ ကုမ္ပဏီနှင့် စပ်လျဉ်း၍ သိရှိနားလည်မှု၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်း ဆောင်ရွက်မှုများ ခက်ခဲနက်နဲမှုတို့ အပါအဝင်သတင်းအချက်အလက် သို့မဟုတ် အကြံဉာဏ်ကို လွတ်လပ်သော လေ့လာအကဲဖြတ်မှုပြုပြီးနောက် ယုံကြည်အားထားမှုကို သဘောရိုးဖြင့် ပြုလုပ်ခဲ့လျှင်။
(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် မှတ်ယူဆောင်ရွက်ခြင်းများကို ချေပနိုင်ပြီး ပုဂ္ဂိုလ်တစ်ဦးဦး သည် တရားစွဲဆို၍ မမှန်ကန်ကြောင်း ပြဆိုနိုင်သည်။
အခန်း (၁၉)
ကုမ္ပဏီတွင်ပါဝင်သူများ၏ အခွင့်အရေးနှင့် ကုစားခွင့်များ
တရားမျှတမှုမရှိသော ကိစ္စရပ်များတွင် ကုမ္ပဏီတွင် ပါဝင်သူများနှင့်အခြားသူများ၏ တရားစွဲဆို ဆောင်ရွက်မှုများ
တရားမျှတမှုမရှိသော လုပ်ငန်းဆောင်ရွက်မှုများ
၁၉၂။ အကယ်၍ ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများနှင့်သက်ဆိုင်သော ဆောင်ရွက်မှု သို့မဟုတ် ကုမ္ပဏီက ဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားဖြစ်စေ အမှန်တကယ်ဆောင်ရွက်မှု သို့မဟုတ် အဆိုပြုထားသော ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူ အမျိုးအစားတစ်ရပ်တွင် ပါရှိသောသူများက ချမှတ်သည့်ဆုံးဖြတ်ချက် သို့မဟုတ် အဆိုပြုသော ဆုံးဖြတ်ချက်တို့သည် အောက်ပါတို့ အနက်မှ တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေခဲ့လျှင် တရားရုံးသည် ပုဒ်မ ၁၉၃ အရ အမိန့်တစ်ရပ်ချမှတ်နိုင်သည်-
(က) ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၏ အကျိုးခံစားခွင့်နှင့် ဆန့်ကျင်ခြင်း၊
(ခ) ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦး သို့မဟုတ် ပါဝင်သူရာထူးနေရာတွင် သော်လည်းကောင်း၊ အခြား ရာထူးနေရာတွင်သော်လည်းကောင်း ၎င်းတို့အပေါ် မတရားဖြစ်စေခြင်း၊ မမျှမတဖြစ်စေခြင်း သို့မဟုတ် မတရားသဖြင့် ခွဲခြားပြုမူခြင်း။
ဤအခန်းပါ ကိစ္စရပ်များအတွက် ကုမ္ပဏီရှိ အစုရှယ်ယာတစ်ရပ်ရပ်ကို သေတမ်းစာအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်းပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ် သတ်မှတ်ရမည်။
တရားရုံးက ချမှတ်နိုင်သည့်အမိန့်များ
၁၉၃။ (က) တရားရုံးသည် ဤပုဒ်မအရ အောက်ပါအမိန့်တစ်ရပ်ရပ် အပါအဝင် ကုမ္ပဏီနှင့်စပ်လျဉ်း၍ သင့်လျော်သည်ဟု ၎င်းမှ ထင်မြင်လျှင် အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(၁) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန်၊
(၂) ကုမ္ပဏီ၏ လက်ရှိဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန်၊
(၃) နောင်တွင် ဆောင်ရွက်မည့် ကုမ္ပဏီ၏လုပ်ငန်းကိစ္စရပ်များအတွက် စည်းကမ်းချက်များ သတ်မှတ် ရန်၊
(၄) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦး သို့မဟုတ် ကုမ္ပဏီရှိ အစုရှယ်ယာတစ်ရပ်ရပ်ကို သေတမ်းစာအရ ဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်းပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးက အစုရှယ်ယာ တစ်ရပ်ရပ် ကို ဝယ်ယူရန်၊
(၅) ကုမ္ပဏီ၏အစုရှယ်ယာမတည်ငွေရင်းအား သင့်လျော်သည့်ပမာဏကို လျှော့ချခြင်းဖြင့်အစုရှယ်ယာ များကို ဝယ်ယူရန်၊
(၆) ကုမ္ပဏီအတွက် တရားစွဲဆိုမှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ စွဲဆိုခြင်း၊ ခုခံချေပခြင်း သို့မဟုတ် ရပ်စဲ ခြင်းများ ဆောင်ရွက်ရန်၊
(၇) ကုမ္ပဏီ၏ အမည်ဖြင့် သို့မဟုတ် ကုမ္ပဏီ၏ ကိုယ်စား တရားစွဲဆိုမှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း၊ စွဲဆိုခြင်း၊ ခုခံချေပခြင်း သို့မဟုတ် ရပ်စဲခြင်းများ ဆောင်ရွက်ရန်အတွက် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သို့မဟုတ် ကုမ္ပဏီရှိ အစုရှယ်ယာတစ်ရပ်ရပ်ကို သေတမ်းစာအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်း ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဆောင်ရွက် ခွင့်ပြုရန်၊
(၈) ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ် သို့မဟုတ် အားလုံးအတွက် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ (receiver) တစ်ဦးအား ခန့်အပ်ရန်၊
(၉) ပုဂ္ဂိုလ်တစ်ဦးဦးအား သတ်မှတ်ထားသည့် အပြုအမူကို ပြုမူစေခြင်း သို့မဟုတ် ပြုလုပ်စေခြင်းမှ ရှောင်ကြဉ်စေရန်၊
(၁ဝ) ပုဂ္ဂိုလ်တစ်ဦးဦးအား သတ်မှတ်ထားသည့် ဆောင်ရွက်မှု တစ်ရပ်ရပ်ကို ပြုလုပ်စေရန်။
(၁၁) နစ်နာကြေးများ ပေးလျော်ရန်။
(ခ) ဤပုဒ်မအရ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ် ချမှတ်ခဲ့လျှင် ကုမ္ပဏီများစာရင်း ရှင်းလင်းဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လိုအပ် သလို ပြောင်းလဲပြင်ဆင်ထားသည့် ပြဋ္ဌာန်းချက်များအား လိုက်နာရမည်။
(ဂ) ဤပုဒ်မအရ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန် အတွက် အမိန့်တစ်ရပ်ချမှတ်ခဲ့လျှင် အမိန့်၌ ထိုသို့ ဆောင်ရွက်ခွင့်ပြုထားခြင်းမရှိလျှင် ဖြစ်စေ သို့မဟုတ် ကုမ္ပဏီသည် တရားရုံး၏ခွင့်ပြုမှုကို ဦးစွာရယူထားခြင်းမရှိလျှင် ဖြစ်စေ အဆိုပါပြောင်းလဲပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းသည် အမိန့်တွင်ပါရှိသည့် စည်းကမ်းချက်များနှင့် ညီညွတ်ခြင်းမရှိလျှင် ကုမ္ပဏီ သည် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား ပြောင်းလဲပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန်အတွက် ပုဒ်မ ၁၇ အရ လုပ်ပိုင်ခွင့်မရှိ။
တရားရုံးအမိန့်တစ်ရပ်အတွက် လျှောက်ထားခြင်း
၁၉၄။ ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပုဒ်မ ၁၉၃၊ ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ချမှတ်ပေးရန် လျှောက်ထား မှုကို အောက်ပါပုဂ္ဂိုလ်များက ပြုလုပ်နိုင်သည်-
(က) လျှောက်ထားမှုသည် အောက်ပါပုဂ္ဂိုလ်များနှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်နှင့် သက်ဆိုင်သော်လည်း ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦး-
(၁) ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးအဖြစ်မှတစ်ပါး အခြားရာထူးနေရာတစ်ခုခုတွင် ဆောင်ရွက်နေသော ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ်
(၂) ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ် ၎င်းတို့၏ ရာထူးနေရာတွင် ဆောင်ရွက်နေသော ကုမ္ပဏီတွင်ပါဝင်သော အခြားသူများ။
(ခ) မတည်ငွေရင်း ရွေးချယ်လျှော့ချခြင်းကြောင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းမှ ဖယ်ရှားခံရသူ၊
(ဂ) လျှောက်ထားမှုသည် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲသည့်အခြေအနေနှင့် သက်ဆိုင်ခဲ့လျှင် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲခံရသူ၊
(ဃ) ကုမ္ပဏီရှိ အစုရှယ်ယာတစ်ရပ်ရပ်ကို သေတမ်းစာအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ လွှဲပြောင်း ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
(င) ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များ သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်း ကိစ္စရပ်များနှင့်ပတ်သက်သော ကိစ္စရပ်များအား စုံစမ်းစစ်ဆေးနေသည့် သို့မဟုတ် စုံစမ်းစစ်ဆေးပြီးသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိမှ သင့်လျော်သည်ဟု ထင်မြင်ယူဆသူတစ်ဦးဦး။
ချမှတ်သည့်အမိန့်ကို မှတ်ပုံတင်အရာရှိထံ ပေးပို့တင်ပြရန် လိုအပ်ခြင်း
၁၉၅။ ပုဒ်မ ၁၉၃၊ ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အား ချမှတ်ခဲ့လျှင် လျှောက်ထားသူသည် အဆိုပါ အမိန့်အား ချမှတ်သည့်နေ့မှ ၂၁ ရက်အတွင်း ယင်းအမိန့်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်။
ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်မှုများ
ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် ကြားဝင်ဆောင်ရွက်ခြင်း
၁၉၆။ (က) ကုမ္ပဏီကိုယ်စား တာဝန်ယူဆောင်ရွက်ရန်အတွက် သို့မဟုတ် အဆိုပါတရားစွဲဆိုမှုများတွင် စေ့စပ်ညှိနှိုင်းခြင်း သို့မဟုတ် ဖြေရှင်းဆောင်ရွက်ခြင်းကဲ့သို့ လိုအပ်သည့်ဆောင်ရွက်မှုများကို ပြုလုပ်နိုင် ရန် အတွက် ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိထားသည့် အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်နိုင်သည် သို့မဟုတ် ကုမ္ပဏီမှ အမှုသည်အဖြစ်ပါဝင်သော တရားစွဲဆိုမှုတစ်ရပ်ရပ် တွင် ကြားဝင်ဆောင်ရွက်နိုင်သည်-
(၁) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့်အဖွဲ့အစည်းတွင် ပါဝင်သူ၊ ယင်းတို့တွင် ပါဝင်ခဲ့သူ (former member) သို့မဟုတ် ယင်းတို့တွင် ပါဝင်သူတစ်ဦးအဖြစ် မှတ်ပုံတင်ခွင့်ရရှိသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
(၂) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ၊ ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ (former director)၊ အရာရှိ သို့မဟုတ် ယခင်က တာဝန်ထမ်းဆောင်ခဲ့သော အရာရှိ (former officer) ဖြစ်ရမည်။
(ခ) ကုမ္ပဏီကိုယ်စား ဆောင်ရွက်သည့် တရားစွဲဆိုမှုများကို ကုမ္ပဏီ၏အမည်ဖြင့်စွဲဆို ဆောင်ရွက်ရ မည်။
(ဂ) ကုမ္ပဏီကိုယ်စား တရားစွဲဆိုဆောင်ရွက်ရန် သို့မဟုတ် ကြားဝင်ဆောင်ရွက်ရန် အခြားဥပဒေ တစ်ရပ်ရပ်၌ ဖော်ပြထားသည့် ပုဂ္ဂိုလ်တစ်ဦးဦး၏ အခွင့်အရေးကို ပယ်ဖျက်ရမည်။
တရားစွဲဆိုခွင့်နှင့်ကြားဝင်ဆောင်ရွက်ခွင့် လျှောက်ထားခြင်းနှင့် ခွင့်ပြုခြင်း
၁၉၇။ (က) ပုဒ်မ ၁၉၆၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်တစ်ဦးဦးသည် တရား စွဲဆိုမှုများဆောင်ရွက်ရန် သို့မဟုတ် တရားစွဲဆိုမှုများတွင် ကြားဝင်ဆောင်ရွက်ခွင့် ရရှိရန် တရားရုံးသို့ လျှောက်ထားနိုင်သည်။
(ခ) တရားရုံးသည် အောက်ပါအချက်များကို ကျေနပ်လက်ခံလျှင် လျှောက်ထား မှုအား ခွင့်ပြုရမည်-
(၁) ကုမ္ပဏီကိုယ်တိုင်က တရားစွဲဆိုမှုများကို မဆောင်ရွက်နိုင်ကြောင်း သို့မဟုတ် အဆိုပါကိစ္စများ အတွက် တာဝန်ယူဆောင်ရွက်နိုင်ခြင်း သို့မဟုတ် လိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်း မရှိ ကြောင်း၊
(၂) လျှောက်ထားသူသည် သဘောရိုးဖြင့် ဆောင်ရွက်ကြောင်း၊
(၃) လျှောက်ထားသူအပေါ် ခွင့်ပြုချက်ပေးခြင်းသည် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်စေ မည်ဖြစ်ကြောင်း၊
(၄) လျှောက်ထားသူသည် တရားစွဲဆိုဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်လျှောက်ထားလျှင် အရေးကြီး သော ကိစ္စရပ်ကို ဖြေရှင်းရန်ရှိကြောင်းနှင့်
(၅) အောက်ပါကိစ္စတစ်ရပ်ရပ်ရှိခဲ့လျှင်-
(ကက) လျှောက်လွှာမတင်မီ အနည်းဆုံး ၁၄ ရက် ကြိုတင်၍ လျှောက်ထားသူသည် ခွင့်ပြုချက် လျှောက်ထားရန် ရည်ရွယ်ကြောင်းနှင့် ထိုသို့လျှောက်ထား ရသည့်အကြောင်းရင်းတို့ကို စာဖြင့်ရေးသား ၍ ကုမ္ပဏီသို့ အကြောင်းကြားရမည်။ သို့မဟုတ်
(ခခ) ပုဒ်မခွဲငယ်စိတ် (ကက) ပါဖော်ပြချက်ကို လက်ခံနိုင်ခြင်းမရှိသော်လည်း ခွင့်ပြုချက်ပေးရန် သင့်လျော်မှုရှိရမည်။
(ဂ) အောက်ပါတို့ကို တွေ့ရှိရလျှင် ခွင့်ပြုချက်ပေးခြင်းသည် ကုမ္ပဏီ၏ အကောင်းဆုံး အကျိုးခံစားခွင့် အတွက် မဟုတ်ကြောင်း ချေပနိုင်သည့် မှတ်ယူချက်တစ်ခုဖြစ်သည်-
(၁) တရားစွဲဆိုခြင်းသည်-
(ကက) တတိယပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ကုမ္ပဏီမှ တရားစွဲဆိုမှုဖြစ်ခြင်း သို့မဟုတ်
(ခခ) ကုမ္ပဏီအပေါ် တတိယပုဂ္ဂိုလ်တစ်ဦးဦးက တရားစွဲဆိုမှုဖြစ်ခြင်းနှင့်
(၂) ကုမ္ပဏီမှ အောက်ပါတို့ကို ဆုံးဖြတ်ခဲ့လျှင်-
(ကက) တရားစွဲဆိုမှုကို မဆောင်ရွက်ရန် သို့မဟုတ်
(ခခ) တရားစွဲဆိုမှုတွင် ခုခံချေပခြင်း မပြုရန် သို့မဟုတ်
(ဂဂ) တရားစွဲဆိုမှုကိုရပ်စဲရန်၊ ဖြေရှင်းရန် သို့မဟုတ် စေ့စပ်ညှိနှိုင်းရန်နှင့်
(၃) အဆိုပါ ဆုံးဖြတ်ချက်တွင် ပါဝင်ဆောင်ရွက်ခဲ့သော ဒါရိုက်တာများအားလုံးသည်-
(ကက) လျော်ကန်သင့်မြတ်သော ကိစ္စရပ်အတွက် သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ကြခြင်း၊
(ခခ) ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့် မပါရှိခြင်း၊
(ဂဂ) ဆုံးဖြတ်ချက် ချမှတ်သည့်ကိစ္စရပ်နှင့် စပ်လျဉ်း၍ ၎င်းတို့ကိုယ်တိုင် သင့်လျော်မျှတသည်အထိ စုံစမ်းခြင်းနှင့်
(ဃဃ) ဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်သည်ဟု ကျိုးကြောင်း ညီညွတ်စွာ ယုံကြည်ခြင်း။
(ဃ) အလားတူအခြေအနေတွင် သာမန်ပုဂ္ဂိုလ် တစ်ဦးကလက်ခံဆောင်ရွက်နိုင်ခြင်း မရှိခြင်းမှတစ်ပါး ထိုဆုံးဖြတ်ချက်သည် ကုမ္ပဏီ၏ အကျိုးအတွက် အကောင်းဆုံးဖြစ်သည်ဟု ဒါရိုက်တာများ၏ ယုံကြည် မှုသည် ကျိုးကြောင်းညီညွတ်သော ယုံကြည်မှုဖြစ်သည်။
(င) ပုဒ်မခွဲ (ဂ) တွင် ပါရှိသောကိစ္စရပ်များအတွက်-
(၁) ပုဂ္ဂိုလ်တစ်ဦးသည် ကုမ္ပဏီ၏ ဆက်နွှယ်သည့်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပါက ထိုပုဂ္ဂိုလ်သည် တတိယ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ၎င်းအပြင်
(၂) ကုမ္ပဏီကသော်လည်းကောင်း၊ ကုမ္ပဏီအပေါ်တွင်လည်းကောင်း တရားစွဲဆိုမှုများတွင် ယင်းသို့ တရားစွဲဆိုမှုများတွင် ချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်အား အယူခံ ဝင်ခြင်းများလည်း ပါဝင်သည်။
တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့်ရရှိသောသူအတွက် အခြားသူတစ်ဦးဦးကို အစားထိုးဖြည့်စွက်ခြင်း
၁၉၈။ (က) ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိထားသော ပုဂ္ဂိုလ်တစ်ဦးဦးအတွက် အစားထိုးဖြည့်စွက်ရန် အတွက် အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရန် အောက်ပါပုဂ္ဂိုလ်များအနက်မှတစ်ဦးဦးသည် တရားရုံးသို့ လျှောက်ထားရမည်-
(၁) ကုမ္ပဏီ သို့မဟုတ် ဆက်စပ်သည့် အဖွဲ့အစည်းတွင် ပါဝင်သူ၊ ယင်းတို့တွင် ပါဝင်ခဲ့သူ (former member)၊ သို့မဟုတ် ယင်းတို့တွင်ပါဝင်သူတစ်ဦးအဖြစ် မှတ်ပုံတင်ခွင့် ရရှိသော ပုဂ္ဂိုလ်တစ်ဦးဦး၊
(၂) ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာ၊ ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ (former director)၊ အရာရှိ သို့မဟုတ် ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော အရာရှိ (former officer)။
(ခ) တရားရုံးသည် အောက်ပါ အချက်များကို ကျေနပ်လက်ခံလျှင် အမိန့်တစ်ရပ်ကို ချမှတ်ရမည်-
(၁) လျှောက်ထားသူသည် သဘောရိုးဖြင့် ဆောင်ရွက်ကြောင်းနှင့်
(၂) အကြောင်းခြင်းရာအားလုံးတွင် အမိန့်ချမှတ်ရန် သင့်လျော်မှုရှိကြောင်း။
(ဂ) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား အခြားသူတစ်ဦးအတွက် အစားထိုးဖြည့်စွက်ရန် ချမှတ်သည့် အမိန့် သည် အောက်ပါအတိုင်း အကျိုးသက်ရောက်မှုရှိသည်-
(၁) ခွင့်ပြုချက်ပေးခြင်းသည် အစားထိုးဖြည့်စွက်သော ပုဂ္ဂိုလ်အကျိုးငှာ ပြုလုပ်သည်ဟု သတ်မှတ်ရ မည်။ ၎င်းအပြင်
(၂) အခြားသူတစ်ဦးသည် တရားစွဲဆို ဆောင်ရွက်မှုအားပြုလုပ်ပြီး သို့မဟုတ် ကြားဝင်ဆောင်ရွက်ပြီး ဖြစ်လျှင် အစားထိုးဖြည့်စွက်သော ပုဂ္ဂိုလ်သည် အဆိုပါ တရားစွဲဆိုမှုကို ဆောင်ရွက်ပြီး သို့မဟုတ် ကြားဝင်ဆောင်ရွက်ပြီး ဖြစ်သည်ဟု သတ်မှတ်ရမည်။
ကုမ္ပဏီတွင်ပါဝင်သူများက အတည်ပြုဆောင်ရွက်ခြင်း၏ အကျိုးသက်ရောက်မှု
၁၉၉။ (က) ကုမ္ပဏီတွင် ပါဝင်သူများက ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြုခဲ့လျှင် သို့မဟုတ် ထောက်ခံခဲ့လျှင် ထိုအတည်ပြုချက် သို့မဟုတ် ထောက်ခံချက်သည်-
(၁) ပုဂ္ဂိုလ်တစ်ဦးဦးအား ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ဖြင့် တရားစွဲဆိုမှုများကို ပြုလုပ်ခြင်း သို့မဟုတ် ယင်းတို့တွင် ကြားဝင်ဆောင်ရွက်ခြင်းကို ဖြစ်စေ၊ ခွင့်ပြုချက်ရရန်အတွက် လျှောက်ထားခြင်းကိုဖြစ်စေ တားမြစ်ထားခြင်း မရှိစေရ။
(၂) ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ဖြင့် စွဲဆိုဆောင်ရွက်သော သို့မဟုတ် ကြားဝင်ဆောင်ရွက်သော တရားစွဲဆိုမှုများကို တရားပြိုင်၏ အကျိုးအတွက် ဆုံးဖြတ်ပေးရမည် သို့မဟုတ် ခွင့်ပြုချက်ရရှိရန် လျှောက်ထားခြင်းကို ငြင်းပယ်ရမည်ဟု အကျိုးသက်ရောက်ခြင်း မရှိစေရ။
(ခ) ကုမ္ပဏီတွင်ပါဝင်သူများက ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြုခဲ့လျှင် သို့မဟုတ် ထောက်ခံ ခဲ့လျှင် တရားရုံးသည် ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိ၍ စွဲဆို ဆောင်ရွက်သော သို့မဟုတ် ကြားဝင် ဆောင်ရွက်သော တရားစွဲဆိုမှုများတွင်လည်းကောင်း၊ အဆိုပါ ပုဒ်မပါ ပြဋ္ဌာန်းချက်အရ တရားစွဲဆိုခွင့် နှင့် ကြားဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း နစ်နာမှုများ အပါအဝင် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်ရာ၌ ဖော်ပြပါအတည်ပြုချက် သို့မဟုတ် ထောက်ခံချက် ကို ထည့်သွင်းစဉ်းစားနိုင်သည်။ ထိုသို့ ချမှတ်ဆောင်ရွက်ခဲ့လျှင် ယင်းဆုံးဖြတ်ချက်တွင် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရမည်-
(၁) ကုမ္ပဏီတွင် ပါဝင်သူများမှ ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြု မပြု သို့မဟုတ် ထောက်ခံ ခြင်းပြုမပြု ဆုံးဖြတ်ရာတွင် ၎င်းတို့၏ ပြုလုပ်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည့်စုံစွာသိရှိခဲ့ခြင်းနှင့်
(၂) ပြုလုပ်ဆောင်ရွက်မှုတစ်ရပ်ကို အတည်ပြုခြင်း သို့မဟုတ် ထောက်ခံခြင်းတို့အား ပြုလုပ်ခဲ့သော ကုမ္ပဏီတွင်ပါဝင်သူများက လျော်ကန်သင့်မြတ်သော ကိစ္စ ရပ်အတွက် ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ။
တရားရုံး၏ အထွေထွေလုပ်ပိုင်ခွင့်များ
၂၀၀။ (က) တရားရုံးသည် အောက်ပါကိစ္စများအပါအဝင် ခွင့်ပြုချက်ရရှိ၍ စွဲဆိုဆောင်ရွက်သော သို့မဟုတ် ကြားဝင်ဆောင်ရွက်သော တရားစွဲဆိုမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း သင့်သည်ထင်မြင် သည့်အတိုင်း အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်ပြီး ညွန်ကြားချက်များကို ပြုလုပ်နိုင်သည်-
(၁) ကြားဖြတ်အမိန့်များ၊
(၂) စေ့စပ်ညှိနှိုင်းခြင်း ဆောင်ရွက်ရန်လိုအပ်ခြင်းအပါအဝင် တရားစွဲဆိုဆောင်ရွက်မှုများနှင့် စပ်လျဉ်း သည့် ညွှန်ကြားချက်များ၊
(၃) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏ အရာရှိတစ်ဦးဦးကို ဆောင်ရွက်မှုတစ်ရပ်ရပ် ပြုလုပ်စေရန် သို့မ ဟုတ် မပြုလုပ်စေရန် ညွှန်ကြားသည့် အမိန့်တစ်ရပ်နှင့်
(၄) အောက်ပါတို့ကို စုံစမ်းစစ်ဆေး ရန်နှင့် တရားရုံးသို့အစီရင်ခံတင်ပြစေရန် လွတ်လပ်သော ပုဂ္ဂိုလ် တစ်ဦးဦးကို ခန့်ထားသည့်အမိန့်တစ်ရပ်-
(ကက) ကုမ္ပဏီ၏ ငွေရေးကြေးရေးကိစ္စရပ်များ၊ သို့မဟုတ်
(ခခ) တရားစွဲဆိုသည့် အကြောင်းအရာနှင့် စပ်လျဉ်း၍ တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်လာရ သည့် အချက်အလက်များ သို့မဟုတ် အခြေအနေများ၊ သို့မဟုတ်
(ဂဂ) တရားစွဲဆိုမှုတွင် ပါဝင်လျက်ရှိကြသော အမှုသည်များနှင့် ခွင့်ပြုချက်ရရှိသောသူတို့က တရား စွဲဆိုမှုတွင် ကုန်ကျခဲ့သည့်စရိတ်များ။
(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ တရားရုံးကခန့်အပ်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီသို့ သင့်လျော်သည့် အကြောင်းကြားမှုပြုလုပ်၍ ၎င်းအားခန့်အပ်မှုနှင့် သက်ဆိုင်သော လုပ်ငန်းများအတွက် ကုမ္ပဏီ၏ စာရင်းစာအုပ်များကို စစ်ဆေးခွင့် ရှိသည်။
(ဂ) တရားရုံးသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ ပုဂ္ဂိုလ်တစ်ဦးဦးအား ခန့်အပ်ခဲ့လျှင်-
(၁) တရားရုံးသည် ထိုသို့ ခန့်အပ်ထားခြင်းခံရသူအတွက် အခကြေးငွေနှင့် ကုန်ကျစရိတ်များကို မည်သူက ကျခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အမိန့်တစ်ရပ်ကိုလည်း ချမှတ်ရမည်။
(၂) တရားရုံးသည် အဆိုပါ အမိန့်ကို မည်သည့်အချိန်တွင်မဆို ပြောင်းလဲနိုင်သည်။
(၃) အဆိုပါအမိန့်အရ သို့မဟုတ် ထိုသို့ ပြောင်းလဲထားသော အမိန့်အရ ပြုလုပ်ဆောင်ရွက်ရန် တာဝန်ရှိ သောပုဂ္ဂိုလ်များမှာ အောက်ပါပုဂ္ဂိုလ်များဖြစ်သည်-
(ကက) တရားစွဲဆိုမှု သို့မဟုတ် လျှောက်ထားမှုတွင် အမှုသည်အဖြစ် ပါဝင်သူအားလုံး သို့မဟုတ် အမှုသည် တစ်ဦးဦးနှင့်
(ခခ) ကုမ္ပဏီ။ ၎င်းအပြင်
(၄) အဆိုပါအမိန့် သို့မဟုတ် ထိုသို့ပြောင်းလဲထားသော အမိန့်တွင် သက်ဆိုင်သူနှစ်ဦး သို့မဟုတ် နှစ်ဦး ထက်ပိုသောသူများအား တာဝန်ရှိကြောင်း ဖော်ပြထားလျှင် ထိုအမိန့်တွင် ထိုသို့သက်ဆိုင်သူ တစ်ဦးစီ၏ တာဝန်ရှိမှုအခြေအနေနှင့် အတိုင်းအတာ ပမာဏကိုလည်း ဆုံးဖြတ်ပေးနိုင်သည်။
(ဃ) ပုဒ်မခွဲ (ဂ) ပါပြဋ္ဌာန်းချက်များသည် ကုန်ကျစရိတ်နှင့် စပ်လျဉ်းသည့် တရားရုံး၏လုပ်ပိုင်ခွင့်များ ကို ထိခိုက်စေခြင်း မရှိစေရ။
ကုန်ကျစရိတ်ဆိုင်ရာ အမိန့်များကို ချမှတ်နိုင်သည့် တရားရုံး၏အခွင့်အာဏာ
၂၀၁။ တရားရုံးသည် ပုဒ်မ ၁၉၇ အရ ခွင့်ပြုချက်ရရှိ၍ စွဲဆိုဆောင်ရွက်သော သို့မဟုတ် ကြားဝင် ဆောင်ရွက်သော တရားစွဲဆိုမှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက်အရ တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သော အောက်ပါပုဂ္ဂိုလ်များ၏ ကုန်ကျစရိတ်များမှာ သင့်လျော်သည်ဟု ယူဆလျှင် မည်သည့်အချိန်တွင်မဆို အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်-
(က) တရားစွဲဆိုခွင့်နှင့် ကြားဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန် လျှောက်ထားသူ သို့မဟုတ် ခွင့်ပြုချက် ရရှိသူ၊
(ခ) ကုမ္ပဏီနှင့်
(ဂ) တရားစွဲဆိုမှု သို့မဟုတ် လျှောက်ထားမှု များတွင် ပါဝင်သောအခြားအမှုသည် တစ်ဦးဦး။
အခန်း (၂ဝ)
အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများက အစုရှယ်ယာရောင်းချရန် ကမ်းလှမ်းမှုများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ
ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus)
ဤအခန်းပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်း
၂၀၂။ (က) ပုဒ်မခွဲ (ခ) မှအပ ဤအခန်းတွင် ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များသည် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများနှင့် ယင်းတို့၏ အစုရှယ်ယာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များကို အများပြည်သူသို့ ရောင်းချရန် ကမ်းလှမ်းခြင်းများနှင့် သက်ဆိုင်စေရမည်။ ဤပြဋ္ဌာန်း ချက်များအား ဤဥပဒေပါ အခြားသောပြဋ္ဌာန်းချက်များ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်း ချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ ကျင့်သုံးဆောင်ရွက်ရမည့်အပြင် အဆိုပါသက်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။
(ခ) အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီမှအပ အခြားကုမ္ပဏီအမျိုးအစားများသည် ၎င်းတို့၏ အစု ရှယ်ယာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ ရောင်းချရန် အတွက် ကမ်းလှမ်းခြင်း သို့မဟုတ် အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းရန် ရည်ရွယ်လျက် ကုမ္ပဏီ၏ ငွေချေးသက်သေခံ လက်မှတ်များကို ခွဲဝေသတ်မှတ်ခြင်း သို့မဟုတ် ခွဲဝေသတ်မှတ်ရန် သဘောတူညီခြင်းတို့ကို မပြုလုပ်ရ။
ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား တင်ပြခြင်း
၂၀၃။ (က) ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဖြစ်စေ၊ အဆိုပြုကုမ္ပဏီကဖြစ်စေ ထုတ်ဝေ သည့် သို့မဟုတ် ယင်းကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အားလုံးတွင် ရက်စွဲပါရှိရမည်ဖြစ်ပြီး အဆိုပါရက်စွဲသည် ဆန့်ကျင်ကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲ့လျှင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေသည့်ရက်စွဲအဖြစ် သတ်မှတ်ရမည်။
(ခ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အဆိုပြု ထားသော ဒါရိုက်တာအဖြစ် အမည်စာရင်းပါရှိသူအားလုံး သို့မဟုတ် ၎င်းတို့မှ စာဖြင့်ရေးသား၍ အခွင့် အာဏာအပ်နှင်းခြင်းခံရသည့် ၎င်းတို့၏ ကိုယ်စားလှယ်များမှ လက်မှတ်ရေးထိုးထားသော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အားလုံး၏ မိတ္တူတစ်စောင်ကို ယင်းအား ထုတ်ဝေသည့် နေ့ရက်တွင်ဖြစ်စေ၊ ယင်းနေ့ မတိုင်မီတွင်ဖြစ်စေ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် မှတ်ပုံတင် အရာရှိထံသို့ တင်ပြဆောင်ရွက်ရမည်။ အဆိုပါ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်ခြင်းအတွက် မှတ်ပုံတင် အရာရှိထံ တင်ပြဆောင်ရွက်ခြင်း မရှိသေးလျှင် ထိုကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ကို ထုတ်ဝေခြင်းမပြုရ။
(ဂ) မှတ်ပုံတင်အရာရှိသည် ဤပုဒ်မပါ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သောရက်စွဲ ဖော်ပြခြင်း၊ လက်မှတ်ရေးထိုးခြင်းများမပါရှိသည့် ကုမ္ပဏီ၏အလားအလာ ညွှန်းတမ်း (Prospectus) တစ်ခုခုကို မှတ်ပုံတင်ပေးခြင်းမပြုရ။
(ဃ) ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အားလုံး၏ မျက်နှာဖုံးစာမျက်နှာ အပေါ်တွင် ဤကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) ၏ မိတ္တူတစ်စောင်ကို ဤပုဒ်မတွင် ဖော်ပြပါရှိ သည့် လိုအပ်ချက်များနှင့် အညီ မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် တင်ပြပြီးဖြစ်ကြောင်း ဖော်ပြရ မည်။
၂၀၄။ ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) ၏ မိတ္တူကို ပုဒ်မ ၂ဝ၃ ပါအတိုင်း တင်ပြ ဆောင်ရွက်ခြင်းမပြုဘဲ အဆိုပါကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေခဲ့လျှင် ကုမ္ပဏီနှင့် ယင်းအားထုတ်ဝေရာတွင် သိလျက်ဖြင့် ပါဝင်ခဲ့သူများတစ်ဦးဦးစီသည် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်စေရမည်။
ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) တွင် သီးခြားဖော်ပြရန် လိုအပ်သည့် အချက်အလက်များ
၂၀၅။ (က) ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားလှယ်ကဖြစ်စေ သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းခြင်းနှင့် ပတ်သက်သောသူကဖြစ်စေ၊ ယင်း၏ ကိုယ်စားကဖြစ်စေ ထုတ်ဝေသည့်ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) တစ်ရပ်ရပ်တွင် အောက်ပါတို့ကို ဖော်ပြရမည်-
(၁) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ အကြောင်းအရာများ၊ မူလအစုရှယ်ယာရှင်များ၏ အမည် များ၊ ရှင်းလင်းဖော်ပြချက်များ၊ နိုင်ငံသားနှင့် နေရပ်လိပ်စာများ၊ ၎င်းတို့တစ်ဦးချင်းစီ ထည့်ဝင်ထား သည့် အစုရှယ်ယာအရေအတွက်များ၊ ကုမ္ပဏီအား စတင်တည်ထောင်သူများပိုင်ဆိုင်သည့် အစုရှယ်ယာ အရေအတွက်၊ ကုမ္ပဏီ၏ဒါရိုက်တာများနှင့် အရာရှိများပိုင်ဆိုင်သည့် အစုရှယ်ယာ (management shares) အရေအတွက် သို့မဟုတ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို ရပိုင်ခွင့်ရွှေ့ဆိုင်းထားသော အစု ရှယ်ယာ (Deferred shares) ရှိခဲ့လျှင် ယင်း၏အရေအတွက်၊ ကုမ္ပဏီ၏ပစ္စည်းများနှင့် အကျိုးအမြတ် များတွင် ပိုင်ဆိုင်သူများ၏ အကျိုးခံစားခွင့် အခြေအနေနှင့် အတိုင်းအတာပမာဏ၊ ထုတ်ဝေရန်နေ့ရက် သတ်မှတ်ထားသည့် ပြန်လည်ရွေးနုတ်ယူနိုင်သော ဦးစားပေးအစုရှယ်ယာ အရေအတွက်နှင့် ထုတ်ဝေရန် သတ်မှတ်ထားသည့်နေ့ရက် သို့မဟုတ် အဆိုပါနေ့ရက် သတ်မှတ်ထားခြင်းမရှိပါက အကြောင်းကြားစာ ပေးပို့ရမည့်ကာလနှင့် ပြန်လည်ရွေးနုတ်ယူခြင်းအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊
(၂) ဒါရိုက်တာတစ်ဦးတွင် ရှိရမည့် သတ်မှတ်ချက်တစ်ရပ်အဖြစ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း တွင် သတ်မှတ်ထားရှိခဲ့ပါက အစုရှယ်ယာအရေအတွက်၊ ဒါရိုက်တာများ၏ အခကြေးငွေနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိသည့် စည်းကမ်းချက်များ၊
(၃) ဒါရိုက်တာများ၊ အဆိုပြုထားသော ဒါရိုက်တာများ၊ အရာရှိများ သို့မဟုတ် အဆိုပြုထားသော အရာရှိများ၏အမည်များ၊ ရှင်းလင်းဖော်ပြချက်များ၊ နိုင်ငံသားနှင့် နေရပ်လိပ်စာများ၊ အရာရှိများအား ခန့်အပ်မှုနှင့် ၎င်းတို့အား ပေးချေရမည့် အခကြေးငွေများနှင့် စပ်လျဉ်း၍ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွင် သို့မဟုတ် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်တွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့် စည်းကမ်းချက်များ၊
(၄) ဒါရိုက်တာများက အစုရှယ်ယာများ ခွဲဝေသတ်မှတ်နိုင်ရန်အတွက် ထည့်ဝင်ရမည့် အနည်းဆုံး အစု ရှယ်ယာပမာဏ၊ အစုရှယ်ယာတစ်ခုစီအတွက် လျှောက်ထားမှု၊ ခွဲဝေမှုများနှင့်စပ်လျဉ်း၍ ပေးချေရမည့် ငွေပမာဏ၊ ဒုတိယအကြိမ် သို့မဟုတ် ယင်းနောက်ပိုင်းတွင် အစုရှယ်ယာများ ကမ်းလှမ်းရောင်းချသည့် အခါလွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြုလုပ်ခဲ့သော ခွဲဝေသတ်မှတ်မှုနှင့်စပ်လျဉ်း၍ ကမ်းလှမ်းသည့် အစု ရှယ်ယာနှင့် ငွေကြေးပမာဏ၊ အမှန်တကယ် ခွဲဝေသတ်မှတ်ထားသည့် အစုရှယ်ယာပမာဏ၊ ထိုသို့ခွဲဝေ သတ်မှတ်ထားသည့် အစုရှယ်ယာများနှင့်စပ်လျဉ်း၍ ပေးချေထားသည့် ငွေပမာဏ၊
(၅) လွန်ခဲ့သည့် နှစ်နှစ်အတွင်း ထုတ်ဝေခဲ့သည့် သို့မဟုတ် ထုတ်ဝေရန် သဘောတူထားသည့် ငွေသား ဖြင့် သို့မဟုတ် အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့် အပြည့်အဝ သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ပေးချေထားသည့် အစုရှယ်ယာများ၊ ဒီဘင်ချာများနှင့် အခြားငွေချေးသက်သေခံ လက်မှတ်များ၏ အရေအတွက်နှင့် တန်ဖိုးပမာဏ၊ တစ်စိတ်တစ်ဒေသသာ ပေးချေထားသည့် ကိစ္စရပ် တွင် ထိုသို့ပေးချေထားသည့် ပမာဏအပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပေးချေထားသည့် ကိစ္စရပ်တွင် ထုတ်ဝေထားသည့် သို့မဟုတ် ထုတ်ဝေရန် သဘောတူထားသည့် အစုရှယ်ယာများ သို့မ ဟုတ် ဒီဘင်ချာများ သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ်များအတွက် အဖိုးစားနား သတ်မှတ်ချက်၊
(၆) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ်များအား ထုတ်ဝေခြင်းသည် အာမခံသူ (underwriter) ဖြင့် ဆောင်ရွက်ခြင်း ဖြစ်လျှင် ထိုအာမခံသူများ၏ အမည် များ၊ အာမခံသူများသည် အာမခံထားသည့် တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လုံလောက် သည့် အခြေအနေရှိကြောင်း ဒါရိုက်တာများ၏ ထင်မြင်ယူဆချက်၊
(၇) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ဖြင့် ငွေကြေးထည့်ဝင်ရန် ကမ်းလှမ်းမှု အကျိုး အမြတ်မှ အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပေးချေထားသည့် ကုမ္ပဏီက ဝယ်ယူထားသော သို့မဟုတ် ရရှိထားသော၊ သို့မဟုတ် ဝယ်ယူရန် သို့မဟုတ် ရယူရန် အဆိုပြုထားသောပစ္စည်း တစ်ရပ်ရပ် အား ရောင်းချသူများ၏ အမည်များနှင့် နေရပ်လိပ်စာများ၊ ရောင်းချသူသို့ ထုတ်ပေးသည့် ငွေသားဖြင့် ပေးချေထားသည့် ပမာဏ၊ အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ် များ၊ ရောင်းချသူတစ်ဦးထက်ပိုသည့် အခါတွင်ဖြစ်စေ၊ ကုမ္ပဏီသည် တစ်ဆင့်ခံဝယ်ယူသူ ဖြစ်သည့် အခါတွင်ဖြစ်စေ ရောင်းချသူတစ်ဦးစီသို့ ပေးချေထားသည့် ပမာဏ၊ သို့ရာတွင် ရောင်းချသူများ သို့မဟုတ် ရောင်းချသူတစ်ဦးဦးသည် လုပ်ငန်းစုတစ်ရပ်ဖြစ်ခဲ့လျှင် ထိုလုပ်ငန်းစုတွင် ပါဝင်သူများအား သီးခြား ရောင်းချသူများအဖြစ် သတ်မှတ်ခြင်းမပြုရ၊
(၈) ပုဒ်မခွဲငယ် (၇) တွင် ဖော်ပြပါရှိသည့် ပစ္စည်းတစ်ရပ်ရပ်အား ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) ကို ထုတ်ဝေပြီးနောက် နှစ်နှစ်အတွင်း ရောင်းချခြင်းဖြင့် လွှဲပြောင်းသည့်အခါတွင် အဆိုပါ လွှဲပြောင်းမှုတစ်ရပ်စီ၌ ဝယ်ယူသူက ပေးချေသည့်ပမာဏ၊ အဆိုပါ ပစ္စည်းတစ်ရပ်ရပ်သည် စီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်သည့်အခါတွင် ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း(Prospectus) ကို ထုတ်ဝေပြီးနောက် တစ်ဆက်တည်း သုံးနှစ်အတွင်း နှစ်အလိုက် အဆိုပါ စီးပွားရေးလုပ်ငန်းမှ ရရှိသည့် အကျိုးအမြတ်များ၊ သို့မဟုတ် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုမှာ သုံးနှစ်အောက် နည်းသည့်ကာလ အတွက်သာရှိပါက လက်ရှိကာလ၏ နှစ်အလိုက်ရရှိသည့် အကျိုးအမြတ်များ၊ ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) နှင့်အတူ ပူးတွဲပါရှိရမည့် ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) ကို ထုတ်ဝေသည့်နေ့မှ ရက်ပေါင်း ၉ဝ ထက် မများသည့် ကာလအတွင်း ပြုစုထားသော သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်း၏ လက်ကျန်ရှင်းတမ်း (balance sheet) တစ်စောင်၊
(၉) အထက်တွင် ဖော်ပြပါရှိသည့် ပစ္စည်းတစ်ရပ်ရပ်အတွက် ဝယ်ယူပေးချေသည့် ငွေအဖြစ် ပေးချေခဲ့ သော သို့မဟုတ် ပေးချေမည်ဖြစ်သောငွေသား၊ အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များရှိခဲ့လျှင် ယင်း၏ပမာဏ၊ ကုန်ရောင်းကုန်ဝယ် နာမည်ကောင်း ဂုဏ်သတင်း (Goodwill) အတွက် ပေးချေမည်ဖြစ်သော ပမာဏရှိခဲ့လျှင် ယင်းပမာဏ၊
(၁ဝ) ကုမ္ပဏီ၏ အစုရှယ်ယာ၊ ဒီဘင်ချာ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ် တစ်ရပ်ရပ်အတွက် ထည့်ဝင်ကြေးများကို ထည့်ဝင်ခြင်း သို့မဟုတ် ထည့်ဝင်ရန် သဘောတူညီခြင်းအတွက်ဖြစ်စေ၊ ဝယ်ယူခြင်း သို့မဟုတ် ဝယ်ယူရန် သဘောတူညီခြင်းအတွက်ဖြစ်စေ၊ ပေးချေရသည့် ကော်မရှင်ခ အဖြစ် သော်လည်းကောင်း၊ ထုတ်ဝေထားသော အစုရှယ်ယာများနှင့် စပ်လျဉ်းသည့် လျှော့ငွေ (Discount) အဖြစ် သော်လည်းကောင်း၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပေးချေခဲ့လျှင် ယင်းပမာဏ သို့မဟုတ် ပေးချေရမည့် ပမာဏ၊ သို့ရာတွင် တစ်ဆင့်ခံအာမခံသူများထံသို့ ပေးချေရမည့် ကော်မရှင်ခများကို ဖော်ပြရန်မလို၊
(၁၁) ကနဦးကုန်ကျစရိတ်ပမာဏ သို့မဟုတ် ကနဦးခန့်မှန်းကုန်ကျငွေ ပမာဏ၊
(၁၂) ကမကထပြုသူ (promoter) သို့ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပေးချေခဲ့သည့် ပမာဏ သို့မဟုတ် ပေးချေရန် သတ်မှတ်ထားသည့်ပမာဏ၊ ထိုသို့ပေးချေမှုတစ်ရပ်ရပ် အတွက် အဖိုးစားနားသတ်မှတ်ချက်၊
(၁၃) ပုဒ်မ ၇ နှင့်သက်ဆိုင်သော ပစ္စည်းများရရှိရေးနှင့်စပ်လျဉ်းသည့် ပဋိညာဉ်စာချုပ်များ အပါအဝင် အရေးကြီးသော ပဋိညာဉ်စာချုပ်အားလုံးကို ချုပ်ဆိုသည့် နေ့ရက်များနှင့် ထိုစာချုပ်များတွင် ပါဝင် သူများ၊ အရေးကြီးသော ပဋိညာဉ်စာချုပ်များ သို့မဟုတ် ယင်းတို့၏ မိတ္တူများကို စစ်ဆေးကြည့်ရှုနိုင် မည့် အချိန်နှင့်နေရာ၊ သို့ရာတွင် ဤပြဋ္ဌာန်းချက်သည် ကုမ္ပဏီက ဆောင်ရွက်ခဲ့သည့် သို့မဟုတ် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့် သာမန်ကိစ္စရပ်များအတွက် ချုပ်ဆိုထားသော ပဋိညာဉ်စာချုပ် တစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေသည့် နေ့ရက် မတိုင်မီ နှစ်နှစ်ထက်ပိုသော ကာလအတွင်း ချုပ်ဆိုခဲ့သော ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်နှင့် သက်ဆိုင်ခြင်း မရှိစေရ၊
(၁၄) ကုမ္ပဏီ၏ စာရင်းစစ်များ ရှိခဲ့ပါက ၎င်းတို့၏ အမည်များနှင့် နေရပ်လိပ်စာများ၊
(၁၅) ကုမ္ပဏီကို မြှင့်တင်ရာတွင်ဖြစ်စေ၊ ကုမ္ပဏီကရယူရန် အဆိုပြုထားသော ပစ္စည်းတစ်ရပ်ရပ်တွင် ဖြစ်စေ ပါဝင်သော ဒါရိုက်တာအားလုံး၏ အကျိုးခံစားခွင့်ရှိခဲ့လျှင် ယင်းအခြေအနေနှင့် အတိုင်းအတာ ပမာဏတို့၏ ဖော်ပြချက်အပြည့်အစုံ သို့မဟုတ် အဆိုပါဒါရိုက်တာ၏ အကျိုးခံစားခွင့်သည် လုပ်ငန်းစု တစ်ခု၏ ဖက်စပ်လုပ်ကိုင်သူအဖြစ် ပါရှိခြင်းဖြစ်ခဲ့လျှင် အဆိုပါလုပ်ငန်းစု၏ အကျိုးခံစားခွင့် အခြေ အနေနှင့် အတိုင်းအတာပမာဏ၊ ပုဂ္ဂိုလ်တစ်ဦးဦးက ဒါရိုက်တာဖြစ်မည့်သူ သို့မဟုတ် ဒါရိုက်တာဖြစ်ရန် အရည်အချင်း ပြည့်ဝသူသို့ဖြစ်စေ၊ ကုမ္ပဏီကိုမြှင့်တင်ခြင်း သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း တို့နှင့် စပ်လျဉ်း၍ ယင်းက သို့မဟုတ် လုပ်ငန်းစုက ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများအတွက် ဖြစ် စေ၊ ၎င်းတို့ကိုသော်လည်းကောင်း၊ လုပ်ငန်းစုကိုသော်လည်းကောင်း ငွေသားဖြင့်ဖြစ်စေ၊ အစုရှယ်ယာ အားဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးချေခဲ့သော သို့မဟုတ် ပေးချေရန် သဘော တူညီခဲ့သော ပမာဏအားလုံးပါရှိသည့် ရှင်းလင်းဖော်ပြချက်၊
(၁၆) ကုမ္ပဏီသည် အစုရှယ်ယာအမျိုးအစား တစ်ရပ်ထက် ပိုမိုပါရှိပါက ကုမ္ပဏီ၏ အစည်းအဝေးများ တွင် မဲပေးနိုင်သည့် အခွင့်အရေး၊ အစုရှယ်ယာ အမျိုးအစား အသီးသီးတွင် ဆက်စပ်ပါရှိသော မတည် ငွေရင်းနှင့် အမြတ်ဝေစုဆိုင်ရာ အခွင့်အရေးများနှင့်
(၁၇) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီ၏ အစည်းအဝေးများသို့ တက်ရောက်ခွင့်၊ ဆွေးနွေးပြောဆိုခွင့် သို့မဟုတ် မဲပေးခွင့်များနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များ၊ အစုရှယ်ယာ လွှဲပြောင်းခွင့်နှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များ သို့မဟုတ် ဒါရိုက်တာများ၏ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ပိုင်ခွင့်များအပေါ် ကန့်သတ်ချက်များရှိခဲ့လျှင် ထိုကန့်သတ်ချက်များ၏ အခြေအနေနှင့် အတိုင်း အတာပမာဏ။
(ခ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ထုတ်ဝေခြင်းမပြုမီကပင် စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီကထုတ်ဝေသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prosp- ectus) ဖြစ်ခဲ့လျှင် ထိုကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ၌ ပုဒ်မခွဲ (က) တွင်ဖော်ပြပါရှိ သော ကိစ္စရပ်များအပြင် အောက်ပါအစီရင်ခံစာများကိုလည်း ထည့်သွင်းဖော်ပြရမည်-
(၁) လက်အောက်ခံ ကုမ္ပဏီများရှိခဲ့လျှင် ယင်းကုမ္ပဏီများအပါအဝင် ကုမ္ပဏီ၏ အကျိုးအမြတ်နှင့် စပ်လျဉ်း၍ ကုမ္ပဏီ၏အလားအလာ ညွှန်းတမ်း (Prospectus) အား ထုတ်ဝေသည့်နေ့မှ လွန်ခဲ့သော ဘဏ္ဍာရေးနှစ် သုံးနှစ်အတွက် နှစ်အလိုက် ကုမ္ပဏီ၏ စာရင်းစစ်များက တင်ပြသည့် အစီရင်ခံစာ၊ ယင်းအစီရင်ခံစာတွင် အဆိုပါ သုံးနှစ်ကာလ၏ နှစ်စဉ်ကာလတွင် ကုမ္ပဏီ၏ အစုရှယ်ယာအမျိုးအစား တစ်ရပ်ချင်းအတွက် ကုမ္ပဏီက ပေးချေခဲ့သည့် အမြတ်ဝေစုနှုန်းထားများရှိခဲ့လျှင် ယင်းတို့ကို ဖော်ပြရ မည့်အပြင် အမြတ်ဝေစုများ ခွဲဝေပေးခဲ့သည့် အစုရှယ်ယာ အမျိုးအစားတစ်ရပ်ချင်း၏ အကြောင်းအရာ များ၊ အမြတ်ဝေစုခွဲဝေပေးခဲ့သည့် ငွေကြေးအရင်းအမြစ်များ၊ အဆိုပါနှစ်များတွင် အစုရှယ်ယာ အမျိုး အစားတစ်ရပ်ရပ်အပေါ် အမြတ်ဝေစုခွဲဝေ ပေးခြင်းမပြုခဲ့လျှင် ထိုကိစ္စရပ်များနှင့် သက်ဆိုင်သော အချက် အလက်၊ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ထုတ်ဝေခြင်းမပြုမီ သုံးလအလိုတွင် ကုန်ဆုံးသော သုံးနှစ်ကာလ သက်တမ်းတစ်ရပ်အတွင်း ဘဏ္ဍာရေးစာရင်း ပြုလုပ်ဆောင်ရွက်ထားခြင်း မရှိပါက အဆိုပါအချက်အလက် အကြောင်းအရာများနှင့်
(၂) စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို ဝယ်ယူဆောင်ရွက်ရာတွင် အစုရှယ်ယာများ၊ ဒီဘင်ချာများ၊ အခြားငွေချေးသက်သေခံ လက်မှတ်များကို ထုတ်ဝေခြင်းမှရရှိသည့် အကျိုးအမြတ် သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ဒေသအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အသုံးပြုခဲ့လျှင် ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) တွင် အမည်စာရင်း ဖော်ပြပါရှိပြီး ပုဒ်မ ၂၇၉ တွင် သတ်မှတ်ထားသော အထောက်အထားလက်မှတ်ကို ရရှိထားသည့် စာရင်းကိုင်တစ်ဦးဦး သို့မဟုတ် စာရင်းကိုင်များက ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေပြီးသည့်နေ့မတိုင်မီ ဘဏ္ဍာရေးနှစ် သုံးနှစ်အတွင်း နှစ်အလိုက် အဆိုပါ စီးပွားရေးလုပ်ငန်းမှရရှိသည့် အကျိုးအမြတ်များအပေါ် စစ်ဆေး ပြုစုထားသည့် အစီရင်ခံစာ၊ သို့ရာတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုမှာ သုံးနှစ်အောက်နည်းသည့် ကာလအတွက်သာရှိသည့် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ စာရင်းကိုင်များသည် နှစ်နှစ် သို့မဟုတ် ထိုထက် လျော့နည်းသော ကာလအတွက်သာလျှင် အစီရင်ခံစာ ပြုစုရသည့်အခါ ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များ သည် နှစ်နှစ် သို့မဟုတ် ထိုထက်လျော့နည်းသော ကာလအတွက် ဖော်ပြထားသော ရည်ညွှန်းချက်များကို သုံးနှစ်ကာလအတွက် ဖော်ပြထားသော ရည်ညွှန်းချက်များအတွက် အစားထိုးဆောင်ရွက် သကဲ့သို့ အကျိုးသက်ရောက်စေရမည်။
(ဂ) သက်ဆိုင်ရာဥပဒေအရ ကုမ္ပဏီတစ်ခု၏ သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ရပ်၏ အကျိုးအမြတ် များနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၈) တွင်ပါရှိသည့် ဖော်ပြချက်များနှင့် ပုဒ်မခွဲ (ခ) တွင် ပါရှိသည့် အစီရင်ခံစာများတွင် ကုန်သွယ်လုပ်ကိုင်မှု ရလဒ်များ၊ ထိုသို့ ဆောင်ရွက်ရာတွင် ကုန်ကျသော အခကြေးငွေများနှင့် စရိတ်များအားလုံးတို့ကို ရှင်းလင်းစွာ ဖော်ပြပါရှိစေရမည်ဖြစ်ပြီး သက်ဆိုင်ရာ ကာလအတွင်း ကုန်သွယ်လုပ်ကိုင်မှုနှင့် စပ်လျဉ်းခြင်းမရှိသည့် ဝင်ငွေ သို့မဟုတ် အကျိုးအမြတ်များ၊ တစ်ကြိမ်သာရရှိသည့် အကျိုးအမြတ် သို့မဟုတ် ဝင်ငွေအမျိုးအစားများကို ဖော်ပြရန်မလို။ သို့ရာတွင် အခွန်ပေးဆောင်ခြင်း သို့မဟုတ် သီးသန့်ရန်ပုံငွေထားရှိခြင်း ကိစ္စရပ်များအတွက် အကျိုးအမြတ် များမှ သင့်လျော်သည့် ငွေပမာဏကို ထည့်သွင်းဖော်ပြရမည်။
(ဃ) ပုဒ်မ ၂၁၅၊ ပုဒ်မခွဲ (ခ) တွင် ဖော်ပြပါရှိသော ကိစ္စရပ်များအတွက် လိုအပ်သော ငွေပမာဏ၏ တစ်စိတ်တစ်ဒေသကို အစုရှယ်ယာ မတည်ငွေရင်းမှအပ အခြားငွေကြေးအရင်းအမြစ် တစ်ရပ်မှပေးအပ် ရလျှင် ထိုသို့ ပေးအပ်ရသည့် ငွေပမာဏနှင့် ငွေကြေးအရင်းအမြစ်တို့နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ ပါရှိရမည်၊
(င) ဤပုဒ်မတွင် ဖော်ပြပါရှိသည့် ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်ရပ်ကို သတင်းစာတွင် ထည့်သွင်းကြေညာခဲ့လျှင် ထိုကြေညာချက်၌ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၏ အကြောင်းအရာများ၊ မူလအစုရှယ်ယာရှင်များ၊ ၎င်းတို့ထည့်ဝင်ထားသည့် အစုရှယ်ယာအရေအတွက် များကို ထည့်သွင်းဖော်ပြရန် လိုအပ်ခြင်းမရှိစေရ။
(စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည်ကုမ္ပဏီတွင် လက်ရှိပါဝင်နေသူများ သို့မဟုတ် ကုမ္ပဏီ၏ ဒီဘင်ချာများကို ပိုင်ဆိုင်ထားသူများသို့ အခြားသူတစ်ဦးဦး၏ အကျိုးငှာ စွန့်လွှတ်ခွင့်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုမ္ပဏီ၏အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအတွက် ငွေကြေးထည့်ဝင်ရန် ဖိတ်ခေါ်သည့် ဖြန့်ဝေစာ သို့မဟုတ် အကြောင်း ကြားစာများနှင့် သက်ဆိုင်ခြင်း မရှိစေရ။
(ဆ) ဤပုဒ်မတွင်ဖော်ပြပါရှိသည့် ကနဦးကုန်ကျစရိတ်ပမာဏ သို့မဟုတ် ခန့်မှန်းကုန်ကျစရိတ်ပမာဏနှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များသည် ကုမ္ပဏီစီးပွားရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခွင့် ရှိသည့်နေ့ရက်မှ တစ်နှစ်ထက်ပိုမိုသောကာလတွင် ထုတ်ဝေသောကုမ္ပဏီ၏ အလားအလားညွှန်းတမ်း နှင့် သက်ဆိုင်ခြင်းမရှိစေရ။ သို့ရာတွင် ယင်းပြဋ္ဌာန်းချက်များသည် ကနဦးကုန်ကျစရိတ်ပမာဏ သို့မဟုတ် ခန့်မှန်းကုန်ကျစရိတ်ပမာဏနှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များမှအပ အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီမှ ပြောင်းလဲလာသော ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) နှင့် သက်ဆိုင်စေရမည်။
(ဇ) ဤပုဒ်မတွင် ဖော်ပြပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ယေဘုယျဥပဒေ သို့မဟုတ် ဤပုဒ်မမှ အပ ဤဥပဒေပါ အခြားပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ ပုဂ္ဂိုလ်တစ်ဦးဦးက ဆောင်ရွက်ပေးရမည့် တာဝန်ရှိမှု တစ်ရပ်ရပ်ကို ကန့်သတ်ခြင်း သို့မဟုတ် လျော့နည်းစေခြင်း မရှိစေရ။
ငှားရမ်းခြင်းဖြင့် ရယူသည့်ပစ္စည်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်တွင် ပုဒ်မ ၂ဝ၅ အား လိုက်နာဆောင်ရွက်ရခြင်း
၂၀၆။ ကုမ္ပဏီက ရယူမည့် ပစ္စည်းတစ်စုံတစ်ရာကို ငှားရမ်းခြင်းဖြင့် ရရှိရန် ဆောင်ရွက်မည်ဆိုလျှင် ပုဒ်မ ၂ဝ၅ ၏ ပြဋ္ဌာန်းချက်များပါ ‘ရောင်းချသူ’ ဟူသည့်စကားရပ်တွင် အငှားချထားသူ (lessor) လည်း ပါဝင်သည်၊ ‘ပေးချေရမည့်ငွေ’ (purchase-money) ဟူသည့်စကားရပ်တွင် ငှားရမ်းခြင်းအတွက် အဖိုးစားနား (consideration) လည်း ပါဝင်သည်၊ ‘တစ်ဆင့်ဝယ်ယူသူ’ ဟူသည့်စကားရပ်တွင် တစ်ဆင့် အငှားချထားခြင်းခံရသူ (sub-lessee) လည်း ပါဝင်သည်။
စွန့်လွှတ်မှု သို့မဟုတ် အကြောင်းကြားမှုများနှင့် စပ်လျဉ်းသည့် အချို့သောစည်းကမ်းချက်များမှာ တရားဝင် အတည်မဖြစ်ခြင်း
၂၀၇။ (က) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ် များအတွက် လျှောက်ထားသူတစ်ဦးဦးအား ပုဒ်မ ၂ဝ၅ တွင် ပါရှိသည့် သတ်မှတ်ချက်ကို လိုက်နာ ဆောင်ရွက်ခြင်း မပြုစေရန်အတွက် သတ်မှတ်သည့် သို့မဟုတ် စည်းနှောင်မှုရှိသည့် စည်းကမ်းချက် တစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) တွင် သီးခြားဖော်ပြထားခြင်း မရှိသည့် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်၊ စာရွက်စာတမ်း သို့မဟုတ် အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည်ဟု အကြောင်းကြား၍ ၎င်းအပေါ်တွင် သက်ရောက်စေရန်အတွက် ရည်ရွယ်သည့် စည်းကမ်းချက်တစ်ရပ်ရပ်သည် ပျက်ပြယ်သည်။
(ခ) ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များအတွက် လျှောက်လွှာပုံစံတစ်ရပ်ကို ထုတ်ဝေရာတွင် အဆိုပါ ပုံစံသည် ပုဒ်မ ၂ဝ၅ တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ထားသော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) နှင့်အတူ ထုတ်ဝေထားခြင်းမရှိလျှင် ထိုလျှောက်လွှာ ပုံစံထုတ်ဝေမှုမှာ တရားဝင်ခြင်း မရှိစေရ။ သို့ရာတွင် လျှောက်လွှာပုံစံသည် အောက်ပါအခြေအနေများအရ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရလျှင် ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ-
(၁) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများနှင့် စပ်လျဉ်း၍ အာမခံခြင်းဆိုင်ရာ သဘောတူစာချုပ် တစ်ရပ် (underwriting agreement) ချုပ်ဆိုရန်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးအား သဘောရိုးဖြင့် ဖိတ်ခေါ် ခြင်းနှင့် သက်ဆိုင်ခဲ့လျှင်၊ သို့မဟုတ်
(၂) အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း မပြုသည့် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များနှင့် သက်ဆိုင်ခဲ့လျှင်။
၂၀၈။ မည်သူမဆို ပုဒ်မ ၂ဝ၇၊ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ပြုမူဆောင်ရွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။
ပုဒ်မ ၂ဝ၅ ပါ ပြဋ္ဌာန်းချက်များကို ညီညွတ်ခြင်းမရှိသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အကြောင်းများ
၂၀၉။ ပုဒ်မ ၂ဝ၅ ပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်အား ထုတ်ဝေခဲ့လျှင် ထိုကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေရာ၌ သိလျက်ဖြင့် တာဝန်ယူဆောင်ရွက်သူတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။
၂၁၀။ ပုဒ်မ ၂ဝ၅ တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်တစ်ရပ်ရပ်နှင့် ညီညွတ်မှုမရှိလျှင် သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခဲ့လျှင် ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အတွက် တာဝန် ရှိသောဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ် တစ်ဦးဦးသည် အောက်ပါအခြေအနေများကို သက်သေထင်ရှား တင်ပြနိုင်လျှင် သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းများ ပြုလုပ်သည့် အကြောင်းကြောင့် တာဝန်တစ်စုံတစ်ရာ မရှိစေရ-
(က) ထုတ်ဖော်ပြောဆိုခြင်းမပြုသည့် ကိစ္စတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ၎င်းအနေဖြင့် အသိအမှတ်ပြု လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ သို့မဟုတ်
(ခ) ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် သဘောရိုးဖြင့် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ် လာရသော စည်းကမ်းချက်အား မလိုက်နာခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း၊ သို့မဟုတ်
(ဂ) တရားရုံး၏ယူဆချက်တွင် လိုက်နာဆောင်ရွက်မှု မရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း သည် အရေးကြီးသောကိစ္စရပ်နှင့် မသက်ဆိုင်ကြောင်း သို့မဟုတ် အကြောင်းအရာများ အားလုံးကို ထည့်သွင်းစဉ်းစားပြီး ကင်းလွတ်ခွင့်ပြုသင့်ကြောင်း တွေ့ရှိသည့်အခါတွင် ယင်းအတွက် အရေးယူ ဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပြုရမည်။ သို့ရာတွင် ပုဒ်မ ၂ဝ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၆) တွင် ပါရှိသော သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း ပြုသည့် ကိစ္စရပ်တွင် ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် အခြားသူတစ်ဦးဦးသည် ထုတ်ဖော်မပြောဆိုသည့် အချက်များကို သိရှိသည်ဟု သက်သေထင်ရှားမပေါ်ပေါက်လျှင် ဖော်ပြပါ လိုက်နာဆောင်ရွက်မှု မရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခြင်းများနှင့် စပ်လျဉ်း၍ တာဝန်တစ်စုံတစ်ရာ မရှိစေရ။
ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေခြင်းမရှိသည့် ကုမ္ပဏီများ၏ တာဝန်များ
၂၁၁။ (က) ကုမ္ပဏီတစ်ခုသည် ယင်း၏ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ခုကို ထုတ်ဝေခဲ့ခြင်းမရှိပါက အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ပထမအကြိမ်ခွဲဝေ သတ်မှတ်ခြင်း မပြုမီတွင် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အဆိုပြုထားသော ဒါရိုက်တာအဖြစ် သို့မဟုတ် ၎င်း၏ စာဖြင့်ရေးသား၍ အခွင့်အာဏာအပ်နှင်းခြင်းခံရသော ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးထား သည့် ကုမ္ပဏီ၏အလားအလာညွှန်းတမ်းကို ပြုစုမည့်အစား ရေးသားဖော်ပြချက်တစ်စောင် (Statement in lieu of Prospectus) ကို ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်ဖော်ပြထားသည့် ပုံစံနှင့် အချက်အလက် များအတိုင်း မှတ်ပုံတင်အရာရှိထံသို့ တင်ပြထားရမည်။ ယင်းသို့ တင်ပြထားခြင်းမရှိပါက ယင်းကုမ္ပဏီ ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များကို ခွဲဝေသတ်မှတ်ခြင်းမပြုရ။
(ခ) ဤပုဒ်မသည် ဤဥပဒေ၏ အခြားပြဋ္ဌာန်းချက် တစ်စုံတစ်ရာကို ကန့်သတ်ခြင်းမရှိစေဘဲ အကျိုး သက်ရောက်စေရမည်။
အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို ရောင်းချရန်အတွက် ကမ်းလှမ်းသည့် စာရွက်စာတမ်းများအား ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အဖြစ် မှတ်ယူရခြင်း
၂၁၂။ (က) ဤအခန်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် ယင်းကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များ အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ၊ အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းရန် ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များကို ခွဲဝေသတ်မှတ်လျှင် သို့မဟုတ် ခွဲဝေသတ်မှတ်ရန် သဘောတူညီခဲ့လျှင် အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည့် စာရွက်စာတမ်းတစ်ရပ်ရပ်ကို ကုမ္ပဏီက ထုတ်ဝေသော ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်အဖြစ် မှတ်ယူရမည်။ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ၏ အကြောင်းအရာများ၊ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင်ပါရှိသည့် ရေးသားဖော်ပြချက်များ၊ ပျက်ကွက်မှုများနှင့် စပ်လျဉ်းသည့် တာဝန်ရှိမှုများ၊ သို့မဟုတ် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) နှင့် စပ်လျဉ်း၍ အခြားကိစ္စရပ်များအတွက် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများအားလုံးကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် အများပြည်သူသို့ ထည့်ဝင်ကြေးကမ်းလှမ်းသည့် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ အဖြစ်လည်းကောင်း၊ အစုရှယ်ယာများ သို့မဟုတ် ငွေချေးလက်မှတ်များနှင့် စပ်လျဉ်းသည့် ကမ်းလှမ်းမှုကို လက်ခံသူများအား အဆိုပါ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ အတွက် ငွေကြေးထည့်ဝင်သူများအဖြစ် လည်းကောင်း အကျိုးသက်ရောက်စေရမည်။ သို့ရာတွင် စာရွက်စာတမ်းတွင်ပါရှိသော မှားယွင်းဖော်ပြမှုများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ယင်းတွင်ပါရှိသော အခြားအကြောင်းအရာများအတွက်ဖြစ်စေ ကမ်းလှမ်းမှုပြုလုပ်ခဲ့သူ အားလုံး၏တာဝန်ရှိမှုများကို ထိခိုက်စေခြင်း မရှိစေရ။
(ခ) ဤဥပဒေတွင် ဖော်ပြပါရှိသော ကိစ္စရပ်များအတွက် ဆန့်ကျင်ကွဲလွဲမှုမရှိလျှင် အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ကြောင်း တွေ့ရှိရပါက အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များကို အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းရန်ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များကို ခွဲဝေသတ်မှတ်ခြင်း သို့မဟုတ် ခွဲဝေသတ်မှတ်ရန်အတွက် သဘောတူညီခြင်းကို ပြုလုပ်ခဲ့ကြောင်း သက်သေထင်ရှားဖြစ်စေရမည်-
(၁) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များ သို့မဟုတ် ယင်းတို့အနက် တစ်ရပ်ရပ်ကို အများပြည်သူသို့ ရောင်းချရန်အတွက် ကမ်းလှမ်းမှုတစ်ရပ်အား ခွဲဝေသတ်မှတ်ခြင်း သို့မဟုတ် ခွဲဝေသတ်မှတ်ရန် သဘောတူခြင်းကို ပြုလုပ်ဆောင်ရွက်ပြီးနောက် ခြောက်လအတွင်း ကမ်းလှမ်းခဲ့ခြင်း သို့မဟုတ်
(၂) ကမ်းလှမ်း မှုအား ပြုလုပ်သည့်နေ့ရက်တွင် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအတွက် ကုမ္ပဏီကရရှိမည့် အဖိုးစားနားအားလုံးကို မရရှိသေး ခြင်း။
(ဂ) ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့သူတစ်ဦးဦး သို့မဟုတ် အားလုံးသည် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ဒါရိုက်တာများအဖြစ် အမည်စာရင်း ဖော်ပြထားသူများ ဖြစ်သကဲ့သို့ ပုဒ်မ ၂ဝ၉ နှင့် ၂၁ဝ တို့ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။ ပုဒ်မ ၂ဝ၅ ပါပြဋ္ဌာန်းချက်များသည် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ဖော်ပြပါရှိရမည့် ယင်းပုဒ်မပါအကြောင်းအရာများအပြင် အောက်ပါတို့ကိုလည်း ထည့်သွင်းဖော်ပြရန် လိုအပ်သည်ဟု သက်ရောက်စေရမည်-
(၁) ကမ်းလှမ်းမှုနှင့် သက်ဆိုင်သည့် အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြား ငွေချေးသက်သေခံ လက်မှတ်များအတွက်ရရှိသော သို့မဟုတ် ရရှိမည်ဖြစ်သော အသားတင်အဖိုးစားနား ပမာဏနှင့်
(၂) အဆိုပါ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ် များအား ခွဲဝေသတ်မှတ်ထားသော သို့မဟုတ် ခွဲဝေသတ်မှတ်ရန်အတွက် ဆောင်ရွက်ထားသော ပဋိညာဉ် စာချုပ်အား စစ်ဆေးနိုင်မည့်နေရာနှင့်အချိန်။
(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်နှင့် သက်ဆိုင်သော ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်သူသည် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းစုတစ်ရပ်ရပ်ဖြစ်ခဲ့ပါက အထက်ဖော်ပြပါ စာရွက်စာတမ်းအား ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းစု၏ကိုယ်စား ကုမ္ပဏီ၏ ဒါရိုက်တာအားလုံးကဖြစ်စေ၊ တစ်ဝက်အောက် မနည်းသော ဖက်စပ် လုပ်ကိုင်သူများကဖြစ်စေ လက်မှတ်ရေးထိုးခဲ့လျှင် ယင်းကမ်းလှမ်းမှုသည် ပြည့်စုံမှုရှိပြီး အဆိုပါ ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် ဖက်စပ်လုပ် ကိုင်သူတစ်ဦးဦးသည် စာဖြင့်ရေးသား၍ အခွင့်အာဏာ အပ်နှင်းထားသော ၎င်း၏ ကိုယ်စားလှယ်ဖြင့် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်သည်။
ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) သို့မဟုတ် ယင်းအစား ပြုလုပ်သည့်ရေးသား ဖော်ပြချက်တွင် ပါရှိသော စည်းကမ်းချက်များကို ပြောင်းလဲပြင်ဆင်ခြင်းနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်
၂၁၃။ ကုမ္ပဏီတစ်ခုသည် အထွေထွေ အစည်းအဝေးတွင်ပြုလုပ်သော အတည်ပြုဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) သို့မဟုတ် ယင်းအစား ပြုလုပ်သည့် ရေးသားဖော်ပြချက်တွင်ပါရှိသော ပဋိညာဉ် စည်းကမ်းချက်များကို ပြောင်းလဲခြင်း မပြုလုပ်ရ။
ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ပါရှိသော ဖော်ပြချက်များအတွက် တာဝန်ရှိခြင်း
၂၁၄။ (က) ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) သည် ကုမ္ပဏီ၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များအတွက် ငွေကြေးထည့်ဝင် ရန် ပုဂ္ဂိုလ်တစ်ဦးဦးအား ဖိတ်ခေါ်ထားခဲ့လျှင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ကို ထုတ်ဝေသည့်အချိန်က ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူများအားလုံး၊ ၎င်းတို့၏ကိုယ်စား အခွင့်အာဏာ အပ်နှင်းခြင်းခံရသူများအားလုံး၊ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ဒါရိုက်တာ အားလုံး၊ ချက်ချင်းသော်လည်းကောင်း၊ အချိန်ကာလတစ်ရပ်တွင် သော်လည်းကောင်း ဒါရိုက်တာတစ်ဦး အဖြစ် ထားရှိရန် သဘောတူညီပြီးဖြစ်သော ပုဂ္ဂိုလ်များအားလုံး၊ ကမကထပြုသူများအားလုံးနှင့် ကုမ္ပဏီ ၏ အလားအလာညွှန်းတမ်း (Prospectus) ကို ထုတ်ဝေရန် အခွင့်အာဏာ အပ်နှင်းခြင်းခံရသူများ အားလုံးသည် အောက်ပါအကြောင်းများပေါ်ပေါက်ခြင်း မရှိခဲ့လျှင်ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အပေါ် ယုံကြည်၍ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံ လက်မှတ်များအတွက် ငွေကြေးထည့်ဝင်သူများအားလုံးသို့ အဆိုပါကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) တွင် ဖြစ်စေ၊ ၎င်းတွင်ပါရှိသည့် အစီရင်ခံစာ သို့မဟုတ် မှတ်တမ်းတစ်ရပ်ရပ် တွင်ဖြစ်စေ၊ ၎င်းတွင်ပါရှိသော သို့မဟုတ် ၎င်းနှင့်အတူ ဖော်ပြထားသော ရည်ညွှန်းချက်များတွင် ဖြစ်စေ မှားယွင်းတင်ပြထားသည့် သို့မဟုတ် မှန်ကန်မှုမရှိသည့် ရေးသားဖော်ပြချက်များကြောင့် ငွေကြေး ထည့်ဝင်ကြသူများအပေါ် ဖြစ်ပေါ်လာသည့်ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုများ အတွက် လျော်ကြေးပေးရန် တာဝန်ရှိသည်-
(၁) ကျွမ်းကျင်သူတစ်ဦးဦး၏ ခွင့်ပြုချက်အရ ပြုလုပ်ရန် ရေးသားဖော်ပြချက် တစ်ရပ်ရပ် သို့မဟုတ် ဌာနမှ တရားဝင်ထုတ်ပြန်သည့် စာရွက်စာတမ်းများကို အထောက်အထားမပြုဘဲ မှားယွင်းတင်ပြထား သည့် ရေးသားဖော်ပြချက် တစ်ရပ်ရပ် သို့မဟုတ် မှန်ကန်မှုမရှိသည့် ဖော်ပြချက်များသည် အစုရှယ်ယာ များ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြား ငွေချေးသက်သေခံလက်မှတ်များအား ခွဲဝေသတ်မှတ် သည့် အချိန်အထိ မှန်ကန်စွာတင်ပြထားကြောင်း သို့မဟုတ် အချက်အလက်များသည် မှန်ကန်မှုရှိ ကြောင်း ယုံကြည်လောက်သော အခြေခံအကြောင်းများရှိခြင်း သို့မဟုတ်
(၂) ကျွမ်းကျင်သူတစ်ဦးဦး၏ အစီရင်ခံစာ သို့မဟုတ် တန်ဖိုးသတ်မှတ်ချက် တစ်ရပ်ရပ်မှ မိတ္တူကူးယူ ခြင်းဖြင့် သို့မဟုတ် ရွေးချယ်ထုတ်နုတ်ခြင်းဖြင့် ပြုစုထားသော သို့မဟုတ် ယင်းအချက်များ ပါဝင်သော ရေးသားဖော်ပြချက်တစ်ရပ်ရပ်တွင် ပါရှိသော မှားယွင်း တင်ပြထားသည့် သို့မဟုတ် မှန်ကန်မှုမရှိသည့် ဖော်ပြချက်များသည် မှန်ကန်စွာတင်ပြထားခြင်း သို့မဟုတ် အစီရင်ခံစာ သို့မဟုတ် တန်ဖိုးသတ်မှတ် ချက် တစ်ရပ်ရပ်မှ မှန်ကန်စွာမိတ္တူကူးယူခြင်းဖြင့် သို့မဟုတ် ရွေးချယ်ထုတ်နုတ်ခြင်းဖြင့် ပြုလုပ်ထား ခြင်း (သို့ရာတွင် ရေးသားဖော်ပြချက်၊ အစီရင်ခံစာ သို့မဟုတ် တန်ဖိုးသတ်မှတ်ချက်တို့ကို ပြုလုပ်သည့် ကျွမ်းကျင်သူသည် ထိုသို့ပြုလုပ်ဆောင်ရွက်ရန် အရည်အချင်း ပြည့်ဝသည်ဟု ယုံကြည်လောက်သော အခြေခံအကြောင်းများ မရှိကြောင်း ထင်ရှားပေါ်ပေါက်ခဲ့လျှင် ဒါရိုက်တာ၊ ဒါရိုက်တာအဖြစ် အမည် စာရင်း ရေးသွင်းခံရသူ၊ ကမကထပြုသူ သို့မဟုတ် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေရန် ခွင့်ပြုသူတို့သည်အထက်တွင် ဖော်ပြပါရှိသည့်အတိုင်း လျော်ကြေးပေးရန် တာဝန်ရှိ သည်။) သို့မဟုတ်
(၃) ဌာနဆိုင်ရာ တရားဝင်စာရွက်စာတမ်းတစ်ရပ်ရပ်မှ မိတ္တူကူးယူခြင်းဖြင့် သို့မဟုတ် ရွေးချယ် ထုတ်နုတ်ခြင်းဖြင့် တရားဝင်ပုဂ္ဂိုလ်တစ်ဦးဦးက ပြုစုထားသော သို့မဟုတ် ယင်းအချက်များ ပါဝင်သော ရေးသားဖော်ပြချက်တစ်ရပ်ရပ်တွင်ပါရှိသော မှားယွင်းတင်ပြထားသည့် သို့မဟုတ် မှန်ကန်မှုမရှိသည့် ဖော်ပြချက်များသည် မှန်ကန်စွာ တင်ပြထားခြင်း သို့မဟုတ် ဖော်ပြပါစာရွက်စာတမ်းမှ မှန်ကန်စွာ မိတ္တူ ကူးယူခြင်းဖြင့် သို့မဟုတ် ရွေးချယ်ထုတ်နုတ်ခြင်းဖြင့် ပြုလုပ်ထားခြင်း သို့မဟုတ်
(၄) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေခြင်းမပြုမီက ဒါရိုက်တာအဖြစ် ဆောင်ရွက်ရန် သဘောတူညီထားသည့် ပုဂ္ဂိုလ်တစ်ဦးက ၎င်း၏ သဘောဆန္ဒကို ရုပ်သိမ်းခဲ့ပြီး အဆိုပါ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ကို ၎င်း၏ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက် မပါရှိဘဲ ကုမ္ပဏီက ထုတ်ဝေခဲ့ခြင်း သို့မဟုတ်
(၅) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) ကို ၎င်းအနေဖြင့် သိရှိခြင်း မရှိဘဲ သို့မဟုတ် ၎င်း၏ သဘောတူညီချက်မပါရှိဘဲ ထုတ်ဝေခဲ့ခြင်း၊ ထိုသို့ ထုတ်ဝေခြင်းကို သိရှိသည့်အချိန်တွင် ထိုသို့ ထုတ်ဝေခဲ့ခြင်းသည် ၎င်းအနေဖြင့် သိရှိခြင်းမရှိဘဲ သို့မဟုတ် ၎င်း၏ သဘောတူညီချက်မပါရှိဘဲ ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း အများပြည်သူသို့ ထိုက်သင့်သည့်နည်းလမ်းဖြင့် အသိပေးခဲ့ခြင်း သို့မဟုတ်
(၆) ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေပြီးနောက် ယင်းအရ ခွဲဝေ သတ်မှတ်မှုများ ပြုလုပ်ခြင်း မရှိမီကာလတွင် ၎င်းအနေဖြင့် အဆိုပါ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ရေးသားဖော်ပြချက်များသည် မှားယွင်းတင်ပြထားသည့် သို့မဟုတ် မှန်ကန် မှုမရှိသည့် ဖော်ပြချက်များဖြစ်ကြောင်း သိရှိခဲ့သဖြင့် ၎င်း၏သဘော တူညီချက်ကိုရုပ်သိမ်းခဲ့ခြင်း၊ ထိုသို့ သော အကြောင်းနှင့်ရုပ်သိမ်းမှုကို အများပြည်သူသို့ ထိုက်သင့်သည့် နည်းလမ်းဖြင့် အသိပေးခဲ့ခြင်း။
(ခ) ယခင်ဥပဒေ စတင်အာဏာတည်သည့်အချိန်က တည်ရှိခဲ့သော ကုမ္ပဏီတစ်ခုက အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များအားထုတ်ဝေပြီး အစု ရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များအတွက် ငွေကြေးထည့်ဝင်ခြင်းဖြင့် မတည်ငွေရင်းများ ထပ်မံရရှိစေရန် ရည်ရွယ်ချက်ဖြင့် ကုမ္ပဏီ၏ အလား အလာ ညွှန်းတမ်း (Prospectus) တစ်ရပ်အား ထုတ်ဝေလျှင် ဒါရိုက်တာတစ်ဦးသည် ၎င်းအနေဖြင့် ထိုသို့ ထုတ်ဝေရန် ခွင့်ပြုခြင်းမရှိလျှင် သို့မဟုတ် အဆိုပါ ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား အတည်ပြုခြင်းမရှိလျှင် အဆိုပါကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ပါရှိသည့် ဖော်ပြချက်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တာဝန်မရှိစေရ။
(ဂ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးအဖြစ် ပုဂ္ဂိုလ် တစ်ဦး၏အမည် သို့မဟုတ် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ရန် သဘောတူညီထားသည့် ပုဂ္ဂိုလ် တစ်ဦး၏ အမည်အားဖော်ပြထားပြီး ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေ ခြင်းမပြုမီ ထိုပုဂ္ဂိုလ်က ဒါရိုက်တာအဖြစ် ဆောင်ရွက်ရန် သဘောတူညီခြင်းမရှိလျှင် သို့မဟုတ် ၎င်း၏ သဘောတူညီချက်အား ရုပ်သိမ်းလျှင်၊ ထိုကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား အထက်တွင်ဖော်ပြခဲ့သော ပုဂ္ဂိုလ်များအား အသိပေးခြင်းမရှိဘဲ သို့မဟုတ် ၎င်း၏ သဘောတူညီချက် မပါရှိဘဲ ထုတ်ဝေခဲ့သည့် ကိစ္စမှအပ ထိုကုမ္ပဏီ၏ဒါရိုက်တာ၊ ထိုသို့ထုတ်ဝေရန် ခွင့်ပြုခဲ့သူများသည် ယင်းပုဂ္ဂိုလ်များသို့ ကုမ္ပဏီ၏အလားအလာညွှန်းတမ်း (Prospectus) တွင် ၎င်းတို့၏ အမည်အား ထည့်သွင်းဖော်ပြမှုကြောင့် ၎င်းတို့အပေါ်တွင် ကျရောက်လာသည့် တာဝန်ရှိမှုများအတွက်သော် လည်း ကောင်း၊ အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ၎င်းတို့အပေါ် စွဲဆိုသည့်ပြစ်မှု သို့မဟုတ် တရားစွဲဆို ဆောင်ရွက်မှုတစ်ရပ်ရပ်တွင် ခုခံချေပခြင်းအတွက် သော်လည်းကောင်း ၎င်းတို့၏ ထိခိုက်နစ်နာမှုနှင့် ကုန်ကျစရိတ်များအတွက် လျော်ကြေးပေးရန် တာဝန်ရှိသည်။
(ဃ) ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဒါရိုက်တာအဖြစ် အမည်စာရင်း တင်သွင်းခံရသူအဖြစ် လည်း ကောင်း၊ ဒါရိုက်တာအဖြစ် ဆောင်ရွက်ရန် သဘောတူညီသူအဖြစ်လည်းကောင်း၊ ကုမ္ပဏီ၏ အလား အလာညွှန်းတမ်း (Prospectus) ကို ထုတ်ဝေရန် ခွင့်ပြုချက်ပေးသူ အဖြစ်လည်းကောင်း ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ ငွေပေးချေရန် တာဝန်ရှိသူအားလုံးသည် ထိုသို့ပေးချေရန် တာဝန်ရှိသူက လိမ်လည်လိုသောသဘောဖြင့် မှားယွင်း တင်ပြမှုအရ အပြစ်ရှိကြောင်း မပေါ်ပေါက်ဘဲ အခြားသူများက ထိုကိစ္စရပ်အတွက် အပြစ်ရှိကြောင်း ပေါ်ပေါက်ခဲ့လျှင် ပဋိညာဉ်စာချုပ်အရ ဆောင်ရွက်သည့်ကိစ္စရပ် များတွင် သီးခြားစီတရားစွဲဆိုဆောင်ရွက်ပါက အလားတူငွေပေးချေရန် တာဝန်ရှိသော အခြားသူတစ်ဦး ထံမှ ထည့်ဝင်ငွေများကို ရပိုင်ခွင့်ရှိသည်။
ခွဲဝေသတ်မှတ်ခြင်း
ခွဲဝေသတ်မှတ်ခြင်းနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်
၂၁၅။ (က) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် အနည်းဆုံး အစုရှယ်ယာ မတည် ငွေရင်းပမာဏအဖြစ် ဖော်ပြထားသော ပမာဏသည် ပုဒ်မခွဲ (ခ) တွင် သတ်မှတ်ဖော်ပြထားသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေးချေရန် လိုအပ်သည့် ငွေပမာဏကို ဒါရိုက်တာများ၏ ထင်မြင်ချက်အရ စုစုပေါင်းငွေပမာဏ သို့မဟုတ် အဆိုပါငွေပမာဏ တစ်စိတ်တစ်ဒေသကို ပေးချေသည့်အခါ ပေးချေရန် ကျန်ရှိသည့် ငွေပမာဏ သို့မဟုတ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် ငွေပမာဏကို ရှယ်ယာမတည်ငွေရင်းဖြင့် ခွဲဝေသတ်မှတ်ခြင်းမရှိခဲ့လျှင် အများပြည်သူမှ ငွေကြေးထည့်ဝင်နိုင်ရန် အတွက် ကမ်းလှမ်းသော ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာမတည်ငွေရင်း တစ်ရပ်ရပ်ကို ခွဲဝေသတ်မှတ်ခြင်း မပြုရ၊ ထို့ပြင်ထိုငွေ ပမာဏ၏ အနည်းဆုံးငါးရာခိုင်နှုန်း သို့မဟုတ် ပြည်ထောင်စုဝန်ကြီးက သတ်မှတ် ဖော်ပြထားသည့် ရာခိုင်နှုန်းကို ကုမ္ပဏီသို့ ငွေသားဖြင့်ပေးချေရမည် သို့မဟုတ် ကုမ္ပဏီကလက်ခံရယူရ မည်။
(ခ) အောက်ပါကိစ္စရပ်များအတွက် အနည်းဆုံးအစုရှယ်ယာ မတည်ငွေရင်းပမာဏကိုရရှိရန် ဒါရိုက်တာ များက ပြုလုပ် ဆောင်ရွက် ရမည်-
(၁) ထုတ်ဝေခြင်းမှရရှိသော အကျိုးအမြတ်ဖြင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ အသုံးပြု၍ ဝယ်ယူထားသည့် သို့မဟုတ် ဝယ်ယူမည့် ပစ္စည်းတစ်ရပ်ရပ်၏ ဈေးနှုန်းတန်ဖိုး၊
(၂) ကုမ္ပဏီက ပေးချေရမည့် ကနဦးကုန်ကျစရိတ်တစ်ရပ်ရပ်နှင့် ကုမ္ပဏီ၏အစုရှယ်ယာ တစ်ရပ်ရပ် အတွက် ထည့်ဝင်ကြေးများ ပေးသွင်းရန်သဘောတူညီခြင်း သို့မဟုတ် အစုရှယ်ယာတစ်ရပ်ရပ်ကို ထည့်ဝင်ခြင်း သို့မဟုတ် ထည့်ဝင်ရန် သဘောတူညီခြင်းကြောင့် ထိုသူအား ပေးချေရမည့် ကော်မရှင်ခ တစ်ရပ်ရပ်၊
(၃) အထက်ပါကိစ္စရပ် တစ်ခုခုအတွက် ကုမ္ပဏီက ချေးယူထားသော ငွေတစ်ရပ်ရပ်ကို ပြန်လည်ပေး ဆပ်ခြင်းနှင့်
(၄) စီးပွားရေး လုပ်ငန်း နေ့စဉ်ဆောင်ရွက်မှုတွင် အသုံးပြုသော မတည်ငွေရင်း (working capital)။
(ဂ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ဖော်ပြပါရှိသော ငွေပမာဏအဖြစ် ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ငွေပမာဏအား ငွေသားဖြင့်ပေးချေရမည်ဖြစ်ပြီး အခြားနည်းတစ်ရပ်ရပ်ဖြင့် ပေးချေခြင်းမပြုဘဲ အပြည့်အဝတွက်ချက် လက်ခံရမည့်အပြင် ဤဥပဒေအရ အနည်းဆုံးထည့်ဝင် ငွေကြေးအဖြစ် မှတ်ယူရမည်။
(ဃ) အစုရှယ်ယာများအတွက် လျှောက်ထားသူများထံမှ လက်ခံရရှိသော ငွေကြေးအားလုံးကိုသတ်မှတ် စီစဉ်ထားသည့်ဘဏ်တစ်ခုခုတွင် ပုဒ်မခွဲ (စ) ပါပြဋ္ဌာန်းချက်များနှင့် အညီ ပြန်လည်ပေးအပ်သည့် အချိန်အထိ သို့မဟုတ် ပုဒ်မ ၂၁၈ အရ စီးပွားရေးလုပ်ငန်း စတင်ဆောင်ရွက်ခွင့် အထောက်အထား လက်မှတ်ရရှိသည့် အချိန်အထိ အပ်နှံသိမ်းဆည်းထားရှိရမည်။
(င) အစုရှယ်ယာတစ်ခုစီနှင့် စပ်လျဉ်းသည့် လျှောက်လွှာအရ ပေးချေရမည့် ငွေပမာဏသည် အစု ရှယ်ယာတန်ဖိုးပမာဏ၏ ငါးရာခိုင်နှုန်းအောက် လျော့နည်းခြင်း မရှိစေရ။
(စ) ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေပြီးနောက် ရက်ပေါင်း ၁၈ဝ ကျော်လွန်သည်အထိ အထက်တွင်ဖော်ပြပါရှိသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိ လျှင် အစုရှယ်ယာများအတွက် လျှောက်ထားသူများထံမှ လက်ခံရရှိထားသည့် ငွေကြေးများအားလုံးကို အတိုးမပါရှိဘဲ ၎င်းတို့ထံ ပြန်လည်ပေးအပ်ရမည်။ အဆိုပါ ငွေကြေးများကို ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) အား ထုတ်ဝေပြီးနောက် ရက်ပေါင်း ၁၉ဝ အတွင်း ပြန်လည်ပေးချေနိုင်ခြင်း မရှိခဲ့လျှင် ကုမ္ပဏီ၏ ဒါရိုက်တာများသည် ရက်ပေါင်း ၁၉ဝ ပြည့်မြောက်သည့်နေ့မှ စတင်တွက်ချက် သော တစ်နှစ်လျှင်ပေးရမည့် သတ်မှတ်ဖော်ပြထားသည့် အတိုးနှင့်အတူ အဆိုပါငွေအား စုပေါင်း၍ ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ပြန်လည်ပေးချေရမည်။ သို့ရာတွင် ငွေကြေးဆုံးရှုံးမှုသည် ဒါရိုက်တာတစ်ဦး ၏ အကျင့်သိက္ခာပျက်ပြားခြင်း သို့မဟုတ် ပေါ့လျော့ခြင်းကြောင့် မဟုတ်ကြောင်း ထင်ရှားပေါ်ပေါက် ခဲ့လျှင် ထိုဒါရိုက်တာအပေါ်တွင် တာဝန်တစ်စုံတစ်ရာ မရှိစေရ။
(ဆ) အစုရှယ်ယာများအတွက် လျှောက်ထားသူတစ်ဦးဦးအား ဤပုဒ်မတွင်ပါရှိသည့် သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ခြင်း မပြုစေရန်အတွက် သတ်မှတ်သည့် သို့မဟုတ် စည်းနှောင်မှုရှိ သည့် စည်းကမ်းချက်တစ်ရပ်ရပ်သည် အကျိုးသက်ရောက်ခြင်းမရှိဘဲ ပျက်ပြယ်စေရမည်။
(ဇ) ပုဒ်မခွဲ (င) တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များမှအပ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ငွေကြေး ထည့်ဝင်ရန်အတွက် အများပြည်သူသို့ ကမ်းလှမ်းခဲ့သော အစုရှယ်ယာများအား ပထမအကြိမ်ခွဲဝေ သတ်မှတ်ပြီးနောက် ဆောင်ရွက်သောအစုရှယ်ယာများ ခွဲဝေသတ်မှတ်ခြင်း တစ်ရပ်ရပ်နှင့်သက်ဆိုင်ခြင်း မရှိစေရ။
၂၁၆။ ပုဒ်မ ၂၁၅၊ ပုဒ်မခွဲ (ဃ) ပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ဆောင်ရွက်သည့် ကိစ္စရပ်များတွင် ကမကထပြုသူ၊ ဒါရိုက်တာ သို့မဟုတ် ထိုသို့ဆန့်ကျင် ဆောင်ရွက်မှုအတွက် တာဝန်ရှိသူတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်းကို ပေးဆောင်ရန် တာဝန်ရှိသည်။
နည်းလမ်းမကျသော ခွဲဝေသတ်မှတ်ခြင်း၏ အကျိုးသက်ရောက်မှုများ
၂၁၇။ (က) ပုဒ်မ ၂၁၅ ပါပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်၍ ကုမ္ပဏီတစ်ခုက ပြုလုပ်သည့် ခွဲဝေချထားမှု အပေါ်လျှောက်ထားသူတစ်ဦးသည် ကုမ္ပဏီက ဥပဒေအရ လိုက်နာဆောင်ရွက်ရသော အစည်းအဝေး ကျင်းပပြီးသည့်နေ့ရက်မှ ၂၈ ရက်အတွင်း လျှောက်ထားပါက အဆိုပါ ခွဲဝေမှုသည် ပျက်ပြယ်စေရမည် သို့မဟုတ် ကုမ္ပဏီက ဥပဒေအရလိုက်နာဆောင်ရွက်ရသော အစည်းအဝေးအားကျင်းပရန် မလိုသည့် အခါတွင် ခွဲဝေသတ်မှတ်ခြင်းပြုလုပ်သည့် နေ့မှ ၂၈ ရက်အတွင်း လျှောက်ထားပါက အဆိုပါခွဲဝေမှုသည် ပျက်ပြယ်စေရမည်။ ယင်းပျက်ပြယ်ခြင်းသည် ကုမ္ပဏီမှ စာရင်းရှင်းလင်း ဖျက်သိမ်းရသည့်အကြောင်း ကိစ္စ ဖြစ်စေကာမူ အကျိုးသက်ရောက်စေရမည်။
(ခ) ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးဦးသည် ခွဲဝေသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၂၁၅ ပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို သိလျက်ဖြင့်ဆန့်ကျင်၍ ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ထိုသို့ ဆန့်ကျင်၍ဆောင်ရွက်မှုကို ခွင့်ပြုခဲ့လျှင် ကုမ္ပဏီနှင့် ခွဲဝေသတ်မှတ်ခြင်းခံရသူများအပေါ် ၎င်းတို့တွင် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု၊ နစ်နာမှု သို့မဟုတ် ကုန်ကျစရိတ်များအတွက် လျော်ကြေးပေးရန် တာဝန်ရှိသည်။ သို့ရာတွင် ခွဲဝေ သတ်မှတ်သည့်နေ့ရက်မှ နှစ်နှစ်ကာလ ကျော်လွန်ပြီးနောက်တွင် အဆိုပါ ဆုံးရှုံးမှု၊ နစ်နာမှု သို့မဟုတ် ကုန်ကျစရိတ်များအား ပြန်လည်ရရှိရန်အတွက် တရားစွဲဆိုဆောင်ရွက်ခြင်း မပြုရ။
စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ
၂၁၈။ (က) ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် အောက်ပါအချက်များ ပေါ်ပေါက်ခြင်း မရှိလျှင် စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်ကို စတင်ဆောင်ရွက်ခြင်းမပြုရ သို့မဟုတ် ချေးငွေရယူဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ခွင့် မရှိစေရ-
(၁) ငွေသားဖြင့် ပမာဏတစ်ရပ်လုံးအား ပေးချေရမည့် အစုရှယ်ယာများကို အနည်းဆုံး ထည့်ဝင် ငွေကြေးပမာဏထက် မလျော့နည်းသည့် ပမာဏတစ်ရပ်သို့ ခွဲဝေသတ်မှတ်ခြင်း၊
(၂) ကုမ္ပဏီ၏ ဒါရိုက်တာအားလုံးသည် ၎င်းတို့က ရယူမည်ဖြစ်သော သို့မဟုတ် ရယူမည်ဟု ပဋိညာဉ် ပြုလုပ်ထားသော အစုရှယ်ယာတစ်ရပ်စီအတွက် ငွေပေးချေရာတွင် ၎င်းတို့က ငွေသားဖြင့်ပေးချေရန် တာဝန်ရှိပြီး အများပြည်သူက ငွေကြေးထည့်ဝင်နိုင်ရန်အတွက် ခွဲဝေသတ်မှတ်ခြင်းများအပေါ် ပေးချေရ မည့် အချိုးအစားနှင့် တူညီသော အချိုးအစားအတွက် ပေးချေခဲ့ခြင်း သို့မဟုတ် ကုမ္ပဏီ၏ အစုရှယ်ယာ များအတွက် ငွေကြေးထည့်ဝင်ရန် အများပြည်သူသို့ ဖိတ်ခေါ်သည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေခြင်းမပြုသော ကုမ္ပဏီအတွက်မူ အစုရှယ်ယာများနှင့် စပ်လျဉ်း၍ ငွေသား ဖြင့် ပေးချေခြင်း၊
(၃) အထက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထားကြောင်း သတ်မှတ်ဖော်ပြထား သည့် ပုံစံတွင် ဖြည့်သွင်းဖော်ပြလျက် အတွင်းရေးမှူးက ဖြစ်စေ၊ ဒါရိုက်တာတစ်ဦးဦးက ဖြစ်စေ တရားဝင်အတည်ပြုထားသော ကြေညာချက်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီးဖြစ်ခြင်းနှင့်
(၄) ကုမ္ပဏီ၏ အစုရှယ်ယာများအတွက် ငွေကြေးထည့်ဝင်ရန် အများပြည်သူသို့ ဖိတ်ခေါ်သည့် သို့မဟုတ် ကမ်းလှမ်းသည့် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) အား ထုတ်ဝေခြင်းမပြု သော ကုမ္ပဏီအတွက်မူ အဆိုပါကုမ္ပဏီ၏ အလားအလာညွှန်းတမ်းအစား ပြုစုထားသည့် ရေးသား ဖော်ပြချက်တစ်စောင် (Statement in lieu of Prospectus) ကို မှတ်ပုံတင်အရာရှိထံ တင်ပြပြီး ဖြစ်ခြင်း။
(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင် အတည်ပြုထားသော ကြေညာချက်တစ်စောင်ကို တင်ပြလာပါက မှတ်ပုံတင်အရာရှိအနေဖြင့် ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းကို စတင်လုပ်ကိုင်ဆောင် ရွက်ခွင့်ရှိကြောင်း၊ အဆိုပါ အထောက်အထားသည် ကုမ္ပဏီက ထိုသို့ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် ပြည့်စုံသော အထောက်အထား ဖြစ်ကြောင်း ထောက်ခံအတည်ပြုရမည်။ သို့ရာတွင် ကုမ္ပဏီ၏ အစု ရှယ်ယာများအတွက် ငွေကြေးထည့်ဝင်ရန် အများပြည်သူသို့ ဖိတ်ခေါ်သည့် ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်း (Prospectus) အား ထုတ်ဝေခြင်း မပြုသော ကုမ္ပဏီအတွက်မူ ကုမ္ပဏီ၏ အလားအလာ ညွှန်းတမ်းအစား ပြုစုထားသည့် ရေးသားဖော်ပြချက်တစ်ရပ် (Statement in lieu of Prospectus) ကို မှတ်ပုံတင်အရာရှိထံ တင်ပြလာခြင်းမရှိလျှင် မှတ်ပုံတင် အရာရှိသည် အဆိုပါ အထောက်အထားကို ထုတ်ပေးခြင်း မပြုရ။
(ဂ) ဤပုဒ်မတွင် ဖော်ပြပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ငွေကြေးထည့်ဝင်ရန်အတွက် တစ်ပြိုင် နက်တည်း ကမ်းလှမ်းချက်ကိုဖြစ်စေ၊ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြား ငွေချေးသက်သေခံ လက်မှတ်များအား ခွဲဝေသတ်မှတ်ခြင်းကိုဖြစ်စေ၊ ဒီဘင်ချာများ သို့မဟုတ် အခြား ငွေချေးသက်သေခံလက်မှတ်များအတွက် လျှောက်ထားခြင်း အပေါ်ပေးချေရသော ငွေကြေးတစ်ရပ်ရပ် အား လက်ခံခြင်းကိုဖြစ်စေ တားမြစ်ထားခြင်း မရှိစေရ။
၂၁၉။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၁၈ ပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍ စီးပွားရေးလုပ်ငန်းအား စတင် လုပ်ကိုင်ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ချေးငွေရယူဆောင်ရွက်နိုင်သည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံးဆောင် ရွက်ခဲ့လျှင် ထိုသို့ဆန့်ကျင်ဆောင်ရွက်မှုအတွက် တာဝန်ရှိသူတစ်ဦးစီသည် အခြားသော တာဝန်ရှိမှုများ ကို မထိခိုက်စေဘဲ ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်း ကို ပေးဆောင်ရမည်။
ကော်မရှင်ခများနှင့် လျှော့ငွေများ
အချို့သောကော်မရှင်ခများပေးချေရန် အခွင့်အာဏာနှင့်အခြားသောကော်မရှင်ခများ၊ လျှော့ငွေများစသည်တို့ကို ပေးချေခြင်းမှ တားမြစ်ချက်များ
၂၂၀။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကော်မရှင်ခပေးခြင်းကို ခွင့်ပြုထားပြီး ပေးချေ မည့် သို့မဟုတ် ပေးချေရန် သဘောတူညီထားသည့် ကော်မရှင်ခသည် ထိုသို့ ခွင့်ပြုထားသောပမာဏ သို့မဟုတ် နှုန်းထားထက် ကျော်လွန်ခြင်းမရှိလျှင်၊ ပေးချေမည့် သို့မဟုတ် ပေးချေရန် သဘောတူညီထား သည့် ကော်မရှင်ခ၏ပမာဏနှင့် နှုန်းထား ရာခိုင်နှုန်းတို့သည် အောက်ပါအတိုင်းဖြစ်ခဲ့လျှင် ကုမ္ပဏီ၏ အစုရှယ်ယာ တစ်ရပ်ရပ်အတွက် အပြည့်အဝဖြစ်စေ၊ ခြွင်းချက်ဖြင့်ဖြစ်စေ ငွေကြေးထည့်ဝင်ခြင်း သို့မဟုတ် ငွေကြေးထည့်ဝင်ရန် သဘောတူညီခြင်းအတွက်သော် လည်းကောင်း၊ ဝယ်ယူခြင်း သို့မဟုတ် ဝယ်ယူရန် သဘောတူညီခြင်းအတွက်သော်လည်းကောင်း ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင် သည့် ကုမ္ပဏီက ထိုသူသို့ ကော်မရှင်ခ ပေးချေနိုင်သည်-
(၁) ငွေကြေးထည့်ဝင်ရန်အတွက် အများပြည်သူသို့ ကမ်းလှမ်းသည့် အစုရှယ်ယာများနှင့် စပ်လျဉ်း သည့် ကိစ္စရပ်တွင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ထုတ်ဖော်ရေးသား ထားခြင်း သို့မဟုတ်
(၂) ငွေကြေးထည့်ဝင်ရန်အတွက် အများပြည်သူသို့ ကမ်းလှမ်းခြင်း မပြုသည့် အစုရှယ်ယာများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းအစား ပြုစုထားသည့် ရေးသားဖော်ပြ ချက် (Statement in lieu of prospectus) ကို သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် လက်မှတ်ရေးထိုး ထုတ်ဖော်ရေးသားထားခြင်း၊ ယင်းတို့အား မှတ်ပုံတင်အရာရှိထံသို့ တင်ပြထားခြင်း၊ အစုရှယ်ယာများ အတွက် ငွေကြေးထည့်ဝင်ရန် ဖိတ်ခေါ်သော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်း (Prospectus) မဟုတ် သော ဖြန့်ဝေစာ သို့မဟုတ် အကြောင်းကြားစာအား ထုတ်ဝေခဲ့လျှင် အဆိုပါဖြန့်ဝေစာ သို့မဟုတ် အကြောင်းကြားစာတွင်လည်း ထုတ်ဖော် ရေးသားထားခြင်း။
(ခ) အစုရှယ်ယာများ သို့မဟုတ် ငွေကြေးများကို ကုမ္ပဏီက ရယူမည့် ပစ္စည်းတစ်စုံတစ်ရာအတွက် ဝယ်ယူသည့် ငွေတွင်ဖြစ်စေ၊ ကုမ္ပဏီအတွက်ပြုလုပ်ရမည့် လုပ်ငန်းတစ်ရပ်ရပ်အတွက် ပဋိညာဉ်ပြုလုပ် ထားသည့် တန်ဖိုးတွင်ဖြစ်စေ ဖြည့်စွက်ခြင်းဖြင့်သော်လည်းကောင်း၊ အနည်းငယ်မျှဖြစ်သော ဝယ်ယူ သည့်ငွေ သို့မဟုတ် ပဋိညာဉ် ပြုလုပ်ထားသည့်တန်ဖိုးမှ ပေးချေခဲ့သည့်ငွေ သို့မဟုတ် အခြားကိစ္စ တစ်ရပ်ရပ်တွင်သော် လည်းကောင်း အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကုမ္ပဏီ၏ အစုရှယ်ယာ များကို အပြည့်အဝဖြစ်စေ၊ ခြွင်းချက်ဖြင့်ဖြစ်စေ ငွေကြေးထည့်ဝင်ခြင်း သို့မဟုတ် ငွေကြေးထည့်ဝင်ရန် အတွက် သဘောတူညီခြင်း၊ သို့မဟုတ် ကုမ္ပဏီ၏အစုရှယ်ယာများကို အပြည့်အဝဖြစ်စေ၊ ခြွင်းချက်ဖြင့် ဖြစ်စေ ဝယ်ယူခြင်း သို့မဟုတ် ဝယ်ယူရန်သဘောတူညီခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ(က) ပြဋ္ဌာန်းချက်များ နှင့် ပုဒ်မ ၂၂၁ တွင် ပါရှိသော ပြဋ္ဌာန်းချက် များမှအပ ထိခိုက်ခြင်းမရှိစေဘဲ မည်သည့်ကုမ္ပဏီကမျှ ယင်း၏ အစုရှယ်ယာများ သို့မဟုတ် မတည်ငွေရင်း ငွေကြေးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ကော်မရှင်ခ၊ လျှော့ငွေသို့မဟုတ် အသုံးစရိတ် တစ်ရပ်ရပ်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးသို့ ပေးချေ ခြင်းတွင် အသုံးပြုခွင့်မရှိရ။
တရားဝင် ငွေပေးချေမှုအပေါ် ကန့်သတ်မှုမရှိခြင်း
၂၂၁။ ကုမ္ပဏီကတိုက်ရိုက်ပြုလုပ်ခဲ့သော အဆိုပါငွေပေးချေမှုသည် ပုဒ်မ ၂၂ဝ အရ တရားဝင်ဖြစ်သည် ဆိုလျှင် ယင်းပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ကုမ္ပဏီကငွေပေးချေခြင်းကို တရားဝင် ရထိုက်သော ပွဲစားသို့ ငွေပေးချေနိုင်သည့်အခွင့်အာဏာအား ထိခိုက်စေခြင်းမရှိစေဘဲ ကုမ္ပဏီသို့ပစ္စည်း ရောင်းချသူ၊ ကုမ္ပဏီ၏ကမကထပြုသူ သို့မဟုတ် ကုမ္ပဏီထံမှငွေကြေး သို့မဟုတ် အစုရှယ်ယာများအား လက်ခံရရှိသူတစ်ဦးဦးသည် ကော်မရှင်ခတစ်ရပ်ရပ်ပေးချေမှုတွင် ထိုသို့လက်ခံရရှိသော ငွေကြေး သို့မ ဟုတ် အစုရှယ်ယာ၏ တစ်စိတ်တစ်ဒေသကို အမြဲအသုံးပြုခွင့်ရရှိသည် သို့မဟုတ် အသုံးပြုခွင့်ရရှိ သည်ဟု မှတ်ယူ ရမည်။
ကော်မရှင်ခများ၊ လျှော့ငွေများနှင့်စပ်လျဉ်း၍ လက်ကျန်ရှင်းတမ်းတွင် ရေးသားဖော်ပြရခြင်း
၂၂၂။ အစုရှယ်ယာများ သို့မဟုတ် ပေးချေထားသည့် ငွေစုစုပေါင်း သို့မဟုတ် စာရင်းရှင်းလင်း ပယ်ဖျက် ရခြင်း မရှိသေးသည့်ငွေပမာဏတို့နှင့်စပ်လျဉ်း၍ ကုမ္ပဏီသည် ကော်မရှင်ခအနေဖြင့် ငွေပမာဏ တစ်ရပ်ရပ်ကို ပေးချေခဲ့လျှင် ၎င်းငွေပမာဏအားလုံးကို စာရင်းရှင်းလင်းပယ်ဖျက်ပြီးသည်အထိ ကုမ္ပဏီ ၏ လက်ကျန်ရှင်းတမ်း (balance sheet) အားလုံးတွင် ရေးသားဖော်ပြရမည်။
အခန်း (၂၁)
နိုင်ငံတော်၏ ပြင်ပတွင်ဖွဲ့စည်းတည်ထောင်ထားသော ကော်ပိုရေးရှင်းများက ကမ်းလှမ်းသည့် အစုရှယ်ယာများ
အစုရှယ်ယာများအား ရောင်းချရန်အတွက် ကမ်းလှမ်းခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ တားမြစ်ချက်များ
၂၂၃။ (က) ပုဂ္ဂိုလ်တစ်ဦးဦးက အောက်ပါတို့ကို ပြုလုပ်ခြင်းသည် တရားဝင်ခြင်းမရှိစေရ-
(၁) ကော်ပိုရေးရှင်း တစ်ခုခုသည် ယင်း၏စီးပွားရေးလုပ်ငန်းနေရာသည် နိုင်ငံတော်အတွင်း ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ သို့မဟုတ် ဖွဲ့စည်းတည်ထောင်ပြီးနောက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အောက်ပါတို့ကို ဆောင်ရွက်ထားခြင်း မရှိခဲ့လျှင် နိုင်ငံတော်၏ ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် သို့မဟုတ် ဖွဲ့စည်းတည်ထောင်မည့် ကော်ပိုရေးရှင်းတစ်ခု၏ အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များကို အများပြည်သူသို့ကမ်းလှမ်းမှု တစ်ရပ်ရပ်ပြုလုပ်ခြင်း၊ သို့မ ဟုတ် ကော်ပိုရေးရှင်းရှိ အစုရှယ်ယာများ သို့မဟုတ် ကော်ပိုရေးရှင်း၏ ဒီဘင်ချာများ သို့မဟုတ် အခြား ငွေချေးသက်သေခံ လက်မှတ်များကိုရောင်းချခြင်း သို့မဟုတ် ထုတ်ဝေခြင်းအတွက် ကမ်းလှမ်းသည့် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်း ထုတ်ဝေ ခြင်း သို့မဟုတ် ဖြန့်ဝေခြင်း-
(ကက) နိုင်ငံတော်အတွင်း ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) ကို ကမ်းလှမ်း ခြင်း သို့မဟုတ် ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ဝေခြင်းမပြုလုပ်မီ စီမံအုပ်ချုပ်သော အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ဖြင့် အတည်ပြုထားသည့်အကြောင်း ကော်ပိုရေးရှင်း၏ အနည်းဆုံး ဒါရိုက်တာနှစ်ဦးတို့က မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသော ယင်း၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်နိုင်ရန်အတွက် မှတ်ပုံတင် အရာရှိထံသို့ ပေးပို့တင်ပြပြီး ဖြစ်ရမည်။
(ခခ) အဆိုပါ ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) မိတ္တူ၏ မျက်နှာဖုံး စာမျက်နှာအပေါ်တွင် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) အား ထိုသို့ပေးပို့ တင်ပြပြီးဖြစ်ကြောင်း ဖော်ပြပြီးဖြစ်ရမည်။
(ဂဂ) ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) အား ရက်စွဲတပ်ထားပြီး ဖြစ်ရမည်။ ၎င်းအပြင်
(ဃဃ) ကော်ပိုရေးရှင်း၏ အလားအလာ ညွှန်းတမ်း (Prospectus) ကို ဤအခန်းပါ ပြဋ္ဌာန်းချက် များ၊ အခြားသက်ဆိုင်ရာဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက် ထားရမည်။ သို့မဟုတ်
(၂) ဤအခန်းပါပြဋ္ဌာန်းချက်များ၊ အခြားသက်ဆိုင်ရာ ဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက် ထားသော ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) မပါရှိဘဲ နိုင်ငံတော်၏ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် သို့မဟုတ် ဖွဲ့စည်းတည်ထောင်မည့် ကော်ပို ရေးရှင်း၏ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များအတွက် လျှောက်လွှာပုံစံ တစ်စောင်ကို နိုင်ငံတော်အတွင်းရှိ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ထုတ်ဝေခြင်း၊ သို့ရာတွင် လျှောက်လွှာပုံစံသည် အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များ နှင့်စပ်လျဉ်း၍ အာမခံသဘောတူစာချုပ်တစ်ရပ် (underwriting agreement) ချုပ်ဆိုနိုင်ရေးအတွက် လူပုဂ္ဂိုလ် တစ်ဦးဦးကို သဘောရိုးဖြင့်ကမ်းလှမ်း ဖိတ်ခေါ်ခြင်းတစ်ရပ်ရပ်နှင့် ပတ်သက်၍ ထုတ်ဝေခဲ့ကြောင်း ပေါ်ပေါက်ခဲ့လျှင် ဤပြဋ္ဌာန်းချက်နှင့် သက်ဆိုင်ခြင်းမရှိစေရ။
(ခ) အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များအတွက် လျှောက်ထားသူတစ်ဦးဦးက အခြားပုဂ္ဂိုလ် တစ်ဦးဦး၏အကျိုးငှာ စွန့်လွှတ်ခွင့်ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကော်ပိုရေးရှင်းတစ်ခု၏ အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များနှင့်စပ်လျဉ်း၍ ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) သို့မဟုတ် လျှောက်လွှာပုံစံတစ်ရပ်ကို ကော်ပိုရေးရှင်းတွင် လက်ရှိပါဝင်နေသူများ သို့မဟုတ် ဒီဘင်ချာ ပိုင်ဆိုင် ထားသူများထံ သို့ပေးပို့ခြင်းသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။ သို့သော် အထက်တွင် ဖော်ပြပါရှိသော်လည်း ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ကော်ပိုရေးရှင်းအား ဖွဲ့စည်း တည်ထောင်ခြင်း သို့မဟုတ် ဖွဲ့စည်းတည်ထောင်ပြီးနောက် ယင်းနှင့် စပ်လျဉ်း၍ ထုတ်ဝေသည့် ကော်ပို ရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) သို့မဟုတ် လျှောက်လွှာပုံစံ တစ်ရပ်ရပ်နှင့် သက်ဆိုင်စေရမည်။
(ဂ) ကော်ပိုရေးရှင်းတစ်ခုကို ဤဥပဒေအရ အဓိပ္ပာယ် ဖော်ပြချက် အတွင်း ကုမ္ပဏီတစ်ခု ဖြစ်သည်ဟု သတ်မှတ်သကဲ့သို့ နိုင်ငံတော်၏ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသော ကော်ပိုရေးရှင်းတစ်ခု၏ အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များကို အများပြည်သူ သို့ ရောင်းချရန် ကမ်းလှမ်းသည့် စာရွက်စာတမ်းတစ်ရပ်ရပ်အား ပုဒ်မ ၂၁၂ အရ ကော်ပိုရေးရှင်းက ထုတ်ဝေသည့် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ် ဖြစ်သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ဤပုဒ်မပါ ကိစ္စရပ်များအတွက်လည်း အဆိုပါ စာရွက်စာတမ်းကို ကော်ပိုရေးရှင်းက ထုတ်ဝေသည့် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ် ဖြစ်သည်ဟု မှတ်ယူ ရမည်။
(ဃ) အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များကို ရောင်းချ ခြင်း သို့မဟုတ် ဝယ်ယူခြင်းသည် ပုံမှန်စီးပွားရေး လုပ်ငန်းတစ်ရပ်အဖြစ် သို့မဟုတ် ပုံမှန်စီးပွားရေး လုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆောင်ရွက်နေသော ဦးစီးဆောင်ရွက်သူအဖြစ် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ အစု ရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအတွက် ငွေကြေး ထည့်ဝင်စေရန် သို့မဟုတ် ရောင်းချရန်အတွက်ပြုလုပ်သည့် ကမ်းလှမ်းချက်တစ်ရပ်ကို ဤပုဒ်မပါကိစ္စ ရပ်များ အလို့ငှာ အများပြည်သူသို့ ကမ်းလှမ်းခြင်းတစ်ရပ် ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။
(င) ပုဒ်မ ၂၂၃ မှ ပုဒ်မ ၂၂၇ အထိ ဖော်ပြပါရှိသော ‘ကော်ပိုရေးရှင်း၏ အလားအလာ ညွှန်းတမ်း (Prospectus)’၊ ‘အစုရှယ်ယာများ’၊ ‘ဒီဘင်ချာများ’ နှင့် ‘ငွေချေး သက်သေခံ လက်မှတ်များ’၏ အဓိပ္ပာယ်ဖော်ပြချက်များသည် ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသောကုမ္ပဏီတစ်ခုခုနှင့် စပ်လျဉ်း ၍ သုံးစွဲသည့်အခါ အလားတူအဓိပ္ပာယ်သက်ရောက် စေရမည်။
၂၂၄။ မည်သူမဆို ပုဒ်မ ၂၂၃ ပါပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်၍သိလျက်ဖြင့် အများပြည်သူသို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့လျှင်၊ သို့မဟုတ် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) တစ်ရပ်ရပ်ကို ထုတ်ဝေခြင်း သို့မဟုတ် ဖြန့်ဝေခြင်းပြုခဲ့လျှင်၊ သို့မဟုတ် အစုရှယ်ယာများ၊ ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များအတွက် လျှောက်လွှာပုံစံတစ်ရပ်ကို ထုတ်ဝေခဲ့လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။
ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) တွင် ပါရှိရမည့် အချက်အလက်များ
၂၂၅။ (က) ပုဒ်မ ၂၂၃၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ ပုဒ်မခွဲငယ်စိတ် (ခခ) နှင့် (ဂဂ) တို့တွင် ဖော်ပြ ပါရှိသော ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည့်အပြင် ဤအခန်းပါ ပြဋ္ဌာန်းချက်များကိုလိုက်နာ ဆောင်ရွက်ရာ၌ ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) တွင်-
(၁) အောက်ပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အချက်အလက်များပါရှိစေရမည် -
(ကက) ကော်ပိုရေးရှင်း၏ လုပ်ငန်းရည်ရွယ်ချက်များ၊
(ခခ) ကော်ပိုရေးရှင်း၏ ဖွဲ့စည်းမှုဆိုင်ရာ စာရွက်စာတမ်း သို့မဟုတ် ကော်ပိုရေးရှင်း၏ ဖွဲ့စည်းပုံအား သတ်မှတ်ဖော်ပြသည့် စာရွက်စာတမ်း၊
(ဂဂ) ကော်ပိုရေးရှင်းအား ဖွဲ့စည်းတည်ထောင် ခြင်းကို အကျိုးသက်ရောက်စေသည့် ဥပဒေတစ်ရပ်ရပ် သို့မဟုတ် ဥပဒေပြဋ္ဌာန်းချက်များ၊
(ဃဃ) အဆိုပါ စာရွက်စာတမ်း၊ ဥပဒေထုတ်ပြန်မှုများ သို့မဟုတ် ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် ယင်းတို့၏ မိတ္တူများ၊ ယင်းတို့အား နိုင်ငံခြားဘာသာ တစ်ခုခုဖြင့် ရေးသားထားလျှင် သတ်မှတ်ဖော်ပြ ထားသည့် နည်းလမ်းနှင့်အညီ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်ထားသည့် မူရင်းမိတ္တူမှန် တို့ကို စစ်ဆေးကြည့်ရှုနိုင်မည့် နိုင်ငံတော်အတွင်းရှိ လိပ်စာ၊
(ငင) ကော်ပိုရေးရှင်းအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် နေ့ရက်၊ နိုင်ငံနှင့်
(စစ)ကော်ပိုရေးရှင်းသည် နိုင်ငံတော်အတွင်း၌ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သည့် နေရာတစ်ခု ရှိ မရှိ၊ ဤဥပဒေအရ ဖွဲ့စည်းတည်ထောင် ထားသော ပြည်ပကော်ပိုရေးရှင်း တစ်ခုအဖြစ် မှတ်ပုံတင်ထား ခြင်း ရှိမရှိ နှင့် အကယ်၍ ရှိခဲ့ပါက နိုင်ငံတော်အတွင်းရှိ အဓိက ရုံးခန်းလိပ်စာ။
(၂) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုဒ်မ ၂ဝ၅၊ ပုဒ်မခွဲ (ခ) တွင် သတ်မှတ်ပါရှိသော ကိစ္စရပ်များ နှင့် အဆိုပါပုဒ်မတွင်ဖော်ပြပါရှိသည့် အစီရင်ခံစာများကိုဖော်ပြရမည်။ သို့ရာတွင် ပုဒ်မ ၂ဝ၅ တွင် ပါရှိ သည့်အတိုင်း ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ရည်ညွှန်းဖော်ပြချက်တစ်ရပ်သည် ကော်ပိုရေးရှင်း ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းပါ ရည်ညွှန်းဖော်ပြချက်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။
(ခ) အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေးသက်သေခံ လက်မှတ်များ အတွက် လျှောက်ထားသူတစ်ဦးဦးကို ဤအခန်းတွင်ပါရှိသည့် သတ်မှတ်ချက်ကို လိုက်နာဆောင်ရွက် ခြင်း မပြုစေရန်အတွက် သတ်မှတ်သည့် သို့မဟုတ် စည်းနှောင်မှုရှိသည့် စည်းကမ်းချက်တစ်ရပ်ရပ်၊ သို့မဟုတ် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospectus) တွင် သီးခြားဖော်ပြထားခြင်း မရှိသည့် ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်၊ စာရွက်စာတမ်း သို့မဟုတ် အကြောင်းအရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အကြောင်းကြားမှုကို ၎င်းအပေါ်တွင် သက်ရောက်စေရန်အတွက် ရည်ရွယ်သည့် စည်းကမ်းချက်တစ်ရပ်ရပ်သည် ပျက်ပြယ်သည်။
(ဂ) ဤအခန်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိလျှင် သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းပြုခဲ့လျှင် ကော်ပိုရေးရှင်း၏ အလားအလာညွှန်းတမ်း (Prospe- ctus) အတွက် တာဝန်ရှိသောဒါရိုက်တာ သို့မဟုတ် အခြား ပုဂ္ဂိုလ်တစ်ဦးဦးသည် အောက်ပါအခြေအနေ များကို သက်သေထင်ရှားတင်ပြနိုင်လျှင် သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်းများ ပြုလုပ်သည့်အကြောင်းကြောင့် တာဝန်တစ်စုံတစ်ရာမရှိစေရ -
(၁) ထုတ်ဖော်ပြောဆိုခြင်း မပြုသည့် ကိစ္စတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့် အသိအမှတ်ပြု လိုက်နာဆောင်ရွက်မှု မရှိခြင်း သို့မဟုတ်
(၂) ဒါရိုက်တာ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် သဘောရိုးဖြင့် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ပေါ် လာရသော စည်းကမ်းချက်အား မလိုက်နာခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း သို့မဟုတ်
(၃) တရားရုံး၏ယူဆချက်တွင် လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ ဆောင်ရွက်ခြင်း သည် အရေးကြီးသောကိစ္စရပ်နှင့် မသက်ဆိုင်ကြောင်း သို့မဟုတ် အမှု၏အကြောင်းအရာများအားလုံး ကို ထည့်သွင်းစဉ်းစားပြီး ကင်းလွတ်ခွင့်ပြုသင့်ကြောင်း တွေ့ရှိသည့်အခါတွင် ယင်းအတွက် အရေးယူ ဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ သို့ရာတွင် ပုဒ်မ ၂ဝ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၆) တွင် ပါရှိသော သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ဆောင်ရွက်ခြင်း ပြုသည့် ကိစ္စရပ်တွင် ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် အခြားသူတစ်ဦးဦးသည် ထုတ်ဖော်မပြောဆိုသည့် အချက်များကို သိရှိသည်ဟု သက်သေ ထင်ရှားမပေါ်ပေါက်လျှင် ဖော်ပြပါလိုက်နာဆောင်ရွက်မှုမရှိခြင်း သို့မဟုတ် ဆန့်ကျင်၍ဆောင်ရွက်ခြင်းပြုခြင်းများနှင့်စပ်လျဉ်း၍ တာဝန်တစ်စုံတစ်ရာ မရှိစေရ။
(ဃ) ဤပုဒ်မတွင် ဖော်ပြပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ယေဘုယျဥပဒေတစ်ရပ်ရပ် သို့မဟုတ် ဤပုဒ်မမှအပ ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ ပုဂ္ဂိုလ်တစ်ဦးဦးမှ ဆောင်ရွက်ပေးရမည့် တာဝန်ရှိမှုတစ်ရပ်ရပ်ကို ကန့်သတ်ခြင်း သို့မ ဟုတ် လျော့နည်းစေခြင်း မရှိစေရ။
အစုရှယ်ယာများကို ရောင်းချရန်အတွက် ပြုလုပ်ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် တားမြစ်ချက်များ
၂၂၆။ (က) နိုင်ငံတော်၏ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်းတစ်ခု၏ အစုရှယ်ယာ များ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားသက်သေခံလက်မှတ်များကို အများပြည်သူက ငွေကြေး ထည့်ဝင်စေရန်အတွက် ဖြစ်စေ၊ ဝယ်ယူစေရန်အတွက် ဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးမှ အိမ်တိုင်ရာရောက် သွားရောက် ကမ်းလှမ်းခြင်းမပြုရ။
(ခ) ဤပုဒ်မတွင်ဖော်ပြပါရှိသော ‘အိမ်’ ဟူသော စကားရပ်တွင် စီးပွားရေး လုပ်ငန်းအတွက် အသုံးပြု နေသော ရုံးခန်းပါဝင်ခြင်း မရှိစေရ။
၂၂၇။ မည်သူမဆို ပုဒ်မ ၂၂၆ ပါပြဋ္ဌာန်းချက်များကိုဆန့်ကျင်လျက် ဆောင်ရွက်ခဲ့လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးဆောင်ရမည်။
အခန်း (၂၂)
ကုမ္ပဏီတစ်ခုက ပြုလုပ်နိုင်သော ပေါင်နှံခြင်းများ (Mortgages) နှင့် ကြွေးမြီတာဝန်တင်ရှိခြင်း (Charges) ပေါင်နှံခြင်းများ (Mortgages) နှင့် ကြွေးမြီတာဝန်တင်ရှိခြင်း (Charges) ပြုလုပ်နိုင်သည့် အခွင့်အာဏာ
၂၂၈။ (က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့် အခြားသက်ဆိုင်ရာဥပဒေများကို လိုက်နာဆောင် ရွက်ပြီး ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ပေးအပ်ထားသည့် အခြားသော အခွင့်အာဏာများကို ကန့်သတ်ခြင်းမရှိစေဘဲ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၂၉ တွင်ဖော်ပြ ထားသည့် ပေါင်နှံခြင်းနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နိုင်ခွင့်ရှိစေရမည်။ မှတ်ပုံတင်အရာရှိ သည် ကုမ္ပဏီ သို့မဟုတ် အပေါင်ခံသူ သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းအား လက်ခံသူ သို့မဟုတ် ၎င်းတို့ကိုယ်စား ဆောင်ရွက်သူက ပုဒ်မ ၂၃၄ နှင့်အညီ တင်ပြလာသည့် အဆိုပါပေါင်နှံခြင်းနှင့် ကြွေးမြီ တာဝန် တင်ရှိခြင်းတို့ကို မှတ်ပုံတင်ပေးရမည်။
(ခ) အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ် သည့်ဥပဒေ သို့မဟုတ် အလားတူအကျိုးသက်ရောက်မှုရှိသော အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များသည် ကန့်သတ်ထားခြင်းမရှိစေဘဲ ယင်းကိစ္စရပ်များသည် အဆိုပါပြဋ္ဌာန်းချက်များ အား ချိုးဖောက်သည်ဟုလည်း မှတ်ယူခြင်းမပြုရ-
(၁) ပုဒ်မ ၂၂၉ တွင် ဖော်ပြထားသည့် ပေါင်နှံခြင်းသို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းအား ဆောင်ရွက် ခြင်း သို့မဟုတ်
(၂) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းအတွက် ပေးထားသော ပစ္စည်းတစ်စုံတစ်ရာ၏ တန်ဖိုးရရှိရန် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆိုပါပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းတို့အရ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းကို ရရှိသူကဖြစ်စေ၊ ၎င်း၏ကိုယ်စား ဆောင်ရွက် သူကဖြစ်စေ ကျင့်သုံးနိုင်သည့် အခွင့်အရေးအား ဆောင်ရွက်ခြင်း။
ပေါင်နှံခြင်းများ (Mortgages) နှင့် ကြွေးမြီတာဝန်တင်ရှိခြင်းများ (Charges) စသည်တို့နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ
မှတ်ပုံတင်ခြင်းမပြုလျှင် ပျက်ပြယ်သော ပေါင်နှံခြင်းများ (Mortgages) နှင့် ကြွေးမြီတာဝန်တင်ရှိ ခြင်းများ (Charges)
၂၂၉။ (က) ဤဥပဒေ စတင်အကျိုးသက်ရောက်ပြီးနောက် ကုမ္ပဏီတစ်ခုက ပြုလုပ်ခဲ့သော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းအားလုံးသည် အောက်ပါအမျိုးအစားတစ်ရပ်ရပ်ဖြစ်ခဲ့လျှင်-
(၁) ဒီဘင်ချာများ ထုတ်ဝေခြင်းအတွက် အာမခံချက်ရှိစေရန်ရည်ရွယ်၍ ပြုလုပ်သည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၊
(၂) ကုမ္ပဏီ၏ တောင်းခေါ်ခြင်းမပြုသေးသော အစုရှယ်ယာ မတည်ငွေရင်းနှင့် စပ်လျဉ်းသည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၊
(၃) မည်သည့်နေရာတွင်မဆို တည်ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ် သို့မဟုတ် ထိုပစ္စည်းများတွင် ပါဝင်သည့် အကျိုးခံစားခွင့်တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့်ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၊
(၄) ကုမ္ပဏီတွင် သာမန်လုပ်ငန်းများအတွက် တင်ရှိသည့်ကြွေးမြီ (book debts) နှင့်စပ်လျဉ်း၍ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတစ်ရပ်ရပ်၊
(၅) စီးပွားရေးလုပ်ငန်းတွင် အသုံးပြုဆောင်ရွက်နေသည့် ပစ္စည်းများမှအပ ကုမ္ပဏီ၏ ရွှေ့ပြောင်းနိုင် သောပစ္စည်းတစ်ရပ်ရပ်နှင့် သက်ဆိုင်သော ချေးငွေနှင့်စပ်လျဉ်း၍ ပေးသည့်အာမခံချက် (pledge) မဟုတ်သောပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၊ သို့မဟုတ်
(၆) ကုမ္ပဏီ၏ တာဝန်ယူဆောင်ရွက်မှုများ သို့မဟုတ် ပစ္စည်းများအပေါ် အပြောင်းအလဲ ရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge)၊ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်းတို့၏ ဖော်ပြချက်များကို သတ်မှတ်ဖော်ပြထားသည့် ပုံစံနှင့်အတူ ယင်းတို့ကိုပြုလုပ်သည့် သို့မဟုတ် သက်သေ ထင်ရှားစေသည့် စာရွက်စာတမ်းများအား အတည်ပြုထားသော မိတ္တူတစ်စောင်ကို ထိုသို့ပြုလုပ်သည့် နေ့မှ ၂၈ ရက်အတွင်း မှတ်ပုံတင်အရာရှိထံသို့ တင်ပြခဲ့ခြင်းမရှိလျှင် ပုဒ်မခွဲ (ခ) နှင့်အညီ ကုမ္ပဏီ၏ ပစ္စည်း သို့မဟုတ် တာဝန်ယူမှုနှင့် စပ်လျဉ်းသည့် အာမခံချက်တစ်ရပ်ရပ်ကို ပေးအပ်ထားသည့်အခါ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနှင့် ကုမ္ပဏီ၏ မြီရှင်တို့အပေါ် ပျက်ပြယ်စေရမည်။ သို့သော် ထိုကိစ္စရပ်များတွင် အာမခံထားသည့် ငွေကြေးများကို ပြန်လည်ပေးဆပ်ရန်အတွက် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ် သို့မဟုတ် တာဝန်တစ်ရပ်ရပ်အား ထိခိုက်စေခြင်း မရှိစေဘဲ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်းတို့သည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ပျက်ပြယ်သည့်အခါထိုကိစ္စရပ်များတွင် အာမခံ ထားသည့် ငွေကြေးများကို ချက်ချင်းပေးချေရမည်။
(ခ) ပုဒ်မခွဲ (က) ပါကိစ္စရပ်များတွင် အောက်ပါကိစ္စရပ်များသည်လည်း အကျိုးသက်ရောက် စေရမည်-
(၁) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့ကို နိုင်ငံတော်၏ပြင်ပတွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ ပြင်ပတွင်တည်ရှိသော ပစ္စည်းသာလျှင် ပါဝင်သည့်ကိစ္စရပ်တွင် သက်ဆိုင်ရာ စာရွက် စာတမ်း သို့မဟုတ် မိတ္တူကို စာတိုက်မှ ထိုက်သင့်သည့် ဝီရိယဖြင့်ပေးပို့ခဲ့ပြီး နိုင်ငံတော်အတွင်း လက်ခံ ရရှိနိုင်သည့်နေ့မှ ၂၈ ရက်ကို ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့ကို ပြုလုပ်သည့် နေ့ရက်နောက်ပိုင်း ၂၈ ရက်ဖြင့် အစားထိုးရမည်ဖြစ်ပြီး ထို ၂၈ ရက် ကာလအတွင်း အချက်အလက်များ၊ စာရွက်စာတမ်းများ သို့မဟုတ် မိတ္တူများကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။
(၂) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းတို့ကို နိုင်ငံတော်အတွင်း ပြုလုပ်ခဲ့သော်လည်း နိုင်ငံတော်၏ ပြင်ပတွင်တည်ရှိသော ပစ္စည်းများပါဝင်သည့် ကိစ္စရပ်တွင်ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်း တို့ကိုပြုလုပ်ခဲ့သည့် သို့မဟုတ် ပြုလုပ်ရန်ရည်ရွယ်ခဲ့သည့် စာရွက်စာတမ်း သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းဖြင့် အတည်ပြုထားသော ယင်း၏မိတ္တူတစ်စောင်ကို မှတ်ပုံတင် ရန်အတွက် တင်ပြနိုင်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ပစ္စည်းတည်ရှိရာ နိုင်ငံ၏ဥပဒေအရ ပေါင်နှံ ခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းတို့ကို တရားဝင်စေရန် သို့မဟုတ် အကျိုးသက်ရောက်စေရန် အတွက် အခြားသောဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်ခြင်းရှိစေကာမူ သက်ဆိုင်မှုမရှိစေရ။
(၃) ကုမ္ပဏီ၏ သာမန်လုပ်ငန်း များအတွက် တင်ရှိသည့်ကြွေးမြီ (book debts) အပေါ် ငွေပေးချေ မှုများနှင့် စပ်လျဉ်းသည့်အာမခံမှုကို လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတစ်ရပ်ဖြင့်ပြုလုပ်ပေးခဲ့လျှင် ကုမ္ပဏီသို့ ကြိုတင်ပေးချေမှုကို အာမခံနိုင်ရန်အတွက် စာချုပ်စာတမ်း၏အာမခံငွေကို ဤပုဒ်မတွင်ပါရှိ သော ကိစ္စရပ်များအလို့ငှာ ဖော်ပြပါကုမ္ပဏီ၏ သာမန်လုပ်ငန်းများအတွက် တင်ရှိသည့်ကြွေးမြီ (book debts) နှင့် စပ်လျဉ်းသည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်အဖြစ် သတ်မှတ် ခြင်း မပြုရ။
(၄) မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်း၍ ကြွေးမြီတာဝန်တင်ရှိခြင်းတစ်ရပ် နှင့်သက်ဆိုင်သော ဒီဘင်ချာများအား ပိုင်ဆိုင်ထားခြင်းသည် မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင် အကျိုးခံစားခွင့် တစ်ရပ် ရပ်ရှိသည်ဟု မှတ်ယူခြင်းမရှိစေရ။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ မှတ်ပုံတင်ရန်လိုအပ်သော ကုမ္ပဏီတစ်ခု၏ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့ကို မှတ်ပုံတင်ပြီးဖြစ်လျှင် အဆိုပါပစ္စည်း သို့မဟုတ် ယင်း၏ တစ်စိတ် တစ်ဒေသကို ဖြစ်စေ၊ အစုရှယ်ယာ သို့မဟုတ် ယင်း၏ အကျိုးခံစားခွင့် တစ်ရပ်ရပ်ကိုဖြစ်စေ ရရှိသူ တစ်ဦးဦးသည် ထိုသို့ မှတ်ပုံတင်သည့် နေ့ရက်မှစတင်၍ အဆိုပါပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းတို့၏ အကြောင်းကြားစာကို ရရှိပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
ကြွေးမြီတာဝန်တင်ရှိခြင်းအရ လက်ခံရရှိသောပစ္စည်းနှင့်သက်ဆိုင်သည့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့ကို မှတ်ပုံတင်ရခြင်း
၂၃၀။ ကုမ္ပဏီတစ်ခုသည် ပစ္စည်းတစ်ရပ်ရပ်ကိုပိုင်ဆိုင်ရရှိပြီး ထိုပစ္စည်းသည် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းနှင့် သက်ဆိုင်သည့်အခါ အဆိုပါပစ္စည်းကိုရရှိပြီးနောက် ကုမ္ပဏီက ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းကို ပြုလုပ်သကဲ့သို့ ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ မှတ်ပုံတင်ရန် လိုအပ်ခဲ့လျှင် ကုမ္ပဏီသည် ကြွေးမြီတာဝန်တင်ရှိခြင်း၏ အချက်အလက်များကို သတ်မှတ်ဖော်ပြထား သည့် ပုံစံဖြင့်အတူ ကြွေးမြီတာဝန်တင်ရှိခြင်းအား ပြုလုပ်ခဲ့သည့် သို့မဟုတ် သက်သေထင်ရှား ဖြစ်စေ သည့် စာရွက်စာတမ်းကို မှန်ကန်သည့်မိတ္တူဖြစ်စေရန်အတွက် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းဖြင့် အတည်ပြုထားသည့် အဆိုပါစာရွက်စာတမ်း၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင်နိုင်ရန်အတွက် အဆိုပါ ပစ္စည်းအား ရရှိသည့်နေ့မှ ၂၈ ရက်အတွင်း မှတ်ပုံတင်အရာရှိ ထံသို့ပေးပို့တင်ပြရမည်။ သို့ရာတွင် နိုင်ငံတော်၏ ပြင်ပတွင် ပစ္စည်းတည်ရှိပြီး ကြွေးမြီတာဝန်တင်ရှိခြင်းကိုလည်း ပြင်ပ၌ပြုလုပ်ခဲ့လျှင် သက်ဆိုင်ရာ စာရွက်စာတမ်း၏ မိတ္တူကို စာတိုက်မှ ထိုက်သင့်သည့်ဝီရိယဖြင့် ပေးပို့ခဲ့ပြီး နိုင်ငံတော် အတွင်း လက်ခံရရှိနိုင်သည့် နေ့မှ ၂၈ ရက်ကို ပစ္စည်းရရှိသည့်နေ့ရက် နောက်ပိုင်း ၂၈ ရက်ဖြင့် အစားထိုး ရမည်ဖြစ်ပြီး ထို ၂၈ ရက် ကာလအတွင်း အချက်အလက်များ၊ စာရွက်စာတမ်းများ၏ မိတ္တူများကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။
၂၃၁။ ပုဒ်မ ၂၃ဝ ပါပြဋ္ဌာန်းချက်များကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင် ကုမ္ပဏီနှင့် ပျက်ကွက်မှုကို သိလျက်ဖြင့် တမင်ပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ပိုင်ဆိုင်သူများ အချိုးကျရရှိသည့် ဒီဘင်ချာများတွင် ပါရှိရမည့်အချက်အလက်များ
၂၃၂။ ဒီဘင်ချာပိုင်ဆိုင်သူများက အချိုးကျရရှိသောအကျိုးအမြတ်ကို အခြားစာချုပ်စာတမ်းတစ်ရပ်ရပ်၊ ကြွေးမြီပေးချေရန် အာမခံမှုတစ်ရပ်ရပ်တွင် ရည်ညွှန်း၍ ထည့်သွင်းဖော်ပြထားသော သို့မဟုတ် ထိုရည်ညွှန်းချက်များအရ ပေးအပ်ထားသော ဒီဘင်ချာများကို ကုမ္ပဏီက သတ်မှတ်ထားသည့်အခါ ကြွေးမြီတာဝန် တင်ရှိခြင်းပါဝင်သော စာချုပ်တစ်ရပ်အားချုပ်ဆိုပြီးနောက် ၂၈ ရက်အတွင်း မှတ်ပုံတင် အရာရှိထံသို့ တင်ပြခဲ့လျှင်၊ သို့မဟုတ် အဆိုပါစာချုပ်တစ်ရပ်မရှိခဲ့လျှင် ဒီဘင်ချာများကိုပြုလုပ်ပြီး နောက် အောက်ပါအချက်အလက်များကိုတင်ပြလျှင် ပုဒ်မ ၂၂၉ ပါကိစ္စရပ်များအလို့ငှာ ပြည့်စုံမှုရှိသည် ဟုသတ်မှတ်သည် -
(က) ဒီဘင်ချာများအားလုံးဖြင့် အာမခံထားသည့် စုစုပေါင်းပမာဏ၊
(ခ) ဒီဘင်ချာများအားလုံးကို ထုတ်ဝေခွင့်ပြုသော ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ရက်နှင့် အာမခံချက်ကို ပြုလုပ်သည့် သို့မဟုတ် သတ်မှတ်သည့် စာချုပ်ရှိခဲ့လျှင် ထိုသို့ချုပ်ဆိုခဲ့ သည့်နေ့ရက်၊
(ဂ) ကြွေးမြီတာဝန်တင်ရှိခြင်းပြုလုပ်သည့် ပစ္စည်း၏ယေဘုယျဖော်ပြချက်နှင့်
(ဃ) ဒီဘင်ချာများ အတွက် ယုံမှတ်အပ်နှံခြင်းခံရသူများ (Trustees) ရှိခဲ့လျှင် ၎င်းတို့၏ အမည်များနှင့် ကြွေးမြီတာဝန် တင်ရှိခြင်း ပါဝင်သောစာချုပ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းဖြင့် အတည်ပြုထား သော ယင်းစာချုပ်၏ မိတ္တူတစ်စောင် သို့မဟုတ် အဆိုပါ စာချုပ်တစ်ရပ်မရှိခဲ့လျှင် ဒီဘင်ချာတစ်ခုခု၊ မှတ်ပုံတင်အရာရှိသည် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကိုပေးသွင်းစေပြီး အဆိုပါအချက် အလက်များကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းရမည်။ သို့ရာတွင် ဒီဘင်ချာများကို တစ်ကြိမ်ထက် ပိုမို၍ ထုတ်ဝေသည့်အခါတွင် ထုတ်ဝေမှုတစ်ကြိမ်စီအတွက် ပမာဏနှင့် နေ့ရက်တို့ကို မှတ်ပုံတင်စာရင်း တွင် ဖြည့်သွင်းနိုင်ရန်အတွက် မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ သို့သော်ထိုသို့ ပြုလုပ်ရန်ပျက်ကွက် ခြင်းသည် ထုတ်ဝေထားသော ဒီဘင်ချာများ၏ တရားဝင်အတည်ဖြစ်မှုကို ထိခိုက်စေခြင်း မရှိစေရ။
ဒီဘင်ချာများနှင့်စပ်လျဉ်းသည့်ကော်မရှင်ခစသည်များနှင့် သက်ဆိုင်သည့် အချက်အလက်များ
၂၃၃။ ကုမ္ပဏီ၏ဒီဘင်ချာတစ်ရပ်ရပ်အတွက် အပြည့်အဝဖြစ်စေ၊ ခြွင်းချက်ဖြင့်ဖြစ်စေ ငွေကြေးထည့်ဝင် ခြင်း သို့မဟုတ် ငွေကြေးထည့်ဝင်ရန် သဘောတူညီခြင်း၊ သို့မဟုတ် အဆိုပါဒီဘင်ချာ တစ်ရပ်ရပ်အတွက် အပြည့်အဝဖြစ်စေ၊ ခြွင်းချက်ဖြင့်ဖြစ်စေ ဝယ်ယူခြင်း သို့မဟုတ် ဝယ်ယူရန်အတွက် ဆောင်ရွက်ပေးခြင်း သို့မဟုတ် ဆောင်ရွက်ပေးရန် သဘောတူညီခြင်းနှင့် စပ်လျဉ်း၍ ကုမ္ပဏီက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ ကော်မရှင်ခ၊ အသုံးစရိတ် သို့မဟုတ် လျှော့ငွေတို့ကိုပေးချေခဲ့လျှင် သို့မဟုတ် ပြုလုပ် ခဲ့လျှင် ပုဒ်မ ၂၂၉ နှင့် ပုဒ်မ ၂၃၂ တို့ပါ ပြဋ္ဌာန်းချက်များအရ မှတ်ပုံတင်ရန်အတွက် တင်ပြရမည့် လိုအပ်သော အချက်အလက်များတွင် ထိုသို့ပေးချေခဲ့သည့် သို့မဟုတ် ပြုလုပ်ခဲ့သည့် ကော်မရှင်ခ၊ လျှော့ငွေ သို့မဟုတ် အသုံးစရိတ်များ၏ပမာဏ သို့မဟုတ် နှုန်းထားရာခိုင်နှုန်းတို့နှင့် သက်ဆိုင်သည့်အချက်အလက်များကို ထည့်သွင်းဖော်ပြရမည်။ သို့သော် ထိုသို့ပြုလုပ်ရန် ပျက်ကွက်ခြင်းသည် ထုတ်ဝေထားသော ဒီဘင်ချာ များ၏ တရားဝင်အတည်ဖြစ်မှုကို ထိခိုက်စေခြင်းမရှိစေရ။ သို့ရာတွင် ကုမ္ပဏီ၏ ကြွေးမြီတာဝန်တင်ရှိ ခြင်းအဖြစ် ပြုလုပ်ထားသော ဒီဘင်ချာများ၏ အာမခံငွေကို ဤပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် လျှော့ငွေဖြင့် ဒီဘင်ချာများကို ထုတ်ဝေခြင်းဖြစ်သည်ဟု သတ်မှတ်ခြင်းမပြုရ။
ပေါင်နှံခြင်းများ၊ ကြွေးမြီတာဝန်တင်ရှိခြင်းများနှင့် သက်ဆိုင်သည့် မှတ်ပုံတင်စာရင်း
၂၃၄။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေ စတင်အာဏာတည်ပြီးနောက် ကုမ္ပဏီက ပြုလုပ်သည့် ပေါင်နှံမှုများနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းများအားလုံးနှင့် ပုဒ်မ ၂၂၉ အရ မှတ်ပုံတင်ရန် လိုအပ်သော ပေါင်နှံမှုများနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းများအားလုံးအတွက် ကုမ္ပဏီတစ်ခုစီနှင့်သက်ဆိုင်သည့် မှတ်ပုံတင် စာရင်းတစ်ခုကို ထားရှိရမည်ဖြစ်ပြီး သတ်မှတ်ဖော်ပြထားသည့် ငွေကြေးများကို ပေးသွင်း စေလျက် ပေါင်နှံခြင်းများနှင့် ကြွေးမြီ တာဝန်တင်ရှိခြင်းများအားလုံးနှင့် သက်ဆိုင်သည့် ယင်းတို့အား ပြုလုပ်သည့်နေ့ရက်၊ အာမခံထားသည့်ပမာဏ၊ ထိုသို့ပေါင်နှံသည့် သို့မဟုတ် ကြွေးမြီတာဝန်တင်ထား သည့် ပစ္စည်းနှင့် သက်ဆိုင်သော အချက်အလက် အကျဉ်းချုပ်၊ အပေါင်ခံသူများ၏အမည်များ သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်းများကို ရရှိသည့် ပုဂ္ဂိုလ်များ၏ အမည်များကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းရမည်။
(ခ) ပုဒ်မခွဲ (က) အရ လိုအပ်သောရေးသွင်းမှုများကို ပြုလုပ်ပြီးနောက် မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၂၂၉ သို့မဟုတ် ပုဒ်မ ၂၃၂ ပါပြဋ္ဌာန်းချက်များနှင့်အညီ တင်ပြခဲ့သော စာချုပ်စာတမ်းများ ရှိခဲ့လျှင် ၎င်းစာချုပ် စာတမ်းများ သို့မဟုတ် ယင်းတို့၏ တရားဝင်အတည်ပြုထားသော မိတ္တူတို့ကို ယင်းတို့အား တင်ပြသည့် ပုဂ္ဂိုလ်ထံသို့ ပြန်လည် ပေးအပ်ရမည်။
(ဂ) ဤပုဒ်မအရထားရှိသော မှတ်ပုံတင်စာရင်းအား သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်းစေလျက် မည်သူမဆို စစ်ဆေးကြည့်ရှုနိုင်စေရန် ဆောင်ရွက်ထားရှိရမည်။
၂၃၅။ ပေါင်နှံခြင်းများနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ အညွှန်းမှတ်ပုံတင် အရာရှိသည် ဤဥပဒေအရ မှတ်ပုံတင်ထားသည့် ပေါင်နှံခြင်းများ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်း များ၏ အချိန်ကာလအလိုက် အညွှန်းတစ်ရပ်ကို သတ်မှတ်ဖော်ပြထားသည့် အချက်အလက်များနှင့် တကွ ပြုစုထားရှိရမည်။
မှတ်ပုံတင်အထောက်အထားလက်မှတ်
၂၃၆။ မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၂၂၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားသော ပေါင်နှံခြင်း တစ်ရပ်ရပ် သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၏ မှတ်ပုံတင်အထောက်အထား လက်မှတ် တစ်ခုကို ၎င်းတွင်အာမခံထားသည့် ငွေပမာဏကို ဖော်ပြလျက်ထုတ်ပေးရမည်။ ထိုအထောက်အထား လက်မှတ်သည် ပုဒ်မ ၂၂၉ မှ ပုဒ်မ ၂၃၄ အထိဖော်ပြပါရှိသော လိုအပ်ချက်များနှင့်အညီ မှတ်ပုံတင်ခြင်း အား ပြုလုပ်ထားကြောင်း ပြည့်စုံလုံလောက်သည့် အထောက်အထား ဖြစ်စေရမည်။
ဒီဘင်ချာအတွက် မှတ်ပုံတင်အထောက်အထားလက်မှတ် သို့မဟုတ် ဒီဘင်ချာစတော့ (Debenture Stock) အထောက်အထားလက်မှတ်များကို ထပ်ဆင့်ထောက်ခံအတည်ပြုခြင်း
၂၃၇။ ကုမ္ပဏီသည် ပုဒ်မ ၂၃၆ အရ ပေးအပ်ထားသည့် မှတ်ပုံတင်အထောက်အထားလက်မှတ် အားလုံး ၏ မိတ္တူကို ပြုလုပ်ပေးပြီး ကုမ္ပဏီကထုတ်ဝေသည့် ဒီဘင်ချာ သို့မဟုတ် ဒီဘင်ချာစတော့ အထောက် အထား လက်မှတ်အားလုံးနှင့် ထိုသို့မှတ်ပုံတင်ထားသည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိ ခြင်းတို့အရ အာမခံထားသော ငွေပေးချေမှုများကို ထပ်ဆင့်ထောက်ခံအတည်ပြုရမည်။ သို့ရာတွင် ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းများ ပြုလုပ်ခြင်းမရှိမီက ကုမ္ပဏီက ထုတ်ဝေထားသည့် ဒီဘင်ချာတစ်ရပ်ရပ် သို့မဟုတ် ငွေချေးလက်မှတ် စတော့ အထောက်အထား လက်မှတ်တစ်ခုခုနှင့် စပ်လျဉ်း၍ ထိုသို့ပေးအပ်ထားသည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းများ၏ မှတ်ပုံတင်အထောက်အထား လက်မှတ်တစ်ခုခုကို ကုမ္ပဏီ က ထပ်ဆင့်ထောက်ခံ အတည်ပြုရန် လိုအပ်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမပြုရ။
မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏တာဝန်နှင့် အကျိုးသက်ဆိုင်သူ၏ အခွင့်အရေး
၂၃၈။ (က) ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၂၉ အရ မှတ်ပုံတင်ရန် လိုအပ်သောပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း၊ ဒီဘင်ချာများ ထုတ်ဝေခြင်းအားလုံးကို မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင် အရာရှိထံသို့ သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် တင်ပြရန်တာဝန်ရှိသည်။ အဆိုပါ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်အား မှတ်ပုံတင်ရန် ၎င်းတို့၏ အကျိုးသက်ဆိုင်သူ တစ်ဦးဦးသည် လျှောက်ထားတင်ပြနိုင်သည်။
(ခ) ဤပုဒ်မတွင် ပါရှိသော ပြဋ္ဌာန်းချက်များအရ မှတ်ပုံတင်ထားသော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်း တစ်ရပ်ရပ်၏ စည်းကမ်းချက်များ သို့မဟုတ် အတိုင်းအတာ ပမာဏ သို့မဟုတ် လုပ်ဆောင်မှုများကို ပြင်ဆင်သတ်မှတ်ပါက အဆိုပါ ပြင်ဆင်သည့် အချက်အလက်များကို မှတ်ပုံတင် အရာရှိထံသို့ ပေးပို့ပေးရန် ကုမ္ပဏီတွင် တာဝန်ရှိသည်။ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်း တစ်ရပ်ရပ်အား မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသည့် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အထက် တွင်ဖော်ပြခဲ့သော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်အား ပြင်ဆင်သတ်မှတ် ခြင်းများနှင့် သက်ဆိုင်စေရမည်။
ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းဆိုင်ရာ စာချုပ်စာတမ်း၏မိတ္တူကို ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းတွင် ထိန်းသိမ်းခြင်း
၂၃၉။ ကုမ္ပဏီအားလုံးသည် ပုဒ်မ ၂၂၉ အရ မှတ်ပုံတင်ရန်လိုအပ်သော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိခြင်း တစ်ရပ်ရပ်အား ပြုလုပ်သည့် စာချုပ်စာတမ်းအားလုံး၏ မိတ္တူတစ်စောင်စီကို ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းတွင် သိမ်းဆည်းထားရှိရမည်။ သို့ရာတွင် အစဉ်လိုက်တူညီသည့် ဒီဘင်ချာများတွင် အဆိုပါဒီဘင်ချာတစ်ခု၏ မိတ္တူတစ်စောင်ကို သိမ်းဆည်းထားလျှင် လုံလောက်သည်။
ပစ္စည်းလက်ခံထိန်းသိမ်းသူအား ခန့်အပ်မှုကို မှတ်ပုံတင်ခြင်း
၂၄၀။ ကုမ္ပဏီတစ်ခု၏ ပစ္စည်းများကို ထိန်းသိမ်းရန် ပစ္စည်းလက်ခံထိန်းသိမ်းသူတစ်ဦးခန့်အပ်သည့် အမိန့်တစ်ရပ်ကိုရရှိခဲ့လျှင် သို့မဟုတ် စာချုပ်စာတမ်းတစ်ရပ်ရပ်တွင်ပါရှိသော အခွင့်အာဏာများအရ အဆိုပါပစ္စည်း လက်ခံထိန်းသိမ်းသူတစ်ဦးအား ခန့်အပ်ခဲ့လျှင် ထိုသို့အမိန့်ချမှတ်သည့်နေ့ သို့မဟုတ် စာချုပ်စာတမ်းတွင်ပါရှိသော အခွင့်အာဏာအရခန့်အပ်သည့်နေ့မှ ၂၈ ရက်အတွင်း အဆိုပါအချက် အလက် နှင့်စပ်လျဉ်းသည့် အကြောင်းကြားမှုကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံ တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့နှင့် သက်ဆိုင်သည့် မှတ်ပုံတင်စာရင်းတွင် ထိုအချက်အလက်များကို ဖြည့်သွင်းရေးသားရမည်။
၂၄၁။ ပုဒ်မ ၂၄ဝ တွင် ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာရန် ပျက်ကွက်သူတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ပစ္စည်းလက်ခံထိန်းသိမ်းသူများ၏ ငွေစာရင်းများကို တင်ပြရခြင်း
၂၄၂။ (က) စာချုပ်စာတမ်းတစ်ရပ်ရပ်တွင် ပါရှိသော အခွင့်အာဏာအရခန့်အပ်ထားသည့် ကုမ္ပဏီ၏ ပစ္စည်းများကို လက်ခံထိန်းသိမ်းရသူအားလုံးသည် အဆိုပါပစ္စည်းများကို ရယူခဲ့ပြီး ထိုဆောင်ရွက်နေ သည့် ကာလတစ်လျှောက် ခြောက်လလျှင် တစ်ကြိမ်နှင့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူအဖြစ် ဆောင်ရွက် ခြင်းမှ ရပ်စဲခဲ့လျှင် သက်ဆိုင်ရာကာလအတွင်း ၎င်းအနေဖြင့် လက်ခံရရှိခဲ့သည်များနှင့် ပေးချေခဲ့ရသည် များကို သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ကောက်နုတ်ချက် တစ်စောင်အား ပြုစု၍ မှတ်ပုံတင်အရာရှိထံ တင်ပြရမည်။ ထို့ပြင် လက်ခံထိန်းသိမ်းသူအဖြစ် ဆောင်ရွက်ခြင်းမှ ရပ်စဲခဲ့လျှင် အဆိုပါကိစ္စရပ်အတွက် အကြောင်းကြားမှုကို မှတ်ပုံတင်အရာရှိထံ တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းနှင့် သက်ဆိုင်သော မှတ်ပုံတင်စာရင်းတွင် ထိုအကြောင်းကြားမှုကို ဖြည့်သွင်းရေးသားရမည်။
(ခ) ကုမ္ပဏီ၏ ပစ္စည်းများကို လက်ခံထိန်းသိမ်းသူတစ်ဦးအား ခန့်အပ်သည့်အခါ ကုမ္ပဏီ၏အမည် ပါရှိသော စာရွက်စာတမ်းဖြစ်သော ကုန်ပို့လွှာများ၊ ကုန်အမှာစာများ၊ သို့မဟုတ် ကုမ္ပဏီကဖြစ်စေ ကုမ္ပဏီ၏ကိုယ်စားဖြစ်စေ သို့မဟုတ် ကုမ္ပဏီ၏ ပစ္စည်းလက်ခံထိန်းသိမ်းသူကဖြစ်စေ ထုတ်ဝေသည့် စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် စာများတွင်ပစ္စည်းလက်ခံ ထိန်းသိမ်းသူတစ်ဦးအား ခန့်အပ်ပြီး ဖြစ်ကြောင်းပါရှိသည့် ရေးသားဖော်ပြချက်အား ထည့်သွင်းဖော်ပြရမည်။
၂၄၃။ ပုဒ်မ ၂၄၂ တွင် ပါရှိသည့် သတ်မှတ်ချက်များကို လိုက်နာရန်ပျက်ကွက်လျှင် ကုမ္ပဏီနှင့် ထိုပျက်ကွက်မှုအား သိလျက်ဖြင့်တမင်ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာများ သို့မဟုတ် အခြား အရာရှိများ၊ ပစ္စည်းလက်ခံထိန်းသိမ်းသူများ တစ်ဦးစီသည် ဒဏ်ကြေးငွေကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ပေါင်နှံခြင်းနှင့်သက်ဆိုင်သော မှတ်ပုံတင်စာရင်း၏အမှားကို ပြင်ဆင်ခြင်း
၂၄၄။ (က) တရားရုံးသည် ပုဒ်မ ၂၂၉ အရ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းအား မှတ်ပုံတင်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် ထိုပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အချက်အလက်တစ်ရပ်ရပ် ချန်လှပ် ခဲ့ကြောင်း သို့မဟုတ် မှားယွင်းဖော်ပြထားကြောင်း သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန် တင်ရှိခြင်း တစ်ရပ်အားပြုလုပ်ခြင်းအတွက် ကြွေးမြီတစ်ရပ်ပေးရန်ရှိသည့် အကြောင်းအား မှတ်ပုံတင် အရာရှိထံသို့ ဖော်ပြအကြောင်းကြားရန် ပျက်ကွက်ခြင်းတို့မှာ မတော်တဆကြောင့် ဖြစ်ကြောင်း သို့မဟုတ် တမင်ရည်ရွယ်လုပ်ဆောင်ခြင်း မဟုတ်ကြောင်း သို့မဟုတ် အခြားလုံလောက်သော အကြောင်း ပြချက်များကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီ၏မြီရှင်များ သို့မဟုတ် အစုရှယ်ယာပိုင်ရှင် များကို ထိခိုက်နိုင်သည့် အခြေအနေမရှိကြောင်း သို့မဟုတ် သက်သာခွင့်ပေးရန်သင့်တော်မျှတသည့် အခြားသော အခြေခံအကြောင်းများရှိကြောင်း ကျေနပ်လက်ခံခဲ့လျှင်ကုမ္ပဏီ သို့မဟုတ် အခြားသက်ဆိုင် သူတစ်ဦးဦးက လျှောက်ထားလာပါက တရားရုံးက သင့်တော်မျှတသည့် စည်းကမ်းချက်များကို သတ်မှတ်၍ မှတ်ပုံတင်ရမည့် အချိန်ကာလကို တိုးမြှင့်ပေးနိုင်သည် သို့မဟုတ် ချန်လှပ်မှု သို့မဟုတ် မှားယွင်းဖော်ပြမှုများကို ပြင်ဆင်စေနိုင်သည့်အပြင် တရားရုံးအနေဖြင့် သင့်သည်ထင်မြင်ပါက လျှောက် ထားမှုအတွက် ကုန်ကျ စရိတ်များနှင့် စပ်လျဉ်းသည့် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။
(ခ) တရားရုံးကပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတစ်ရပ်အား မှတ်ပုံတင်ခြင်းအတွက် အချိန်တိုးမြှင့်သတ်မှတ်ပေးသည့်အခါ အဆိုပါအမိန့်သည် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီ တာဝန်တင်ရှိ ခြင်းတစ်ရပ်အား မှတ်ပုံတင်ရမည့် အချိန်ကာလမတိုင်မီက သက်ဆိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ရရှိသောအခွင့်အရေးတစ်စုံတစ်ရာကို ထိခိုက်စေခြင်း မရှိစေရ။
ပေါင်နှံခြင်းနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့အရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများကို မှတ်ပုံတင်ခြင်း
၂၄၅။ (က) ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၂၉ အရ မှတ်ပုံတင်ရန် လိုအပ်သော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်ကို ငွေပေးချေမှု သို့မဟုတ် လိုက်နာဆောင်ရွက်မှုကို အပြည့်အဝ ပြုလုပ်ပြီးသည့်နေ့မှ ၂၈ ရက် အတွင်း မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန်တာဝန်ရှိသည်။ ထို့ပြင် အပေါင်ခံသူ သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းကို ရရှိသူသည် ငွေပေးချေမှု သို့မဟုတ် လိုက်နာ ဆောင်ရွက်ရမှုများကို မှတ်တမ်းတင်နိုင်ကြောင်း စာဖြင့်ရေးသားတင်ပြရမည်။
(ခ) ပုဒ်မခွဲ (က) အရ တင်ပြချက်ကို လက်ခံ ရရှိသည့်အခါ မှတ်ပုံတင်အရာရှိသည် အကြောင်းပြချက် တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိပါက ထိုသို့ လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့် သက်ဆိုင်သည့် မှတ်တမ်းတစ်စောင်ကို မှတ်ပုံတင်စာရင်းတွင် ဖြည့်သွင်းဖော်ပြရမည်ဖြစ်ပြီး လိုအပ်ပါက ယင်း၏မိတ္တူ တစ်စောင်ကို ကုမ္ပဏီသို့ ပေးအပ်ရမည်။
ပြစ်မှုပြစ်ဒဏ်များ
၂၄၆။ (က) ကုမ္ပဏီတစ်ခုခုသည် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အချက်အလက်များအား မှတ်ပုံတင်နိုင်ရေးအတွက် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန်ပျက်ကွက်မှုတစ်စုံတစ်ရာရှိခဲ့ပါကမှတ်ပုံတင် ခြင်းသည် အခြားသူတစ်ဦးဦး၏ လျှောက်ထားမှုအရဆောင်ရွက်ရခြင်း မဟုတ်လျှင် ကုမ္ပဏီနှင့်ယင်း၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများ၊ သို့မဟုတ် ပျက်ကွက်မှုတွင် သိလျက်ဖြင့်ပါဝင်ဆောင်ရွက်ခဲ့ ကြသူများတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
(၁) ကုမ္ပဏီက ပြုလုပ်ထားသော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊
(၂) ပုဒ်မ ၂၂၉ သို့မဟုတ် ပုဒ်မ ၂၃ဝ အရ မှတ်ပုံတင်ထားသော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်း တစ်ရပ်ရပ်နှင့်သက်ဆိုင်သော ကြွေးမြီပေးချေပြီးခြင်း သို့မဟုတ် လိုက်နာဆောင်ရွက်ပြီးခြင်း တို့လည်းကောင်း၊
(၃) ဤဥပဒေပါ အထက်တွင်ဖော်ပြထားသောပြဋ္ဌာန်းချက်များအရ မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ရန် လိုအပ်သောအစဉ်လိုက် ဒီဘင်ချာများ ထုတ်ဝေခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း၊
(ခ) အထက်ဖော်ပြပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုခုသည် ယင်းက ပြုလုပ်ထားသော ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတစ်ရပ်ရပ်အား မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင် ခြင်းနှင့် သက်ဆိုင်သော ဤဥပဒေပါ သတ်မှတ်ချက် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ခဲ့လျှင် ကုမ္ပဏီ နှင့် ထိုပျက်ကွက်မှုအားသိလျက်ဖြင့် တမင်ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ များ တစ်ဦးစီသည် အခြားသောတာဝန်ရှိမှုများကို ထိခိုက်စေခြင်းမရှိစေဘဲ ဒဏ်ကြေးငွေ ကျပ်နှစ်သိန်း ငါးသောင်းကို ပေးဆောင်ရမည်။
(ဂ) ဤဥပဒေပါ အထက်တွင်ဖော်ပြထားသော ပြဋ္ဌာန်းချက်များအရ မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ရန် လိုအပ်သော ဒီဘင်ချာတစ်ရပ်ရပ် သို့မဟုတ် ဒီဘင်ချာစတော့ (Debenture Stock) အထောက်အထားလက်မှတ် တစ်ရပ်ရပ်ကို ယင်းတို့အပေါ် ထပ်မံထောက်ခံ အတည်ပြုထားသည့် မှတ်ပုံတင်အထောက်အထား လက်မှတ်မိတ္တူတစ်စောင်မပါရှိဘဲ ပေးပို့ရန် တစ်ဦးဦးမှသိလျက်ဖြင့် တမင်ခွင့်ပြုခဲ့လျှင် ထိုသူသည် အခြားသောတာဝန်ရှိမှုများကို ထိခိုက်စေခြင်းမရှိစေဘဲ ဒဏ်ကြေးငွေကျပ် နှစ်သိန်း ငါးသောင်းကို ပေးဆောင်ရမည်။
၂၄၇။ ပေါင်နှံခြင်းနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းနှင့် သက်ဆိုင်သည့် ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်း မည်သည့်ကုမ္ပဏီမဆို ပေါင်နှံခြင်းနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့အတွက် မှတ်ပုံတင်စာရင်းတစ်ခုကို ပြုစုထားရှိရမည်ဖြစ်ပြီး ယင်းမှတ်ပုံတင်စာရင်းတွင် ကုမ္ပဏီ၏ပစ္စည်းများနှင့် သက်ဆိုင်သည့်ပေါင်နှံ ခြင်းနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့အားလုံး၊ ကုမ္ပဏီ၏ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်း တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge) အားလုံး၊ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်ထားသောပစ္စည်းများနှင့် သက်ဆိုင် သည့် အကျဉ်းချုပ်ဖော်ပြချက်၊ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်ထားသည့် ငွေပမာဏနှင့် အပေါင်ခံသူများ သို့မဟုတ် ၎င်းတို့နှင့် သက်ဆိုင်သူများ၏ အမည်များကို ရေးသွင်း ဖော်ပြရမည်။
၂၄၈။ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများသည် ပုဒ်မ ၂၄၇ အရပြုလုပ်ရန် လိုအပ်သော ရေးသွင်းဖော်ပြချက်တစ်ရပ်ရပ်ကို ရေးသွင်းဖော်ပြရန် ပျက်ကွက်ခြင်းအားသိလျက်ဖြင့် တမင်ခွင့်ပြုခဲ့ လျှင် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ပေါင်နှံခြင်းနှင့်ကြွေးမြီတာဝန်တင်ရှိခြင်းတို့ ပြုလုပ်သည့် စာချုပ်စာတမ်းမိတ္တူများ၊ ပေါင်နှံမှုနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့နှင့် သက်ဆိုင်သည့်ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းများအား စစ်ဆေးကြည့်ရှု နိုင်ခွင့်ရှိခြင်း
၂၄၉။ ပုဒ်မ ၂၃၉ အရ ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းတွင် သိမ်းဆည်းထားရှိရမည့် မှတ်ပုံတင် အရာရှိထံသို့ ဤဥပဒေအရ မှတ်ပုံတင်ရန်လိုအပ်သည့် ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိ ခြင်းအား ပြုလုပ်သောစာချုပ်စာတမ်းများ၏ မိတ္တူများနှင့် ပုဒ်မ ၂၄၇ နှင့်အညီ ထိန်းသိမ်းထားရှိသည့် ပေါင်နှံခြင်းနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့ဆိုင်ရာ မှတ်ပုံတင်စာရင်းတို့အား ကုမ္ပဏီ၏ မည်သည့်မြီရှင် သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးကို သင့်လျော်သောအချိန်တိုင်းတွင် အခမဲ့ စစ်ဆေးကြည့်ရှုခွင့် ပြုရမည်ဖြစ်ပြီး ပေါင်နှံခြင်းနှင့် ကြွေးမြီတာဝန်တင်ရှိခြင်းတို့ဆိုင်ရာ မှတ်ပုံတင်စာရင်းအား ကုမ္ပဏီက သတ်မှတ်ထားသည့် အခကြေးငွေတစ်ရပ်ကို ပေးသွင်းစေလျက် အခြားသူတစ်ဦးဦးကို စစ်ဆေးကြည့်ရှု ခွင့်ပြုရမည်။
၂၅၀။ ပုဒ်မ ၂၄၉ အရ မိတ္တူများ သို့မဟုတ် မှတ်ပုံတင်စာရင်းများကို စစ်ဆေးကြည့်ရှုခြင်းအား ငြင်းပယ် ခဲ့လျှင် ကုမ္ပဏီသည် ဒဏ်ကြေးငွေကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ထိုသို့ ငြင်းပယ် မှုကို သိလျက်ဖြင့်ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် တူညီသော ပြစ်ဒဏ်ကိုကျခံစေရမည်။ ထိုပြစ်ဒဏ်များအပြင် တရားရုံးသည် အမိန့်တစ်ရပ်ထုတ်ပြန်၍ အဆိုပါ မိတ္တူများ သို့မဟုတ် မှတ်ပုံတင်စာရင်းများကို ချက်ချင်းစစ်ဆေးကြည့်ရှုခွင့်ပြုစေနိုင်သည်။
ဒီဘင်ချာပိုင်ဆိုင်သူများနှင့်သက်ဆိုင်သည့် မှတ်ပုံတင်စာရင်းအား စစ်ဆေးကြည့်ရှုနိုင်ခွင့်နှင့် ယုံကြည်အပ်နှံရေးစာချုပ်များ၏ မိတ္တူများကို ရယူနိုင်ခွင့်ရှိခြင်း
၂၅၁။ (က) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြထားသည့်ကာလ သို့ရာတွင် မည်သည့်ခုနှစ်တွင် မဆို စုစုပေါင်း ၃ဝ ရက်ထက် ကျော်လွန်ခြင်းမရှိသည့် ကာလများမှအပ ကျန်ကာလများတွင် ကုမ္ပဏီတစ်ခု၏ ဒီဘင်ချာပိုင်ဆိုင်သူများနှင့် သက်ဆိုင်သည့်မှတ်ပုံတင်စာရင်းအားလုံးကို အဆိုပါ ဒီဘင်ချာများအား တရားဝင်ပိုင်ဆိုင်ထားသူ သို့မဟုတ် ကုမ္ပဏီ၏ အစုရှယ်ယာ ပိုင်ရှင်တစ်ဦးဦးက စစ်ဆေးကြည့်ရှုခြင်းကို ခွင့်ပြုရမည်။ သို့သော် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးတွင်ချမှတ်နိုင်သည့် သင့်လျော်မှုရှိသော ကန့်သတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး စစ်ဆေးကြည့်ရှုခွင့်ပြုထားသည့် နေ့တစ်နေ့စီအတွက် အနည်းဆုံး နှစ်နာရီ ခွင့်ပြုနိုင်စေရန်အလို့ငှာ အဆိုပါပိုင်ဆိုင်သူအားလုံးသည် ကုမ္ပဏီက သတ်မှတ် ထားသည့် သင့်လျော်သော အခကြေးငွေကို ပေးသွင်းလျက် ဖော်ပြပါ မှတ်ပုံတင် စာရင်း သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ဒေသကို မိတ္တူတစ်စောင် တောင်းယူနိုင်သည်။
(ခ) ဒီဘင်ချာများ ထုတ်ဝေခြင်းအတွက် အာမခံရန်ချုပ်ဆိုထားသည့် ယုံကြည်အပ်နှံမှု စာချုပ်တစ်ရပ် ရပ်၏ မိတ္တူတစ်စောင်ကို အဆိုပါ ဒီဘင်ချာများကို ပိုင်ဆိုင်သူတစ်ဦးဦးက တောင်းဆိုလာလျှင် ကုမ္ပဏီ ကသတ်မှတ်ထားသည့် သင့်လျော်သော အခကြေးငွေကို ပေးသွင်းစေလျက် ဖော်ပြပါပိုင်ဆိုင်သူများထံသို့ ပေးအပ်ရမည်။
၂၅၂။ ပုဒ်မ ၂၅၁ အရ စစ်ဆေးကြည့်ရှုခွင့်အား ငြင်းပယ်လျှင်၊ သို့မဟုတ် မိတ္တူတစ်စောင်အား ပေးအပ်ရန် ငြင်းပယ်လျှင် သို့မဟုတ် ပေးပို့ခြင်းမပြုလျှင် ကုမ္ပဏီသည် ဒဏ်ကြေးငွေကျပ်နှစ်သိန်း ငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ထိုသို့ငြင်းပယ်မှုကို သိလျက်ဖြင့်ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် တူညီသောပြစ်ဒဏ်ကို ကျခံစေရမည်။ ထို့အပြင် တရားရုံးသည် အမိန့်တစ်ရပ် ထုတ်ပြန်၍ အဆိုပါမှတ်ပုံတင်စာရင်းများကို ချက်ချင်းစစ်ဆေး ကြည့်ရှု ခွင့်ပြုစေနိုင်သည်။
အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်းအရ ဦးစားပေးတောင်းဆိုမှုများတွင် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge) နှင့် သက်ဆိုင်သည့် ရရန်ပိုင်ခွင့်များမှ အချို့ကြွေးမြီများကို ပေးချေရခြင်း
၂၅၃။ (က) အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge) တစ်ရပ်ဖြင့် အာမခံ ထားရှိသော ကုမ္ပဏီတစ်ခု၏ ဒီဘင်ချာတစ်ရပ်ရပ်ကို ပိုင်ဆိုင်ထားသူများ၏ကိုယ်စား ပစ္စည်းလက်ခံ ထိန်းသိမ်းသူတစ်ဦးကို ခန့်အပ်ထားလျှင် သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းတို့တွင် ပါဝင်သော သို့မဟုတ် သက်ဆိုင်သောပစ္စည်းတစ်ရပ်ရပ်၏ ဖော်ပြပါဒီဘင်ချာပိုင်ရှင်က ဖြစ်စေ၊ ယင်း၏ကိုယ်စား ဖြစ်စေ ပိုင်ဆိုင်မှုကို ရယူထားလျှင် ကုမ္ပဏီသည် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း မရှိသည့်ကာလတွင် ဖြစ်ပါက အပိုင်း (၅)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းသည့် ကိစ္စရပ်အားလုံးတွင် အခြားသော ကြွေးမြီများထက် ဦးစွာပေးချေရမည့် ဦးစားပေး ငွေပေးချေမှုများအား ပစ္စည်းလက်ခံ ထိန်းသိမ်းသူ သို့မဟုတ် ပိုင်ဆိုင်ရယူထားသူများ လက်ဝယ်သို့ ရောက်ရှိလာမည့် ရရန်ပိုင်ခွင့်များ တစ်ရပ်ရပ်မှ ပေးချေရမည်ဖြစ်ပြီး ဒီဘင်ချာများနှင့် သက်ဆိုင်သည့် မူလငွေရင်း သို့မဟုတ် အတိုး အတွက် တောင်းဆိုမှုတစ်ရပ်ရပ်ထက် ဦးစားပေးငွေပေးချေရမည်။
(ခ) အပိုင်း (၅) ၏ ပြဋ္ဌာန်းချက်များတွင် ဖော်ပြပါရှိသော အချိန်ကာလသတ်မှတ်ချက်ကို ပစ္စည်းလက်ခံ ထိန်းသိမ်းသူအား ခန့်အပ်သည့်နေ့ရက် သို့မဟုတ် အထက်ဖော်ပြပါအတိုင်း ပိုင်ဆိုင်ရယူသည့် နေ့ရက်မှ စတင်၍ရေတွက်ရမည်။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ ပြုလုပ်သည့်ငွေပေးချေမှုများအားလုံးကို မြီရှင်များ၏ပေးချေမှု အတွက်ထားရှိသော ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များမှ ဖြစ်နိုင်သမျှ ပေးချေရမည်။
အခန်း(၂၃)
ပစ္စည်းလက်ခံထိန်းသိမ်းသူများကို ခန့်အပ်ခြင်း၊ စာရင်းစာအုပ်များကို ပြုစုခြင်း၊ ပြင်ပကော်ပိုရေးရှင်း များက ဆောင်ရွက်သော ကြွေးမြီတာဝန်တင်ရှိခြင်းများ (Charges) ကို မှတ်ပုံတင်ခြင်း
ပြည်ပကော်ပိုရေးရှင်းများနှင့်စပ်လျဉ်းသည့် ကြွေးမြီတာဝန်တင်ရှိခြင်းများ (Charges) ကို မှတ်ပုံတင်ခြင်း
၂၅၄။ ပုဒ်မ ၂၂၈ မှ ပုဒ်မ ၂၃၉ အထိ နှင့် ပုဒ်မ ၂၄၄ မှ ပုဒ်မ ၂၅၂ အထိတို့တွင်ပါရှိသည့် ပြဋ္ဌာန်းချက်များ သည် ဤဥပဒေအရ ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ထားပြီး နိုင်ငံတော်အတွင်း စီးပွားရေး လုပ်ငန်းနေရာတစ်ရပ်ထားရှိသည့် နိုင်ငံတော်၏ပြင်ပတွင်ဖွဲ့စည်းတည်ထောင်ထားသော ကော်ပိုရေးရှင်း တစ်ခုက ရရှိပိုင်ဆိုင်ထားသော နိုင်ငံတော်အတွင်းရှိ ပစ္စည်းများအပေါ် ကြွေးမြီတာဝန်တင်ရှိခြင်းများ (Charges) ပြုလုပ်ခြင်းများသော်လည်းကောင်း၊ ကြွေးမြီတာဝန်တင်ရှိခြင်းများရှိသည့် နိုင်ငံတော် အတွင်းရှိ ပစ္စည်းများကို ရယူပိုင်ဆိုင်ခြင်းများသော်လည်းကောင်း သက်ဆိုင်စေရမည်။
ပစ္စည်းလက်ခံထိန်းသိမ်းသူအား ခန့်အပ်မှုကို အကြောင်းကြားခြင်း
၂၅၅။ ပုဒ်မ ၂၄ဝ မှ ပုဒ်မ ၂၄၃ အထိ ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များသည် ဤဥပဒေအရ ပြည်ပ ကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ထားပြီး နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်းနေရာ တစ်ရပ် ထားရှိသည့် နိုင်ငံတော်၏ ပြင်ပတွင် ဖွဲ့စည်းတည်ထောင်ထားသော ကော်ပိုရေးရှင်းအားလုံးနှင့် လိုအပ် သလို သက်ဆိုင်စေရမည်။
စာရင်းစာအုပ်များနှင့် မှတ်တမ်းများကိုထိန်းသိမ်းထားရှိခြင်း
၂၅၆။ ပုဒ်မ ၂၅၈ တွင် ဖော်ပြပါရှိသည့်ပြဋ္ဌာန်းချက်များသည် ဤဥပဒေအရ ပြည်ပကော်ပိုရေးရှင်းတစ်ခု အဖြစ် မှတ်ပုံတင်ထားပြီး နိုင်ငံတော်အတွင်း စီးပွားရေးလုပ်ငန်း နေရာထားရှိသည့် နိုင်ငံတော်ပြင်ပတွင် ဖွဲ့စည်းထားသည့် ကော်ပိုရေးရှင်း၏ စီးပွားရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ လက်ခံရရှိသော သို့မဟုတ် သုံးစွဲခဲ့သောငွေကြေးများ၊ ပြုလုပ်ခဲ့သောရောင်းချမှုများနှင့် ဝယ်ယူမှုများ၊ ရရန်ပိုင်ခွင့်များနှင့် တာဝန်ရှိမှု များနှင့် သက်ဆိုင်သော အဆိုပါပုဒ်မအရ လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာများကို နိုင်ငံတော် အတွင်းရှိ အဓိကစီးပွားရေးလုပ်ငန်းနေရာတွင် ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး ယင်းကော်ပိုရေးရှင်းများ နှင့် သက်ဆိုင်စေရမည်။
အခန်း(၂၄)
ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံစာများနှင့်စာရင်းစစ်ဆေးခြင်းများအကြောင်း
ဤအခန်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာရခြင်း
၂၅၇။ (က) အောက်ပါကိစ္စရပ်များအတွက် ဤအခန်းပါ ပြဋ္ဌာန်းချက်များကို မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေနှင့် အခြားသောသက်ဆိုင်ရာဥပဒေများပါ သတ်မှတ်ချက်များ သို့မဟုတ် ယင်းတို့အရ ပြုလုပ်ထား သည့် သတ်မှတ်ချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရမည်-
(၁) ထိန်းသိမ်းထားရှိရမည့် စာရင်းစာအုပ်များ၊
(၂) ကုမ္ပဏီတွင် ပါဝင်သူများထံသို့ တင်ပြရမည့် ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများနှင့် အစီရင်ခံစာများ၊
(၃) အဆိုပါ စာရင်းစာအုပ်များနှင့် အစီရင်ခံစာများအား ပြုစုထိန်းသိမ်းရာတွင် လိုက်နာရမည့်စာရင်း များထားရှိခြင်းဆိုင်ရာစံနှုန်းများနှင့်
(၄) အဆိုပါ စာရင်းများအား စစ်ဆေးရာတွင် လိုက်နာရမည့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ စံနှုန်းများ။
(ခ) ဤအခန်းပါ သတ်မှတ်ချက်များ သို့မဟုတ် ဤအခန်း အရပြုလုပ်သည့် သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေပါ သတ်မှတ်ချက်များ သို့မဟုတ် ယင်းဥပဒေအရ ပြုလုပ်သည့် သတ်မှတ်ချက်များအကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိခဲ့လျှင် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါသတ်မှတ် ချက်များ သို့မဟုတ် ယင်းဥပဒေအရ ပြုလုပ်သည့် သတ်မှတ်ချက်များက လွှမ်းမိုးသည်။
(ဂ) အောက်ပါ အကြောင်းအချက်များမရှိလျှင် ပုဒ်မ ၂၆ဝ မှ ပုဒ်မ ၂၆၈ အထိ နှင့် ပုဒ်မ ၂၇၉၊ ပုဒ်မခွဲ (ခ) တို့သည် အသေးစားကုမ္ပဏီများနှင့် သက်ဆိုင်ခြင်းမရှိစေရ-
(၁) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းသည် အဆိုပါပြဋ္ဌာန်းချက်များကို လိုက်နာခြင်း သို့မဟုတ် အလားတူသတ်မှတ်ချက်များကို ဖော်ပြထားခြင်း သို့မဟုတ်
(၂) ကုမ္ပဏီတွင်ပါဝင်သူများသည် သာမန်ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်၍ အဆိုပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ဆုံးဖြတ်ခြင်း သို့မဟုတ်
(၃) မှတ်ပုံတင်အရာရှိက အဆိုပါပြဋ္ဌာန်းချက် များကို လိုက်နာသင့်သည်ဟု ဆုံးဖြတ်ခြင်း။
ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများ၊ စာရင်းစာအုပ်များနှင့်ငွေစာရင်းများကို ပြုစုရန်အတွက် ကုမ္ပဏီတွင် ထားရှိရမည့် မှတ်တမ်းများနှင့် သင့်တော်သည့် မှတ်တမ်းများကို ထားရှိခြင်း
၂၅၈။ (က) ကုမ္ပဏီအားလုံးသည် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ စာရင်းများထားရှိခြင်းဆိုင်ရာ သက်ဆိုင်သောစံနှုန်းများနှင့်အညီ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေ ဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းများ ပြုစုဆောင်ရွက်နိုင်ရန်အတွက် စာဖြင့်ရေးသားထားသည့် ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများကို ထိန်းသိမ်းထားရှိရမည်-
(၁) ကုမ္ပဏီက လက်ခံရရှိသော သို့မဟုတ် သုံးစွဲခဲ့သော ငွေကြေးစုစုပေါင်းနှင့် လက်ခံရရှိခဲ့သော သို့မဟုတ် သုံးစွဲကုန်ကျခဲ့သော ငွေကြေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊
(၂) ကုမ္ပဏီမှ ကုန်ပစ္စည်းရောင်းချခြင်း သို့မဟုတ် ကုန်ပစ္စည်းဝယ်ယူခြင်း၊
(၃) ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်ရှိမှုများနှင့်
(၄) ဤဥပဒေအရ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေအရ သတ်မှတ်ဖော်ပြထားသည့် ငွေကြေး ဆိုင်ရာ အခြားကိစ္စရပ်များ။
(ခ) မှတ်တမ်းများကို ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းတွင် သို့မဟုတ် ဒါရိုက်တာများမှ သင့်သည် ထင်မြင်သည့် အခြားနေရာတွင် ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး ရုံးလုပ်ငန်းချိန်အတွင်း ဒါရိုက်တာများ က စစ်ဆေးကြည့်ရှုခွင့်ရှိစေရမည်။
၂၅၉။ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးဦးသည် ၎င်းတို့၏ တမင်ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုကြောင့် ပုဒ်မ ၂၅၈ ပါသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ပျက်ကွက်မှုကို ဖြစ်ပေါ်စေခဲ့လျှင် အဆိုပါပြစ်မှုနှင့်စပ်လျဉ်း၍ ၎င်းတို့သည် ဒဏ်ကြေးငွေကျပ်ခုနစ်သိန်း ငါးသောင်းကို ပေးဆောင်ရမည်။
နှစ်စဉ်လက်ကျန်ရှင်းတမ်း
၂၆၀။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ကုမ္ပဏီအားလုံး၏ ဒါရိုက်တာများသည် ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင်သည့်နေ့မှ ၁၈ လအတွင်း ကျင်းပရမည်ဖြစ်ပြီး ယင်းနောက်ပိုင်း၌ ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် သတ်မှတ်၍ ဤဥပဒေအရ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေအရလိုအပ်သော ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတွင် ရှင်းလင်းတင်ပြရမည်။ ယင်းသို့တင်ပြရာတွင် လက်ကျန်ရှင်းတမ်း (balance sheet)၊ အရှုံးအမြတ် စာရင်း၊ သို့မဟုတ် အကျိုးအမြတ်အတွက် ကုန်သွယ်ရောင်းဝယ်ခြင်းမပြုသော ကုမ္ပဏီဖြစ်လျှင် သက်ဆိုင်ရာ ကာလအတွက် ဝင်ငွေနှင့် အသုံးစရိတ်စာရင်း၊ ကုမ္ပဏီအား စတင်ဖွဲ့စည်းတည်ထောင် ပြီးနောက် ပထမဦးဆုံး စာရင်းဖြစ်စေ၊ စာရင်းတစ်ခုအားပြုစုပြီးနောက်ဖြစ်စေ အစည်းအဝေး ကျင်းပ သည့် နေ့ရက်မတိုင်မီ ကိုးလထက်မစောသော နေ့ရက်အထိ ပြုစုထားသောစာရင်း၊ စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသော သို့မဟုတ် နိုင်ငံတော်၏ပြင်ပတွင် အကျိုးခံစားခွင့်များရရှိသော ကုမ္ပဏီ တစ်ခုဖြစ်ပါက ၁၂လ ထက်မပိုသောကာလတွင် ပြုစုထားသည့် စာရင်းများပါရှိရမည်။ သို့ရာတွင် မှတ်ပုံတင်အရာရှိသည် အထူးအကြောင်းပြချက်ရှိကြောင်း တွေ့ရှိလျှင် သုံးလထက်မပိုသော ကာလ တစ်ရပ်ဖြင့် အဆိုပါကာလအား တိုးမြှင့်ပေးနိုင်သည်။
(ခ) ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများကို ဤအခန်း၏ နောက်ပိုင်းတွင် ဖော်ပြပါရှိသည့်အတိုင်း ကုမ္ပဏီ ၏ စာရင်းစစ်က စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ပြီး စာရင်းစစ်အစီရင်ခံစာကို ယင်းရှင်းတမ်းနှင့် အတူ ပူးတွဲတင်ပြရမည် သို့မဟုတ် အစီရင်ခံစာပါ ရည်ညွှန်းချက်များကို ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်း၏ အောက်ခြေတွင် ထည့်သွင်းဖော်ပြရမည်။ ထိုအစီရင်ခံစာအား ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတွင် ရှင်းလင်းတင်ပြရမည်ဖြစ်ပြီး ကုမ္ပဏီတွင် ပါဝင်သူများက စစ်ဆေးကြည့်ရှုနိုင်စေရန်အတွက် ထားရှိရ မည်။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ကုမ္ပဏီအားလုံးသည် စာရင်းစစ်ဆေးထားပြီး ဖြစ်သော အဆိုပါ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ၏ မိတ္တူတစ်စောင်ကို စာရင်းစစ်အစီရင်ခံစာမိတ္တူ တစ်စောင်နှင့်အတူ ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်ထားသော လိပ်စာများသို့ အစည်းအဝေး ဖိတ်ကြားစာဖြင့် ပူးတွဲလျက်ပေးပို့ရမည်။ ထို့အပြင် ယင်းတို့၏ မိတ္တူတစ်စောင်ကို အစည်းအဝေးစတင် ကျင်းပခြင်းမပြုမီ အနည်းဆုံး ၂၁ ရက် ကြိုတင်၍ ကုမ္ပဏီတွင်ပါဝင်သူများက စစ်ဆေးကြည့်ရှုနိုင်စေ ရန်အတွက် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းတွင် ထားရှိရမည်။ ဤဥပဒေ သို့မဟုတ် အခြား သက်ဆိုင်ရာဥပဒေများကို ထိခိုက်ခြင်းမရှိစေဘဲ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဤပုဒ်မအရ ကုမ္ပဏီတွင် ပါဝင်သူများသို့ ငွေကြေးဆိုင်ရာ ရှင်းတမ်းများကို အီလက်ထရောနစ်နည်းဖြင့် ပေးပို့နိုင် ကြောင်း သတ်မှတ်နိုင်သည်။
ဒါရိုက်တာများ၏ အစီရင်ခံစာ
၂၆၁။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုခု၏ ဒါရိုက်တာများသည် ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းနှင့်အတူ ကုမ္ပဏီ၏လုပ်ငန်းကိစ္စရပ်များ၊ အမြတ်ဝေစုအဖြစ် ပေးသင့်သည် ဟု ထောက်ခံတင်ပြမည့် ပမာဏရှိခဲ့လျှင် ယင်းပမာဏ၊ လက်ကျန်ရှင်းတမ်း(balance sheet)တွင် သီးခြားဖော်ပြထားသည့် သီးသန့်ရန်ပုံငွေ၊ အထွေထွေရန်ပုံငွေ သို့မဟုတ် သီးသန့်ငွေစာရင်းတို့တွင် ထားရှိသင့်သည့် ငွေရှိခဲ့လျှင် ယင်းငွေပမာဏ သို့မဟုတ် နောက်ဆက်တွဲ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းနှင့် အတူ တင်ပြထားသော နောက်ဆက်တွဲ လက်ကျန်ရှင်းတမ်း (balance sheet) တစ်ရပ်ရပ်တွင် သီးခြား ဖော်ပြထားသည့် သီးသန့်ရန်ပုံငွေ၊ အထွေထွေရန်ပုံငွေ သို့မဟုတ် သီးသန့်ငွေစာရင်းတို့တွင် ထားရှိသင့် သည့်ငွေရှိခဲ့လျှင် ယင်းငွေပမာဏတို့နှင့် စပ်လျဉ်းသော အစီရင်ခံစာတစ်စောင်ကို ပြုစုရမည်။
(ခ) ပုဒ်မခွဲ (က) တွင် ရည်ညွှန်းဖော်ပြပါရှိသည့် အစီရင်ခံစာတွင် ကုမ္ပဏီ၏ မူလစီးပွားရေး လုပ်ငန်းဆိုင်ရာဖော်ပြချက်၊ အဆိုပါနှစ်ကာလအတွင်း ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာသုံးသပ် ဖော်ပြချက်၊ ကုမ္ပဏီတွင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မသေချာသော ကိစ္စရပ်များဆိုင်ရာ ဖော်ပြချက်နှင့် အခြားသတ်မှတ်ဖော်ပြထားသည့် ကိစ္စရပ်များအပါအဝင် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း ဆိုင်ရာ လျော်ကန်မျှတသည့် သုံးသပ်တင်ပြချက် တစ်ရပ်ပါရှိရမည်။ အစီရင်ခံစာကို ဒါရိုက်တာများက ဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်းထားလျှင် ဒါရိုက်တာများ၏ ကိုယ်စားအဖြစ် ဥက္ကဋ္ဌက လက်မှတ် ရေးထိုးနိုင်သည်။
(ဂ) ပုဒ်မ ၂၅၉ တွင် ပါရှိသော ပြဋ္ဌာန်းချက်များသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန်သိလျက်ဖြင့် တမင်ပျက်ကွက်မှုကြောင့် အပြစ်ရှိသောဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ တစ်ဦးဦးနှင့် သက်ဆိုင်စေရမည်။
လက်ကျန်ရှင်းတမ်းတွင် ပါရှိရမည့်အကြောင်းအရာများ
၂၆၂။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုခု၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းနှင့်အတူ ပါရှိရမည်ဖြစ်သော လက်ကျန်ရှင်းတမ်း (balance sheet) တွင် ကုမ္ပဏီ၏ ပစ္စည်း များ၊ ရရန်ပိုင်ခွင့်များ၊ မတည်ငွေရင်းနှင့် တာဝန်ရှိမှုများ အကျဉ်းချုပ်ကို ဖော်ပြရမည်ဖြစ်ပြီး အဆိုပါ တာဝန်ရှိမှုများနှင့် ရရန်ပိုင်ခွင့်များ၏ ယေဘုယျအခြေအနေ၊ ပုံသေသတ်မှတ်ထားသည့် ရရန်ပိုင်ခွင့်များ ၏တန်ဖိုးကို မည်သို့တွက်ချက်ထားသည်ဟူသော ထုတ်ဖော်တင်ပြရမည့် အချက်အလက်များ ပါရှိရ မည်။
(ခ) လက်ကျန်ရှင်းတမ်း (balance sheet) ကို စာရင်းအင်းစံနှုန်းများအရ ကျင့်သုံးရသည့် ပုံစံ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်သည့် အခြားပုံစံဖြင့် ပြုစု ဆောင်ရွက်ရမည်။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုခု၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းနှင့် အတူပါရှိရမည်ဖြစ်သော အရှုံးအမြတ်စာရင်းတွင် ဒါရိုက်တာများသို့ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု အတွက် အခကြေးငွေ အဖြစ်ဝန်ဆောင်ခများ၊ ရာခိုင်နှုန်းများ သို့မဟုတ် အခြားနည်းတစ်ရပ်ရပ် အနေ ဖြင့် ပေးချေခဲ့သည့် ငွေပမာဏစုစုပေါင်းအား ဖော်ပြသည့်အချက်အလက်များ၊ ကုမ္ပဏီတွင်ပါဝင်သူများ ကချမှတ်သည့် အထူးဆုံးဖြတ်ချက်ဖြင့် လိုအပ်လျှင် အခြားအရာရှိတစ်ဦးဦးသို့ ပေးချေသည့်အခကြေး ငွေများနှင့် ပစ္စည်းတန်ဖိုးလျှော့တွက် ငွေအတွက် ပယ်ဖျက်သည့်တန်ဖိုးစုစုပေါင်းတို့ကို ထည့်သွင်း ဖော်ပြရမည်။ ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦးသည် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကုမ္ပဏီက အခြားကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအဖြစ်ခန့်ထားရန် အဆိုပြုချက်အရ ဆောင်ရွက်ခြင်းဖြစ်လျှင် အဆိုပါဒါရိုက်တာအဖြစ်သော်လည်းကောင်း၊ စီမံအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ အခြားနည်းတစ်ရပ်ရပ်ဖြင့် လည်းကောင်း ၎င်းကိုယ်ပိုင် အသုံးပြုမှုအတွက် ၎င်းမှရရှိသော အခကြေးငွေ သို့မဟုတ် အခြားလစာနှင့် စရိတ်များကို စာရင်း၏အောက်ခြေတွင် သို့မဟုတ် ပူးတွဲတင်ပြသည့် ရှင်းတမ်းတွင် မှတ်ချက်ဖြင့် ဖော်ပြပါရှိရမည်။
လက်အောက်ခံကုမ္ပဏီများနှင့် သက်ဆိုင်သောအချက်အလက်များကို လက်ကျန်ရှင်းတမ်းတွင် ထည့်သွင်းဖော်ပြရခြင်း
၂၆၃။ (က) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် အစုများပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့်အခါ မြန်မာနိုင်ငံစာရင်းကောင်စီက ပြဋ္ဌာန်းထားသော စာရင်းစံများအရ အဆိုပါ ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်းနှင့်အတူ အဆိုပါကုမ္ပဏီနှင့်တကွ ဤဥပဒေအရဖြစ်စေ၊ သက်ဆိုင်ရာ ဥပဒေအရဖြစ်စေ ဘဏ္ဍာရေးရှင်းတမ်းပြုစုရမည့် လက်အောက်ခံ ကုမ္ပဏီများအားလုံးသည့် အုပ်စု တစ်ခုလုံး၏ စုပေါင်းရေးဆွဲထားသည့် ဘဏ္ဍာရေးရှင်းတမ်းကို ပူးတွဲဖော်ပြရမည်။
(ခ) အကြောင်းတစ်ရပ်ရပ်ကြောင့် အစုများပိုင်ဆိုင်သည့် ကုမ္ပဏီ၏ ဒါရိုက်တာများသည် ပုဒ်မခွဲ (က) ပါထုတ်ပြန်ချက်အားပြုစုရာတွင် လိုအပ်သည့် သတင်းအချက်အလက်များကို ရရှိနိုင်ခြင်းမရှိပါက လက်ကျန်ရှင်းတမ်းကို လက်မှတ်ရေးထိုးသော ဒါရိုက်တာများသည် အဆိုပါကိစ္စရပ်အား စာဖြင့်ရေးသား တင်ပြရမည်ဖြစ်ပြီး ၎င်းတို့၏ အစီရင်ခံစာကို အဆိုပါ ထုတ်ပြန်ချက်အစား လက်ကျန်ရှင်းတမ်းတွင် ပူးတွဲဖော်ပြရမည်။
(ဂ) အစုများပိုင်ဆိုင်သည့်ကုမ္ပဏီသည် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လျက် လက်အောက်ခံ ကုမ္ပဏီ တစ်ခုခုက ပုဒ်မ ၂၅၈ နှင့်အညီ ထိန်းသိမ်းထားရှိသော ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများကို စစ်ဆေး ကြည့်ရှုရန်အတွက် ဆုံးဖြတ်ချက်တွင် အမည်ဖော်ပြပါရှိသော ကိုယ်စားလှယ်များကို ကြည့်ရှုခွင့်ပေးနိုင် သည်။ ထိုသို့ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများကို ရုံးလုပ်ငန်းချိန်အတွင်း မည်သည့်အချိန်တွင်မဆို ထိုကိုယ်စားလှယ်များက စစ်ဆေးကြည့်ရှုနိုင်စေရန် ထားရှိရမည်။
(ဃ) ကုမ္ပဏီတွင်ပါဝင်သူများအား ပုဒ်မ ၂၆၈ အရ အပ်နှင်းထားသည့် အခွင့်အရေးများကို အစုများ ပိုင်ဆိုင်သည့် ကုမ္ပဏီတွင် ပါဝင်သူများက လက်အောက်ခံကုမ္ပဏီတစ်ခုခုနှင့်စပ်လျဉ်း၍ ၎င်းတို့သည် အဆိုပါလက်အောက်ခံ ကုမ္ပဏီတွင်ပါဝင်သူများ ဖြစ်သကဲ့သို့ ကျင့်သုံးဆောင်ရွက်နိုင်သည်။
လက်ကျန်ရှင်းတမ်း၏ အစစ်အမှန်ဖြစ်မှု
၂၆၄။ ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သောကုမ္ပဏီတစ်ခုက ထိန်းသိမ်းထားရှိရန် လိုအပ် သော လက်ကျန်ရှင်းတမ်းများကို ဒါရိုက်တာတစ်ဦးနှင့် အခြားအရာရှိတစ်ဦးက လက်မှတ်ရေးထိုး ရမည်။ သို့ရာတွင် ဒါရိုက်တာတစ်ဦးတည်းရှိသည့် ကုမ္ပဏီဖြစ်လျှင် ထိုတစ်ဦးတည်းသော ဒါရိုက်တာက လက်မှတ်ရေးထိုးရမည်။
၂၆၅။ ဤအခန်းအရ လိုအပ်သော လက်ကျန်ရှင်းတမ်း (balance sheet) ကို ကုမ္ပဏီထံ ရှင်းလင်း တင်ပြရာတွင်လည်းကောင်း၊ ထိုရှင်းတမ်းကို ထုတ်ဝေရာတွင်လည်းကောင်း ပျက်ကွက်မှုတစ်စုံတစ်ရာ ပြုလုပ်ခဲ့ပါက သို့မဟုတ် ဘဏ္ဍာရေးရှင်းတမ်း၊ အရှုံးအမြတ်စာရင်း သို့မဟုတ် ဝင်ငွေနှင့်အသုံးစရိတ် စာရင်း သို့မဟုတ် အခြားဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို ပုဒ်မ၂၆ဝ၊ ၂၆၂၊ ၂၆၃ နှင့် ၂၆၄ တို့ပါ ပြဋ္ဌာန်းချက်များအရ ပြုလုပ်ထားသည့် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ထုတ်ဝေ ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် ထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့လျှင် ကုမ္ပဏီနှင့် ပျက်ကွက်မှုတွင် သိလျက်ဖြင့် တမင်ပါဝင်ဆောင်ရွက်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် ဒဏ်ကြေး ငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်။
မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့် ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ၏မိတ္တူ
၂၆၆။ (က) ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းအား ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး၌ ရှင်းလင်းတင်ပြပြီး သည့်အခါ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အတွင်းရေးမှူးတစ်ဦးဦးက လက်မှတ်ရေးထိုးထားသော ယင်း၏ မိတ္တူတစ်စုံကို ပုဒ်မ ၉၇ တွင် ဖော်ပြပါရှိသော သတ်မှတ်ချက်များနှင့်အညီ ပြုစုထားသည့် နှစ်စဉ်ကုမ္ပဏီတွင် ပါဝင်သူများ၏ စာရင်းနှင့် အကျဉ်းချုပ်တို့၏ မိတ္တူများတင်ပြသည့် အချိန်ကာလ တွင် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။
(ခ) ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများအား တင်ပြသည့် အထွေထွေ အစည်းအဝေးသည် ယင်းဘဏ္ဍာရေး ဆိုင်ရာ ရှင်းတမ်းများအား အတည်မပြုခဲ့လျှင် ထိုသို့အတည်မပြုသည့် အချက်အလက်နှင့် အကြောင်းပြ ချက်များအတွက် ရေးသားဖော်ပြချက်တစ်ခုကို ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများတွင် ပူးတွဲထားရှိရမည် ဖြစ်ပြီး မှတ်ပုံတင်အရာရှိထံ တင်ပြရမည့် စာရွက်စာတမ်းမိတ္တူတွင်လည်း ပူးတွဲထားရှိရမည်။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ တစ်ရပ်ရပ်နှင့် သက်ဆိုင်ခြင်း မရှိစေရ။
၂၆၇။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၆၆ ပါသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် အဆိုပါကုမ္ပဏီနှင့် ပျက်ကွက်မှုအား သိလျက်ဖြင့် တမင်ခွင့်ပြုခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ကုမ္ပဏီတွင်ပါဝင်သူများက ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာများ၏ မိတ္တူများကို ရယူပိုင်ခွင့်ရှိခြင်း
၂၆၈။ ဤဥပဒေတွင်ပါရှိသော အခြားပြဋ္ဌာန်းချက်များမှတစ်ပါး ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် ဤအခန်းပါပြဋ္ဌာန်းချက်များအရ ကုမ္ပဏီကပြုစုရသည့် ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ၏ မိတ္တူများ ကို ရယူခွင့်ရှိသည်။
မှတ်ပုံတင်အရာရှိက စုံစမ်းစစ်ဆေးခြင်း
မှတ်ပုံတင်အရာရှိက သတင်းအချက်အလက်များ သို့မဟုတ် ရှင်းလင်းဖော်ပြချက်များကို တောင်းခံခြင်း
၂၆၉။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ၎င်းထံသို့ ကုမ္ပဏီတစ်ခုက တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းများကို စိစစ်ပြီးနောက် အဆိုပါ စာရွက်စာတမ်းများတွင် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် အချက်အလက်များ ပြည့်စုံမှုရှိစေရန်အလို့ငှာ သတင်းအချက် အလက်များ သို့မဟုတ် ရှင်းလင်းဖော်ပြချက်များ လိုအပ်နေသည်ဟု ထင်မြင်ယူဆပါက မှတ်ပုံတင် အရာရှိသည် စာဖြင့်ရေးသားထားသော အကြောင်းကြားစာတစ်ရပ်ကို ထုတ်ပြန်၍ ထိုအကြောင်းကြား စာတွင် သတ်မှတ်ပေးထားသည့် အချိန်ကာလအတွင်း ဖော်ပြပါသတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းဖော်ပြချက်ကို ကုမ္ပဏီက စာဖြင့်ရေးသား၍ တင်ပြစေရန် တောင်းဆိုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်ရပ်ကို လက်ခံရရှိသည့်အခါ ကုမ္ပဏီ၏ ဒါရိုက်တာများ သို့မဟုတ် အရာရှိများဖြစ်သည့် သို့မဟုတ် ဖြစ်ခဲ့သည့် ပုဂ္ဂိုလ်များသည် အဆိုပါသတင်းအချက် အလက် များ သို့မဟုတ် ရှင်းလင်းဖော်ပြချက်များကို အကောင်းဆုံးပြုစု၍ ပေးပို့တင်ပြရန် တာဝန်ရှိသည်။
(ဂ) အဆိုပါသတင်းအချက်အလက်များ သို့မဟုတ် ရှင်းလင်းဖော်ပြချက်များကို လက်ခံရရှိသည့်အခါ မှတ်ပုံတင်အရာရှိသည် ၎င်းထံသို့ တင်ပြထားသော မူလစာရွက်စာတမ်းများတွင် ယင်းတို့အား ပူးတွဲ ထားနိုင်သည်။ မှတ်ပုံတင်အရာရှိက ပူးတွဲထားရှိသော နောက်ဆက်တွဲ စာရွက်စာတမ်းတစ်ရပ်ရပ်ကို စစ်ဆေးဆောင်ရွက်ခြင်း၊ မိတ္တူများကူးယူခြင်းတို့တွင် မူလစာရွက်စာတမ်းများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကဲ့သို့ပင် လိုက်နာဆောင်ရွက်ရမည်။
(ဃ) အဆိုပါသတင်း အချက်အလက်များ သို့မဟုတ် ရှင်းလင်းဖော်ပြချက်များကို သတ်မှတ်ကာလ အတွင်း ပြုစုတင်ပြနိုင်ခြင်းမရှိခဲ့လျှင် သို့မဟုတ် မှတ်ပုံတင်အရာရှိက အဆိုပါ သတင်းအချက်အလက် များ သို့မဟုတ် ရှင်းလင်းဖော်ပြချက်များကို ဖတ်ရှုပြီးနောက် မေးမြန်းထားသည့် စာရွက်စာတမ်းတွင် သိလိုသော အကြောင်းအရာများကို ပြုစုတင်ပြမှုမှာ ကျေနပ်လက်ခံနိုင်ဖွယ်မရှိကြောင်း၊ သက်ဆိုင်သည့် ကိစ္စရပ်အပေါ် ပြည့်စုံမှန်ကန်သည့် ဖော်ပြချက်များ မပါရှိကြောင်းတွေ့ရှိရလျှင် မှတ်ပုံတင်အရာရှိသည် အဆိုပါ အခြေအနေများကို စာဖြင့်ရေးသား၍ ပြည်ထောင်စုဝန်ကြီးထံ အစီရင်ခံတင်ပြရမည်။
(င) ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် မြီရှင်တစ်ဦးဦးက မှတ်ပုံတင်အရာရှိထံသို့ တင်ပြထားသော ကိစ္စရပ် များ၌ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းကို မြီရှင်များအပေါ် လိမ်လည်တင်ပြမှု များဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သို့မဟုတ် ကုမ္ပဏီနှင့် ဆက်သွယ်လုပ်ကိုင်နေသူများ အပေါ်လိမ်လည် တင်ပြမှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သို့မဟုတ် လိမ်လည် လှည့်ဖြားလိုသောသဘောဖြင့် ဆောင်ရွက်လျက် ရှိကြောင်း တင်ပြလာလျှင် မှတ်ပုံတင်အရာရှိသည် စာဖြင့်ရေးသားထားသော အကြောင်းကြားစာဖြင့် ကုမ္ပဏီသို့ ကြားနာဆောင်ရွက်ရန် အခွင့်အရေးပေးပြီးနောက် အကြောင်းကြားစာတွင် သတ်မှတ်ဖော် ပြထားသည့် အချိန်ကာလအတွင်း အကြောင်းကြားစာတွင် သတ်မှတ်ပါရှိသည့် ကိစ္စရပ်နှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်များ သို့မဟုတ် ရှင်းလင်းတင်ပြချက်များအတွက် ကုမ္ပဏီအား ခေါ်ယူ မေးမြန်းနိုင်သည်။ ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် ပုဒ်မ ၂၇ဝ တို့တွင်ပါရှိသော ပြဋ္ဌာန်းချက်များသည် အဆိုပါ အမိန့်နှင့် သက်ဆိုင်စေရမည်။ မှတ်ပုံတင်အရာရှိသည် စုံစမ်းစစ်ဆေးမှု ပြုပြီးနောက် ဤပုဒ်မခွဲအရ အရေးယူဆောင်ရွက်ခဲ့သည့် တင်ပြချက်တစ်ရပ်ရပ်သည် အရေးမယူလောက်သော ကိစ္စဖြစ်သည် သို့မ ဟုတ် အနှောင့်အယှက်ဖြစ်စေသော ကိစ္စဖြစ်သည်ဟု တွေ့ရှိရလျှင် မှတ်ပုံတင်အရာရှိသည် အဆိုပါ သတင်းပေးတင်ပြသူ၏ အချက်အလက်များကို ကုမ္ပဏီသို့ အသိ ပေးရမည်။
(စ) ဤပုဒ်မတွင်ပါရှိသော ပြဋ္ဌာန်းချက်များသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ဤဥပဒေ အရ တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းများနှင့်လည်း အလားတူ သက်ဆိုင်စေရမည်။
၂၇၀။ ပုဂ္ဂိုလ်တစ်ဦးဦးသည် ပုဒ်မ ၂၆၉ အရ တောင်းဆိုသည့် သတင်းအချက်အလက်များ သို့မဟုတ် ရှင်းလင်းဖော်ပြချက်များကို ပြုစုပေးပို့ရန် ငြင်းဆိုလျှင် သို့မဟုတ် ပျက်ကွက်လျှင် ပြစ်မှုတစ်ရပ်စီ အတွက် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည့်အပြင် တရားရုံးသည် မှတ်ပုံတင်အရာရှိက တင်ပြလျှောက်ထားပါက ကုမ္ပဏီသို့ အကြောင်းကြားပြီးနောက်အဆိုပါ စာရွက်စာတမ်းများအား ပြုစု တင်ပြရန်အတွက် ကုမ္ပဏီအပေါ် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။ မှတ်ပုံတင်အရာရှိက စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု တရားရုံးအနေဖြင့် ထင်မြင်ပါက လိုအပ်သည့်စည်းကမ်းချက်များသတ်မှတ်၍ မှတ်ပုံတင် အရာရှိအား စုံစမ်းစစ်ဆေးခြင်းကို ခွင့်ပြုနိုင်သည်။
စစ်ဆေးဆောင်ရွက်ခြင်းများ
စုံစမ်းစစ်ဆေးသူများက ကုမ္ပဏီ၏လုပ်ငန်းကိစ္စများကို စုံစမ်းစစ်ဆေး ဆောင်ရွက်ခြင်း
၂၇၁။ (က) ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုဝန်ကြီးသည် အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေ်ပေါက်လာပါက ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများကို စုံစမ်းစစ်ဆေးရန်နှင့် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားသည့်နည်းလမ်းများအတိုင်း စုံစမ်းစစ်ဆေးမှုအား တင်ပြရန်အတွက် အရည်အချင်း ပြည့်ဝသောစုံစမ်းစစ်ဆေးသူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို ခန့်အပ်နိုင်သည်-
(၁) အစုရှယ်ယာ မတည်ငွေရင်းပါရှိသော ကုမ္ပဏီတစ်ခုခုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်တွင် ထုတ်ဝေ ထားသော အစုရှယ်ယာများ၏ တစ်ဆယ်ပုံတစ်ပုံထက်မနည်းသော အစုရှယ်ယာများကို ပိုင်ဆိုင်ထား သည့်ကုမ္ပဏီတွင် ပါဝင်သူများက လျှောက်ထားခြင်း၊
(၂) အစုရှယ်ယာ မတည်ငွေရင်းမပါရှိသော ကုမ္ပဏီတစ်ခုခုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ဖော်ပြပါရှိသူ အရေအတွက်၏ငါးပုံတစ်ပုံထက် မနည်းသောသူ များက လျှောက်ထားခြင်း၊
(၃) မည်သည့် ကုမ္ပဏီတစ်ရပ်ရပ်နှင့်မဆို စပ်လျဉ်းသည့် ကိစ္စရပ်တွင် ပုဒ်မ ၂၆၉၊ ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်အရာရှိက အစီရင်ခံတင်ပြခြင်း သို့မဟုတ်
(၄) မည်သည့် ကုမ္ပဏီတစ်ရပ်ရပ်နှင့်မဆို စပ်လျဉ်းသည့် ကိစ္စရပ်တွင် အများပြည်သူ၏အကျိုးအလို့ငှာ ယင်းစုံစမ်းစစ်ဆေးမှုကို ပြုလုပ်ရန် အကျိုးအကြောင်းယုံကြည်စွာ တွေ့ရှိလျှင် မှတ်ပုံတင်အရာရှိက တောင်းဆိုခြင်း။
(ခ) ပုဒ်မခွဲ (က) အရ စုံစမ်းစစ်ဆေးသူတစ်ဦးကို ခန့်အပ်ခြင်းမပြုမီ ပြည်ထောင်စုဝန်ကြီးသည် အောက်ပါအကြောင်းအချက်များကို ယုံကြည်လက်ခံပြီး ဖြစ်ရမည်-
(၁) ကုမ္ပဏီ သို့မဟုတ် ယင်း၏ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်နိုင်ဖွယ်ရှိခြင်းနှင့်
(၂) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) သို့မဟုတ် (၂) တို့တွင် ဖော်ပြပါရှိသော လျှောက်ထားမှုတစ်ရပ်ရပ်ကို သဘောရိုးဖြင့်ပြုလုပ်ပြီး ကျိုးကြောင်းညီညွတ်မှုရှိခြင်း။
စုံစမ်းစစ်ဆေးဆောင်ရွက်ရန် လမ်းညွှန်နိုင်သည့် ပြည်ထောင်စုဝန်ကြီး၏ အခွင့်အာဏာ
၂၇၂။ ပြည်ထောင်စုဝန်ကြီးသည် မည်သည့်အချိန်တွင်မဆို အများပြည်သူအကျိုးငှာ ဤဥပဒေအရ ခန့်အပ်သော အရည်အချင်းပြည့်ဝသည့် စုံစမ်းစစ်ဆေးသူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများ ဖြင့် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများကို စုံစမ်းစစ်ဆေးဆောင်ရွက်ရန် ညွှန်ကြားနိုင်သည်။
စုံစမ်းစစ်ဆေးမှုအတွက် လျှောက်ထားခြင်းတွင် သက်သေအထောက်အထားများ တင်ပြရခြင်း
၂၇၃။ ပုဒ်မ ၂၇၁ အရ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးက လျှောက်ထားတင်ပြမှုတွင် ကုမ္ပဏီ သို့မဟုတ် ယင်း၏ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်နိုင်ဖွယ်ရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုအတွက် လျှောက်ထားမှုတစ်ရပ်ရပ်ကို ခိုင်မာသော အကျိုးအကြောင်းရှိကြောင်း၊ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် ထိခိုက်နစ်နာစေလိုသော အကြောင်းဖြင့် တိုက်တွန်းတင်ပြခြင်း မဟုတ်ကြောင်းတို့အား ဖော်ပြနိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီးက လိုအပ်မည်ဟုယူဆသော သက်သေအထောက်အထားများကို တင်ပြရမည်။ ပြည်ထောင်စု ဝန်ကြီးသည် စုံစမ်းစစ်ဆေးသူတစ်ဦးအား ခန့်အပ်ခြင်းမပြုမီ လျှောက်ထားတင်ပြသူက စုံစမ်းစစ်ဆေးမှု အတွက် ကုန်ကျမည့်စရိတ်များအား ပေးချေရန် အာမခံထားရှိစေနိုင်သည်။
စာရင်းစာအုပ်များအား ကြည့်ရှုစစ်ဆေးခြင်းနှင့် အရာရှိများအား စစ်ဆေးမေးမြန်းခြင်း
၂၇၄။ (က) ကုမ္ပဏီ၏ ဒါရိုက်တာများ သို့မဟုတ် အရာရှိများဖြစ်သည့် သို့မဟုတ် ဖြစ်ခဲ့သည့် ပုဂ္ဂိုလ် အားလုံးသည် ကုမ္ပဏီတွင် ထိန်းသိမ်းထားရှိသော စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများအားလုံး သို့မဟုတ် ကုမ္ပဏီနှင့် စပ်လျဉ်းသည့် အခွင့်အာဏာများအားလုံးကို စုံစမ်းစစ်ဆေးသူများထံသို့ ပေးအပ် ရန် တာဝန်ရှိသည်။
(ခ) စုံစမ်းစစ်ဆေးသူသည် ကုမ္ပဏီ၏စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သောသူများကို စစ်ဆေးမေးမြန်း နိုင်သည်။
၂၇၅။ ပုဂ္ဂိုလ်တစ်ဦးဦးသည် ပုဒ်မ ၂၇၄ ပါပြဋ္ဌာန်းချက်များအရ ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများနှင့် စပ်လျဉ်း၍ တာဝန်ရှိသည်နှင့်အညီ စာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းတစ်ရပ်ရပ်ကို ပေးအပ်ရန် သို့မဟုတ် မေးခွန်းများကို ဖြေဆိုရန်အတွက် ငြင်းဆိုလျှင် ပြစ်မှုတစ်ရပ်စီအတွက် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်။
စုံစမ်းစစ်ဆေးမှု၏ စစ်ဆေးတွေ့ရှိမှုနှင့် အစီရင်ခံတင်ပြမှု
၂၇၆။ (က) စုံစမ်းစစ်ဆေးမှုပြီးစီးသည့်အခါ စုံစမ်းစစ်ဆေးသူများသည် ၎င်းတို့၏လေ့လာသုံးသပ်ချက် များကို ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြအစီရင်ခံရမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြသည့် အစီရင်ခံစာမိတ္တူတစ်စုံကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အခြားမိတ္တူတစ်စုံကို ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းသို့ပေးပို့ရမည်။ ထို့ပြင် အခြားမိတ္တူတစ်စုံကိုလည်း စုံစမ်းစစ်ဆေးပေးရန် တင်ပြလျှောက်ထားသူက တောင်းခံလာလျှင် ၎င်းထံသို့ ပေးအပ်ရမည်။
(ခ) စုံစမ်းစစ်ဆေးမှု နှင့်သက်ဆိုင်သည့် ကုန်ကျစရိတ်များအားလုံးကို ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီမှကျခံစေရန် ညွှန်ကြားနိုင်ပြီး ထိုသို့ညွှန်ကြားမှုမရှိလျှင် လျှောက်ထားတင်ပြသူများက ပေးချေရ မည်။ သို့ရာတွင် ပုဒ်မ ၂၇၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) သို့မဟုတ် (၄) နှင့်အညီ ဆောင်ရွက်သော စုံစမ်းစစ်ဆေးမှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကုန်ကျစရိတ်များကို ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ ထုတ်နုတ်ကျခံရမည်ဖြစ်ပြီး အခွန်ကြွေးကျန်တစ်ရပ်ကဲ့သို့ ပြန်လည်တောင်းခံ ရယူရမည်။
(ဂ) မှတ်ပုံတင်အရာရှိသည် ၎င်းကထိန်းသိမ်းထားသည့် ကုမ္ပဏီ၏ မှတ်တမ်းများနှင့်အတူ ၎င်းထံပေးပို့ လာသော အစီရင်ခံစာမိတ္တူများကို ထိန်းသိမ်းထားရှိရမည်။
တရားစွဲဆိုဆောင်ရွက်ခြင်း
၂၇၇။ (က) ပုဒ်မ ၂၇၁ သို့မဟုတ် ပုဒ်မ ၂၇၂ အရ ပြုစုတင်ပြလာသော အစီရင်ခံစာတွင် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေအရ ပုဂ္ဂိုလ်တစ်ဦးဦးသည် ကုမ္ပဏီနှင့် စပ်လျဉ်းသည့် ပြစ်မှု တစ်ရပ်ရပ်အတွက် အပြစ်ရှိကြောင်း ကျိုးကြောင်းညီညွတ်မှုရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ယုံကြည် ယူဆလျှင် ဝန်ကြီးဌာနသည် ထိုကိစ္စရပ်အား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံဉာဏ် တောင်းခံ ရမည်။
(ခ) အဆိုပါကိစ္စရပ်အား တရားစွဲဆိုဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စဖြစ်သည်ဟု ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ အကြံပြုပါက မှတ်ပုံတင်အရာရှိသည် တရားစွဲဆိုဆောင်ရွက်ခြင်းကို ပြုလုပ်ရမည်။ တရားစွဲဆိုမှုတွင် စွပ်စွဲခံရသူမှအပ ယခင်ကဖြစ်စေ၊ ယခုလက်ရှိတွင်ဖြစ်စေ တာဝန်ထမ်းဆောင်နေကြ သော ကုမ္ပဏီ၏ဒါရိုက်တာများ၊ အရာရှိများနှင့် ကိုယ်စားလှယ်များအားလုံးသည် တရားစွဲဆိုဆောင်ရွက် မှုနှင့် သက်ဆိုင်သောလိုအပ်သည့် အကူအညီများအားလုံးကို ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။
(ဂ) ပုဒ်မခွဲ(ခ)ပါကိစ္စရပ်များအတွက် ကုမ္ပဏီနှင့်စပ်လျဉ်း၍ “ကိုယ်စားလှယ်များ” ဟူသော စကားရပ် တွင် ဘဏ်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီ၏ ဥပဒေအကြံပေးများ၊ စာရင်းစစ်များအဖြစ် ကုမ္ပဏီမှခန့်အပ် ထားသူများပါဝင်ရမည်ဖြစ်ပြီး ၎င်းတို့မှာ ကုမ္ပဏီ၏အရာရှိများ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ပါဝင်သည်။
(ဃ) ဤပုဒ်မအရ တရားစွဲဆို ဆောင်ရွက်ခြင်းကြောင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးအား တရားရုံး၏ခွင့်ပြုချက်မပါရှိဘဲ ထိုသို့ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသည့်နေ့မှ ငါးနှစ်ကာလအတွင်း မည်သည့်ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ကုမ္ပဏီ၏စီမံအုပ်ချုပ်မှုတွင်ဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မည်သည့်နည်းလမ်းဖြင့် ပါဝင်ခြင်း သို့မဟုတ် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ပေးအပ်ခြင်းမပြုရ။
စုံစမ်းစစ်ဆေးသူများ၏ အစီရင်ခံစာကို သက်သေခံအဖြစ် မှတ်ယူရခြင်း
၂၇၈။ ဤဥပဒေအရ ခန့်အပ်သော စုံစမ်းစစ်ဆေးသူတစ်ဦးဦး၏ အစီရင်ခံစာမိတ္တူ တစ်စုံကို စုံစမ်း စစ်ဆေးခြင်းခံရသည့် ကုမ္ပဏီ၏ ရုံးတံဆိပ်ခတ်နှိပ်၍ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးကဖြစ်စေ အစစ် အမှန်ဖြစ်ကြောင်း အတည်ပြုထားလျှင် အစီရင်ခံစာတွင်ပါဝင်သောကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်း စစ်ဆေးသူများ၏ ထင်မြင်ချက်များကို သက်သေခံအဖြစ် မည်သည့်တရား စွဲဆိုဆောင်ရွက်မှုများတွင် မဆို လက်ခံ ရမည်။
စာရင်းစစ်များ
စာရင်းစစ်များ၏ အရည်အချင်းသတ်မှတ်ချက်များနှင့် ၎င်းတို့အား ခန့်အပ်ခြင်း
၂၇၉။ (က) သက်ဆိုင်ရာဥပဒေ တစ်ရပ်ရပ်အရ အခွင့်အာဏာ အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်က ပေးအပ်သော ကုမ္ပဏီ၏ စာရင်းစစ်တစ်ဦးအဖြစ် ဆောင်ရွက်ရန် ခွင့်ပြုသည့် လုပ်ကိုင်ခွင့်လက်မှတ်ကို ကိုင်ဆောင်ထားခြင်းမရှိလျှင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီ၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ လက်အောက်ခံကုမ္ပဏီ တစ်ခုခုတို့တွင် စာရင်းစစ်တစ်ဦးအဖြစ် ခန့်အပ်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းမပြုရ။ သို့ရာတွင် အဆိုပါ လုပ်ကိုင်ခွင့်လက်မှတ်များကို ကိုင်ဆောင်ထားပြီး နိုင်ငံတော်အတွင်း လုပ်ငန်းများ ဆောင်ရွက် နေသော ဖက်စပ်လုပ်ကိုင်သူများ ပါဝင်သည့် လုပ်ငန်းစုတစ်ရပ်အား ယင်းလုပ်ငန်းစုအမည်ဖြင့် ကုမ္ပဏီ တစ်ခု၏ စာရင်းစစ်အဖြစ် ခန့်အပ်နိုင်ပြီး ယင်းလုပ်ငန်းစုအမည်ဖြင့် ဆောင်ရွက်နိုင်သည်။
(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ကုမ္ပဏီအားလုံးသည် နှစ်စဉ်အထွေထွေ အစည်း အဝေးတစ်ရပ်စီ၌ နောက်တစ်ကြိမ်ကျင်းပမည့် အထွေထွေအစည်းအဝေး မတိုင်မီအထိ စာရင်းစစ်တစ်ဦး သို့မဟုတ် စာရင်းစစ်များကို ခန့်အပ်ရမည်။
(ဂ) စာရင်းစစ်တစ်ဦးအား ခန့်အပ်ရန် လိုအပ်ပြီး ထိုသို့ခန့်အပ်မှုကိုနှစ်စဉ် အထွေထွေ အစည်းအဝေး၌ ပြုလုပ်ခဲ့ခြင်းမရှိလျှင် ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦး၏ လျှောက်ထားမှုအရ လက်ရှိခုနှစ်အတွက် ကုမ္ပဏီ၏ စာရင်းစစ်တစ်ဦးကို ခန့်ထားနိုင်ပြီး အဆိုပါစာရင်းစစ်၏ လုပ်အား အတွက် ကုမ္ပဏီကပေးချေရမည့် အခကြေးငွေကို သတ်မှတ်ပေးနိုင်သည်။
(ဃ) အောက်ပါပုဂ္ဂိုလ်များအား ကုမ္ပဏီ၏ စာရင်းစစ်များအဖြစ် ခန့်အပ်ခြင်းမပြုရ-
(၁) ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးဦး၊
(၂) အဆိုပါ ဒါရိုက်တာ သို့မဟုတ် အရာရှိ၏ ဖက်စပ် လုပ်ကိုင်သူတစ်ဦးဦး၊
(၃) အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၊ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုခုတွင် အဆိုပါဒါရိုက်တာ သို့မဟုတ် အရာရှိက ခန့်အပ်ထားသူတစ်ဦးဦးနှင့်
(၄) ကုမ္ပဏီသို့ အကြွေးတင်ရှိ နေသူတစ်ဦးဦး။ ပုဂ္ဂိုလ်တစ်ဦးဦးသည် စာရင်းစစ်အဖြစ် ခန့်အပ်ပြီး နောက် ကုမ္ပဏီတွင် အကြွေးတင်ရှိလာပါက ယင်း၏ခန့်အပ်မှုကို ထိုအချိန်မှစ၍ ရပ်စဲရမည်။
(င) နှစ်စဉ် အထွေထွေအစည်းအဝေးအတွက် အကြောင်းကြားစာများကို ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ပေးပို့သည့်နေ့မတိုင်မီ ၁၄ ရက်ထက် နောက်မကျစေဘဲ စာရင်းစစ်ရာထူးနေရာတွင် အငြိမ်းစားယူထား သော စာရင်းစစ်မှအပ အခြားသူတစ်ဦးဦးကိုခန့်ထားရန် ရည်ရွယ်ထားကြောင်း အကြောင်းကြားစာကို ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးကကုမ္ပဏီသို့ ပေးပို့ထားခြင်းမရှိလျှင်၊ ထိုသူကို နှစ်စဉ်အထွေထွေ အစည်း အဝေး၌ စာရင်းစစ်အဖြစ် ခန့်ထားခွင့် မရှိစေရ။ ကုမ္ပဏီသည် အငြိမ်းစားယူထားသော စာရင်းစစ် ထံသို့ အဆိုပါ အကြောင်းကြားစာ မိတ္တူတစ်စောင်အား ပေးပို့ရမည့်အပြင် အဆိုပါ အကြောင်းကြားစာကို ကုမ္ပဏီတွင်ပါဝင်သူများထံသို့ အစည်းအဝေးအကြောင်းကြားစာနှင့်အတူ ပေးပို့ရမည်။ ထို့အပြင် အကြောင်းကြားစာအား ကြော်ငြာတွင် ထည့်သွင်းဖော်ပြ၍ဖြစ်စေ၊ ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း က ခွင့်ပြုသည့်နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် စာရင်းစစ်တစ်ဦးအား ခန့်ထားရန် ရည်ရွယ်ထားကြောင်း အကြောင်းကြားစာကို ကုမ္ပဏီသို့ပေးပို့ပြီးနောက် နှစ်စဉ်အထွေထွေ အစည်းအဝေးအတွက် အကြောင်းကြားစာကို အဆိုပါအကြောင်းကြားစာပေးပို့ပြီး နောက် ၁၄ ရက် သို့မဟုတ် ထိုကာလထက်နည်းသည့် ကာလအတွင်းပေးပို့ခဲ့လျှင် စာရင်းစစ်တစ်ဦးအား ခန့်ထားရန် ရည်ရွယ်ထားကြောင်း အကြောင်းကြားစာအတွက် အချိန်ကာလ သတ်မှတ်ချက်နှင့်စပ်လျဉ်းသည့် ဤပုဒ်မပါ သတ်မှတ်ချက်များကို လိုက်နာသည်ဟု မှတ်ယူရမည် ဖြစ်ပြီး အဆိုပါအကြောင်းကြားစာကို နှစ်စဉ်အထွေထွေ အစည်းအဝေးအတွက် အကြောင်းကြားစာ ပေးပို့သည့်အချိန်ကာလအတိုင်း ပေးပို့ရ မည်။
(စ) ဥပဒေအရလိုက်နာကျင်းပရသည့် ကုမ္ပဏီအစည်းအဝေးမတိုင်မီ ကုမ္ပဏီ၏ ပထမဦးဆုံးစာရင်းစစ် များကို ကုမ္ပဏီ၏ ဒါရိုက်တာများက ခန့်အပ်နိုင်သည်။ ထိုသို့ ခန့်အပ်ရာတွင် ကုမ္ပဏီတွင်ပါဝင်သူများ က အထွေထွေအစည်းအဝေး၌ ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်၍ ဖယ်ရှားခြင်းမပြုခဲ့လျှင် ပထမအကြိမ် နှစ်စဉ်အထွေထွေ အစည်းအဝေးအထိ စာရင်းစစ်ရာထူးနေရာတွင် ခန့်အပ်ထား၍ ၎င်းအစည်းအဝေး မတိုင်မီ ဖယ်ရှားခဲ့လျှင် ကုမ္ပဏီတွင် ပါဝင်သူများက စာရင်းစစ်များကို ခန့်အပ်နိုင်သည်။
(ဆ) ဒါရိုက်တာများသည် ရုတ်တရက်လစ်လပ်သွားသော စာရင်းစစ်ရာထူးနေရာတွင် ဖြည့်စွက်ခန့် ထားနိုင်သည်။ သို့သော် အဆိုပါလစ်လပ်မှုသည် ဆက်လက်ဖြစ်ပေါ်နေခဲ့လျှင် ဆက်လက်ဆောင်ရွက် နေသော စာရင်းစစ် သို့မဟုတ် စာရင်းစစ်များရှိခဲ့လျှင် ၎င်းတို့က လုပ်ကိုင်ဆောင်ရွက်နိုင်သည်။
(ဇ) ကုမ္ပဏီစာရင်းစစ်များ၏ အခကြေးငွေကို အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီက သတ်မှတ်ပေး ရမည်။ သို့သော် ဥပဒေအရ လိုက်နာကျင်းပရသည့် ကုမ္ပဏီအစည်းအဝေး မတိုင်မီက ခန့်အပ်ထားသော စာရင်းစစ်များ၏ အခကြေးငွေ သို့မဟုတ် ရုတ်တရက် လစ်လပ်သွားသော နေရာတစ်ခုခုတွင် ဖြည့်စွက် ခန့်ထားသည့် စာရင်းစစ်များ၏ အခကြေးငွေကို ဒါရိုက်တာများက သတ်မှတ်ပေးနိုင်သည်။
(ဈ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် ပါရှိသော သတ်မှတ် ချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ လိုက်နာကျင့်သုံးရမည်။
စာရင်းစစ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၂၈၀။ (က) ကုမ္ပဏီတစ်ခု၏ စာရင်းစစ်အားလုံးသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာမှတ်တမ်းများ၊ စာရင်းစာအုပ်များ၊ ငွေစာရင်းများ၊ ပြေစာများကို မည်သည့်အချိန်တွင်မဆို ရယူနိုင်ခွင့်ရှိပြီး ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် အရာရှိများထံမှ စာရင်းစစ်တာဝန်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းဖော်ပြချက်များကို ရယူခွင့်ရှိသည်။
(ခ) စာရင်းစစ်များသည် ၎င်းတို့ စစ်ဆေးဆောင်ရွက်ခဲ့သည့် စာရင်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ၎င်းတို့၏ ရာထူးသက်တမ်း ကာလအတွင်း အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီ ထံသို့တင်ပြလာသည့် ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများနှင့် စပ်လျဉ်း၍လည်းကောင်း ကုမ္ပဏီတွင်ပါဝင်သူများထံသို့ အစီရင် ခံစာ တင်ပြရမည်။ ထိုအစီရင်ခံစာတွင် အောက်ပါတို့ကို ဖော်ပြပါရှိရမည်-
(၁) လိုအပ်သော သတင်းအချက်အလက်များနှင့် ရှင်းလင်း ဖော်ပြချက်များရရှိခြင်း ရှိမရှိ၊
(၂) ၎င်းတို့၏ ထင်မြင်ချက်တွင် အစီရင်ခံစာ၌ ဖော်ပြပါရှိသော ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းများကို သက်ဆိုင်ရာဥပဒေနှင့်အညီ ပြုစုထားခြင်း ရှိ မရှိ၊
(၃) ကုမ္ပဏီ၏ စာရင်းစာအုပ်များတွင် ဖော်ပြပါရှိပြီး စာရင်းစစ်များထံပေးအပ်သော ပြည့်စုံသည့် သတင်းအချက်အလက်များ၊ ရှင်းလင်းဖော်ပြချက်များနှင့် အညီ ကုမ္ပဏီ၏လုပ်ငန်းကိစ္စများကို ဘဏ္ဍာ ရေးဆိုင်ရာ ရှင်းတမ်းတွင် မှန်ကန်ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိမရှိနှင့်
(၄) ၎င်းတို့၏ ထင်မြင်ချက်တွင် ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများကို ဤအခန်းတွင်ပါရှိသော ပြဋ္ဌာန်း ချက်များနှင့်အညီ ကုမ္ပဏီက ထိန်းသိမ်းထားရှိခြင်း ရှိမရှိ။
(ဂ) ပုဒ်မခွဲ (ခ) တွင် ဖော်ပြပါရှိသော ကိစ္စရပ်တစ်ရပ်ရပ်ကို ပြုလုပ်ဆောင်ရွက်ထားခြင်း မရှိကြောင်း သို့မဟုတ် အပြည့်အဝ မပြုလုပ်ထားကြောင်း ဖြေဆိုလျှင် အစီရင်ခံစာ၌ ဖြေဆိုချက်များအတွက် အကြောင်းပြချက်များကို ဖော်ပြရမည်။
(ဃ) စာရင်းစစ်များသည် စစ်ဆေးအစီရင်ခံထားသော စာရင်းတစ်ရပ်ရပ်ကို ကုမ္ပဏီထံ တင်ပြရန် အတွက် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးကျင်းပရန် အကြောင်းကြားစာကို လက်ခံရရှိခွင့်ရှိသည့် အပြင် ထိုအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည်။ ထို့အပြင် စာရင်းများနှင့် စပ်လျဉ်း၍ ရေးသား ဖော်ပြချက် သို့မဟုတ် ရှင်းလင်းချက် တစ်စုံတစ်ရာပြုလုပ်နိုင်သည်။
(င) ဤအခန်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ စာရင်းစစ်တစ်ဦး နုတ်ထွက်လျှင် သို့မဟုတ် အစားထိုး ခန့်အပ်ခဲ့လျှင် နုတ်ထွက်သည့် သို့မဟုတ် အစားထိုးခန့်အပ်ခံရသည့် စာရင်းစစ်သည် ၎င်း၏ တာဝန် များ၊ ကျွမ်းကျင်ပညာရှင်၏ တာဝန်ဝတ္တရားများနှင့် ညီညွတ်စွာ သဘောရိုးဖြင့် သင့်လျော်စွာ ဆောင်ရွက်၍ ကုမ္ပဏီ၏ ငွေရေးကြေးရေး လုပ်ငန်းများနှင့် သက်ဆိုင်သော ရေးသားဖော်ပြချက် သို့မဟုတ် အစီရင်ခံစာကို လိုအပ်သည်ဟု ထင်မြင်လျှင် ပြုလုပ်နိုင်သည်။ ဒါရိုက်တာများသည် အဆိုပါ အစီရင်ခံစာကို လက်ခံရရှိသည့်နေ့မှ ၂၈ ရက် အတွင်း ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ပေးပို့ ရမည့်အပြင် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်။ ဒါရိုက်တာများသည် လိုအပ်သည်ဟု ထင်မြင်ပါက စာရင်းစစ်က တင်ပြလာသည့် အစီရင်ခံစာအပေါ်တွင် သဘောထားမှတ်ချက် ရေးသားဖော်ပြနိုင်သည်။
(စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို ဤဥပဒေပါ အခြားသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် အခြား သက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင်ပါရှိသော သတ်မှတ်ချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ လိုက်နာကျင့်သုံးရမည်။
၂၈၁။ စာရင်းစစ်အစီရင်ခံစာတစ်ရပ်ရပ်အား ပုဒ်မ ၂၈ဝ ပါသတ်မှတ်ချက်များနှင့် ညီညွတ်ခြင်း မရှိဘဲ ပြုလုပ်ခဲ့လျှင် ထိုသို့ပျက်ကွက်မှုတွင် သိလျက်ဖြင့်တမင်ပါဝင်သော စာရင်းစစ်တစ်ဦးစီသည် ဒဏ်ကြေး ငွေကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်။
အစိုးရက ပိုင်ဆိုင်သည့် အစုရှယ်ယာများပါဝင်သောကုမ္ပဏီများနှင့် သက်ဆိုင်ခြင်း
၂၈၂။ အစိုးရက ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်ရပ်ရပ်ပါဝင်သော ကုမ္ပဏီနှင့်စပ်လျဉ်းသည့် ကိစ္စရပ်တွင် အောက်ဖော်ပြပါ ပြဋ္ဌာန်းချက်များကို ပုဒ်မ ၂၆ဝ၊ ၂၇၉ နှင့် ၂၈ဝ တို့တွင်ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ် နှင့်သက်ဆိုင်ခြင်းမရှိစေဘဲ လိုက်နာဆောင်ရွက်ရမည်-
(က) အစိုးရက ပိုင်ဆိုင်သည့် အစုရှယ်ယာ တစ်ရပ်ရပ်ပါဝင်သော ကုမ္ပဏီ၏ စာရင်းစစ်အား ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အကြံပြုချက်အရ ပြည်ထောင်စုဝန်ကြီးက ခန့်အပ်နိုင်သည် သို့မဟုတ် ပြန်လည် ခန့်အပ်နိုင်သည်။
(ခ) ပြည်ထောင်စုစာရင်း စစ်ချုပ်တွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
(၁) ပုဒ်မခွဲ (က) နှင့်အညီ ခန့်အပ်ထားသော စာရင်းစစ်က ကုမ္ပဏီ၏ စာရင်းများကို စစ်ဆေးရမည့် နည်းလမ်းများအား ညွှန်ကြားရန်နှင့် စာရင်းစစ်၏ အဆိုပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆိုပါစာရင်းစစ်ထံသို့ ညွှန်ကြားချက်များပေးရန်၊
(၂) ကုမ္ပဏီ၏ စာရင်းများကို ထပ်မံစစ်ဆေးခြင်း သို့မဟုတ် စမ်းသပ်စစ်ဆေးခြင်း တစ်ရပ်ရပ် ပြုလုပ်ရန်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးသို့ အခွင့်အာဏာအပ်နှင်းထားပြီး အဆိုပါစာရင်းစစ်ဆေးမှုအတွက် မည်သူ့ကိုမဆို မည်သည့်ပုံစံဖြင့် အခွင့်အာဏာ အပ်နှင်းခြင်းခံရသူထံသို့ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း သည့် သတင်းအချက်အလက်များ သို့မဟုတ် အခြားအချက်အလက်များကို ပြည်ထောင်စုစာရင်းစစ်ချုပ် က အထွေထွေ သို့မဟုတ် အထူးအမိန့်တစ်ရပ်ဖြင့် ညွှန်ကြားသည့်အတိုင်း ပေးအပ်စေရန်နှင့်
(၃) ပြည်ထောင်စုစာရင်းစစ်ချုပ်က သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ကုမ္ပဏီ၏ စာရင်းများ ကို စစ်ဆေးရန် သို့မဟုတ် ထပ်မံစစ်ဆေးရန် သို့မဟုတ် စမ်းသပ်စစ်ဆေးရန်အတွက် ကုမ္ပဏီ၏ လက်ဝယ်ရှိ သို့မဟုတ် ကုမ္ပဏီ၏စီမံမှုအောက်ရှိ မှတ်တမ်းများ သို့မဟုတ် စာရွက်စာတမ်းများကို ကုမ္ပဏီက ၎င်းထံသို့ တင်ပြရန်၊
(ဂ) ကုမ္ပဏီက သတင်းအချက်အလက်များ၊ မှတ်တမ်းများ သို့မဟုတ် စာရွက်စာတမ်းများကို ပေးအပ် ရန် သို့မဟုတ် ပြုစုပေးရန်ချမှတ်သည့် အမိန့်တစ်ရပ်ကို ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ ကုမ္ပဏီ၏ အရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦးအဖြစ် တာဝန်ရှိသူထံသို့ လိပ်မူပေးပို့နိုင်သည်။ ဤပုဒ်မတွင်ပါရှိသော ပြဋ္ဌာန်းချက်များအားလုံးသည် ကုမ္ပဏီနှင့် သက်ဆိုင်သကဲ့သို့ အဆိုပါပုဂ္ဂိုလ်များနှင့်လည်း သက်ဆိုင် စေရမည်။
(ဃ) အထက်ဖော်ပြပါ စာရင်းစစ်သည် ၎င်း၏စာရင်းစစ် အစီရင်ခံစာ မိတ္တူတစ်စုံကို ပြည်ထောင်စု စာရင်းစစ်ချုပ်ထံသို့ တင်ပြရမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က သင့်သည်ထင်မြင်သည့် နည်း လမ်းများဖြင့် မှတ်ချက်ပေးနိုင်ခွင့် သို့မဟုတ် ဖြည့်စွက်ခွင့်ရှိရမည်။
လွှဲအပ်ခြင်း
၂၈၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်က ဆောင်ရွက်ရမည်ဖြစ်သော ပုဒ်မ ၂၈၂ ပါ ကိစ္စရပ်များကို အထွေထွေအားဖြင့်သော် လည်းကောင်း၊ အထူးအားဖြင့်သော်လည်းကောင်း ယင်း၏ အခွင့်အာဏာ အပ်နှင်းခြင်းခံရသူ တစ်ဦးဦးက ဆောင်ရွက်နိုင်သည်။
ပြစ်မှုပြစ်ဒဏ်
၂၈၄။ အစိုးရက ပိုင်ဆိုင်သည့် အစုရှယ်ယာတစ်ရပ်ရပ် ပါဝင်သော ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၈၂ အရ ပြုလုပ်သော အမိန့်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ကုမ္ပဏီနှင့် ပျက်ကွက်မှုတွင် ပါဝင်သည့် ကုမ္ပဏီ၏ဒါရိုက်တာ၊ အခြားအရာရှိများ သို့မဟုတ် ဝန်ထမ်းများအားလုံးသည် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်ကြေးငွေ ကျပ်သိန်း ၅၀ ကို ပေးဆောင်ရမည်။
မှတ်တမ်းများကိုရရှိခွင့်နှင့် စစ်ဆေးကြည့်ရှုခွင့် စသည်တို့နှင့်စပ်လျဉ်းသည့် ဦးစားပေးအစုရှယ်ယာ ပိုင်ရှင်များ၏ အခွင့်အရေးများ
၂၈၅။ ကုမ္ပဏီတစ်ခု၏ ဦးစားပေးအစုရှယ်ယာများနှင့် ဒီဘင်ချာများကို ပိုင်ဆိုင်သူများသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ၊ စာရင်းစစ်များ၏ အစီရင်ခံစာများနှင့် ကုမ္ပဏီ၏ သာမန်အစုရှယ်ယာ ပိုင်ရှင်များက ရရှိသည့် အခြားအစီရင်ခံစာများကို ရရှိခွင့်နှင့်စစ်ဆေးကြည့်ရှုခွင့်ရှိသည်။
အခန်း(၂၅)
အနုညာတစီရင်ဆုံးဖြတ်ခြင်း၊ မြီရှင်များနှင့် ကုမ္ပဏီတွင် ပါဝင်သူများအကြား ညှိနှိုင်းသဘောတူခြင်းနှင့် အစုရှယ်ယာများဝယ်ယူနိုင်သည့် အခွင့်အရေး
အငြင်းပွားမှုကိစ္စရပ်များကို ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ရန်အတွက် တင်ပြနိုင်သည့် ကုမ္ပဏီ၏အခွင့်အာဏာ
၂၈၆။ အငြင်းပွားမှုတစ်ရပ်ရပ်ကို ဖြေရှင်းရန်အတွက် ကုမ္ပဏီကဆောင်ရွက်နိုင်သည့် အခြားနည်းလမ်း တစ်ရပ်ရပ်ကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ကုမ္ပဏီတစ်ခုသည် စာဖြင့်ရေးသားထားသော သဘောတူညီချက်ဖြင့် ကုမ္ပဏီနှင့် အခြားကုမ္ပဏီ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးတို့အကြား ယခု သော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း ဖြစ်ပေါ်လာမည့် အငြင်းပွားမှုတစ်ရပ်ရပ်ကို အနု ညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေနှင့်အညီ ခုံသမာဓိဖြင့် စီရင် ဆုံးဖြတ်ရန်အတွက် တင်ပြနိုင်သည်။
မြီရှင်များနှင့်ကုမ္ပဏီတွင် ပါဝင်သူများအကြား စေ့စပ်ပြေငြိမ်းနိုင်သည့် အခွင့်အာဏာ
၂၈၇။ (က) ကုမ္ပဏီတစ်ခုနှင့် ယင်း၏မြီရှင်များ သို့မဟုတ် အမျိုးအစားတစ်ရပ်တွင်ပါရှိသော မြီရှင်များ အကြားတွင်ဖြစ်စေ၊ ကုမ္ပဏီနှင့် ယင်းတွင်ပါဝင်သူများ သို့မဟုတ် အမျိုးအစားတစ်ရပ်တွင် ပါရှိသော ကုမ္ပဏီတွင် ပါဝင်သူများအကြားတွင်ဖြစ်စေ စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှု တစ်ရပ်ရပ် အား အဆိုပြုတင်ပြသည့်အခါ တရားရုံးသည် ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီ၏မြီရှင် သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူများကဖြစ်စေ၊ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့် ကိစ္စရပ်တွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိကဖြစ်စေ အကျဉ်းချုပ်ဖော်ပြချက်ဖြင့် လျှောက်ထားတင်ပြလာလျှင် တရားရုံးက ညွှန်ကြားသည့် နည်းလမ်းအတိုင်း မြီရှင်များ သို့မဟုတ် အမျိုးအစားတစ်ရပ်တွင် ပါရှိသောမြီရှင်များ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူများ သို့မဟုတ် အမျိုးအစားတစ်ရပ်တွင်ပါရှိသော ကုမ္ပဏီတွင်ပါဝင်သူ များ၏အစည်းအဝေး တစ်ရပ်ကို ခေါ်ယူကျင်းပဆောင်ရွက်စေရန် အမိန့်ချမှတ်နိုင်သည်။
(ခ) အစည်းအဝေး၌ ကိုယ်တိုင်ဖြစ်စေ သို့မဟုတ် ကိုယ်စားလှယ်ဖြင့်ဖြစ်စေ တက်ရောက်သော မြီရှင် များ သို့မဟုတ် အမျိုးအစားတစ်ရပ်တွင် ပါရှိသောမြီရှင်များ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မ ဟုတ် အမျိုးအစားတစ်ရပ်တွင် ပါရှိသော ကုမ္ပဏီတွင်ပါဝင်သူများတွင် တန်ဖိုးလေးပုံသုံးပုံရှိသည့်အပြင် အရေအတွက်အများစုဖြင့် စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှု တစ်ရပ်ရပ်အား သဘောတူညီ ခဲ့လျှင် ထိုစေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှု တစ်ရပ်ရပ်သည် တရားရုံးကခွင့်ပြုခဲ့လျှင် မြီရှင်များသို့မဟုတ် အမျိုးအစားတစ်ရပ်တွင် ပါရှိသော မြီရှင်များ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် အမျိုးအစား တစ်ရပ်တွင်ပါရှိသော ကုမ္ပဏီတွင် ပါဝင်သူများအားလုံးနှင့် ကုမ္ပဏီအပေါ်တွင် လည်းကောင်း၊ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်နေလျှင် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနှင့် ကုမ္ပဏီ၏ကြွေးမြီပေးဆပ်ရသူ တစ်ဦးအပေါ်တွင် တရားဝင်စည်းနှောင်မှု ရှိစေ ရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ချမှတ်သည့်အမိန့်သည် ယင်းအမိန့်၏ တရားဝင်အတည်ပြုထားသည့် မိတ္တူမှန် တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းမရှိလျှင် အကျိုးသက်ရောက်မှု မရှိစေရ။ အဆိုပါ အမိန့် အားလုံး၏ မိတ္တူတစ်စုံကို ထိုအမိန့်အားချမှတ်ပြီးနောက်တွင် ထုတ်ဝေသော ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းမိတ္တူတွင် ပူးတွဲထားရမည်။
(ဃ) တရားရုံးသည် ဤပုဒ်မအရ လျှောက်ထားမှုတစ်ခုခုကို လက်ခံရရှိပြီးနောက် မည်သည့်အချိန်တွင် မဆို လျှောက်ထားမှုအား အပြီးသတ်စီရင်ဆုံးဖြတ်ခြင်း မပြုမီအထိ တရားရုံးမှ သင့်လျော်သည်ဟု ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ကုမ္ပဏီအပေါ် တရားစွဲဆိုမှုတစ်ရပ်ရပ် စတင်ဆောင်ရွက်ခြင်း သို့မဟုတ် တရားစီရင်ဆောင်ရွက်မှု တစ်ရပ်ရပ်အား ဆက်လက်ဆောင်ရွက်ခြင်းကို ဆိုင်းငံ့ထားနိုင် သည်။
(င) ဤပုဒ်မတွင် ဖော်ပြပါရှိသော “ကုမ္ပဏီ” ဆိုသည်မှာ ဤဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်း နိုင်သော ကုမ္ပဏီတစ်ရပ်ရပ်ကို ဆိုလိုသည်။ ဤပုဒ်မပါကိစ္စရပ်များအတွက် တရားစွဲဆိုထားသော သို့မဟုတ် အမိန့်ဒီဂရီတစ်ရပ်ရပ် လက်ခံရရှိထားသော အာမခံအကျိုးခံစားခွင့် မရရှိသော မြီရှင်များ (unsecured creditors) ကို အခြားသော အာမခံအကျိုးခံစားခွင့် မရရှိသော မြီရှင်များကဲ့သို့ အမျိုး အစားတစ်ရပ်တည်းဖြစ်သည်ဟု မှတ်ယူရမည်။
(စ) တရားရုံးကချမှတ်သည့်အမိန့်အပေါ် ဥပဒေနှင့်အညီတစ်ဆင့်မြင့်တရားရုံးသို့ အယူခံနိုင်သည်။
၂၈၈။ ကုမ္ပဏီတစ်ခုသည် ပုဒ်မ ၂၈၇၊ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အား လိုက်နာရန် ပျက်ကွက်လျှင် ကုမ္ပဏီနှင့် ပျက်ကွက်မှုကို သိလျက်ဖြင့် တမင်ပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏ ဒါရိုက်တာများ သို့မဟုတ် အခြား အရာရှိများတစ်ဦးစီသည် ဒဏ်ကြေးငွေကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
စီစဉ်ဆောင်ရွက်မှုများနှင့် စေ့စပ်ပြေငြိမ်းမှုများအား လွယ်ကူစွာဆောင်ရွက်နိုင်စေရန်အတွက် ပြဋ္ဌာန်းချက်များ
၂၈၉။ (က) ပုဒ်မ ၂၈၇ တွင် ဖော်ပြပါရှိသည့်အတိုင်း ကုမ္ပဏီနှင့် ပုဂ္ဂိုလ်တစ်ဦးဦးအကြား အဆိုပြုထား သော စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ခွင့်ပြုနိုင်ရန်အတွက် အဆိုပါပုဒ်မပါ ပြဋ္ဌာန်းချက်များအရ တရားရုံးသို့ လျှောက်ထားမှုတစ်ရပ်အား တင်ပြလာသည့်အခါ စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုအား ကုမ္ပဏီတစ်ခုခု သို့မဟုတ် ကုမ္ပဏီများကို ပြန်လည်ဖွဲ့စည်းရန် သို့မဟုတ် ကုမ္ပဏီနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ကုမ္ပဏီများကို ပေါင်းစည်းရန် ရည်ရွယ်သည့် စီမံချက်တစ်ရပ်အတွက် သို့မဟုတ် ယင်းစီမံချက်နှင့် စပ်လျဉ်း၍ အဆိုပြုခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံချက်အရ ဤပုဒ်မတွင် ‘လွှဲပြောင်းပေးသည့်ကုမ္ပဏီ’ ဟု ရည်ညွှန်းမည့် စီမံချက်နှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုခု၏ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ဤပုဒ်မတွင် ‘လွှဲပြောင်း လက်ခံသည့်ကုမ္ပဏီ’ ဟု ရည်ညွှန်းမည့် အခြားကုမ္ပဏီသို့ လွှဲပြောင်း ပေးကြောင်း တရားရုံးကတွေ့ရှိလျှင် တရားရုံးသည် စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုအား ခွင့်ပြုသည့်အမိန့်ဖြင့်သော် လည်းကောင်း၊ နောက်ဆက်တွဲ အမိန့်တစ်ရပ်ဖြင့်သော် လည်းကောင်း အောက်ပါ ကိစ္စရပ်အားလုံးအတွက်ဖြစ်စေ၊ ကိစ္စတစ်ရပ်ရပ်အတွက် ဖြစ်စေ စည်းကမ်းချက်များ ပြုလုပ် သတ်မှတ်နိုင်သည်-
(၁) လွှဲပြောင်းပေးသည့် ကုမ္ပဏီ၏ တာဝန်ယူဆောင်ရွက်မှုများနှင့် ပစ္စည်း သို့မဟုတ် တာဝန်ရှိမှု အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီသို့ လွှဲပြောင်းပေးခြင်း၊
(၂) လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီက အခြားသူတစ်ဦးဦးသို့ သို့မဟုတ် အခြားသူ တစ်ဦးဦးအတွက် ခွဲဝေသတ်မှတ်သည့် သို့မဟုတ် လျာထားဆောင်ရွက်သည့် စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှု အားပြုလုပ်မည့် အဆိုပါကုမ္ပဏီရှိ အစုရှယ်ယာများ သို့မဟုတ် ဒီဘင်ချာများ သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ်များ သို့မဟုတ် အခြားအလားတူ အကျိုးခံစားခွင့်များနှင့် စပ်လျဉ်း၍ လွှဲပြောင်း လက်ခံသည့် ကုမ္ပဏီက ခွဲဝေသတ်မှတ်ခြင်း သို့မဟုတ် လျာထားဆောင်ရွက်ခြင်း၊
(၃) လွှဲပြောင်းပေးသည့် ကုမ္ပဏီကသော် လည်းကောင်း၊ လွှဲပြောင်းပေးသည့် ကုမ္ပဏီအပေါ်တွင် လည်းကောင်း၊ ဆိုင်းငံ့ထားသော တရားစွဲဆိုမှုတစ်ရပ်ရပ်ကို လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီကသော် လည်းကောင်း၊ လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီအပေါ်တွင်လည်းကောင်း ဆက်လက်စွဲဆို ဆောင်ရွက် ခြင်း၊
(၄) လွှဲပြောင်းပေးသည့် ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းမပြုဘဲ ဖျက်သိမ်းခြင်း၊
(၅) တရားရုံးက သတ်မှတ်သည့်အချိန်အတွင်း ထိုသို့ သတ်မှတ်ပေးသည့် နည်းလမ်းအတိုင်း စေ့စပ် ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုအား သဘောတူညီခြင်းမရှိသော ပုဂ္ဂိုလ်တစ်ဦးဦးအတွက် ပြဋ္ဌာန်းချက်များ ပြုလုပ်ခြင်း၊
(၆) ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း သို့မဟုတ် ပေါင်းစည်းခြင်းအား ပြည့်စုံထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သော နောက်ဆက်တွဲ သို့မဟုတ် ဆက်စပ်သည့် ကိစ္စရပ်များချမှတ်ခြင်း။
(ခ) ဤပုဒ်မအရ ချမှတ်သည့် အမိန့်တစ်ရပ်သည် ပစ္စည်း သို့မဟုတ် တာဝန်ရှိမှုများကို လွှဲပြောင်းခြင်း နှင့် သက်ဆိုင်လျှင် အဆိုပါအမိန့်အရ ထိုပစ္စည်းကို လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီသို့ လွှဲပြောင်းအပ်နှင်း ရမည်ဖြစ်ပြီး ယင်း၏ ပစ္စည်းများဖြစ်လာစေရမည်။ အလားတူ အဆိုပါအမိန့်အရ ထိုတာဝန်ရှိမှုများကို လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီသို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီ၏ တာဝန် ရှိမှုများ ဖြစ်လာစေရမည်။ ပစ္စည်းများနှင့်သက်ဆိုင်သည့် ကိစ္စရပ်တွင် အမိန့်ညွှန်ကြားချက်တစ်စုံတစ်ရာ ပါရှိခဲ့လျှင် စေ့စပ်ပြေငြိမ်းမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုအရ အကျိုးသက်ရောက်မှု ရပ်စဲစေရန် ကြွေးမြီ တာဝန်တင်ရှိခြင်းတစ်ရပ်ရပ်မှ ကင်းလွတ်စေရမည်။
(ဂ) ဤပုဒ်မအရ အမိန့်တစ်ရပ်အား ချမှတ်သည့်အခါ အဆိုပါအမိန့်နှင့် သက်ဆိုင်သော ကုမ္ပဏီအားလုံး သည် အဆိုပါအမိန့်၏ မူရင်းမိတ္တူမှန်တစ်စောင်အား အမိန့်ချမှတ်သည့်နေ့မှ ၁၄ ရက်အတွင်း မှတ်ပုံတင် နိုင်ရန်အတွက် မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။
(ဃ) ဤပုဒ်မတွင်ပါရှိသော ‘ပစ္စည်း’ ဟူသောစကားရပ်တွင် ပစ္စည်း၊ အခွင့်အရေးနှင့် အခွင့်အာဏာ အားလုံးပါဝင်ပြီး ‘တာဝန်ရှိမှု’ ဟူသော စကားရပ်တွင် တာဝန် များလည်း ပါဝင်သည်။
(င) ပုဒ်မ ၂၈၇၊ ပုဒ်မခွဲ (င) ပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေဘဲ ဤပုဒ်မပါ ‘ကုမ္ပဏီ’ ဟူသော စကားရပ်တွင် ဤဥပဒေ၏ အဓိပ္ပာယ်ဖော်ပြချက်တွင်ပါရှိသော ကုမ္ပဏီမှအပ အခြားကုမ္ပဏီ တစ်ခုခုပါဝင်ခြင်းမရှိ။
၂၉၀။ ပုဒ်မ ၂၈၉၊ ပုဒ်မခွဲ (ဂ) အား လိုက်နာရန်ပျက်ကွက်ပါက ကုမ္ပဏီနှင့် ထိုပျက်ကွက်မှုကို သိလျက်ဖြင့် တမင်ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြား အရာရှိတစ်ဦးစီသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
အများစုဖြင့်အတည်ပြုထားသော ပဋိညာဉ်စာချုပ်တစ်ရပ်နှင့် သဘောကွဲလွဲသော အစုရှယ်ယာရှင်များ က အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများ ဝယ်ယူနိုင်သည့် အခွင့်အရေး
၂၉၁။ (က) အခြားဥပဒေတစ်ရပ်ရပ်တွင် ပါရှိသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိ စေဘဲ ဤပုဒ်မတွင် ‘လွှဲပြောင်းပေးသည့် ကုမ္ပဏီ’ ဟု ရည်ညွှန်းမည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ တစ်ခုရှိ အစုရှယ်ယာများ သို့မဟုတ် အစုရှယ်ယာ အမျိုးအစားတစ်ရပ်ရပ်ကို ဤပုဒ်မတွင် ‘လွှဲပြောင်း လက်ခံသည့်ကုမ္ပဏီ’ဟု ရည်ညွှန်းမည့် အခြားကုမ္ပဏီသို့ ပဋိညာဉ်စာချုပ်အရ လွှဲပြောင်းခြင်းကို လက်ခံသည့်ကုမ္ပဏီက အဆိုပါ ကိစ္စရပ်အတွက် ကမ်းလှမ်းမှုကိုပြုလုပ်ပြီးနောက် လေးလအတွင်း သက်ဆိုင်သော အစုရှယ်ယာများ၏တန်ဖိုး လေးပုံသုံးပုံထက်မနည်းသော ပိုင်ရှင်များက အတည်ပြုသည့် အခါလွှဲပြောင်းလက်ခံသည့် ကုမ္ပဏီသည် အဆိုပါ လေးလကုန်ဆုံးပြီးနောက် နှစ်လအတွင်း မည်သည့် အချိန်တွင်မဆို သတ်မှတ်ထားသည့်နည်းလမ်းဖြင့် သဘောကွဲလွဲသော အစုရှယ်ယာရှင်တစ်ဦးဦးထံသို့ အကြောင်းကြားစာ ပေးပို့၍ လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီက ၎င်း၏အစုရှယ်ယာများကို ရယူလို ကြောင်း ဖော်ပြအကြောင်းကြားနိုင်သည်။ ထိုအကြောင်းကြားစာပေးပို့ပြီးသည့် နေ့ရက်မှ ၂၈ ရက် အတွင်း သဘောကွဲလွဲသည့် အစုရှယ်ယာရှင်က တရားရုံးသို့ တင်ပြလျှောက်ထားလာသည့်အပေါ် တရား ရုံးက အခြားနည်းတစ်စုံတစ်ရာကို အမိန့်ချမှတ်ခဲ့ခြင်းမရှိလျှင် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီသည် ၎င်းထံသို့ လွှဲပြောင်းပေးရန် အတည်ပြုထားသော အစုရှယ်ယာရှင်များ၏ အစုရှယ်ယာများနှင့် စပ်လျဉ်း သည့် စီမံချက် သို့မဟုတ် ပဋိညာဉ်စာချုပ်အရ စည်းကမ်းချက်များဖြင့် အဆိုပါ အစုရှယ်ယာများကို ရရှိပိုင်ခွင့်ရှိပြီး ရယူရမည်ဖြစ်သည်။
(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီက အကြောင်းကြားစာ တစ်စောင်အား ပေးပို့ခဲ့ပြီး တရားရုံးက သဘောကွဲလွဲသည့် အစုရှယ်ယာရှင်၏ တင်ပြလျှောက်ထားချက် အပေါ် ဆန့်ကျင်ကွဲလွဲသည့် အမိန့်တစ်ရပ်ရပ်ချမှတ်ခဲ့ခြင်း မရှိလျှင် အကြောင်းကြားစာပေးပို့သည့် နေ့မှ စ၍ ၂၈ ရက် ကုန်ဆုံးသည့်အခါ သို့မဟုတ် သဘောကွဲလွဲသည့် အစုရှယ်ယာရှင်က တရားရုံးသို့ တင်ပြ လျှောက်ထားပြီး ထိုသို့ တင်ပြလျှောက်ထားမှုအား ဆိုင်းငံ့ထားခြင်းခံရသည့်အခါ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ကို လိုက်နာလျက် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီသည် အကြောင်းကြားစာ မိတ္တူ တစ်စောင်ကို လွှဲပြောင်းပေးသည့် ကုမ္ပဏီသို့ပေးပို့ရမည်ဖြစ်ပြီး လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီက ရရှိ ထိုက်ခွင့်ရှိသည့် အစုရှယ်ယာများအတွက် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီမှပေးချေရမည့် တန်ဖိုးပမာဏ သို့မဟုတ် ယင်းအတွက် အဖိုးစားနားတစ်ရပ်ရပ်ကို လွှဲပြောင်းပေးသည့် ကုမ္ပဏီသို့ ပေးချေရမည် သို့မဟုတ် လွှဲပြောင်းပေးရမည်။ ယင်းသို့ ဆောင်ရွက်ပြီးနောက် လွှဲပြောင်းပေးသည့် ကုမ္ပဏီသည် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီအား အဆိုပါ အစုရှယ်ယာများ၏ ပိုင်ရှင်အဖြစ် မှတ်ပုံတင်စာရင်း ရေးသွင်းဖော်ပြရမည်။
(ဂ) ဤပုဒ်မအရ လွှဲပြောင်းပေးသည့် ကုမ္ပဏီက လက်ခံရရှိသော ငွေကြေးများကို သီးခြားဘဏ်ငွေ စာရင်းတစ်ခုသို့ ပေးသွင်းရမည်ဖြစ်ပြီး ထိုသို့လက်ခံရရှိသော ငွေပမာဏနှင့် အခြားအဖိုးစားနားများကို ၎င်းတို့နှင့် စပ်လျဉ်းသည့် အစုရှယ်ယာရှင်အသီးသီးအတွက် ယုံကြည်အပ်နှံမှုအဖြစ် အဆိုပါ လွှဲပြောင်း ပေးသည့်ကုမ္ပဏီက ထိန်းသိမ်းထားရှိရမည်။
(ဃ) ဤပုဒ်မတွင် ဖော်ပြပါရှိသော ‘သဘောကွဲလွဲသည့် အစုရှယ်ယာရှင်’ ဆိုသည်တွင် ပဋိညာဉ် စာချုပ်အား သဘောတူညီခြင်းမရှိသည့် အစုရှယ်ယာရှင်နှင့် စီမံချက် သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့် အညီ လွှဲပြောင်းလက်ခံသည့်ကုမ္ပဏီသို့ ၎င်း၏အစုရှယ်ယာများကို လွှဲပြောင်းပေးရန် ပျက်ကွက်သော သို့မဟုတ် ငြင်းဆန်သော အစုရှယ်ယာရှင်တစ်ဦးဦးတို့ ပါဝင်သည်။
အပိုင်း(၅)
ဖျက်သိမ်းခြင်း
အခန်း(၂၆)
ကုမ္ပဏီတစ်ခုအားဖျက်သိမ်းခြင်း
ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာနည်းလမ်းများ
၂၉၂။ (က) ကုမ္ပဏီတစ်ခုအား အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖျက်သိမ်းနိုင်သည်-
(၁) တရားရုံးက ဖြစ်စေ၊
(၂) ဆန္ဒအလျောက်ဖြစ်စေ၊
(၃) တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ။
(ခ) ဆန့်ကျင်ကွဲလွဲမှု တစ်စုံတစ်ရာမရှိခဲ့လျှင် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဖော်ပြပါ နည်းလမ်းတစ်ရပ်ရပ်အရ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်စေရမည်။
ကြွေးမြီပေးဆပ်ရသူများ (Contributories)
လက်ရှိသော်လည်းကောင်း၊ ယခင်ကသော်လည်းကောင်း ကုမ္ပဏီတွင်ပါဝင်သူများ၏ ကြွေးမြီပေးဆပ် ရသူများအဖြစ်တာဝန်ရှိမှု
၂၉၃။ (က) ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့်ကိစ္စရပ်တွင် လက်ရှိသော်လည်းကောင်း၊ ယခင်က သော်လည်းကောင်း ကုမ္ပဏီတွင် ပါဝင်သူများအားလုံးသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် အညီ ကုမ္ပဏီ၏ ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ကြွေးမြီပေးဆပ် ရသူများအကြား အခွင့်အရေးများကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် အောက်ပါသတ်မှတ်ချက်များကို လိုက်နာစေလျက် ကျသင့်သည့်ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များအား ပေးချေရာ တွင် ငွေကြေးလုံလောက်မှု ရှိစေရေးအတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များစာရင်းသို့ ထည့်ဝင်ပေးဆပ်ရန် တာဝန်ရှိစေရမည်။
(၁) ကုမ္ပဏီတွင် ယခင်ကပါဝင်ခဲ့သူတစ်ဦးသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ခြင်း မပြုမီလွန်ခဲ့ သော တစ်နှစ် သို့မဟုတ် ထိုထက်ပိုသော ကာလကတည်းကပင် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲခဲ့ခြင်းဖြစ်လျှင် ကြွေးမြီပေးဆပ်ရေးအတွက် တာဝန်မရှိစေရ။
(၂) ကုမ္ပဏီတွင် ယခင်က ပါဝင်ခဲ့သူတစ်ဦးသည် ၎င်းအနေဖြင့် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ်မှ ရပ်စဲခဲ့ပြီးနောက်ပိုင်း၌ ကုမ္ပဏီက ချုပ်ဆိုထားသော ပဋိညာဉ်စာချုပ်အရ ဖြစ်ပေါ်လာသည့် ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရာတွင် တာဝန်မရှိစေရ။
(၃) ဤဥပဒေအရ ကုမ္ပဏီတွင် လက်ရှိပါဝင်သူများက ၎င်းတို့ပေးဆပ်ရန်ဖြစ်သော ကြွေးမြီတာဝန်ကို ပေးဆပ်နိုင်ဖွယ်မရှိကြောင်း တရားရုံးကတွေ့ရှိခဲ့လျှင်မှအပ ကုမ္ပဏီတွင် ယခင်က ပါဝင်ခဲ့သူတစ်ဦးသည် ကြွေးမြီပေးဆပ်ရာတွင် တာဝန်မရှိစေရ။
(၄) အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင်လက်ရှိပါဝင်နေသူ သို့မဟုတ် ယခင်က ပါဝင်ခဲ့သူ တစ်ဦးအဖြစ် တာဝန်ရှိသည့် အစုရှယ်ယာများအတွက် ပေးချေရခြင်းမရှိသေးသော ငွေပမာဏ (ရှိခဲ့လျှင်) ထက်ပိုမိုသော ငွေပမာဏကို ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးထံမှ ကြွေးမြီပေးဆပ်ရန်အတွက် ရယူခြင်း မရှိစေရ။
(၅) ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတွင် ယင်းကုမ္ပဏီကို စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးဦးက ထည့်ဝင်ရန် တာဝန်ယူထားသည့် ပမာဏထက်ပိုမို၍ ၎င်းထံမှ ကြွေးမြီပေးဆပ်ရန်အတွက် ရယူခြင်းမရှိစေရ။
(၆) ဤဥပဒေတွင် ဖော်ပြပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ အာမခံပေါ်လစီ (policy of insurance) သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်အရ ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးချင်းစီ၏ တာဝန် ရှိမှုကို ကန့်သတ် ထားသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ ကုမ္ပဏီ၏ဘဏ္ဍာငွေများဖြင့်သာလျှင် အဆိုပါပေါ်လစီ သို့မဟုတ် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်အရ တာဝန်ရှိမှုများကိုဖြစ်စေ တရားမဝင်ခြင်း မဖြစ်စေရ။
(၇) အမြတ်ဝေစုများ၊ အကျိုးအမြတ်များ သို့မဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် ကုမ္ပဏီတွင်ပါဝင်သူ တစ်ဦးကို ကုမ္ပဏီတွင်ပါဝင်သူအဖြစ် ပေးရန်ရှိသည့်ငွေပမာဏ တစ်ရပ်ကို၎င်းနှင့်ကုမ္ပဏီတွင် ပါဝင်သူ တစ်ဦးမဟုတ်သော မြီရှင်တို့အကြား မည်သူ့ထံသို့ပေးချေရမည်ဟု ဖြစ်ပေါ်လာသည့်ကိစ္စရပ်၌ အဆိုပါ ကုမ္ပဏီတွင် ပါဝင်သူထံသို့ ကုမ္ပဏီကပေးချေရမည့် ကြွေးမြီတစ်ရပ်အဖြစ် မှတ်ယူခြင်းမရှိစေရ။ သို့သော် အဆိုပါငွေပမာဏကို ယင်းတို့အကြား ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးအား အပြီးသတ်ညှိနှိုင်း သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်သည်။
(ခ) အစုရှယ်ယာမတည်ငွေရင်း ပါရှိသော ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါတွင် ထိုကုမ္ပဏီတွင် ပါဝင်သူအားလုံးသည် ကုမ္ပဏီအား စာရင်း ရှင်းလင်းဖျက်သိမ်းသဖြင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ စာရင်းသို့ ၎င်းကထည့်ဝင်ရန် တာဝန်ယူထား သော ပမာဏအတွက် တာဝန်ရှိသည့်အပြင် ၎င်းပိုင်ဆိုင်ထားသော အစုရှယ်ယာတစ်ရပ်ရပ်နှင့် စပ်လျဉ်း ၍ ပေးချေရခြင်းမရှိသေးသော ငွေပမာဏတစ်ရပ်ရပ်အတွက်လည်း ထည့်ဝင်ရန်တာဝန်ရှိသည်။
တာဝန်ကန့်သတ်မထားသည့် ဒါရိုက်တာများ၏ တာဝန်
၂၉၄။ တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီတစ်ခုအား စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါတွင် ဤဥပဒေအရ သို့မဟုတ် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ တာဝန်ကန့်သတ်ထားခြင်း မရှိသော ယခင်ကသော် လည်းကောင်း၊ ယခုသော် လည်းကောင်း ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ကြသည့် ဒါရိုက်တာတစ်ဦးဦးသည် ကုမ္ပဏီ၏ သာမန်ပါဝင်သူတစ်ဦးအဖြစ် ငွေကြေးထည့်ဝင်ရန်တာဝန်ရှိခဲ့လျှင် ၎င်းတာဝန်အပြင် ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင်ဆောင်ရွက်သည့်အချိန်တွင် တာဝန် ကန့်သတ်မထားသည့် ကုမ္ပဏီတစ်ခုတွင် ပါဝင်သူတစ်ဦး ဖြစ်သကဲ့သို့ ငွေကြေးထည့်ဝင်မှုများကို ထပ်မံ ပြုလုပ်ရန် တာဝန်ရှိသည်။ သို့ရာတွင်-
(က) ဒါရိုက်တာအဖြစ် ယခင်က ဆောင်ရွက်ခဲ့သူတစ်ဦးသည် ကုမ္ပဏီအား စာရင်းရှင်းလင်း ဖျက်သိမ်း ခြင်း စတင်သည့်နေ့မတိုင်မီ တစ်နှစ် သို့မဟုတ် ထိုထက်ပိုသော ကာလကပင် တာဝန်မှရပ်စဲခဲ့ပြီးဖြစ် လျှင် ၎င်းအနေဖြင့် ဖော်ပြပါငွေကြေးထည့်ဝင်မှုများကို ထပ်မံပြုလုပ်ရန် တာဝန်မရှိစေရ။
(ခ) ဒါရိုက်တာအဖြစ် ယခင်က ဆောင်ရွက်ခဲ့သူတစ်ဦးသည် ၎င်းအနေဖြင့် အဆိုပါ တာဝန်မှရပ်စဲခဲ့ပြီး နောက်ပိုင်း၌ ကုမ္ပဏီက ပဋိညာဉ် ပြုလုပ်ထားသည့် ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ငွေကြေးထည့်ဝင်မှုများကို ထပ်မံပြုလုပ်ရန်တာဝန်မရှိစေရ။
(ဂ) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနှင့်အညီ ကုမ္ပဏီ၏ ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊ ကုမ္ပဏီ အား စာရင်းရှင်းလင်းဖျက်သိမ်းသည့် ကိစ္စရပ်အတွက် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံး စရိတ်များအတွက် ကျခံနိုင်ရန်အလို့ငှာ အဆိုပါငွေကြေးထည့်ဝင်မှု ပြုလုပ်ရန်လိုအပ်ကြောင်း တရားရုံး က ယူဆခြင်းမရှိလျှင် ဒါရိုက်တာတစ်ဦးသည် အဆိုပါ ငွေကြေးထည့်ဝင်မှုများကို ထပ်မံပြုလုပ်ရန် တာဝန်မရှိစေရ။
ကြွေးမြီပေးဆပ်ရသူ၏ တာဝန်များ
၂၉၅။ ကြွေးမြီပေးဆပ်ရသူတစ်ဦး၏ တာဝန်ရှိမှုသည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ၎င်း အပေါ် သတ်မှတ်သည့်ငွေကြေး ထည့်ဝင်ရန် တောင်းခေါ်မှုများတွင် သတ်မှတ်ပါရှိသော အချိန်ကာလ၌ ပေးချေရမည့် ကြွေးမြီတစ်ရပ်ကို အကြွေးအဖြစ်သတ်မှတ်ရမည်။
ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး သေဆုံးသည့်ကိစ္စရပ်
၂၉၆။ (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းအား ကြွေးမြီပေးဆပ်ရသူများစာရင်း၌ ထည့်သွင်း ဖော်ပြခြင်း မပြုမီတွင်ဖြစ်စေ၊ ထည့်သွင်းဖော်ပြပြီးနောက်တွင် ဖြစ်စေ သေဆုံးသွားခဲ့လျှင် ၎င်း၏ တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများသည် ၎င်း၏တာဝန်များကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရန်အတွက် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များစာရင်းသို့ နည်းလမ်းတကျထည့်ဝင်ရန် တာဝန်ရှိပြီး ၎င်းတို့ သည် ကြွေးမြီပေးဆပ်ရသူများ ဖြစ်လာစေရမည်။
(ခ) တရားဝင်ကိုယ်စားလှယ်များနှင့် အမွေဆက်ခံသူများသည် ၎င်းတို့က ပေးသွင်းရမည့် ငွေကြေး တစ်ရပ်ရပ်ကိုပေးသွင်းရန် ပျက်ကွက်ခဲ့လျှင် ပေးချေရန်တာဝန်ရှိသည့် ငွေကြေးများကို အတင်းအကြပ် ပြုပေးချေစေရန်အလို့ငှာ သေဆုံးသွားသော ကြွေးမြီပေးဆပ်ရသူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုဖြစ် စေ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ စီမံခန့်ခွဲမှုပြုနိုင်ရန်အတွက် တရားစွဲဆိုဆောင်ရွက်မှုများ ကို ပြုလုပ်နိုင်သည်။
ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦး လူမွဲဖြစ်သည့်ကိစ္စရပ်
၂၉၇။ ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းအား ကြွေးမြီပေးဆပ်ရသူများ စာရင်း၌ ထည့်သွင်းဖော်ပြ ခြင်း မပြုမီတွင်ဖြစ်စေ၊ ထည့်သွင်းဖော်ပြပြီးနောက်တွင်ဖြစ်စေ လူမွဲဖြစ်ကြောင်း သတ်မှတ်ခံရလျှင်-
(က) ၎င်း၏ လွှဲအပ်ခြင်းခံရသူများသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း ကိစ္စရပ်များအားလုံးတွင် ၎င်း၏ကိုယ်စား ဆောင်ရွက်ရမည်ဖြစ်ပြီး ၎င်းတို့သည် ကြွေးမြီပေးဆပ်ရသူများ ဖြစ်လာစေရမည်။ ၎င်းတို့အား လူမွဲအဖြစ်ခံယူသူ၏ ပစ္စည်းဥစ္စာများအပေါ် အထောက်အထားများ တင်ပြစေနိုင်သည် သို့မဟုတ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များစာရင်းသို့ ထည့်ဝင်ရမည့် ၎င်း၏တာဝန်နှင့်စပ်လျဉ်း၍ လူမွဲအဖြစ် ခံယူသူက ပေးချေရန်တာဝန်ရှိသည့် ငွေကြေးတစ်ရပ်ရပ်ကို ဥပဒေနှင့်အညီ ၎င်း၏ရရန်ပိုင်ခွင့်များမှ ပေးချေစေရန် ခွင့်ပြုနိုင်သည်။ ၎င်းအပြင်
(ခ) လူမွဲအဖြစ်ခံယူသူ၏ ပစ္စည်းဥစ္စာများအပေါ် နောင်တွင်တောင်းဆိုမည့် သို့မဟုတ် တောင်းဆိုပြီး ဖြစ်သည့် ၎င်းအနေဖြင့် တာဝန်ရှိမည့် ခန့်မှန်းချေငွေပမာဏအား သတ်မှတ်နိုင်သည်။
တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းခြင်း
တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီကို ဖျက်သိမ်းနိုင်သည့် အခြေအနေများ
၂၉၈။ တရားရုံးသည် အောက်ပါအခြေအနေတစ်ခုခုဖြစ်ပေါ်လာလျှင် ကုမ္ပဏီတစ်ခုကိုဖျက်သိမ်းနိုင် သည်-
(က) ကုမ္ပဏီကို တရားရုံး၏ဆုံးဖြတ်ချက်ဖြင့် ဖျက်သိမ်းနိုင်သည်ဟု ကုမ္ပဏီက အထူးဆုံးဖြတ်ချက် ချမှတ်၍ ဆောင်ရွက်လျှင်၊
(ခ) ဥပဒေအရလိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများတင်ပြရာတွင်ဖြစ်စေ၊ အစည်းအဝေးများကို ကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှုရှိခဲ့လျှင်၊
(ဂ) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်သည့် အချိန်မှစ၍ တစ်နှစ်အတွင်း ယင်း၏စီးပွားရေး လုပ်ငန်းများ ကို စတင်ဆောင်ရွက်နိုင်မှုမရှိလျှင် သို့မဟုတ် ထိုကာလတစ်နှစ်လုံးအတွက် ယင်း၏စီးပွားရေးလုပ်ငန်း များကို ဆိုင်းငံ့ထားလျှင်၊
(ဃ) ကုမ္ပဏီတွင် ပါဝင်သူများ၏ အရေအတွက်ကို တစ်ဦးအောက်အထိ လျှော့ချခဲ့လျှင်၊
(င) ကုမ္ပဏီသည် ယင်း၏ ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ခဲ့လျှင်၊
(စ) ကုမ္ပဏီကို ဖျက်သိမ်းခြင်းမှာ သင့်လျော်မှန်ကန်၍ တရား မျှတသည်ဟု တရားရုံးမှ ထင်မြင်လျှင်။
ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ဟု ယူဆရန်အကြောင်းများ
၂၉၉။ (က) ဤအခန်းပါ ကိစ္စရပ်များအတွက် အောက်ပါကိစ္စရပ်တစ်ခုခု ပေါ်ပေါက်ခဲ့လျှင် ကုမ္ပဏီတစ်ခု သည် ယင်း၏ကြွေးမြီများကို ပေးချေခြင်းမပြုနိုင်ဟု မှတ်ယူရမည်-
(၁) လွှဲအပ်ခြင်းဖြင့်သော် လည်းကောင်း၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်သော် လည်းကောင်း ကုမ္ပဏီက ကျပ်နှစ်သိန်းငါးသောင်းထက် ပိုမိုသော ငွေပမာဏအား ကြွေးမြီပေးချေရန် တင်ရှိနေသော မြီရှင် တစ်ဦးဦးသည် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းသို့ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ အကြောင်းကြားစာပေးပို့၍ ကုမ္ပဏီကပေးရန်ရှိသည့် ငွေပမာဏကို ၎င်းထံပေးချေစေရန် တောင်းဆိုခဲ့ပြီး၊ ကုမ္ပဏီသည် ထိုသို့တောင်းဆိုငွေကို ပေးချေရန် သို့မဟုတ် ကြွေးမြီအတွက် မြီရှင်က ကျေနပ်လက်ခံ နိုင်လောက်သော အာမခံမှုတစ်ရပ်ရပ် ပြုလုပ်ရန် ထိုသို့အကြောင်းကြားသည့်နေ့မှ သုံးပတ်အထိ ပျက်ကွက်နေခဲ့လျှင် သို့မဟုတ်
(၂) ကုမ္ပဏီ၏ မြီရှင်ကို အနိုင်ပေးသည့် တရားရုံးတစ်ရုံးရုံး၏ ဒီကရီ သို့မဟုတ် အမိန့် တစ်ရပ်အား အတည်ပြုခြင်း သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ဆောင်ရွက်မှု အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ဒေသဖြစ်စေ ဆောင်ရွက်နိုင်မှုမရှိခဲ့လျှင် သို့မဟုတ်
(၃) ကုမ္ပဏီသည် ယင်း၏ကြွေးမြီများအား ပေးဆပ်နိုင်ခြင်းမရှိကြောင်း တရားရုံးမှ ကျေနပ်လက်ခံ နိုင်လျှင် ကုမ္ပဏီမှာ ယင်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းရှိမရှိဟူသည့် ကိစ္စရပ်ကို ဆုံးဖြတ်သည့် အခါတွင် တရားရုံးသည် ကုမ္ပဏီ၏ ဖြစ်ပေါ်လာဖွယ်ရှိသည့် တာဝန်ရှိမှုများကို ထည့်သွင်းသုံးသပ်ရ မည်။
(ခ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) တွင် ဖော်ပြပါရှိသည့် တောင်းဆိုချက်ကို မြီရှင်၏ ကိုယ်စား တရားဝင်အခွင့်အာဏာအပ်နှင်းခြင်းခံရသော ကိုယ်စားလှယ် သို့မဟုတ် ဥပဒေအကြံပေး တစ်ဦးက လက်မှတ်ရေးထိုးခဲ့လျှင် သို့မဟုတ် လုပ်ငန်းစုတစ်ရပ်ဖြစ်သည့်အခါတွင် ထိုလုပ်ငန်းစု၏ ကိုယ်စား အဖြစ် ကိုယ်စားလှယ် သို့မဟုတ် ဥပဒေအကြံပေး သို့မဟုတ် လုပ်ငန်းစု၏အဖွဲ့ဝင်တစ်ဦးဦးက လက်မှတ်ရေးထိုးခဲ့လျှင် မြီရှင်ကိုယ်တိုင် တရားဝင် ပေးအပ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။
လက်အောက်ခံတရားရုံးသို့ လွှဲအပ်ဆောင်ရွက်နိုင်သည့် ကုမ္ပဏီဖျက်သိမ်းခြင်းများအကြောင်း
၃၀၀။ တရားရုံးသည် ကုမ္ပဏီတစ်ခုအားဖျက်သိမ်းရန်အတွက် ဤဥပဒေအရ အမိန့်တစ်ရပ် ချမှတ် သည့်အခါ ယင်းက သင့်သည်ထင်မြင်သည့်အတိုင်း လက်အောက်ခံတရားရုံးတစ်ခုခုတွင် ဆက်လက် စစ်ဆေးကြားနာစေရန် ညွှန်ကြားနိုင်သည်။ ထိုသို့လက်ခံဆောင်ရွက်ရသည့် လက်အောက်ခံတရားရုံးကို ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်အတွက် ဤဥပဒေတွင် ဖော်ပြထားသော ‘တရားရုံး’ ဖြစ်သည်ဟု မှတ်ယူ ရမည်ဖြစ်ပြီး ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စရပ်အတွက် တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် အခွင့်အာဏာများ ရရှိ စေရမည်။
ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို တရားရုံးတစ်ခုမှ အခြားတရားရုံးတစ်ခုသို့ လွှဲပြောင်းခြင်း
၃၀၁။ တရားရုံးတစ်ခုခုတွင် ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စရပ်တစ်ခုကို ဆောင်ရွက်နေသည့်ကာလအတွင်း ကုမ္ပဏီဖျက်သိမ်းရန် ကိစ္စရပ်ကို စစ်ဆေးစီရင်ခွင့်ရှိသော အခြားတရားရုံးတစ်ခုခုတွင် တရားစွဲဆို စစ်ဆေးခြင်းသည် ပိုမို၍ အဆင်ပြေလွယ်ကူစေမည်ဖြစ်ကြောင်း တရားရုံးကတွေ့ရှိလျှင် ယင်းသည် အခြားတရားရုံးတစ်ခုသို့ လွှဲပြောင်းပေးနိုင်ပြီး ကုမ္ပဏီဖျက်သိမ်းရန်ကိစ္စရပ်ကို အဆိုပါ လွှဲပြောင်း လက်ခံရရှိသည့် တရားရုံး၌ ဆက်လက်ဆောင်ရွက်ရမည်။
ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်းများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ
၃၀၂။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် တရားရုံးသို့ လျှောက်ထားမှုတစ်ရပ်ကို ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီကဖြစ်စေ၊ ဖြစ်ပေါ်လာမည့် သို့မဟုတ် အလားအလာရှိသည့် မြီရှင် သို့မဟုတ် မြီရှင်များအပါအဝင် မြီရှင်တစ်ဦး သို့မဟုတ် မြီရှင်များကဖြစ်စေ၊ ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများကဖြစ်စေ၊ ယင်းတို့အားလုံး သို့မဟုတ် တစ်ဦးဦးကဖြစ်စေ စုပေါင်း၍ သော်လည်းကောင်း၊ သီးခြားစီဖြင့်သော်လည်းကောင်း သို့မဟုတ် မှတ်ပုံတင်အရာရှိကဖြစ်စေ လျှောက် လွှာဖြင့် တင်ပြဆောင်ရွက်ရမည်။ သို့ရာတွင်-
(က) ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် ၎င်းနှင့်သက်ဆိုင်သည့် အစုရှယ်ယာများ သို့မဟုတ် အစုရှယ်ယာ အချို့ကို ကုမ္ပဏီအားဖျက်သိမ်းမှု စတင်ခြင်းမပြုမီ ၁၈ လအတွင်း အနည်းဆုံး ခြောက်လအထိ ၎င်းထံသို့ မူလကပင် ထုတ်ဝေထားပြီးဖြစ်ခြင်း သို့မဟုတ် ၎င်းက ပိုင်ဆိုင်ထားပြီးဖြစ်ခြင်း၊ ၎င်းအမည်ဖြင့် မှတ်ပုံတင်ထားပြီးဖြစ်ခြင်း သို့မဟုတ် ယခင်ပိုင်ရှင်သေဆုံးခဲ့သဖြင့် ၎င်းထံသို့ လွှဲပြောင်းပေးခြင်း မရှိခဲ့ လျှင် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြခွင့် မရှိစေရ။
(ခ) အောက်ပါအကြောင်းအရာများ ပေါ်ပေါက်ခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြခွင့်မရှိစေရ-
(၁) ကုမ္ပဏီ၏ လက်ကျန်ရှင်းတမ်း (balance sheet) တွင် သို့မဟုတ် ပုဒ်မ ၂၇၁ အရ ခန့်အပ်ထား သည့် စစ်ဆေးသူတစ်ဦးဦး၏ အစီရင်ခံစာတွင် ထုတ်ဖော်တင်ပြထားသည့် ကုမ္ပဏီ၏ဘဏ္ဍာရေးဆိုင်ရာ အခြေအနေအရ ၎င်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိဟု ပေါ်ပေါက်လျှင်၊ ၎င်းအပြင်
(၂) လျှောက်လွှာတင်ပြရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ ကြိုတင်ခွင့်ပြုချက်ကို ရယူထားလျှင်၊ သို့ရာတွင် ကုမ္ပဏီသည် ကြားနာသည့်အခွင့်အရေးကို ဦးစွာမရရှိခဲ့လျှင် အဆိုပါ ခွင့်ပြုချက်ကို ပေးအပ် ခြင်းမပြုရ။
(ဂ) ဥပဒေအရ လိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများ တင်ပြရာတွင်ဖြစ်စေ၊ ဥပဒေအရ လိုက်နာ ဆောင်ရွက်ရသော အစည်းအဝေးများကို ကျင်းပရာတွင်ဖြစ်စေ ပျက်ကွက်မှုရှိခဲ့သည့် အကြောင်းကြောင့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြခြင်းကို အစည်းအဝေးကျင်းပရမည့် နောက်ဆုံးနေ့ရက်မှ ၁၄ ရက်ထက် ကျော်လွန်ပြီး အစုရှယ်ယာရှင်က တင်ပြခြင်းမှတစ်ပါး အခြားသူ တစ်ဦးဦးက တင်ပြခြင်းမပြုရ။
(ဃ) တရားရုံးသည် ယင်းက သင့်သည်ထင်မြင်သည့်အတိုင်း အမှုအတွက် ကုန်ကျစရိတ်အပေါ် အာမခံ တင်သွင်းသည့် ကာလအထိ သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းရန်အတွက် စွဲချက်တင်နိုင်လောက်အောင် မြင်သာသော အထောက်အထားရှိသည့် အမှုဖြစ်ကြောင်း တရားရုံးအနေဖြင့် လက်ခံနိုင်သည့်ကာလ အထိ ဖြစ်ပေါ်လာမည့် သို့မဟုတ် အလားအလာရှိသည့် မြီရှင်ကတင်ပြသော ကုမ္ပဏီဖျက်သိမ်းရန် အတွက် လျှောက်ထားမှုကို ကြားနာခြင်းမပြုရ။
ကုမ္ပဏီဖျက်သိမ်းရန်အမိန့်၏ အကျိုးသက်ရောက်မှု
၃၀၃။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်သည် မြီရှင်တစ်ဦးဦးနှင့် ကြွေးမြီပေးဆပ် ရသူ တစ်ဦးဦးတို့က ပူးတွဲတင်ပြသည့် လျှောက်လွှာအပေါ်တွင် ချမှတ်သည့်အမိန့်တစ်ရပ်အဖြစ် မြီရှင် များ အားလုံးနှင့် ကြွေးမြီပေးဆပ်ရသူများ အားလုံးတို့အတွက် အကျိုးသက်ရောက်စေရမည်။
တရားရုံးက ကုမ္ပဏီဖျက်သိမ်းခြင်း စတင်သည့်အချိန်
၃၀၄။ တရားရုံးက ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းခြင်းသည် ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်လွှာ တင်ပြသည့်အချိန်မှ စတင်သည်ဟု မှတ်ယူရမည်။
တရားရုံးက တားမြစ်သည့်အမိန့်များ ထုတ်ဆင့်နိုင်ခြင်း
၃၀၅။ ဤဥပဒေအရ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြပြီးနောက် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ကိုချမှတ်ခြင်းမပြုမီ မည်သည့်အချိန်တွင်မဆို ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ကုမ္ပဏီအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေး ဆောင်ရွက်မှုတစ်ရပ်ရပ်တွင် ထပ်မံစစ်ဆေးဆောင်ရွက်မှုများကို ရပ်ဆိုင်းထားနိုင်သည်။
လျှောက်ထားမှုကို ကြားနာခြင်းနှင့် စပ်လျဉ်းသည့် တရားရုံး၏ အခွင့်အာဏာ
၃၀၆။ (က) လျှောက်ထားမှုကို ကြားနာသည့်အခါ တရားရုံးသည် သင့်သည်ထင်မြင်လျှင် စရိတ်နှင့် ဖြစ်စေ၊ စရိတ်မပါဘဲဖြစ်စေ အဆိုပါလျှောက်လွှာအား ပလပ်နိုင်သည် သို့မဟုတ် ခြွင်းချက်ဖြင့်ဖြစ်စေ၊ ခြွင်းချက် မပါရှိဘဲလျက်ဖြင့်ဖြစ်စေ ကြားနာခြင်းကိုရွှေ့ဆိုင်းနိုင်သည် သို့မဟုတ် ကြားဖြတ်အမိန့် တစ်ရပ်ရပ် သို့မဟုတ် အခြားအမိန့်တစ်ရပ်ရပ်ကို တရားရုံးက သင့်လျော်သည်ဟု ထင်မြင်သည့်အတိုင်း ချမှတ်နိုင်သည်။ သို့သော် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များနှင့် ညီမျှသော သို့မဟုတ် ပိုမိုသောပမာဏအထိ ထိုရရန်ပိုင်ခွင့်များကို ပေါင်နှံထားသည် သို့မဟုတ် ကုမ္ပဏီတွင် ရရန်ပိုင်ခွင့်များမရှိဟူသော အကြောင်းမျှ ဖြင့် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ရန်အတွက် ငြင်းပယ်ခြင်းမပြုရ။
(ခ) ဥပဒေအရ လိုက်နာဆောင်ရွက်ရသော အစီရင်ခံစာများတင်ပြရာတွင်ဖြစ်စေ၊ အစည်းအဝေးများကို ကျင်းပရာတွင် ဖြစ်စေ ပျက်ကွက်မှုရှိခဲ့သည့်အကြောင်းကြောင့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် လျှောက်လွှာတင်ပြ လာခြင်းဖြစ်လျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း ပျက်ကွက်မှုနှင့် သက်ဆိုင်သော တာဝန်ရှိသူများက ပေးချေရမည့် ကုန်ကျစရိတ်များအတွက် အမိန့်တစ်ရပ် ချမှတ်နိုင် သည်။
(ဂ) တရားရုံးသည် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးအား တစ်ပြိုင်တည်း ခန့်အပ်ခြင်းမှအပ အဆိုပါ အမိန့်ကို တရားဝင် ခန့်အပ်ထားသည့်ပစ္စည်း လက်ခံထိန်းသိမ်းသူထံသို့ ပေးပို့ရမည်။
ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်နှင့်စပ်လျဉ်း၍ ဆိုင်းငံ့ထားသည့်အမှုများ
၃၀၇။ ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါတွင် သို့မဟုတ် ယာယီစာရင်းရှင်း လင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးကို ခန့်အပ်ပြီးသည့်အခါတွင် တရားရုံးကသတ်မှတ်သည့် စည်းကမ်း ချက်များနှင့်အညီ တရားရုံး၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး ကုမ္ပဏီအပေါ် တရားစွဲဆိုမှု သို့မဟုတ် တရားစွဲဆိုဆောင်ရွက်မှုတို့ကို ဆက်လက်ဆောင်ရွက်ခြင်း သို့မဟုတ် စတင်စွဲဆိုခြင်းမပြု လုပ်ရ။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ လစ်လပ်ခြင်း
၃၀၈။ (က) ဤဥပဒေတွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များအတွက် တရားရုံးက ကုမ္ပဏီများကို ဖျက်သိမ်း ခြင်းနှင့် သက်ဆိုင်သည့်အခါ ‘တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူ’ ဆိုသည်မှာ တရားရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်း သူကိုဆိုသည်။ သို့မဟုတ် အဆိုပါတရားဝင် ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူ မရှိခဲ့လျှင် ပြည်ထောင်စုဝန်ကြီးက ဤကိစ္စရပ်အတွက် နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထည့်သွင်း ဖော်ပြ၍ ခန့်အပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးကိုဆိုလိုသည်။
(ခ) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် တရားဝင်ခန့်အပ်ထားသည့် ပစ္စည်း လက်ခံထိန်းသိမ်းသူသည် ကုမ္ပဏီ၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဖြစ်စေရမည့်အပြင် တရားရုံး၏ အမိန့်တစ်ရပ်ရပ်ဖြင့် ရပ်စဲခြင်း မပြုသည်အထိ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်ရမည်။
(ဂ) တရားဝင် ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးအဖြစ် ကုမ္ပဏီ၏ စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများနှင့် ရရန်ပိုင်ခွင့်များအားလုံးကို ထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အဆိုပါ ထိန်းသိမ်းထားရှိသည့် ပစ္စည်းများ အားလုံးကို ကြီးကြပ် ဆောင်ရွက်ခွင့်ရှိသည်။
(ဃ) တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူသည် တရားရုံးက သတ်မှတ်ပေးသည့် အခကြေးငွေကို ခံစားခွင့်ရှိသည်။
ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်၏ မိတ္တူကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရခြင်း
၃၀၉။ (က) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်သည့်အခါတွင် ကုမ္ပဏီဖျက်သိမ်းပေးရန် တရားစွဲဆိုသည့်အမှုမှ လျှောက်ထားသူနှင့် ကုမ္ပဏီတို့သည် အဆိုပါအမိန့်အား ချမှတ်သည့် နေ့ရက်မှ တစ်လအတွင်း ထိုအမိန့်၏မိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရန်တာဝန်ရှိသည်။
(ခ) ကုမ္ပဏီ ဖျက်သိမ်းသည့်အမိန့်၏ မိတ္တူတစ်စောင်ကို တင်ပြသည့်အခါတွင် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီနှင့် သက်ဆိုင်သည့် စာရင်းစာအုပ်တွင် အဆိုပါ အချက်အလက်အား မှတ်တမ်းတင် ထားရှိရမည့် အပြင် အဆိုပါအမိန့်အား ချမှတ်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။
(ဂ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သည့်အခါမှတစ်ပါး အဆိုပါ အမိန့် သည် ကုမ္ပဏီ၏ ဝန်ထမ်းများသို့ ပေးပို့သည့်အကြောင်းကြားစာအဖြစ် မှတ်ယူရမည်။
ကုမ္ပဏီဖျက်သိမ်းခြင်းကို ဆိုင်းငံ့ထားနိုင်သည့် တရားရုံး၏ အခွင့်အာဏာ
၃၁၀။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် စစ်ဆေးဆောင်ရွက်မှုများ အားလုံးကို ဆိုင်းငံ့ထား သင့်ကြောင်း မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် သို့မဟုတ် ထိုသို့ဆိုင်းငံ့ထားသင့်ကြောင်း တရားရုံးက ကျေနပ်လက်ခံနိုင်သည့် အထောက်အထားများရှိလျှင် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို တရားရုံးက သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် အားလုံးကိုဖြစ်စေ သို့မဟုတ် သတ်မှတ် ကာလ တစ်ရပ်ရပ်အတွက်ဖြစ်စေ တရားစွဲဆိုဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရန် အမိန့်တစ်ရပ်ချမှတ် နိုင်သည်။
မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကို တရားရုံးက လက်ခံပေးနိုင်ခြင်း
၃၁၁။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်အားလုံးတွင် လုံလောက်သည့် အထောက်အထားတစ်ရပ်ရပ်ဖြင့် ၎င်းထံတင်ပြစေနိုင်သကဲ့သို့ မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒများကို ထည့်သွင်းစဉ်းစားနိုင်သည်။
တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ
တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားခန့်အပ်ခြင်း
၃၁၂။ (က) ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် တရားစွဲဆိုဆောင်ရွက်မှုများကို ပြုလုပ်ရန်အတွက် လည်းကောင်း၊ တရားရုံးက ချမှတ်မည့်တာဝန်များကို ထမ်းဆောင်ရန်အတွက်လည်းကောင်း၊ တရားရုံး သည် တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူမှအပ အခြားသူ တစ်ဦးဦး သို့မဟုတ် အခြားသူများကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦး သို့မဟုတ် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိများအဖြစ် ခန့်အပ်နိုင်သည်။
(ခ) တရားရုံးသည် တင်ပြလျှောက်ထားမှု တစ်ရပ်ရပ်ကို လက်ခံရရှိပြီးနောက် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ခြင်းမပြုရသေးမီ မည်သည့်အချိန်တွင်မဆို အဆိုပါခန့်အပ်မှုကို ယာယီအားဖြင့် သတ်မှတ်နိုင်သည်။ သို့သော် တရားရုံးသည် အကြောင်းကြားစာ မပေးပို့သင့်ကြောင်း မှတ်တမ်းတင် ထားနိုင်သည့် အကြောင်းအချက်များမရှိမှသာ အဆိုပါခန့်အပ်မှုအားမပြုလုပ်မီ ကုမ္ပဏီသို့ အကြောင်း ကြားစာပေးပို့ရမည်။
(ဂ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအား တစ်ဦးထက် ပိုမို၍ ခန့်ထားခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိက ဤဥပဒေအရ ဆောင်ရွက်မှုတစ်စုံတစ်ရာကို ပြုလုပ်ရန်လိုအပ်ခြင်း သို့မဟုတ် ပြုလုပ်ရန် အခွင့်အာဏာအပ်နှင်း ထားခြင်းတို့ကို အဆိုပါ ပုဂ္ဂိုလ်အားလုံးကဖြစ်စေ၊ တစ်ဦးဦးကဖြစ်စေ၊ အချို့ကဖြစ်စေ မည်သူကပြုလုပ် ရမည်ဖြစ်ကြောင်း တရားရုံးက ကြေညာရမည်။
(ဃ) တရားရုံးသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ တစ်ဦးဦးက ၎င်းအားခန့်အပ်မှုနှင့် စပ်လျဉ်း၍ အာမခံချက်တစ်ရပ်ရပ်ထားရှိရန် လိုမလိုနှင့် မည်သည့်အာမခံချက်ကို ထားရှိရမည်တို့ကို ဆုံးဖြတ်နိုင်သည်။
(င) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးအား ခန့်အပ်ပြီးနောက်ပိုင်းတွင် ထိုသို့ ခန့်အပ်မှုနှင့် စပ်လျဉ်းသည့် ချို့ယွင်းချက်တစ်ရပ်ရပ်အား တွေ့ရှိစေကာမူ ၎င်း၏ပြုလုပ် ဆောင်ရွက်ချက် များသည် တရားဝင်စေရမည်။ သို့ရာတွင် ဤပုဒ်မခွဲတွင် ဖော်ပြပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ ၎င်းအား ခန့်အပ်မှုသည် တရားဝင်ခြင်းမရှိကြောင်း ဖော်ပြပြီးနောက်ပိုင်း၌ အဆိုပါ စာရင်းရှင်းလင်း ဖျက်သိမ်း ရေးအရာရှိ၏ ပြုလုပ်ဆောင်ရွက်ချက်များသည် တရားဝင်သည်ဟု မှတ်ယူခြင်းမရှိစေရ။
(စ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လက်ဝယ်ရှိရရန် ပိုင်ခွင့်များ နှင့် စပ်လျဉ်း၍ ပစ္စည်းလက်ခံထိန်းသိမ်းသူတစ်ဦးကို ခန့်အပ်ခြင်းမပြုရ။
နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ လစ်လပ်နေရာများအား ဖြည့်စွက်ခန့်ထားခြင်းနှင့်လျော်ကြေးပေးခြင်း
၃၁၃။ (က) တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ တစ်ဦးဦးသည် နုတ်ထွက်ခွင့်ရှိသည် သို့မဟုတ် ခိုင်လုံသည့်အကြောင်းအချက်များ တင်ပြနိုင်လျှင် တရားရုံးက ၎င်းကို ထုတ်ပယ်နိုင်သည်။
(ခ) တရားရုံးက တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦး လစ်လပ် သွားသည့် နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။ လစ်လပ်သည့်နေရာတွင် ထိုသို့ ဖြည့်စွက်ခန့်ထား သည့် ကာလအထိ တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူသည် တရားဝင်ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ဆောင်ရွက်ရမည်။
(ဂ) တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့်လည်းကောင်း တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသို့ လစာ သို့မဟုတ် အခကြေးငွေပေးရန် ညွှန်ကြားရမည်။ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦး ထက် ပိုမိုခန့်ထားခဲ့လျှင် တရားရုံးကညွှန်ကြားသည့် အချိုးအစားပမာဏအတိုင်း အဆိုပါ စာရင်း ရှင်းလင်း ဖျက်သိမ်းရေး အရာရှိများထံသို့ အခကြေးငွေကို ခွဲဝေပေးရမည်။
တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
၃၁၄။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ၎င်းအားခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ်သာ ဖော်ပြရမည်ဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်အမည်ဖြင့် ဖော်ပြခြင်းမပြုရ။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တင်ပြရခြင်း
၃၁၅။ (က) တရားရုံးက ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါ သို့မဟုတ် တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကို ယာယီအားဖြင့် ခန့်အပ်ပြီးသည့် အခါတရားရုံးကအခြားအမိန့်တစ်စုံတစ်ရာကို ချမှတ်ရန်လိုအပ်သည်ဟု မယူဆလျှင် အောက်ပါအချက် အလက်များပါဝင်ပြီး ကျမ်းကျိန်ချက်ဖြင့် အတည်ပြုထားသော ကုမ္ပဏီ၏ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ရေးသားဖော်ပြချက် တစ်စောင်ကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ထံသို့ ပြုစုတင်ပြရမည်-
(၁) လက်ဝယ်ရှိ ငွေသားလက်ကျန်ရှင်းတမ်းနှင့် ဘဏ်ရှိ ငွေသားစာရင်းများရှိခဲ့လျှင် ၎င်းငွေသား စာရင်းများကို သီးခြားစီဖော်ပြလျက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များ၊
(၂) ကြွေးမြီများနှင့် တာဝန်ရှိမှုများ၊
(၃) အာမခံထားရှိသော ကြွေးမြီများနှင့် အာမခံထားရှိခြင်းမရှိသော ကြွေးမြီများ၏ ပမာဏကို သီးခြား စီဖော်ပြလျက် မြီရှင်များ၏အမည်များ၊ နေရပ်လိပ်စာများနှင့် အလုပ်အကိုင်များ၊ အာမခံထားရှိသော ကြွေးမြီများဖြစ်လျှင် ငွေချေးသက်သေခံလက်မှတ်များ၏ အချက်အလက်များ ယင်းတို့၏တန်ဖိုးနှင့် ယင်းတို့အားထုတ်ဝေ ခဲ့သည့်နေ့စွဲများနှင့်
(၄) ကုမ္ပဏီသို့ ကြွေးမြီပေးဆပ်ရန် တာဝန်ရှိသူများ၏ အမည်များ၊ နေရပ်လိပ်စာများနှင့် အလုပ် အကိုင်များ၊ ထိုသို့ပေးဆပ်နိုင်မည့်ပမာဏ။
(ခ) ထိုရေးသားဖော်ပြချက်အား သက်ဆိုင်သည့်နေ့ရက်၌ တာဝန်ထမ်းဆောင်လျက်ရှိသူ ဒါရိုက်တာ တစ်ဦး သို့မဟုတ် ဒါရိုက်တာများကသော် လည်းကောင်း၊ ကုမ္ပဏီ၏ အတွင်းရေးမှူးက သော်လည်း ကောင်း၊ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် အောက်ပါပြဋ္ဌာန်း ချက်များတွင် ဖော်ပြပါရှိသူများက သော်လည်းကောင်း တရားရုံး၏ ညွှန်ကြားချက်နှင့် အညီ မှန်ကန် ကြောင်းအတည်ပြု၍ တင်ပြရမည့်အပြင် အောက်ပါပုဂ္ဂိုလ်များကိုလည်း ရေးသားဖော်ပြချက်အား မှန်ကန်ကြောင်း အတည်ပြု၍ တင်ပြစေနိုင်သည်-
(၁) ကုမ္ပဏီ၏ဒါရိုက်တာများ သို့မဟုတ် အရာရှိများအဖြစ် ဆောင်ရွက်သူများ သို့မဟုတ် ဆောင်ရွက်ခဲ့ သူများ သို့မဟုတ်
(၂) သက်ဆိုင်သည့် နေ့ရက်မှ တစ်နှစ်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီဖွဲ့စည်း တည်ထောင်မှုတွင် ပါဝင်ခဲ့သူများ သို့မဟုတ်
(၃) အဆိုပါနှစ်ကာလအတွင်း ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက လိုအပ်သည့် သတင်းအချက်အလက်များကို ပေးနိုင်သူဟုယူဆသည့် ပုဂ္ဂိုလ်များ။
(ဂ) ထိုရေးသားဖော်ပြချက်ကို သက်ဆိုင်သည့် နေ့ရက်မှ ၂၁ ရက်အတွင်း သို့မဟုတ် အထူးအကြောင်း ရှိခဲ့လျှင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားရုံးက ဖြစ်စေ တိုးမြှင့်သတ်မှတ်ပေးသည့် ကာလအတွင်းတင်ပြရမည်။
(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ လိုအပ်သော ရေးသားဖော်ပြချက်နှင့် ကျမ်းကျိန်လွှာတို့ကို ပြုလုပ် သည့် သို့မဟုတ် ပြုလုပ်ရန် သဘောတူညီသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ယာယီခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ ပြင်ဆင်ပြုလုပ် ဆောင်ရွက်ရာတွင် ကုန်ကျသည့်စရိတ်များကို သင့်လျော်သည့် ကုန်ကျစရိတ်များ ဖြစ်သည်ဟု သတ်မှတ်ခွင့်ပြု၍ ပေးချေနိုင်သည်။ ထိုကိစ္စရပ်တွင် တရားရုံးသို့ အယူခံဝင်ရောက်နိုင်သည်။
(င) ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ် ရသူတစ်ဦးဖြစ်ကြောင်း ကိုယ်တိုင်စာဖြင့် ရေးသား ဖော်ပြသူတစ်ဦးဦးသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ သင့်လျော်သည့်အချိန် တိုင်းတွင် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်းလျက် ဤပုဒ်မအရတင်ပြသည့် ရေးသား ဖော်ပြချက်ကို စစ်ဆေးကြည့်ရှုခြင်းနှင့် အဆိုပါ ရေးသားဖော်ပြချက်၏ မိတ္တူကိုဖြစ်စေ၊ ကောက်နုတ် ချက်ကိုဖြစ်စေ ရယူခွင့်ရှိသည်။
(စ) ဤပုဒ်မပါ ‘သက်ဆိုင်သည့်နေ့ရက်’ ဆိုသည်မှာ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကို ယာယီခန့်အပ်ထားသည့် ကိစ္စရပ်တွင် ထိုသို့ ခန့်အပ်သည့်နေ့ရက်နှင့် ထိုသို့ ခန့်အပ်ခြင်းမပြုသည့် ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ကို ချမှတ်သည့်နေ့ရက်တို့ကို ဆိုသည်။
၃၁၆။ မည်သူမဆို သင့်လျော်သည့် အကြောင်းအချက်မရှိဘဲ ပုဒ်မ ၃၁၅ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် သိလျက်ဖြင့် တမင်ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်သိန်းတစ်ဆယ်ကို ပေးဆောင်ရမည်။
၃၁၇။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း မမှန်မကန် ကိုယ်တိုင်စာဖြင့် ရေးသား ဖော်ပြသူတစ်ဦးဦးသည် ရာဇသတ်ကြီးပုဒ်မ ၁၈၂ အရ ပြစ်မှုမြောက်ပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားဝင်ခန့်အပ်ထားသည့် ပစ္စည်းလက်ခံထိန်းသိမ်းသူကဖြစ်စေ လျှောက်ထားတင်ပြ လာလျှင် အဆိုပါပြစ်မှုဖြင့် ပြစ်ဒဏ်ထိုက်သင့်စေရမည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ရေးသားဖော်ပြချက်
၃၁၈။ (က) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်ကို ချမှတ်သည့်အခါ တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၁၅ အရတင်ပြသည့် ရေးသားဖော်ပြချက်အား လက်ခံရရှိ ပြီးနောက် အဆိုပါအမိန့်ကို ချမှတ်သည့်နေ့မှ လေးလထက်နောက်မကျစေဘဲ သို့မဟုတ် တရားရုံးက ခွင့်ပြုလျှင် ခြောက်လထက်နောက်မကျစေဘဲ သို့မဟုတ် ရေးသားဖော်ပြချက်တင်ပြရန် လိုအပ်ခြင်းမရှိ ကြောင်း တရားရုံးက အမိန့်ချမှတ်သည့် ကိစ္စရပ်တွင် အမိန့်ချမှတ်သည့်နေ့ရက်မှ အောက်ပါအချက် အလက်များပါဝင်သော ကနဦးအစီရင်ခံစာတစ်စောင်ကို တရားရုံးသို့ ဆောလျင်စွာတင်ပြရမည်-
(၁) အောက်ပါ ခေါင်းစဉ်များအလိုက် သီးခြားစီဖော်ပြပါရှိသော ထုတ်ဝေထားသည့် မတည်ငွေရင်း ပမာဏ၊ ထည့်ဝင်ထားသည့် မတည်ငွေရင်းပမာဏ၊ ထည့်ဝင်ပြီး မတည်ငွေရင်းပမာဏ၊ ရရန်ပိုင်ခွင့်များ နှင့် တာဝန်ရှိမှုများအတွက် ခန့်မှန်းတွက်ချက်မှုပမာဏ၊
(ကက) ငွေသားနှင့်လွှဲပြောင်းနိုင်သောငွေချေးသက်သေခံ လက်မှတ်များ၊
(ခခ) ကြွေးမြီပေးဆပ်ရသူများထံမှရရှိမည့် ကြွေးမြီများ၊
(ဂဂ) ကုမ္ပဏီကရရှိမည့် ကြွေးမြီများနှင့် ကြွေးမြီပေးချေရန်အာမခံချက်များရှိခဲ့လျှင်၊
(ဃဃ) ကုမ္ပဏီပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်
(ငင) ငွေပေးချေခြင်း မပြုရသေးသောထည့်ဝင် ရမည့်မတည်ငွေရင်း၊
(၂) ကုမ္ပဏီက လုပ်ငန်းအောင်မြင်မှုမရှိခဲ့လျှင် ထိုသို့ဖြစ်ရသည့်အကြောင်းများနှင့်
(၃) ကုမ္ပဏီကို တည်ထောင်ခြင်းလုပ်ငန်းပြုလုပ်ခြင်း၊ ဖွဲ့စည်းခြင်း သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်း အောင်မြင်မှုမရှိခြင်း၊ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ အပေါ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ထင်မြင်ချက်အရ ထပ်မံစိစစ်ရန် လိုအပ်ခြင်းရှိမရှိ။
(ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ၎င်းအနေဖြင့် သင့်သည် ထင်မြင်လျှင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ခဲ့သည့်အခြေအနေ၊ ကုမ္ပဏီကို တည်ထောင်ခြင်းလုပ်ငန်း ပြုလုပ်ခြင်း သို့မဟုတ် ဖွဲ့စည်းခြင်းတွင် ပါဝင်သူတစ်ဦးဦး၊ ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်ပြီးနောက် ကုမ္ပဏီနှင့် စပ်လျဉ်း၍ ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦး သို့မဟုတ် အရာရှိတစ်ဦးဦးက လိမ်လည်မှု တစ်ရပ်ရပ်ကို ကျူးလွန်ထားသည်ဟု ထင်မြင်ချက်နှင့် တရားရုံးကသိရှိရန် လိုအပ်သည်ဟု ထင်မြင် သော အခြားအကြောင်း အရာများကို ဖော်ပြထားသည့် အခြားအစီရင်ခံစာတစ်စောင် သို့မဟုတ် အစီရင် ခံစာများကိုလည်း တင်ပြနိုင်သည်။
ကုမ္ပဏီ၏ပစ္စည်းများကို ထိန်းသိမ်းထားရှိခြင်း
၃၁၉။ (က) ယာယီအားဖြင့် ခန့်အပ်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားဝင်ခန့်အပ်ထား သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီကပိုင်ဆိုင်သည့် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိသည့် ပစ္စည်းများ၊ ပိုင်ဆိုင်မှုများနှင့် တောင်းခံခွင့်ရှိသည်များ အားလုံးကို ၎င်း၏ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်တွင် ထားရှိရမည်။
(ခ) ကုမ္ပဏီ၏ ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများအားလုံးသည် ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်အား ချမှတ် သည့်နေ့ရက်မှစတင်၍ တရားရုံး၏ ထိန်းသိမ်းမှုအောက်တွင်ထားရှိသည်ဟု မှတ်ယူရမည်။
စည်းမျဉ်းအရ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သော စစ်ဆေးရေးကော်မတီ
၃၂၀။ (က) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနှင့်အတူ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးကော်မတီတစ်ရပ်ကို ခန့်အပ်မည်၊ မခန့်အပ်မည်ကိုလည်းကောင်း၊ ခန့်အပ်ခဲ့ပါက မည်သူများကို ကော်မတီ၏ အဖွဲ့ဝင်များအဖြစ် ခန့်အပ် မည်ကိုသော်လည်းကောင်း ဆုံးဖြတ်နိုင်ရန်အလို့ငှာ ကုမ္ပဏီ၏ စာရင်းစာအုပ်များနှင့် စာရွက်စာတမ်း များတွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ကုမ္ပဏီ၏မြီရှင်များ အစည်းအဝေးတစ်ရပ်ကို ကုမ္ပဏီ ဖျက်သိမ်းသည့်အမိန့်အား ချမှတ်သည့်နေ့ရက်မှ တစ်လအတွင်း ခေါ်ယူကျင်းပရမည်။
(ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် မြီရှင်များ၏ ဆုံးဖြတ်ချက် များကို စဉ်းစားသုံးသပ်ရန်နှင့် အဆိုပါဆုံးဖြတ်ချက်များကို ပြင်ဆင်ချက်ဖြင့် လက်ခံရန် သို့မဟုတ် ပြင်ဆင်ချက်မပြုလုပ်ဘဲ လက်ခံရန်တို့အတွက် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးတစ်ရပ်ကို မြီရှင်များ၏အစည်းအဝေးအား ကျင်းပသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ခေါ်ယူကျင်းပရမည်။
(ဂ) ကြွေးမြီပေးဆပ်ရသူများသည် မြီရှင်များ၏ ဆုံးဖြတ်ချက်ကို အပြည့်အဝလက်ခံနိုင်ခြင်း မရှိပါက တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စစ်ဆေးရေး ကော်မတီတစ်ရပ် ကို ခန့်အပ်ရန်လိုအပ်ခြင်း ရှိမရှိ၊ လိုအပ်ခြင်းရှိပါက ထိုကော်မတီကို မည်သို့ဖွဲ့စည်းမည်နှင့် ထိုကော်မတီ တွင် မည်သူများက အဖွဲ့ဝင်များအဖြစ် ပါဝင်ကြမည် တို့အပေါ် လမ်းညွှန်မှုပြုနိုင်ရန်အတွက် တရားရုံးသို့ လျှောက်ထားရန် တာဝန်ရှိသည်။
(ဃ) ဤပုဒ်မအရ ခန့်အပ်သည့် စစ်ဆေးရေးကော်မတီတွင် ကုမ္ပဏီ၏ မြီရှင်များနှင့် ကြွေးမြီပေးဆပ် ရသူများ၊ သို့မဟုတ် မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများထံမှ အထွေထွေ သို့မဟုတ် အထူး ကိုယ်စားလှယ်လွှဲစာများ ကိုင်ဆောင်ထားသည့်ပုဂ္ဂိုလ်များ ပါဝင်သော အဖွဲ့ဝင် ၁၂ ဦးထက် မပိုသော သူများဖြင့် ပါဝင်ဖွဲ့စည်းရမည်။ ယင်းအဖွဲ့ဝင်ဦးရေတွင် မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးများ၌ သဘောတူညီထားသော အချိုးအစားဖြင့် ပါဝင်ဖွဲ့စည်းနိုင်ပြီး ထိုသို့သဘောတူညီ ထားခြင်းမရှိပါက တရားရုံးကဆုံးဖြတ်နိုင်သည်။
(င) စစ်ဆေးရေးကော်မတီသည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ စာရင်းများကို သင့်လျော်သည့် အချိန်တိုင်းတွင် စစ်ဆေးခွင့်ရှိသည်။
(စ) ကော်မတီသည် အခါအားလျော်စွာ သတ်မှတ်ထားသည့် အချိန်များတွင် တွေ့ဆုံကျင်းပရမည်ဖြစ်ပြီး ထိုသို့သတ်မှတ်ထားသည့် အချိန်ကာလမရှိပါက တစ်လလျှင် အနည်းဆုံးတစ်ကြိမ် တွေ့ဆုံကျင်းပရမည်။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဦးက လိုအပ်သည်ဟု ထင်မြင်သည့်အခါ ကော်မတီအစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပပေးရန် တင်ပြတောင်းဆိုနိုင်သည်။
(ဆ) ကော်မတီသည် အစည်းအဝေးတက်ရောက်သော အဖွဲ့ဝင်အများစုဖြင့် ဆုံးဖြတ်ဆောင်ရွက်ရမည် ဖြစ်ပြီး ကော်မတီ၏အဖွဲ့ဝင်အများစု မတက်ရောက်ခဲ့ပါက ထိုသို့ဆုံးဖြတ်ဆောင်ရွက်ခြင်း မပြုရ။
(ဇ) ကော်မတီအဖွဲ့ဝင် တစ်ဦးဦးသည် ၎င်းကိုယ်တိုင် စာဖြင့်ရေးသား လက်မှတ်ရေးထိုးထားသည့် အကြောင်းကြားစာကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ပေးပို့၍ နုတ်ထွက်နိုင်သည်။
(ဈ) ကော်မတီအဖွဲ့ဝင် တစ်ဦးဦးသည် လူမွဲအဖြစ်ခံယူရခြင်း သို့မဟုတ် ၎င်း၏မြီရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရခြင်း သို့မဟုတ် အစီအစဉ်တစ်ရပ်ရပ်ပြုလုပ်ရခြင်း သို့မဟုတ် ၎င်းနှင့်အတူ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများအား ကိုယ်စားပြုသည့် ကော်မတီအဖွဲ့ဝင်များ၏ ခွင့်ပြုချက်မရရှိဘဲ ကော်မတီ အစည်းအဝေးများကို တက်ရောက်ရန် ငါးကြိမ်ဆက်တိုက် ပျက်ကွက်ခြင်းတို့ ရှိခဲ့လျှင် ထိုကော်မတီအဖွဲ့ဝင်သည် လုပ်ငန်းခွင်မှ ပျက်ကွက်သည်ဟု သတ်မှတ်ရမည်။
(ည) ကော်မတီအဖွဲ့ဝင်တစ်ဦးသည် မြီရှင်များအားကိုယ်စားပြုလျှင် မြီရှင်များ၏ အစည်းအဝေး၌ လည်းကောင်း၊ ကြွေးမြီပေးဆပ်ရသူများအား ကိုယ်စားပြုလျှင် ကြွေးမြီပေးဆပ်ရသူများ၏ အစည်း အဝေး၌ လည်းကောင်း သာမန်ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်၍ ၎င်းကို ထုတ်ပယ်နိုင်သည်။ အဆိုပါ အစည်းအဝေးအတွက် ကျင်းပရသည့် ရည်ရွယ်ချက်အား ဖော်ပြပါရှိသည့် အကြောင်းကြားစာကို အနည်းဆုံး ခုနစ်ရက် ကြိုတင်ပေးပို့၍ ဆောင်ရွက်ရမည်။
(ဋ) ကော်မတီတွင် လစ်လပ်နေရာ ဖြစ်ပေါ်ပါက စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါ လစ်လပ်နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်ရေးအတွက် မြီရှင်များ၏ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ များ၏ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်၍ လစ်လပ်နေရာအား ဖြည့်စွက်ရန်အတွက် မူလကော်မတီအဖွဲ့ဝင်ကို ပြန်လည်ခန့်အပ်နိုင်သည် သို့မဟုတ် အခြားမြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးကို ခန့်အပ်နိုင်သည်။
(ဌ) ကော်မတီတွင် လစ်လပ်နေရာ တစ်ခုခုရှိနေစေကာမူ ကော်မတီ၏အဖွဲ့ဝင်များက နှစ်ဦးထက်မနည်း ရှိပါက ဆက်လက်ဆောင်ရွက်နိုင်သည်။
တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်များ
၃၂၁။ တရားရုံး၏ ခွင့်ပြုချက်ဖြင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သည် အောက်ပါတို့ကို ဆောင်ရွက်ခွင့်ရှိသည်-
(က) ကုမ္ပဏီ၏ အမည်ဖြင့်သော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာအမှုများနှင့် စပ်လျဉ်းသည့် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုများ တွင် စွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် ခုခံချေပခြင်း၊
(ခ) ကုမ္ပဏီကို အကျိုးရှိသည့်နည်းလမ်းဖြင့် ဖျက်သိမ်းရန် လိုအပ်သည့် အတိုင်းအတာအထိ ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ဂ) လေလံဖြင့်ဖြစ်စေ၊ သီးခြားပဋိညာဉ် စာချုပ်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီ၏ မရွှေ့မပြောင်းနိုင် သော ပစ္စည်းများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ ထိုပစ္စည်းများကို ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် ထိုပစ္စည်းများကို ပိုင်းခြား၍ ရောင်းချခြင်း၊
(ဃ) စာချုပ်စာတမ်းများ၊ လက်ခံပြေစာများနှင့် အခြားစာရွက်စာတမ်းများတွင် ကုမ္ပဏီ၏ အမည်နှင့် ကုမ္ပဏီ၏ကိုယ်စား ဆောင်ရွက်ခြင်းနှင့် လက်မှတ်ရေးထိုးချုပ်ဆိုခြင်း၊ ထိုကိစ္စရပ်များအတွက် လိုအပ် ပါက ကုမ္ပဏီ၏ ရုံးတံဆိပ်ကို အသုံးပြုခြင်း၊
(င) ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက လူမွဲခံယူသည့် ကိစ္စရပ်တွင် ထိုသူ၏ပစ္စည်းများအပေါ် စာရင်း ရှင်းလင်းဆောင်ရွက်ရန်အတွက် အတည်ပြုခြင်း၊ ရှင်းလင်းခြင်းနှင့် တောင်းဆိုခြင်း၊ အမြတ်ဝေစုများ ခွဲဝေခြင်းကို လက်ခံခြင်း၊ အဆိုပါ စာရင်းရှင်းတမ်းနှင့် စပ်လျဉ်း၍ လူမွဲခံယူသူထံမှ ရရန်ရှိသည့် သီးခြား ကြွေးမြီများအဖြစ် အခြားမြီရှင်များနှင့် အချိုးကျ ရယူဆောင်ရွက်ခြင်း၊
(စ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းအနေဖြင့် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးချေရန် ကတိစာချုပ်ကို ကုမ္ပဏီအနေဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ ကိုယ်စားအနေဖြင့်ဖြစ်စေ ထုတ်ယူခြင်း လက်ခံခြင်း၊ ပြုလုပ်ခြင်းနှင့် အတည်ပြုထောက်ခံခြင်းတို့ကို ကုမ္ပဏီ၏တာဝန်ရှိမှုများနှင့် စပ်လျဉ်း၍ အလားတူ အကျိုးသက်ရောက် မှုရှိ၍ ဆောင်ရွက်သကဲ့သို့ ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးချေရန် ကတိစာချုပ်တစ်ရပ်ရပ်ကို ကုမ္ပဏီ ၏ အမည်ဖြင့် သို့မဟုတ် ကုမ္ပဏီ၏ကိုယ်စား ထုတ်ယူခြင်း၊ လက်ခံခြင်း၊ ပြုလုပ်ခြင်းနှင့် အတည်ပြု ထောက်ခံခြင်း၊
(ဆ) ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအပေါ် အာမခံထားရှိ၍ ငွေကြေးလိုအပ်ချက်တစ်ရပ်ရပ်ကို မြှင့်တင် ခြင်း၊
(ဇ) ကွယ်လွန်သွားသော ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးအပေါ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ က ၎င်း၏အမည်ဖြင့် စီမံခန့်ခွဲခြင်းဆိုင်ရာစာကို ထုတ်ယူခြင်း၊ ယင်း၏အမည်ဖြင့် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦး သို့မဟုတ် ၎င်း၏ အမွေဆက်ခံသူထံမှ ရရန်ရှိသည့် ငွေကြေးများ ပေးချေမှုကိုရယူခြင်း သို့မဟုတ် ကုမ္ပဏီ၏အမည်ဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းမရှိသော ပစ္စည်းများကို ရယူခြင်းများ အတွက် လိုအပ်သောဆောင်ရွက်မှုများကို ပြုလုပ်ခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက စီမံ ခန့်ခွဲခြင်းဆိုင်ရာ စာကိုထုတ်ယူရာတွင် လည်းကောင်း၊ ဖယ်ရှားဆောင်ရွက်ရာတွင် လည်းကောင်း၊ ငွေကြေးများကို ပြန်လည်ရယူရာတွင် လည်းကောင်း အဆိုပါကိစ္စရပ်များတွင် ပေးချေရမည့်ငွေကြေးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ပေးချေရမည်ဟု မှတ်ယူရမည်။ သို့ရာတွင် ဤပုဒ်မတွင် ပါရှိသည့် မည်သည့်ပြဋ္ဌာန်းချက်ကမျှ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အခွင့်အရေးများ၊ တာဝန်များနှင့် အကျိုးခံစားခွင့်များကို မထိခိုက်စေရ။
(ဈ) ကုမ္ပဏီကို ဖျက်သိမ်းရန်အတွက် လိုအပ်သော ကုမ္ပဏီ၏ကိစ္စရပ်များ၊ ယင်း၏ ရရန်ပိုင်ခွင့်များကို ခွဲဝေပေးခြင်းများအတွက် အခြားလိုအပ်သည့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ခြင်း။
တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ချင့်ချိန်ဆောင်ရွက်နိုင်မှုနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့ ဥပဒေဆိုင်ရာအကူအညီများ ပေးရေးအတွက် ပြဋ္ဌာန်းချက်
၃၂၂။ (က) တရားရုံးသည် အမိန့်တစ်ရပ်ထုတ်ပြန်၍ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအား တရားရုံး၏ခွင့်ပြုချက် သို့မဟုတ် ကြားဝင်ဆောင်ရွက်မှု မပါရှိဘဲ အထက် ဖော်ပြပါ လုပ်ပိုင်ခွင့်များတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်စေနိုင်သည်။ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ယာယီခန့်အပ်ထားသည့် ကိစ္စရပ်တွင် ၎င်းအား ခန့်အပ်သည့် အမိန့်ဖြင့် ၎င်း၏လုပ်ပိုင်ခွင့်များကို ကန့်သတ်တားမြစ် နိုင်သည်။
(ခ) တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ၎င်း၏တာဝန်များကို ထမ်းဆောင်ရာတွင် အကူအညီရရှိရန်အတွက် တရားရုံးများတွင် လိုက်ပါဆောင်ရွက်ခွင့် ရှိသော ရှေ့နေ တစ်ဦးကို တရားရုံး၏ ခွင့်ပြုချက်ဖြင့် ခန့်ထားနိုင်သည်။ သို့ရာတွင် တရားဝင် ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ရှေ့နေတစ်ဦးဖြစ်ပါက ယင်း၏ တွဲဖက်လုပ်ကိုင်သူက အခကြေးငွေ မယူဘဲ ဆောင်ရွက်ပေးရန် သဘောတူညီခြင်းမရှိလျှင် အဆိုပါ တွဲဖက်လုပ်ကိုင်သူကိုခန့်အပ်ခြင်းမပြုရ။
စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အစည်းအဝေးဆောင်ရွက်မှုများ ပါရှိသော စာရင်းစာအုပ် များကို ထိန်းသိမ်းထားရှိရခြင်းနှင့် ၎င်း၏လက်ခံရရှိထားသော စာရင်းများကို တရားရုံးသို့တင်ပြရခြင်း
၃၂၃။ (က) တရားရုံးကဖျက်သိမ်းမည့် ကုမ္ပဏီတစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ အစည်းအဝေးဆောင်ရွက် မှုဆိုင်ရာ စာရင်းရေးသွင်းမှုများ သို့မဟုတ် အစည်းအဝေးမှတ်တမ်းများနှင့် အခြားသတ်မှတ်ဖော်ပြ ထားသည့် ကိစ္စရပ်များကို ပြုစုထားရှိရန် သင့်လျော်သည့် စာရင်းစာအုပ်များကို ထိန်းသိမ်းထားရှိ ရမည်ဖြစ်သည်။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် တစ်ဦးဖြင့်သော်လည်းကောင်း အဆိုပါ စာရင်းစာအုပ် များကို စစ်ဆေးကြည့်ရှုနိုင်သည်။
(ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအားလုံးသည် ၎င်းတို့၏ သက်တမ်းကာလအတွင်း နှစ်စဉ်နှစ်ကြိမ်ထက်မနည်းသော သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလများ ၌ ၎င်းတို့အနေဖြင့် လက်ခံရရှိထားသောစာရင်းနှင့် ငွေပေးချေမှုများကို တရားရုံးသို့တင်ပြရမည်။
(ဂ) စာရင်းကို သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် ပြုစု၍ မူရင်းကွဲများ ထားရှိရမည့်အပြင် သတ်မှတ် ဖော်ပြထားသည့် နည်းလမ်းနှင့်အညီ ကြေညာချက်တစ်စောင်ဖြင့် အတည်ပြုရမည်။
(ဃ) တရားရုံးသည် သင့်သည်ထင်မြင်သည့် နည်းလမ်းဖြင့် စာရင်းအား စစ်ဆေးပြုစုရမည်။ စာရင်း စစ်ဆေးရန်အတွက် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် တရားရုံးက လိုအပ်မည်ဖြစ်သည့် ဘောက်ချာများနှင့် သတင်းအချက်အလက်များကို တရားရုံးသို့ တင်ပြရမည်ဖြစ်ပြီး တရားရုံးသည် မည်သည့်အချိန်တွင်မဆို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ထိန်းသိမ်းထားရှိသည့် စာရင်း စာအုပ်များနှင့် စာရင်းများကို ပြုစုတင်ပြ စေနိုင်သည့်အပြင် စစ်ဆေးကြည့်ုနိုင်သည်။
(င) စာရင်းအား စစ်ဆေးပြီးသည့်အခါ ယင်း၏မိတ္တူတစ်စောင်ကို တရားရုံးတွင် မှတ်တမ်း ပြုစုထိန်းသိမ်းထားရှိရမည်ဖြစ်ပြီး အခြားမိတ္တူ တစ်စောင်ကို မှတ်တမ်းပြုစုထားရှိရန် အတွက် မှတ်ပုံတင်အရာရှိထံသို့ပေးပို့ရမည်။ ထိုမိတ္တူတစ်စောင်စီကို မြီရှင်များ သို့မဟုတ် သက်ဆိုင်သည့် ပုဂ္ဂိုလ်များက စစ်ဆေးကြည့်ရှုနိုင်စေရန် ထားရှိရမည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်းနှင့် ကြီးကြပ်ခြင်း
၃၂၄။ (က) ဤဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးက ဖျက်သိမ်းမည့် ကုမ္ပဏီ တစ်ခု၏ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ကုမ္ပဏီ၏ ရရန်ပိုင် ခွင့်များကို စီမံခန့်ခွဲခြင်းနှင့် ယင်းပစ္စည်းများကို မြီရှင်များထံသို့ ပေးအပ်ခြင်းတို့တွင် အထွေထွေ အစည်း အဝေး တစ်ရပ်ရပ်၌ သို့မဟုတ် စစ်ဆေးရေးကော်မတီက မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ များ၏ ဆုံးဖြတ်ချက်ဖြင့် ချမှတ်ထားသည့် ညွှန်ကြား ချက်များကို ထည့်သွင်းစဉ်းစားရမည်။ အထွေထွေ အစည်းအဝေး တစ်ရပ်ရပ်၌ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက ချမှတ်ထားသည့် ညွှန်ကြားချက် တစ်ရပ်ရပ်သည် စစ်ဆေးရေးကော်မတီက ချမှတ်သည့် ညွှန်ကြားချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် စစ်ဆေးရေးကော်မတီ၏ ညွှန်ကြားချက်အပေါ် လွှမ်းမိုးသည်ဟု မှတ်ယူရမည်။
(ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကိုရယူရန်အတွက် မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူ များ၏ အထွေထွေ အစည်းအဝေးများကို ခေါ်ယူနိုင်သည်။ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ များက ဆုံးဖြတ်ချက်ချမှတ်၍ ညွှန်ကြားလာလျှင်လည်းကောင်း၊ မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ် ရသူများ၏ ဆယ်ပုံတစ်ပုံရှိသူများက စာဖြင့်ရေးသား၍ တောင်းဆိုလာလျှင် လည်းကောင်း စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အစည်းအဝေးများကို ခေါ်ယူပေးရန် တာဝန်ရှိသည်။
(ဂ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင် ပေါ်ပေါက်လာသည့် အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လမ်းညွှန်မှုများ ရယူနိုင်ရန် အတွက် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများဖြင့် တရားရုံးသို့ လျှောက်ထားနိုင်သည်။
(ဃ) ဤဥပဒေတွင်ပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို စီမံခန့်ခွဲခြင်းနှင့် ယင်းပစ္စည်းများကို မြီရှင်များ ထံသို့ ပေးအပ်ခြင်းတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ချင့်ချိန် ဆောင်ရွက်နိုင်မှုတို့ကို အသုံးပြုရမည်။
(င) တစ်ဦးတစ်ယောက်သည် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ပြုလုပ်မှု သို့မဟုတ် ဆုံးဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့လျှင် ထိုသူသည် တရားရုံးသို့ တင်ပြလျှောက်ထား နိုင်ပြီး တရားရုံးသည် တင်ပြတိုင်တန်းလာသည့် ပြုလုပ်မှု သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုနိုင် သည်၊ ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြင်ဆင်နိုင်သည့်အပြင် အဆိုပါအခြေအနေများနှင့် သင့်လျော်မည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။
တရားရုံး၏ သာမန်အခွင့်အာဏာများ
ကြွေးမြီပေးဆပ်ရသူများ၏စာရင်းနှင့် ရရန်ပိုင်ခွင့်များဆိုင်ရာ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ခြင်း
၃၂၅။ (က) ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်ကို ချမှတ်ပြီးသည့်အခါ တရားရုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှားယွင်းမှုများကို ပြင်ဆင်ရန် လိုအပ်သောကိစ္စရပ်များအားလုံးတွင် ကုမ္ပဏီ တွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းတွင် ပြင်ဆင်နိုင်သည့် အခွင့်အာဏာဖြင့် ကြွေးမြီပေးဆပ်ရသူ များ၏စာရင်းကို ဆောလျင်စွာ ဖြေရှင်းဆောင်ရွက်ရမည်။ ထို့အပြင် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို လက်ခံရယူခြင်းနှင့် ကုမ္ပဏီ၏ တာဝန်ရှိမှုများကို ရှင်းလင်းဆောင်ရွက်ခြင်းများကို ဆောလျင်စွာပြုလုပ် ရမည်။
(ခ) ကြွေးမြီပေးဆပ်ရသူများ၏စာရင်းကို ဖြေရှင်းဆောင်ရွက်ရာတွင် တရားရုံးသည် ကိုယ်တိုင်အခွင့် အရေးရှိကြသည့် ကြွေးမြီပေးဆပ်ရသူများနှင့် အခြားသူများ၏ ကြွေးမြီအတွက် ကိုယ်စားလှယ်များ အဖြစ်ဆောင်ရွက်သော သို့မဟုတ် တာဝန်ရှိသော ကြွေးမြီပေးဆပ်ရသူများအကြား ခွဲခြားသတ်မှတ် ဆောင်ရွက်ရမည်။
ပစ္စည်းများကို ပေးအပ်စေနိုင်သည့် အခွင့်အာဏာ
၃၂၆။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အား ချမှတ်ပြီးနောက် မည်သည့်အချိန်တွင် မဆို သို့မဟုတ် တရားရုံးက ညွှန်ကြားသည့် အချိန်ကာလအတွင်း ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိ ကြွေးမြီ ပေးဆပ်ရသူများ၊ ကုမ္ပဏီ၏ ဘဏ်လုပ်ငန်းလုပ်ကိုင်သူများ၊ ယုံကြည်အပ်နှံခြင်းခံရသူများ၊ ပစ္စည်းလက်ခံထိန်းသိမ်းသူများ၊ ကိုယ်စားလှယ်များ သို့မဟုတ် အရာရှိများကို တရားဝင်ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ကုမ္ပဏီကရရှိခွင့်ရှိကြောင်း သေချာပြီးဖြစ်သည့် ယင်းလက်ဝယ်ရှိ ငွေကြေးများ၊ ပစ္စည်းများ သို့မဟုတ် စာရွက်စာတမ်းတစ်ရပ်ရပ်ကို ချက်ချင်းပေးချေ စေနိုင်သည်၊ ပေးအပ်စေနိုင်သည်၊ လက်လွှတ်စေနိုင်သည် သို့မဟုတ် လွှဲပြောင်းပေးစေနိုင်သည်။
ကြွေးမြီပေးဆပ်ရသူများက ကြွေးမြီများပေးချေစေရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ
၃၂၇။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အား ချမှတ်ပြီးနောက် မည်သည့်အချိန် တွင်မဆို ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိ ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအား အမိန့်တွင် သတ်မှတ် ပါရှိသည့် နည်းလမ်းနှင့်အညီ ကြွေးမြီပေးဆပ်ရသူထံမှဖြစ်စေ၊ ကြွေးမြီပေးဆပ်ရန် ကိုယ်စားလှယ်ကို ခန့်အပ်ထားသည့်သူ၏ ပိုင်ဆိုင်ပစ္စည်းများမှဖြစ်စေ ကုမ္ပဏီသို့ပေးချေရမည့် ငွေကြေးများကိုပေးချေ စေရန် အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည်။ သို့ရာတွင် ဤဥပဒေနှင့်အညီ တောင်းခံထားသည့် ငွေကြေး ထည့်ဝင်မှုများ မပါဝင်စေရ။
(ခ) တရားရုံးသည် အဆိုပါအမိန့်ကို ချမှတ်ရာတွင် တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီဖြစ်ပါက ကြွေးမြီပေးဆပ်ရသူသို့ ပေးချေရမည့် ငွေကြေးတစ်ရပ်ရပ်ကို ခုနှိမ်ခြင်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီနှင့် သီးခြား ဆောင်ရွက်ထားရှိမှု သို့မဟုတ် ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကြွေးမြီပေးဆပ်ရသူက ကိုယ်စားပြုသည့်ကုမ္ပဏီမှ ပစ္စည်းများအတွက် ပေးချေရမည့် ငွေကြေးမှခုနှိမ်ခြင်းဖြင့်ဖြစ်စေ ဆောင်ရွက် ခွင့်ပြုနိုင်သည်။ သို့သော် အမြတ်ဝေစု သို့မဟုတ် အကျိုးအမြတ်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးအဖြစ် ကြွေးမြီပေးဆပ်ရသူသို့ ပေးချေရမည့်ငွေကြေးတစ်ရပ်ရပ် မဖြစ်စေရမည့်အပြင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်ပါက တာဝန်ကန့်သတ်မထားသည့် ဒါရိုက်တာ တစ်ဦးဦး သို့မဟုတ် ဒါရိုက်တာ၏ ပစ္စည်းများအတွက် အလားတူ ဆောင်ရွက်နိုင်သည်။ သို့ရာတွင် တာဝန် ကန့်သတ်ထားသည့် ကုမ္ပဏီဖြစ်စေ၊ တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီဖြစ်စေ မြီရှင်များအားလုံး ထံသို့ ငွေအပြည့်အဝပေးချေပြီးဖြစ်လျှင် ကုမ္ပဏီမှ ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးနှင့် သက်ဆိုင်သည့် စာရင်းအရ ပေးချေရမည့် ငွေကြေးတစ်ရပ်ရပ်ကို နောင်တွင်တောင်းခံမည့် ငွေကြေးထည့်ဝင်မှု တစ်ရပ်ရပ်ထံမှ ခုနှိမ်ခြင်းဖြင့် ကြွေးမြီပေးဆပ်ရသူထံ ပေးချေဆောင်ရွက်နိုင်သည်။
ငွေကြေးထည့်ဝင်စေရန် ဆောင်ရွက်နိုင်သည့် တရားရုံး၏ အခွင့်အာဏာ
၃၂၈။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အားချမှတ်ပြီးနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များ ပြည့်စုံလုံလောက်မှုကို သေချာစေရန် ဆောင်ရွက်ခြင်းမပြုမီ ဖြစ်စေ၊ ဆောင်ရွက်ပြီးနောက်တွင်ဖြစ်စေ ကြွေးမြီပေးဆပ်ရသူများ စာရင်းရှိ ကြွေးမြီပေးဆပ်ရသူ အားလုံး သို့မဟုတ် တစ်ဦးဦးက ၎င်းတို့တာဝန်ရှိကြသည်အထိ ကုမ္ပဏီ၏ကြွေးမြီများနှင့် တာဝန်ရှိမှု များအတွက် တရားရုံးကသတ်မှတ်သည့် ငွေပမာဏ တစ်ရပ်ရပ်ကိုလည်းကောင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်း အတွက် ကျသင့်သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များကိုလည်းကောင်း၊ ကြွေးမြီပေးဆပ်ရသူများအကြား အခွင့်အရေးများကို စာရင်းညှိနှိုင်းဆောင်ရွက်ရန်အတွက် ကျသင့်သည့် ငွေကြေးများကိုလည်းကောင်း ပေးချေရန်အတွက် ငွေကြေးထည့်ဝင်စေနိုင်သည့်အပြင် ၎င်းတို့ကိုပေးချေ စေရန် အမိန့်ချမှတ်နိုင်သည်။
(ခ) ငွေကြေးထည့်ဝင်စေရန် ဆောင်ရွက်ရာ၌ ကြွေးမြီပေးဆပ်ရသူအချို့မှာ ထိုသို့ငွေကြေးထည့်ဝင် စေရာတွင် တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ထည့်ဝင်ပေးချေရန် ပျက်ကွက်နိုင်သည့် အခြေအနေရှိနိုင်သည်ကို တရားရုံးက ထည့်သွင်းသုံးသပ်နိုင်သည်။
ဘဏ်သို့ ငွေများပေးသွင်းစေရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ
၃၂၉။ တရားရုံးသည် ကြွေးမြီပေးဆပ်ရသူ၊ ကုမ္ပဏီသို့ ငွေပေးချေရမည့်သူ သို့မဟုတ် ငွေပေးချေရမည့် အခြားသူတစ်ဦးဦးကို ၎င်းတို့ပေးချေရမည့်ငွေများအား တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံသို့ ပေးသွင်းရမည့်အစား သတ်မှတ်စီစဉ်ထားသည့် ဘဏ်တစ်ခုခုရှိ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ငွေစာရင်းသို့ ပေးသွင်းစေရန် အမိန့်ချမှတ် နိုင်သည့်အပြင် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ငွေပေးချေရန် ညွှန်ကြားသည့် နည်းလမ်းများအတိုင်း အဆိုပါအမိန့်ကို အတည်ပြုဆောင်ရွက်နိုင်သည်။
ငွေစာရင်းနှင့်စပ်လျဉ်း၍ တရားရုံးနှင့်သက်ဆိုင်သည့် စည်းကမ်းချက်
၃၃၀။ ကုမ္ပဏီကို တရားရုံးဖြင့် ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီ၏စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဖွင့်လှစ်ထားသော ငွေစာရင်းရှိသည့် ဘဏ်သို့ပေးသွင်း၊ လွှဲပြောင်းသည့်ငွေကြေးများ၊ ကျသင့် ငွေများ၊ ငွေလွှဲမှုများ၊ ငွေပေးချေရန်ကတိများနှင့် အခြားငွေချေးသက်သေခံ လက်မှတ်များအားလုံးကို တရားရုံး၏ အမိန့်များနှင့်အညီ ဆောင်ရွက်ရမည်။
ကြွေးမြီပေးဆပ်ရသူနှင့်စပ်လျဉ်း၍ ချမှတ်သည့်အမိန့်သည် ပြည့်စုံခိုင်လုံသည့် သက်သေခံချက်ဖြစ်ခြင်း
၃၃၁။ (က) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးအပေါ် တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ်သည် ငွေကြေး နှင့် သက်ဆိုင်ပါက ကြွေးမြီပေးဆပ်ရသူ၏ အယူခံဝင်နိုင်သည့် အခွင့်အရေးကို မထိခိုက်စေဘဲ ငွေကြေး ပေးချေရန်ပေါ်ပေါက်ကြောင်း သို့မဟုတ် အမိန့်ချမှတ်၍ ပေးချေရမည့်အကြောင်းနှင့် စပ်လျဉ်း၍ ပေးချေ ရမည်ဟု ယင်းအမိန့်ကပြည့်စုံခိုင်လုံသည့် သက်သေခံချက် ဖြစ်စေရမည်။
(ခ) တရားရုံးအမိန့်တွင် ဖော်ပြပါရှိသည့် အခြားသော သက်ဆိုင်ရာကိစ္စရပ်များ အားလုံးသည် စစ်ဆေး ဆောင်ရွက်နေသည့် မှုခင်းများနှင့် ပုဂ္ဂိုလ်များ အားလုံးအပေါ်တွင် မှန်ကန်စွာရေးသားဖော်ပြထားသည် ဟု သတ်မှတ်ရမည်။
အချိန်မီ သက်သေထင်ရှား မတင်ပြနိုင်သည့် မြီရှင်များကို နုတ်ပယ်နိုင်သည့် အခွင့်အာဏာ
၃၃၂။ တရားရုံးသည် မြီရှင်များက ၎င်းတို့၏ ကြွေးမြီများ သို့မဟုတ် တောင်းဆိုမှုများအတွက် သက်သေ ထင်ရှားတင်ပြစေရန် သို့မဟုတ် ထိုကြွေးမြီအတွက် သက်သေထင်ရှားတင်ပြခြင်း မပြုမီကပြုလုပ်ခဲ့သော အကျိုးအမြတ်ခွဲဝေမှု တစ်စုံတစ်ရာကိုရယူခြင်းမှ နုတ်ပယ်ရန်အချိန် ကာလတစ်ရပ် သို့မဟုတ် အချိန် ကာလများ သတ်မှတ်ပေးနိုင်သည်။
ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများကို စာရင်းညှိနှိုင်းဆောင်ရွက်ခြင်း
၃၃၃။ တရားရုံးသည် ကြွေးမြီပေးဆပ်ရသူများအကြား ၎င်းတို့၏ အခွင့်အရေးများကို စာရင်းညှိနှိုင်း ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အပိုအလျှံရှိပါကထပ်မံ အကျိုးခံစားခွင့်ရရှိသူများကို ခွဲဝေပေးရမည်။
ကုန်ကျစရိတ်များအတွက် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ
၃၃၄။ ရရန်ပိုင်ခွင့်များသည် တာဝန်ရှိမှုများအတွက် ကျေနပ်နိုင်ဖွယ်ဖြစ်အောင် ပြည့်စုံလုံလောက်ခြင်း မရှိသည့်ကိစ္စရပ်တွင် တရားရုံးသည် သင့်သည်ထင်မြင်သည့် ဦးစားပေးအစီအစဉ်ဖြင့် ကုမ္ပဏီဖျက် သိမ်းသည့်ကိစ္စရပ်တွင် ကျသင့်ခဲ့သည့် ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များကို ရရန် ပိုင်ခွင့်များမှ ပေးချေစေရန် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။
ကုမ္ပဏီအား တရားဝင်ဖျက်သိမ်းခြင်း
၃၃၅။ (က) ကုမ္ပဏီတစ်ခု၏ ကိစ္စရပ်များကို အပြည့်အဝစာရင်းရှင်းလင်း ဖျက်သိမ်းပြီးသည့်အခါ တရားရုံးသည် အမိန့်တစ်ရပ်ကို ချမှတ်၍ အဆိုပါအမိန့်အား ချမှတ်သည့်နေ့ရက်မှစ၍ ကုမ္ပဏီကို တရားဝင်ဖျက်သိမ်းပြီးဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်ပြီး ထိုကုမ္ပဏီကို အဆိုပါအမိန့်အရ တရားဝင် ဖျက်သိမ်းပြီးဖြစ်စေရမည်။
(ခ) အဆိုပါအမိန့်ကို ချမှတ်သည့်နေ့ရက်မှ ၁၅ ရက်အတွင်း တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် မှတ်ပုံတင်အရာရှိထံသို့ အဆိုပါအမိန့်ကို ပေးပို့ရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ၎င်း၏ စာရင်းစာအုပ်များတွင် ကုမ္ပဏီကို တရားဝင်ဖျက်သိမ်းပြီး ဖြစ်ကြောင်း မှတ်တမ်းပြုစုထားရှိရမည်။
၃၃၆။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပုဒ်မ ၃၃၅ ပါ သတ်မှတ် ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးငွေကျပ်လေးသိန်းကို ပေးဆောင်ရမည်။
တရားရုံး၏အထူးအာဏာများ
ကုမ္ပဏီ၏ပစ္စည်းများကို ရယူထားသည်ဟု ယူဆရသူများကို ဆင့်ခေါ်နိုင်သည့်အခွင့်အာဏာ
၃၃၇။ (က) တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အားချမှတ်ပြီးနောက် ကုမ္ပဏီ၏ပစ္စည်း သို့မဟုတ် ကုမ္ပဏီကရရန်ရှိသည်ဟု ယူဆရသည့်ပစ္စည်းတစ်ရပ်ရပ်ကို လက်ဝယ်ထားရှိသည့် သို့မဟုတ် လက်ဝယ်ထားရှိသည်ဟုယူဆရသည့် ကုမ္ပဏီ၏အရာရှိ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ ကုမ္ပဏီ နှင့် ကုန်သွယ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ကိစ္စရပ်များ၊ သို့မဟုတ် ပစ္စည်းများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို တင်ပြနိုင်သည်ဟု တရားရုံးကမှတ်ယူနိုင်သည့် ပုဂ္ဂိုလ် တစ်ဦးဦးကိုဖြစ်စေ တရားရုံးသို့ လာရောက်စေရန် ဆင့်ခေါ်နိုင်သည်။
(ခ) တရားရုံးသည် ၎င်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဆိုပါ ပုဂ္ဂိုလ်များကို ကျမ်းကျိန်စေ၍ နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ရေးသား၍ဖြစ်စေ စစ်မေးနိုင်သည်။ အဆိုပါပုဂ္ဂိုလ်များ၏ ဖြေဆိုချက်များကို စာဖြင့် ရေးသား၍ ၎င်းတို့အား လက်မှတ်ရေးထိုးစေနိုင်သည်။
(ဂ) တရားရုံးသည် အဆိုပါပုဂ္ဂိုလ်များ၏ ထိန်းသိမ်းမှု သို့မဟုတ် လုပ်ပိုင်ခွင့်များအောက်တွင် ရှိသော ကုမ္ပဏီနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကိုပေးအပ်စေရန် တောင်းဆိုနိုင်သည်။ သို့သော် ၎င်းတို့ ပေးအပ်သည့် စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ်တစ်ဦးဦးက လက်ဝယ်ထားပိုင်ခွင့်ရှိခဲ့လျှင် ထိုသို့ပေးအပ်ရခြင်းသည် အဆိုပါ လက်ဝယ်ထားပိုင်ခွင့်ကို ထိခိုက်စေခြင်းမရှိစေရ။ ထို့ပြင် တရားရုံး သည် ကုမ္ပဏီကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင် အဆိုပါ လက်ဝယ် ထားပိုင်ခွင့်နှင့်စပ်လျဉ်းသော ကိစ္စရပ်များအားလုံးကို ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာရှိစေရမည်။
(ဃ) တရားရုံး၏ ဆင့်ခေါ်ခြင်းခံရသူတစ်ဦးဦးသည် ၎င်းတို့၏ ထိုက်သင့်သော ကုန်ကျစရိတ်များကို ပေးချေရန် အဆိုပြုပြီးနောက် ချိန်းဆိုထားသည့်အချိန်၌ ဥပဒေအရ ခိုင်လုံသည့်အကြောင်း ပြချက်ဖြင့် ကြိုတင်အကြောင်းကြားထားသည်မှအပ တရားရုံးသို့လာရောက်ရန် ပျက်ကွက်လျှင် တရားရုံးသည် စစ်ဆေးဆောင်ရွက်မှုပြုရန်အတွက် ထိုသူကိုဖမ်းဆီး၍ တရားရုံးသို့ ခေါ်ဆောင်စေနိုင်သည်။
ကမကထပြုသူများ၊ ဒါရိုက်တာများစသည်တို့ကို အများပြည်သူရှေ့၌ စစ်ဆေးရန်အတွက် အမိန့် ချမှတ်နိုင်သည့် အခွင့်အာဏာ
၃၃၈။ (က) တရားရုံးက ကုမ္ပဏီဖျက်သိမ်းသည့်အမိန့်တစ်ရပ်အား ချမှတ်ပြီးသည့်အခါ တရားဝင် ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် ကုမ္ပဏီကို ကမကထပြုသူ သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်းတို့တွင် ပါဝင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ကုမ္ပဏီကို ဖွဲ့စည်း တည်ထောင်ပြီးသည့် အချိန်မှစ၍ ကုမ္ပဏီနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးကဖြစ်စေ၊ လိမ်လည်မှုတစ်ရပ်ကို ကျူးလွန်ခဲ့သည်ဟုယူဆ၍ တရားရုံးသို့ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် လျှောက်ထားမှုအား လက်ခံသုံးသပ်ပြီးနောက် ၎င်းတို့အား အဆိုပါ ကိစ္စရပ်အတွက် တရားရုံးက ချိန်းဆိုထားသည့် နေ့ရက်၌ တရားရုံးသို့လာရောက်စေရန် ညွှန်ကြားနိုင်သည်။ ထို့အပြင်ကုမ္ပဏီကို ကမကထပြုလုပ်ခြင်း၊ သို့မဟုတ် ကုမ္ပဏီဖွဲ့စည်းတည်ထောင် ခြင်း သို့မဟုတ် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် ပုဂ္ဂိုလ်တစ်ဦးဦး၏ အပြုအမူ၊ ဆက်သွယ်ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ အများပြည်သူရှေ့၌ စစ်ဆေးရန် ညွှန်ကြားနိုင်သည်။
(ခ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စစ်ဆေးမေးမြန်းရာတွင် ပါဝင်ဆောင်ရွက်နိုင်ပြီး အဆိုပါကိစ္စရပ်အတွက် တရားရုံးကိုယ်စား ဆောင်ရွက်ရန် တရားရုံးက အခွင့် အာဏာအပ်နှင်းထားလျှင် တရားရုံးကခွင့်ပြုနိုင်သည့် ဥပဒေဆိုင်ရာ အကူအညီပေးသူများကို ခန့်ထား နိုင်သည်။
(ဂ) မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည်လည်း တရားရုံးတွင် စစ်ဆေးမေးမြန်း ရာတွင်ကိုယ်တိုင်ဖြစ်စေ၊ တရားရုံးသို့ တက်ရောက်ခွင့်ရှိသူဖြင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်သည်။
(ဃ) တရားရုံးသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့်မေးခွန်းများကို စစ်ဆေးမေးမြန်းခံရသူ အပေါ် မေးမြန်းနိုင်သည်။
(င) စစ်ဆေးမေးမြန်းခံရသူသည် ကျမ်းကျိန်၍ စစ်ဆေးခံရမည်ဖြစ်ပြီး တရားရုံးက မေးမြန်းသည့် သို့မဟုတ် မေးမြန်းရန်ခွင့်ပြုသည့် မေးခွန်းများအားလုံးကို ဖြေဆိုရမည်။
(စ) ဤပုဒ်မအရ စစ်ဆေးမေးမြန်းမှုခံယူရန် အမိန့်ချမှတ်ခြင်းခံရသူ တစ်ဦးသည် တရားရုံးသို့ တက်ရောက်ခွင့်ရှိသူ တစ်ဦးဦးကို မိမိ၏စရိတ်ဖြင့် ခန့်အပ်နိုင်သည်။ တရားရုံးသို့ တက်ရောက်ခွင့်ရှိသူ သည် စစ်ဆေးမေးမြန်းခံရသူ၏ ဖြေကြားမှုများအား ရှင်းလင်းရန် သို့မဟုတ် ထင်ရှားစေရန်အတွက် တရားရုံးကလျော်ကန်သည်ဟုထင်မြင်သည့် မေးခွန်းများကို လွတ်လပ်စွာမေးမြန်းခွင့်ရှိသည်။ သို့ရာတွင် ထိုသို့စစ်ဆေးမေးမြန်းခံရသူသည် ၎င်းအပေါ် စွဲဆိုသည့်ပြစ်မှုများအတွက် အပြစ်မရှိကြောင်း ထင်ရှား ပေါ်ပေါက်သည်ဟု တရားရုံးကတွေ့ရှိလျှင် တရားရုံးသည် ၎င်းအားသင့်သည်ထင်မြင်သည့် ကုန်ကျ စရိတ်များကို ခံစားခွင့်ပြုနိုင်သည်။
(ဆ) စစ်ဆေးမှုမှတ်တမ်းများကို စာဖြင့်ရေးသားမှတ်တမ်း တင်ထားရမည့်အပြင် အဆိုပါ စစ်ဆေးမှု မှတ်တမ်းများကို စစ်ဆေးမေးမြန်းခံရသူသို့သော် လည်းကောင်း၊ စစ်ဆေးမေးမြန်းခံရသူကသော် လည်း ကောင်း ဖတ်ကြား၍ လက်မှတ်ရေးထိုးစေရမည်။ အဆိုပါ စစ်ဆေးမှုမှတ်တမ်းအား တရားမမှုစွဲဆို ဆောင်ရွက်ရာတွင် ထိုပုဂ္ဂိုလ်အပေါ် သက်သေခံအဖြစ်အသုံးပြုနိုင်ပြီး မည်သည့်အချိန်တွင်မဆို မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရ သူများ၏ စစ်ဆေးဆောင်ရွက်မှုများအတွက်လည်း လက်ခံရမည်။
(ဇ) တရားရုံးသည် သင့်သည်ဟုထင်မြင်ပါက စစ်ဆေးမေးမြန်းခြင်းအား အခါအားလျော်စွာ ရွှေ့ဆိုင်း နိုင်သည်။
(ဈ) ဤပုဒ်မအရ ပြုလုပ်သည့် စစ်ဆေးမေးမြန်းမှုတစ်ရပ်ရပ်ကို တရားရုံးကညွှန်ကြားခဲ့လျှင် တရားဝင် ခန့်အပ်ထားသည့် ခုံလူကြီး၊ အကြီးအမှူး၊ မှတ်ပုံတင်အရာရှိ သို့မဟုတ် ဒုတိယမှတ်ပုံတင်အရာရှိ တစ်ဦး အဖြစ် ဆောင်ရွက်သော တရားရုံး၏ တရားသူကြီးတစ်ဦးဦး ရှေ့တွင်ဖြစ်စေ၊ အရာရှိတစ်ဦးဦးရှေ့တွင် ဖြစ်စေ ဤကိစ္စရပ်အလို့ငှာ ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့် အညီ စစ်ဆေးဆောင်ရွက်နိုင်သည်။ စစ်ဆေးမေးမြန်းမှုနှင့် စပ်လျဉ်းသည့် ဤပုဒ်မအရ တရားရုံး၏ အခွင့်အာဏာများကို ကုန်ကျစရိတ်များ နှင့် သက်ဆိုင်သည့် ကိစ္စမှတစ်ပါး စစ်ဆေးမေးမြန်းမှုအား ပြုလုပ်သည့်ပုဂ္ဂိုလ်က ကျင့်သုံးဆောင်ရွက်နိုင် သည်။
တိမ်းရှောင်နေသော ကြွေးမြီပေးဆပ်ရသူအား ဖမ်းဆီးနိုင်သည့် အခွင့်အာဏာ
၃၃၉။ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်တစ်ရပ်အားချမှတ်ခြင်းမပြုမီတွင်ဖြစ်စေ၊ ချမှတ်ပြီး နောက်တွင်ဖြစ်စေ မည်သည့်အချိန်တွင်မဆို ကြွေးမြီပေးဆပ်ရသူတစ်ဦးသည် နိုင်ငံတော်မှ ထွက်ပြေး တိမ်းရှောင်ရန်ရှိကြောင်း သို့မဟုတ် တစ်နည်းနည်းဖြင့် တိမ်းရှောင်ရန်ရှိကြောင်း သို့မဟုတ် ကုမ္ပဏီ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တောင်းခေါ်ထားသည့် ငွေပေးချေမှုများမှ ရှောင်လွှဲရန် သို့မဟုတ် စစ်ဆေး မေးမြန်းမှုများမှ ရှောင်ရှားရန်ရည်ရွယ်၍ ၎င်း၏ ပစ္စည်းတစ်ရပ်ရပ်ကိုဖယ်ရှားရန် သို့မဟုတ် ကွယ်ဝှက် ရန်ရှိကြောင်း ယုံကြည်လောက်သော အကြောင်းများ ပေါ်ပေါက်ခဲ့လျှင် ထိုကြွေးမြီပေးဆပ်ရသူကို ဖမ်းဆီးနိုင်သည့်အပြင် ၎င်း၏စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်း များကိုသိမ်းဆည်းနိုင်သည်။ ကြွေးမြီပေးဆပ်ရသူနှင့် အဆိုပါ စာရွက်စာတမ်း၊ ပစ္စည်းများကို တရားရုံး က အမိန့်ချမှတ်ထားသည့် ကာလအထိ ထိန်းသိမ်းထားနိုင်သည်။
အခြားစွဲဆိုဆောင်ရွက်သည့်မှုခင်းများကို မထိခိုက်စေခြင်း
၃၄၀။ ဤဥပဒေအရ တရားရုံးသို့ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်သည် ငွေကြေးထည့် ဝင်ရန်တောင်းခေါ်မှု သို့မဟုတ် အခြားငွေကြေးတစ်ရပ်ရပ်အတွက် ကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် မြီစားတစ်ဦးဦးအပေါ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပစ္စည်းတစ်ရပ်ရပ်အပေါ်တွင်ဖြစ်စေ စွဲဆို ဆောင်ရွက်သည့် မှုခင်းများနှင့် စပ်လျဉ်း၍ အပ်နှင်းထားသည့် တည်ဆဲအခွင့်အာဏာ တစ်ရပ်ရပ်ကို ကန့်သတ်ခြင်းမရှိစေဘဲထပ်ဆင့်၍ ကျင့်သုံးခွင့်ရှိသည့် အခွင့်အာဏာများ ဖြစ်စေရမည်။
အမိန့်များကိုအတည်ပြုခြင်းနှင့်အယူခံခြင်း
အမိန့်များကို အတည်ပြုနိုင်သည့် အခွင့်အာဏာ
၃၄၁။ ဤဥပဒေအရ တရားရုံးတစ်ရုံးရုံးက ချမှတ်နိုင်သည့် အမိန့်အားလုံးကို အဆိုပါတရားရုံးတွင် ပြုလုပ်သော တရားစွဲဆိုမှုတစ်ရပ်ရပ်၌ အမိန့်ဒီဂရီများကို အတည်ပြုနိုင်သည့် နည်းလမ်းများအတိုင်း အတည်ပြု ဆောင်ရွက်နိုင်သည်။
တရားရုံးတစ်ခုခုတွင် ချမှတ်သည့်အမိန့်ကို အခြားတရားရုံးများတွင် အတည်ပြုခြင်း
၃၄၂။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ တရားရုံးတစ်ခုက ချမှတ်သည့် အမိန့်တစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်းရှိ မည်သည့်နေရာတွင်မဆို အတည်ပြုနိုင်သည်။ ကုမ္ပဏီ၏ မှတ်ပုံတင်ထားသော ရုံးခန်းတည်နေရာသည် အခြားနေရာတစ်ခုတွင်ရှိခဲ့လျှင် အမိန့်ချမှတ်သည့် တရားရုံးတည်ရှိသည့် နေရာမှအပ အဆိုပါကုမ္ပဏီနှင့် စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက မိမိရုံးတွင် ချမှတ်သည့် အမိန့်တစ်ရပ်အား အတည်ပြုဆောင်ရွက်သကဲ့သို့ သက်ဆိုင်သည့် နည်းလမ်းများနှင့် အညီ အတည်ပြုဆောင်ရွက်ရမည်။
အခြားတရားရုံးများက အမိန့်ကို အတည်ပြုဆောင်ရွက်နိုင်ရန်အတွက် လိုက်နာရမည့်အချက်များ
၃၄၃။ တရားရုံးတစ်ရုံးက ချမှတ်သည့် အမိန့်တစ်ရပ်ကို အခြားတရားရုံးတစ်ရုံး၌ အတည်ပြုရန် ဆောင်ရွက်သည့်အခါ အဆိုပါတရားရုံးအမိန့်၏ မူရင်းမိတ္တူမှန်တစ်စောင်ကို ထိုအမိန့်အား အတည်ပြု ဆောင်ရွက်မည့် တရားရုံးရှိသက်ဆိုင်ရာ အရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး ထိုသို့ အမိန့်မူရင်းမိတ္တူမှန် အားတင်ပြခြင်းသည် ထိုအမိန့်ကိုချမှတ်ပြီးဖြစ်ကြောင်း လုံလောက်သည့်သက်သေခံချက် ဖြစ်စေ ရမည်။ ထိုတင်ပြချက်အပေါ်တွင် အတည်ပြုဆောင်ရွက်ရမည့် တရားရုံးသည် အမိန့်အား အတည်ပြုဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည်များကို မိမိရုံး၏ အမိန့်အား အတည်ပြုဆောင်ရွက်သကဲ့သို့ အလားတူ နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။
အမိန့်များအပေါ် အယူခံဝင်ရောက်ခြင်း
၃၄၄။ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ တရားရုံးကချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ရပ်ရပ်အပေါ် ပြန်လည်ကြားနာစေရန် သို့မဟုတ် အယူခံဝင်ရောက်ရန် အတွက် ဆောင်ရွက်မှုများကို အဆိုပါတရားရုံး၏ သာမန်စီရင်ပိုင်ခွင့်အာဏာအတွင်းရှိ မှုခင်းများတွင် ချမှတ် သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရောက်နိုင်သည့် နည်းလမ်းများ၊ စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ရမည်။
ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းခြင်း
ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းနိုင်မည့် အခြေအနေများ
၃၄၅။ အောက်ပါအခြေအနေများတွင် ကုမ္ပဏီတစ်ခုအားဆန္ဒအလျောက် ဖျက်သိမ်းနိုင်သည် -
(က) ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ ကုမ္ပဏီ၏သက်တမ်းအတွက် သတ်မှတ်ထားသည့် ကာလကုန်ဆုံးလျှင်၊ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကုမ္ပဏီကို ဖျက်သိမ်းနိုင်သည်ဟု ဖော်ပြ ထားသည့် အခြေအနေများဖြစ်ပေါ်ခဲ့လျှင်၊ ထို့ပြင်ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတွင် ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့လျှင် သို့မဟုတ်
(ခ) ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမည်ဖြစ်ကြောင်း ကုမ္ပဏီက အထူးဆုံးဖြတ်ချက်ဖြင့် ချမှတ် ဆောင်ရွက်လျှင် သို့မဟုတ်
(ဂ) ကုမ္ပဏီ၏ တာဝန်ရှိမှုများကြောင့် ယင်း၏ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မှု မပြုနိုင်ခြင်းနှင့် ကုမ္ပဏီကိုဖျက်သိမ်းရန် တင်ပြခြင်းများကြောင့် ကုမ္ပဏီက အထူးဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်လျှင် ဤအပိုင်းတွင် သုံးစွဲဖော်ပြထားသည့် ‘ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်း ရန်အတွက် ဆုံးဖြတ်ချက်’ ဆိုသည်မှာ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) တို့ အရချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဆိုလိုသည်။
ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းမှုစတင်ခြင်း
၃၄၆။ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းမှုသည် ကုမ္ပဏီအားဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်အား ချမှတ်သည့်အချိန်မှ စတင်သည်ဟု မှတ်ယူရမည်။
ကုမ္ပဏီ၏ရပ်တည်မှုအပေါ်တွင် ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၏ အကျိုးသက်ရောက်မှု
၃၄၇။ ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းသည့်အခါ ကုမ္ပဏီအား ဖျက်သိမ်းသည့်နေ့ရက်မှ စတင်၍ ကုမ္ပဏီ၏အကျိုးအတွက် ဖျက်သိမ်းရာတွင် လိုအပ်သည့်ကိစ္စရပ်မှအပ ယင်း၏စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းမှ ရပ်စဲစေရမည်။ သို့ရာတွင် ကုမ္ပဏီ၏ ကုမ္ပဏီဆိုင်ရာရပ်တည်မှုနှင့် လုပ်ပိုင်ခွင့်များသည် ယင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ကန့်သတ်ချက်တစ်စုံတစ်ရာ ရှိစေကာမူ ယင်းအား ဖျက်သိမ်းသည်အထိ ဆက်လက်တည်ရှိစေရမည်။
ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ကို အကြောင်းကြားခြင်း
၃၄၈။ ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် အထူးဆုံးဖြတ်ချက် တစ်ရပ်ရပ်၏ အကြောင်းကြားစာကို ထိုဆုံးဖြတ်ချက်အား ချမှတ်သည့်နေ့ရက်မှ ၁ဝ ရက်အတွင်း နိုင်ငံတော်ပြန်တမ်း နှင့် နိုင်ငံတော်တစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာ တစ်ခုခုတို့တွင် ကုမ္ပဏီက ထည့်သွင်းကြေညာ၍ အကြောင်းကြားရမည်။
၃၄၉။ ကုမ္ပဏီသည် ပုဒ်မ ၃၄၈ ပါ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ထိုပျက်ကွက်မှုကို သိလျက်ဖြင့် တမင် ခွင့်ပြုခဲ့သည့် ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးဦးစီသည်လည်း အလားတူ ပြစ်ဒဏ် ထိုက်သင့်စေရမည်။
ကြွေးမြီပေးချေနိုင်ကြောင်း ကြေညာခြင်း
၃၅၀။ (က) ကုမ္ပဏီတစ်ခုအား ဆန္ဒအလျောက်ဖျက်သိမ်းရန် ဆောင်ရွက်ခဲ့လျှင် ကုမ္ပဏီ၏ဒါရိုက်တာ များ သို့မဟုတ် ဒါရိုက်တာနှစ်ဦးထက် ပိုမိုပါရှိသော ကုမ္ပဏီဖြစ်လျှင် ဒါရိုက်တာအများစုသည် လည်းကောင်း၊ ဒါရိုက်တာတစ်ဦးတည်းရှိသည့် ကုမ္ပဏီတွင် အဆိုပါ ဒါရိုက်တာသည် လည်းကောင်း ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်မည့် အစည်းအဝေးအတွက် အကြောင်းကြားစာများ ပေးပို့သည့်နေ့ရက်မတိုင်မီ ကျင်းပပြု လုပ်သည့် ဒါရိုက်တာများ အစည်းအဝေး၌ ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်း၊ ထိုသို့ပြုလုပ်ပြီးနောက် ကုမ္ပဏီအားဖျက်သိမ်းရန် စတင်သည့်နေ့ရက်မှ သုံးနှစ်ထက်မပိုသော ကာလတစ်ရပ်အတွင်း ကုမ္ပဏီ သည် ကြွေးမြီများကို အပြည့်အဝပေးချေနိုင်မည်ဟု ယူဆကြောင်း ကျမ်းကျိန်လွှာတစ်ရပ်ဖြင့် အတည်ပြု ထားသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်နိုင်သည်။
(ခ) အဆိုပါကြေညာချက်ကို ကုမ္ပဏီကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကုမ္ပဏီစာရင်းစစ်များ၏ အစီရင်ခံစာ တစ်စောင်ဖြင့် ထောက်ခံတင်ပြရမည်ဖြစ်ပြီး ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် နေ့ရက်မတိုင်မီ မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြခြင်း မပြုခဲ့လျှင် အဆိုပါ ကြေညာချက်သည် ဤဥပဒေပါကိစ္စရပ်များအတွက် အကျိုးတစ်စုံတစ်ရာ သက်ရောက်ခြင်း မရှိစေရ။
(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုလုပ်ပေးပို့သည့် ကြေညာချက်တစ်ရပ်ပါရှိသော ကုမ္ပဏီ ဖျက်သိမ်းခြင်းကိစ္စရပ်သည် ဤဥပဒေတွင် ‘ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း’ ဟု ဖြစ်သည်။ အထက်ဖော်ပြပါအတိုင်း ပြုလုပ်ပေးပို့သည့် ကြေညာချက်တစ်ရပ် ပါရှိခြင်းမရှိသော ကုမ္ပဏီဖျက်သိမ်းခြင်း ကိစ္စရပ်သည် ဤဥပဒေတွင် မြီရှင်များကကုမ္ပဏီကို ဆန္ဒ အလျောက်ဖျက်သိမ်းခြင်းဟု ဖြစ်သည်။
ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း
ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကိုဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ
၃၅၁။ ပုဒ်မ ၃၅၂ မှ ၃၅၇ အထိပါ ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်စေရမည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအားခန့်အပ်ခြင်းနှင့် ယင်းတို့၏ အခကြေးငွေများကို သတ်မှတ်ခြင်းတို့အတွက် ကုမ္ပဏီ၏လုပ်ပိုင်ခွင့်
၃၅၂။ (က) အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီသည် ယင်း၏ကိစ္စရပ်များအား စာရင်းရှင်းလင်း ဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအား ခွဲဝေပေးရန်အတွက် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများကို ခန့်အပ်ရမည်ဖြစ်ပြီး အဆိုပါ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများသို့ပေးရမည့် အခကြေးငွေ များကို သတ်မှတ်နိုင်သည်။
(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ခန့်အပ်ပြီးသည့်အခါ ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များ အားလုံးသည် အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ က ဆက်လက်ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်မှတစ်ပါး ရပ်စဲသွားမည်ဖြစ်သည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည့် အခွင့်အာဏာ
၃၅၃။ (က) ကုမ္ပဏီမှ ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် သေဆုံးခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် အခြားအကြောင်း တစ်ရပ်ရပ်ကြောင့် ၎င်း၏နေရာ လစ်လပ်သွားလျှင် ကုမ္ပဏီ သည် အထွေထွေအစည်းအဝေးတွင် မြီရှင်များ၏ စီမံဆောင်ရွက်ချက် တစ်ရပ်ရပ်နှင့်အညီ ထိုလစ်လပ် နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည်။
(ခ) အဆိုပါ ကိစ္စရပ်အတွက် အထွေထွေ အစည်းအဝေးတစ်ရပ်ကို ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက ဖြစ်စေ၊ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတစ်ဦးထက် ပိုမိုပါရှိသည့် ကိစ္စရပ်ဖြစ်လျှင် ဆက်လက် တာဝန်ယူဆောင်ရွက်သည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိများကဖြစ်စေ ခေါ်ယူကျင်းပနိုင် သည်။
(ဂ) အစည်းအဝေးကို ဤဥပဒေအရဖြစ်စေ၊ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရဖြစ်စေ သတ်မှတ်ထားသည့် နည်းလမ်း သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးကသော်လည်းကောင်း၊ ဆက်လက်တာဝန်ယူ ဆောင်ရွက်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများကသော် လည်းကောင်း လျှောက်ထားသဖြင့် တရားရုံးကသတ်မှတ်ပေးသည့် နည်းလမ်းဖြင့် ကျင်းပရမည်။
ကုမ္ပဏီ၏ပစ္စည်းများကို ရောင်းချခြင်းအတွက် အဖိုးစားနားအဖြစ် အစုရှယ်ယာစသည်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက လက်ခံနိုင်သည့် လုပ်ပိုင်ခွင့်
၃၅၄။ (က) ကုမ္ပဏီတစ်ခုသည် ဆန္ဒအလျောက်ဖျက်သိမ်းရန် ရည်ရွယ်ခြင်း သို့မဟုတ် ဆောင်ရွက်ရာတွင် ယင်း၏ စီးပွားရေးလုပ်ငန်း သို့မဟုတ် ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ဤဥပဒေအရ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ကုမ္ပဏီဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဤပုဒ်မတွင် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီဟု ခေါ်တွင်မည့်အခြား ကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းပေးရန် သို့မဟုတ် ရောင်းချရန် ရည်ရွယ်လျက်ဆောင်ရွက်ခဲ့လျှင် ဤပုဒ်မတွင် လွှဲပြောင်းပေးအပ်သည့်ကုမ္ပဏီဟု ခေါ်တွင်မည့် လွှဲပြောင်းရောင်းချမည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနှင့် သက်ဆိုင်သည့် သာမန်လုပ်ပိုင်ခွင့်ကိုဖြစ်စေ၊ သီးခြားစီစဉ်ဆောင်ရွက်မှုနှင့် သက်ဆိုင်သည့်လုပ်ပိုင်ခွင့် တစ်ရပ်ကိုဖြစ်စေ အပ်နှင်းသည့် အဆိုပါကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက် တစ်ရပ်အရ ခွင့်ပြုချက်ဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချခြင်း၊ အစုရှယ်ယာများ၊ အာမခံပေါ်လစီ များ၊ သို့မဟုတ် လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီရှိ အခြားအလားတူ အကျိုးခံစားခွင့်များအတွက်လည်းကောင်း၊ လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများသို့ ခွဲဝေပေးရန်အတွက်လည်းကောင်း လျော်ကြေး သို့မဟုတ် လျော်ကြေး တစ်စိတ်တစ်ဒေသကို လက်ခံနိုင်သည်၊ သို့မဟုတ် လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများက ငွေကြေး၊ အစုရှယ်ယာ၊ အာမခံပေါ်လစီ၊ သို့မဟုတ် အခြားအလားတူ အကျိုးခံစားခွင့်၊ သို့မဟုတ် အခြားအရာများကို လက်ခံခြင်းအစား လွှဲပြောင်းလက်ခံသည့် ကုမ္ပဏီ၏ အကျိုးအမြတ်များကို ရယူဆောင်ရွက်ခြင်း သို့မဟုတ် အခြားအကျိုးခံစားခွင့်များကို လက်ခံခြင်းတို့ကို ပြုလုပ်နိုင်သည့် အခြားစီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ်အား သဘောတူလက်ခံနိုင်သည်။
(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သည့် ရောင်းချမှု သို့မဟုတ် စီစဉ်မှုတစ်ရပ်ရပ် သည် လွှဲပြောင်းပေးအပ်သည့် ကုမ္ပဏီတွင် ပါဝင်သူများအပေါ် တရားဝင် ဖြစ်စေရမည်။
(ဂ) အထူးဆုံးဖြတ်ချက် ချမှတ်ရာတွင် ထောက်ခံမဲပေးခြင်းမပြုခဲ့သော လွှဲပြောင်းပေးအပ်သည့်ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ လိပ်မူ၍ ၎င်း၏သဘောထား ကွဲလွဲမှုကို စာဖြင့်ရေးသားဖော်ပြခဲ့ပြီး အဆိုပါ အထူးဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ခုနစ်ရက်အတွင်း ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်းမှပေးပို့ခဲ့လျှင် ၎င်းအနေဖြင့် ဆုံးဖြတ်ချက်အား အတည်ဖြစ်စေရန် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဆောင်ရွက်ခြင်းမပြုစေရန်၊ သို့မဟုတ် ၎င်း၏ အကျိုးခံစားခွင့်များကို သဘောတူညီသည့် တန်ဖိုးဖြင့် သို့မဟုတ် အနုညာတစီရင်ဆုံးဖြတ်သည့် တန်ဖိုးဖြင့် ဝယ်ယူဆောင်ရွက်စေနိုင်သည်။
(ဃ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ကုမ္ပဏီတွင်ပါဝင်သူ၏ အကျိုးခံစားခွင့်များကို ဝယ်ယူရန် ဆုံးဖြတ်ပါက ဝယ်ယူပေးချေမည့်ငွေအား ကုမ္ပဏီဖျက်သိမ်းခြင်းမပြုမီ ပေးချေရမည်ဖြစ်ပြီး အထူးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဆောင်ရွက်ရမည်။
(င) အထူးဆုံးဖြတ်ချက်တစ်ရပ်သည် ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအား ခန့်အပ်ရန်အတွက် ချမှတ်သည့်ဆုံးဖြတ်ချက် မတိုင်မီ ကာလတွင် သို့မဟုတ် တစ်ပြိုင်တည်းအချိန်တွင် ချမှတ်သည့်အကြောင်းကြောင့် ဤပုဒ်မပါကိစ္စရပ်များ အတွက် တရားမဝင်ဖြစ်ခြင်းမရှိစေရ။ သို့သော် ကုမ္ပဏီအား ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ကို တစ်နှစ်အတွင်း ချမှတ်ခဲ့လျှင်ဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့် ဖျက်သိမ်းရန် ပြုလုပ်ခဲ့လျှင်ဖြစ်စေ အဆိုပါ အထူးဆုံးဖြတ်ချက်သည် တရားရုံး၏ အတည်ပြုချက်မရှိလျှင် တရားဝင်ခြင်းမရှိစေရ။
(စ) အနုညာတစီရင်ဆုံးဖြတ်ခြင်း ကိစ္စရပ်များအတွက် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေတွင် ကန့်သတ်ထားသည်များမှအပ အဆိုပါ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤပုဒ်မအရ ဆောင်ရွက်သည့် အနုညာတစီရင် ဆုံးဖြတ်ခြင်းများအားလုံးနှင့် သက်ဆိုင်စေရမည်။
နှစ်စဉ် နှစ်ကုန်ဆုံးချိန်၌ အထွေထွေအစည်းအဝေးအားခေါ်ယူကျင်းပစေရန် ဆောင်ရွက်ရမည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန်
၃၅၅။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို တစ်နှစ်ကာလထက်ပိုမို၍ ဆက်လက်ဆောင်ရွက် ရသည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင် ဆောင်ရွက်သည့်နေ့မှစ၍ ပထမ တစ်နှစ်နှင့် နောက်နှစ် တစ်နှစ်စီ ကုန်ဆုံးချိန်၌ သို့မဟုတ် သက်ဆိုင်ရာ နှစ်ကုန်ဆုံးပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း သင့်လျော်သည့်အချိန်၌ ကုမ္ပဏီ၏ အထွေထွေအစည်း အဝေးတစ်ရပ်ကိုကျင်းပရန် ဆင့်ဆိုနိုင်ပြီး အစည်းအဝေးတွင် ပြီးခဲ့သည့်နှစ်အတွင်း စာရင်းရှင်းလင်း ဖျက်သိမ်းရေးအတွက် ၎င်း၏ ပြုလုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်းဖျက်သိမ်းမှု အခြေအနေနှင့် စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ပြုစုထားသည့် ရေးသား ဖော်ပြချက်တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။
၃၅၆။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၃၅၅ ပါပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန်ပျက်ကွက်လျှင် ဒဏ်ကြေးငွေကျပ်ငါးသိန်းကို ပေးဆောင်ရမည်။
အပြီးသတ် အစည်းအဝေးနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း
၃၅၇။ (က) ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ စာရင်း တစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ယင်းစာရင်းတွင် မည်သို့စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်၊ ကုမ္ပဏီ၏ပစ္စည်းများကို မည်သို့စီမံခန့်ခွဲခဲ့သည်တို့ကို ဖော်ပြပါရှိစေရမည်။ ယင်းနောက် အဆိုပါစာရင်း ကို တင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆိုရန် အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး တစ်ရပ်ကို ခေါ်ယူကျင်းပရမည်။
(ခ) အစည်းအဝေးကို အချိန်၊ နေရာနှင့်ရည်ရွယ်ချက်တို့အား ဖော်ပြကြေညာ၍ ဆောင်ရွက် ရမည်ဖြစ်ပြီး ပုဒ်မ ၃၄၈ ပါနည်းလမ်းအရ အကြောင်းကြားစာတစ်စောင်အား ထုတ်ဝေခြင်းအတွက် သတ်မှတ်ပါရှိ သည့် နည်းလမ်းများဖြင့် အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၂၈ ရက် ကြိုတင်၍ ထုတ်ပြန်ရမည်။
(ဂ) အစည်းအဝေးကျင်းပပြီးနောက် ခုနစ်ရက်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စာရင်းမိတ္တူတစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့်နေ့ရက်တို့ကို ၎င်းထံသို့ ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ မပြည့်ဝခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အစည်းအဝေးကို တရားဝင် ဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေးအထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ အပြည့်အဝမတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြား ချက် တစ်စောင်ကိုပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက်ပြုလုပ်ခြင်း နှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာ ဆောင်ရွက်ပြီး ဖြစ်သကဲ့သို့ မှတ်ယူရမည်။
(ဃ) မှတ်ပုံတင်အရာရှိသည် စာရင်း သို့မဟုတ် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသော ပြန်ကြားချက် တစ်ရပ်ရပ်ကို လက်ခံရရှိသည့်အခါ ယင်းတို့အား မှတ်ပုံတင်ရေးသွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်ကြား ချက်အား မှတ်ပုံတင်ပြီးသည့် အချိန်မှစ၍ သုံးလပြည့်မြောက် ပြီးသည့်အချိန်တွင် ကုမ္ပဏီအား ဖျက်သိမ်းပြီးဖြစ်သည်ဟုမှတ်ယူရမည်။ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကဖြစ်စေ၊ အကျိုးခံစား ခွင့်ရှိသူအဖြစ် တရားရုံးတွင်ရောက်ရှိသူ တစ်ဦးဦးကဖြစ်စေ လျှောက်ထားတင်ပြလာလျှင် တရားရုံး သည် သင့်သည်ဟုထင်မြင်သည့် အချိန်ကာလတွင် ကုမ္ပဏီဖျက်သိမ်းခြင်းအား အကျိုးသက်ရောက် စေမည်ဟု သတ်မှတ်သောနေ့ရက်သို့ ရွှေ့ဆိုင်းပေးနိုင်သည့် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။
၃၅၈။ ပုဒ်မ ၃၅၇၊ ပုဒ်မခွဲ (ဂ) နှင့်အညီ စာရင်းမိတ္တူပေးပို့ခြင်းနှင့် ပြန်ကြားချက် ပြုလုပ်ခြင်းတို့ကို မဆောင်ရွက်ခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဒဏ်ကြေးငွေကျပ် တစ်သိန်းငါးသောင်း ကို ပေးဆောင်ရမည်။
၃၅၉။ ပုဒ်မ ၃၅၇၊ ပုဒ်မခွဲ (ဃ) အရ ပြုလုပ်သည့် တရားရုံး၏အမိန့်တစ်ရပ်အပေါ် လျှောက်ထားသူသည် အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၂၁ ရက်အတွင်း အဆိုပါအမိန့်အား မှတ်ပုံတင်ရန်အတွက် အမိန့်၏ မူရင်းမိတ္တူမှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရန် ပျက်ကွက်ပါက ထိုသူသည် ဒဏ်ကြေးငွေကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း
မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ
၃၆၀။ ပုဒ်မ ၃၆၁ မှ ၃၇၂ အထိပါ ပြဋ္ဌာန်းချက်များသည် မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်စေရမည်။
မြီရှင်များ၏ အစည်းအဝေး
၃၆၁။ (က) ကုမ္ပဏီသည်ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ရည်ရွယ်သည့် အစည်းအဝေးကို ကျင်းပရမည့်နေ့ရက် သို့မဟုတ် ထိုနေ့၏ နောက်တစ်နေ့တွင် ကုမ္ပဏီ၏ မြီရှင်များ အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပရမည်ဖြစ်ပြီး အဆိုပါ မြီရှင်များ၏ အစည်းအဝေးအတွက် အကြောင်းကြားစာများကို ကုမ္ပဏီ၏ ဖော်ပြပါ အစည်းအဝေးကျင်းပမည့် အကြောင်းကြားစာ ပေးပို့ သည်နှင့် တပြိုင်နက် မြီရှင်များထံသို့ ပေးပို့ရမည်။
(ခ) ကုမ္ပဏီသည် မြီရှင်များ၏ အစည်းအဝေးအတွက် အကြောင်းကြားစာကို ပုဒ်မ ၃၄၈ ပါ အကြောင်း ကြားစာတစ်စောင်အား ထုတ်ဝေခြင်းအတွက် ယင်းပုဒ်မတွင် သတ်မှတ်ပါရှိသည့် နည်းလမ်းများဖြင့် ကြေညာပေးရမည်။
(ဂ) ကုမ္ပဏီ၏ ဒါရိုက်တာများသည် -
(၁) ကုမ္ပဏီကိစ္စရပ်များ၏ အခြေအနေများအား ကုမ္ပဏီ၏ မြီရှင်များစာရင်းမတိုင်မီ တင်ပြမည့် တောင်းဆိုမှုပမာဏ ခန့်မှန်းခြေစာရင်းတို့ကို ပူးတွဲပါရှိစေလျက် ပြည့်စုံသည့် ရေးသားဖော်ပြချက် တစ်စောင်ကို အထက်တွင် ဖော်ပြပါရှိသည့်အတိုင်း ကျင်းပမည့် မြီရှင်များအစည်းအဝေးတွင် တင်ပြရ မည်၊ ၎င်းအပြင်
(၂) အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန်အတွက် ယင်းတို့အနက်မှ တစ်ဦးဦး ကို ခန့်အပ်ရမည်။
(ဃ) မြီရှင်များ၏ အစည်းအဝေးတွင် သဘာပတိအဖြစ် ခန့်အပ်ခံရသော ဒါရိုက်တာသည် အစည်း အဝေးသို့ တက်ရောက်၍ သဘာပတိအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသည်။
(င) ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ရည်ရွယ်သည့် ကုမ္ပဏီ အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ပြီး ထိုသို့ရွှေ့ဆိုင်းခဲ့သည့် အစည်းအဝေး၌ ဆုံးဖြတ်ချက်အား ချမှတ်ခဲ့လျှင် ပုဒ်မခွဲ (က) အရ ကျင်းပသည့် မြီရှင်များ၏ အစည်းအဝေး၌ ချမှတ်သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်သည် ကုမ္ပဏီဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ချက်ချင်းချမှတ်သည့် ဆုံးဖြတ်ချက်တစ်ရပ် အဖြစ် အကျိုးသက်ရောက်စေရမည်။
၃၆၂။ အကယ်၍ -
(က) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီကပျက်ကွက် ခဲ့လျှင် သို့မဟုတ်
(ခ) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (ဂ) ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာများက ပျက်ကွက် ခဲ့လျှင် သို့မဟုတ်
(ဂ) ပုဒ်မ ၃၆၁၊ ပုဒ်မခွဲ (ဃ) ကို လိုက်နာဆောင်ရွက်ရာတွင် ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဦးက ပျက်ကွက်ခဲ့လျှင် ကုမ္ပဏီ၊ ဒါရိုက်တာများ သို့မဟုတ် ဒါရိုက်တာသည် ယင်းတို့ ပျက်ကွက်သည့် ကိစ္စရပ် အတွက် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီက ပျက်ကွက်သည့် ကိစ္စရပ်တွင် ပျက်ကွက်မှု၌ပါဝင်သည့် ကုမ္ပဏီ၏အရာရှိများ အားလုံးသည် အလားတူပြစ်ဒဏ်ကို ထိုက်သင့်စေရမည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအားခန့်အပ်ခြင်း
၃၆၃။ မြီရှင်များနှင့် ကုမ္ပဏီသည် ပုဒ်မ ၃၆၁ တွင် ဖော်ပြပါရှိသော ယင်းတို့၏ သက်ဆိုင်ရာ အစည်း အဝေးများ၌ ကုမ္ပဏီ၏ကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များကို ခွဲဝေရန်အတွက် ပုဂ္ဂိုလ်တစ်ဦးဦးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် အဆိုပြုတင်ပြနိုင် သည်။ မြီရှင်များနှင့် ကုမ္ပဏီသည် သီးခြားပုဂ္ဂိုလ်များကို အဆိုပြုတင်ပြခဲ့လျှင် မြီရှင်များက အဆိုပြု သည့် ပုဂ္ဂိုလ်သည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိဖြစ်စေရမည်။ မြီရှင်များက အဆိုပြုတင်ပြ သည့် ပုဂ္ဂိုလ်မရှိခဲ့လျှင် ကုမ္ပဏီက အဆိုပြုတင်ပြသည့် ပုဂ္ဂိုလ်သည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ ဖြစ်စေရမည်။ သို့ရာတွင် သီးခြားပုဂ္ဂိုလ်များကို အဆိုပြုတင်ပြလာသည့် ကိစ္စရပ်၌ မြီရှင်များက အဆိုပြုတင်ပြသည့် နေ့ရက်မှ ခုနစ်ရက်အတွင်း ကုမ္ပဏီ၏ ဒါရိုက်တာ၊ ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် မြီရှင်တစ်ဦးဦးသည် တရားရုံးသို့တင်ပြ၍ မြီရှင်များကအဆိုပြုသည့် ပုဂ္ဂိုလ်အစား သို့မဟုတ် ယင်း ပုဂ္ဂိုလ်နှင့်အတူ ကုမ္ပဏီက စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် အဆိုပြုတင်ပြသည့် ပုဂ္ဂိုလ်ကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် သတ်မှတ်ပေးရန် သို့မဟုတ် မြီရှင်များကခန့်အပ်သည့် ပုဂ္ဂိုလ်အစား အခြားသူတစ်ဦးဦးကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ပေးရန် အမိန့် တစ်ရပ်ရပ်ကို လျှောက်ထားနိုင်သည်။
စစ်ဆေးရေးကော်မတီအား ခန့်အပ်ခြင်း
၃၆၄။ (က) ပုဒ်မ ၃၆၁ အရ ကျင်းပသည့် အစည်းအဝေး၌ဖြစ်စေ၊ နောင်တွင်ပြုလုပ်သည့် အစည်းအဝေး တစ်ရပ်ရပ်၌ဖြစ်စေ မြီရှင်များသည် ၎င်းတို့သင့်သည်ဟု ထင်မြင်သည့်အတိုင်း ငါးဦးထက်မပိုသောသူ များပါဝင်သည့် စစ်ဆေးရေးကော်မတီတစ်ရပ်ကို ခန့်အပ်နိုင်သည်။ အဆိုပါ ကော်မတီအား ခန့်အပ်ပြီး သည့်အခါ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက်ချမှတ်မည့် အစည်းအဝေး ၌ဖြစ်စေ၊ နောင်တွင်ကျင်းပမည့် အထွေထွေ အစည်းအဝေးတစ်ရပ်ရပ်၌ဖြစ်စေ ကုမ္ပဏီသည် ငါးဦးထက် မပိုသော ကော်မတီ၏ အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ရန်သင့်သည် ထင်မြင်သည့်ပုဂ္ဂိုလ်များကို ခန့်အပ် နိုင်သည်။
(ခ) သို့ရာတွင် မြီရှင်များသည် ၎င်းတို့သင့်သည်ဟု ထင်မြင်သည့်အတိုင်း ကုမ္ပဏီက ထိုသို့ ခန့်အပ်ထား သည့် ပုဂ္ဂိုလ်အားလုံးကိုဖြစ်စေ၊ တစ်ဦးဦးကိုဖြစ်စေ စစ်ဆေးရေးကော်မတီ၏ အဖွဲ့ဝင်များမဖြစ်သင့် ကြောင်း ဆုံးဖြတ်နိုင်သည်။ မြီရှင်များက ထိုသို့ ဆုံးဖြတ်ခဲ့လျှင် တရားရုံးက အခြားနည်းညွှန်ကြားခြင်း မရှိပါက ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များသည် ကော်မတီ၏အဖွဲ့ဝင်များအဖြစ် ဆောင် ရွက်ရန်မပြုစေရ။ ဤပြဋ္ဌာန်းချက်အရ တရားရုံးသို့ တင်ပြလျှောက်ထားခဲ့လျှင် တရားရုံးသည်သင့်သည် ဟု ထင်မြင်သည့်အတိုင်း ဆုံးဖြတ်ချက်တွင် ဖော်ပြထားသော ပုဂ္ဂိုလ်အစားအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နိုင် မည့် အခြားသူတစ်ဦးဦးကို ခန့်အပ်နိုင်သည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ၏ အခကြေးငွေကိုသတ်မှတ်ခြင်းနှင့် ဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်များကို ရပ်စဲခြင်း
၃၆၅။ (က) စစ်ဆေးရေးကော်မတီ သို့မဟုတ် စစ်ဆေးရေးကော်မတီမရှိခဲ့လျှင် မြီရှင်များသည် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများသို့ ပေးချေရမည့် အခကြေးငွေများကိုသတ်မှတ်နိုင်ပြီး အခကြေးငွေကို သတ်မှတ်ထားခြင်း မရှိခဲ့လျှင် ထိုအခကြေးငွေကို တရားရုံးက သတ်မှတ်ရမည်။
(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးအား ခန့်အပ်ခဲ့သည့်အခါ ဒါရိုက်တာများ၏ လုပ်ပိုင် ခွင့်များအားလုံးသည် စစ်ဆေးရေးကော်မတီ သို့မဟုတ် စစ်ဆေးရေးကော်မတီ မရှိခဲ့လျှင် မြီရှင်များက ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့်ကိစ္စရပ်မှအပ ရပ်စဲစေရမည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည့်အခွင့်အာဏာ
၃၆၆။ တရားရုံးကသော်လည်းကောင်း၊ တရားရုံး၏ ညွှန်ကြားချက်ဖြင့်သော်လည်းကောင်း ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိမှအပ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦး သည် သေဆုံးခြင်း၊ နုတ်ထွက်ခြင်း သို့မဟုတ် အခြားအကြောင်းတစ်ရပ်ရပ်ကြောင့် ၎င်း၏ နေရာ၌ လစ်လပ်သွားလျှင် မြီရှင်များသည် ထိုလစ်လပ်နေရာကို ဖြည့်စွက်ခန့်ထားနိုင်သည်။
မြီရှင်များက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင် ပုဒ်မ ၃၅၄ ပါပြဋ္ဌာန်းချက်အား လိုက်နာရခြင်း
၃၆၇။ ပုဒ်မ ၃၅၄ ပါ ပြဋ္ဌာန်းချက်များသည် မြီရှင်များကကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတွင် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကဲ့သို့ သက်ဆိုင်စေရမည် ဖြစ်ပြီး အဆိုပါ ပုဒ်မအရ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လုပ်ပိုင်ခွင့်များကို တရားရုံးကဖြစ်စေ၊ စစ်ဆေးရေးကော်မတီကဖြစ်စေ ခွင့်ပြုချက်ပါရှိမှအပ ကျင့်သုံးဆောင်ရွက်ခြင်းမပြုရ။
နှစ်စဉ် နှစ်ကုန်ဆုံးချိန်၌ ကုမ္ပဏီ၏အစည်းအဝေးများနှင့် မြီရှင်များ၏ အစည်းအဝေးများအား ခေါ်ယူ ကျင်းပစေရန် ဆောင်ရွက်ရမည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏တာဝန်
၃၆၈။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို တစ်နှစ်ကာလထက်ပိုမို၍ ဆက်လက်ဆောင်ရွက် ရသည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းမှု စတင် ဆောင်ရွက်သည့်နေ့မှစ၍ ပထမတစ်နှစ်နှင့် နောက်နှစ်တစ်နှစ်စီ ကုန်ဆုံးချိန်၌ သို့မဟုတ် သင့်လျော်သည့် အချိန်၌ ကုမ္ပဏီ၏ အထွေထွေ အစည်းအဝေးတစ်ရပ်နှင့် မြီရှင်များ၏ အစည်းအဝေးတစ်ရပ်ကို ကျင်းပရန်ဆင့်ဆိုနိုင်ပြီး အစည်းအဝေးများတွင် ပြီးခဲ့သည့်နှစ်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အတွက် ၎င်း၏ ပြုလုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်းဖျက်သိမ်းမှု အခြေအနေနှင့် စပ်လျဉ်း၍ သီးခြားကိစ္စရပ်များပါဝင်သော သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့်ပြုစုထားသည့် ရေးသားဖော်ပြချက် တစ်ရပ်ကို ရှင်းလင်းတင်ပြရမည်။
၃၆၉။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၃၆၈ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်ငါးသိန်းကို ပေးဆောင်ရမည်။
အပြီးသတ်အစည်းအဝေးနှင့် ကုမ္ပဏီဖျက်သိမ်းခြင်း
၃၇၀။ (က) ကုမ္ပဏီ၏ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည်နှင့် တစ်ပြိုင်နက် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးဆိုင်ရာ စာရင်းတစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပြီး ယင်းစာရင်းတွင် မည်သို့စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်၊ ကုမ္ပဏီ၏ပစ္စည်းများကို မည်သို့စီမံခန့်ခွဲခဲ့သည်တို့ကို ဖော်ပြပါရှိစေရမည်။ ယင်းနောက် အဆိုပါစာရင်း ကို တင်ပြရန်နှင့် ယင်းအတွက် ရှင်းလင်းပြောဆိုရန် အလို့ငှာ ကုမ္ပဏီ၏ အထွေထွေအစည်းအဝေး တစ်ရပ်နှင့် မြီရှင်များ၏ အစည်းအဝေးတစ်ရပ်တို့ကို ခေါ်ယူကျင်းပရမည်။
(ခ) အစည်းအဝေးတစ်ရပ်စီကို အချိန်၊ နေရာနှင့် ရည်ရွယ်ချက်တို့အား သတ်မှတ်ကြေညာ၍ ဆောင်ရွက် ရမည်ဖြစ်ပြီး ပုဒ်မ ၃၄၈ ပါ အကြောင်းကြားစာတစ်စောင်အား ထုတ်ဝေခြင်းအတွက် သတ်မှတ်ပါရှိ သည့် နည်းလမ်းများဖြင့် အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၂၈ ရက် ကြိုတင်၍ ထုတ်ပြန်ရမည်။
(ဂ) အစည်းအဝေးများကို ကျင်းပသည့်နေ့ရက်မှ ခုနစ်ရက်အတွင်း သို့မဟုတ် အစည်းအဝေးများအား အဆိုပါနေ့ရက်များတွင် ကျင်းပနိုင်ခြင်းမရှိခဲ့လျှင် နောင်တွင်ကျင်းပသည့်နေ့ရက်မှ ရက်သတ္တပတ် တစ်ပတ်အတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် စာရင်းမိတ္တူ တစ်စောင်ကို မှတ်ပုံတင် အရာရှိထံသို့ ပေးပို့ရမည့်အပြင် အစည်းအဝေးကျင်းပခြင်းနှင့် ကျင်းပသည့်နေ့ရက်တို့ကို ၎င်းထံသို့ ပြန်ကြားရမည်။ အစည်းအဝေး၌ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ (ဤပုဒ်မပါကိစ္စရပ်များအတွက် အစည်းအဝေးသို့ တက်ရောက်ရမည့် ပုဂ္ဂိုလ် နှစ်ဦး ရှိရမည်) မပြည့်ဝခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အစည်းအဝေးကို တရားဝင်ဆင့်ခေါ် ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် လိုအပ်သည့်ဦးရေ အပြည့်အဝ မတက်ရောက်ခဲ့ကြောင်း ဖော်ပြပါရှိသည့် ပြန်ကြားချက်တစ်စောင်ကို ပြုလုပ်ရမည်။ ထိုပြန်ကြားချက်အား ပြုလုပ်ပြီးသည့်အခါ ပြန်ကြားချက်ပြုလုပ်ခြင်းနှင့် သက်ဆိုင်သော ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များအရ ပြန်ကြားချက်ကို အဆိုပါအတိုင်း လိုက်နာဆောင်ရွက်ပြီးဖြစ်သကဲ့သို့ မှတ်ယူရ မည်။
(ဃ) မှတ်ပုံတင်အရာရှိသည် စာရင်း သို့မဟုတ် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြပါရှိသော အစည်းအဝေး တစ်ရပ်စီနှင့် စပ်လျဉ်းသည့် ပြန်ကြားချက်တစ်ရပ်ရပ်ကို လက်ခံရရှိသည့်အခါ ယင်းတို့အား မှတ်ပုံတင် ရေးသွင်းဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်ကြားချက်အား မှတ်ပုံတင်ပြီးသည့် အချိန်မှစ၍ သုံးလပြည့်မြောက် ပြီးသည့်အချိန်တွင် ကုမ္ပဏီအားဖျက်သိမ်းပြီး ဖြစ်သည်ဟုမှတ်ယူရမည်။ သို့ရာတွင် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူအဖြစ် တရားရုံးတွင်ရောက်ရှိသူတစ်ဦးဦးကဖြစ်စေ လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် သင့်သည်ဟုထင်မြင်သည့် အချိန်ကာလတွင် ကုမ္ပဏီ ဖျက်သိမ်းခြင်းအား အကျိုးသက်ရောက်စေမည်ဟု သတ်မှတ်သောနေ့ရက်သို့ ရွှေ့ဆိုင်းပေးနိုင်သည့်အမိန့် တစ်ရပ်ချမှတ်နိုင်သည်။
၃၇၁။ ပုဒ်မ ၃၇ဝ၊ ပုဒ်မခွဲ (ဂ) နှင့် အညီ စာရင်းမိတ္တူ ပေးပို့ခြင်းနှင့် ပြန်ကြားချက် ပြုလုပ်ခြင်းတို့ကို မဆောင်ရွက်ခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်း ကို ပေးဆောင်ရမည်။
၃၇၂။ ပုဒ်မ ၃၇ဝ၏ ပုဒ်မခွဲ (ဃ) အရ ပြုလုပ်သည့် တရားရုံး၏ အမိန့်တစ်ရပ်အပေါ် လျှောက်ထား သူသည် အဆိုပါအမိန့်အား ချမှတ်သည့်နေ့မှ ၁ဝ ရက်အတွင်း အဆိုပါအမိန့်အား မှတ်ပုံတင်ရန် အတွက် အမိန့်၏ မူရင်းမိတ္တူမှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက် ရန် ပျက်ကွက်ပါက ထိုသူသည် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
ကုမ္ပဏီတွင်ပါဝင်သူများကဖြစ်စေ၊ မြီရှင်များကဖြစ်စေ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းကိစ္စရပ်များအားလုံးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ
၃၇၃။ ပုဒ်မ ၃၇၄ မှ ၃၈၂ အထိပါရှိသည့် ပြဋ္ဌာန်းချက်များသည် ကုမ္ပဏီတွင်ပါဝင်သူများကဖြစ်စေ၊ မြီရှင်များကဖြစ်စေ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကိစ္စရပ်များအားလုံးနှင့် သက်ဆိုင်စေရ မည်။
ကုမ္ပဏီ၏ပစ္စည်းများကို ခွဲဝေဆောင်ရွက်ခြင်း
၃၇၄။ ကုမ္ပဏီအား စာရင်းရှင်းလင်းဖျက်သိမ်းသည့် အခါတွင် ဦးစားပေးငွေပေးချေမှုများနှင့် သက်ဆိုင် သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုမ္ပဏီ၏ပစ္စည်းများကို ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌ အခြားနည်းဖော်ပြထားခြင်း မရှိလျှင် ကုမ္ပဏီ၏ တာဝန်ရှိမှုများအတွက် အချိုးကျအသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီရှိပါဝင်သူတို့၏ အခွင့်အရေးများနှင့် အကျိုးခံစားခွင့်များအရကုမ္ပဏီတွင် ပါဝင်သူများအကြား ခွဲဝေဆောင်ရွက်ရမည်။
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၃၇၅။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် -
(၁) ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီ၏ အထူး ဆုံးဖြတ်ချက်အရ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ မြီရှင်များက ကုမ္ပဏီကိုဆန္ဒအလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် တရားရုံး သို့မဟုတ် စစ်ဆေးရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ကုမ္ပဏီကို ဖျက်သိမ်းသည့် ကိစ္စရပ်တွင် ပုဒ်မ ၃၂၁၊ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဇ) တို့အရ စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိသို့ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အားလုံးကို ကျင့်သုံးဆောင်ရွက်နိုင်သည်။ ဤပုဒ်မအရပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ကျင့်သုံး ဆောင်ရွက်ရာတွင် တရားရုံး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး မြီရှင် သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူ တစ်ဦးဦးသည် ဤလုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ တရားရုံးသို့တင်ပြလျှောက်ထားနိုင်သည်။
(၂) ပုဒ်မခွဲငယ် (၁) တွင်ဖော်ပြပါရှိသော ခွင့်ပြုချက်မပါရှိဘဲ ကုမ္ပဏီကို ဖျက်သိမ်းသည့် ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသို့ တရားရုံးကပေးအပ်ထားသည့် ဤဥပဒေအရ အခြားသော လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်နိုင်သည်။
(၃) ကြွေးမြီပေးဆပ်ရသူများစာရင်းကို ရှင်းလင်းဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ်ထားသည့် တရားရုံး၏ အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်နိုင်ပြီး ကြွေးမြီပေးဆပ်ရသူများ စာရင်းသည် ယင်းစာရင်းတွင် ကြွေးမြီပေးဆပ်ရသူများအဖြစ် ပါရှိသူများ၏ တာဝန်ရှိမှုများအတွက် ခိုင်လုံသည့် သက်သေခံချက် ဖြစ်စေရမည်။
(၄) ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုပြုလုပ်နိုင်သည့် တရားရုံး၏အခွင့်အာဏာကို ကျင့်သုံးဆောင် ရွက်နိုင်သည်။ ၎င်းအပြင်
(၅) အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီ၏ ခွင့်ပြုချက်ကိုရယူရန် သို့မဟုတ် ၎င်းအနေဖြင့် သင့်သည် ထင်မြင်သည့် အခြားကိစ္စရပ်များအတွက် ကုမ္ပဏီ၏ အထွေထွေအစည်းအဝေးများကို ဆင့်ခေါ်နိုင်သည်။
(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ကုမ္ပဏီ၏ကြွေးမြီများကို ပေးချေရမည်ဖြစ်ပြီး ကြွေးမြီ ပေးဆပ်ရသူများအကြား ၎င်းတို့၏ အခွင့်အရေးများကို ချိန်ညှိဆောင်ရွက် ပေးရမည်။
(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများစွာအား ခန့်အပ်ထားခဲ့လျှင် ဤဥပဒေအရ ပေးအပ်ထား သည့် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ၎င်းတို့အား ခန့်အပ်သည့်အချိန်၌ သတ်မှတ်ထားသည့်အတိုင်း တစ်ဦးက သော်လည်းကောင်း၊ အများကသော်လည်းကောင်း ကျင့်သုံးဆောင်ရွက်နိုင်သည်။ ထိုသို့သတ်မှတ်ထား ခြင်း မရှိခဲ့လျှင် နှစ်ဦးထက်မနည်းသော စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများက ကျင့်သုံးဆောင် ရွက်နိုင်သည်။
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအားခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းများနှင့် သက်ဆိုင်သည့် တရားရုံး၏အခွင့်အာဏာ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ၏ ခန့်အပ်မှုကို အကြောင်းကြားခြင်း
၃၇၆။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက အကြောင်းတစ်စုံတစ်ရာကြောင့်မရှိသည့် ကိစ္စရပ် များတွင် တရားရုံးသည် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတစ်ဦးကို ခန့်အပ်နိုင်သည်။
(ခ) တရားရုံးသည် အကြောင်းတစ်စုံတစ်ရာ တင်ပြလာလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ အား ထုတ်ပယ်နိုင်ပြီး အခြားသော စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ခန့်အပ်နိုင်သည်။
(ဂ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းအား ခန့်အပ်ပြီးနောက် ၂၁ ရက်အတွင်း မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် ခန့်အပ်မှုအကြောင်းကြားစာကို မှတ်ပုံတင် အရာရှိထံသို့ ပေးပို့တင်ပြရမည်။
၃၇၇။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၃၇၆ ပါ သတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့လျှင် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
မြီရှင်များအပေါ် တရားဝင်စည်းနှောင်မှုရှိသည့် စီစဉ်ဆောင်ရွက်မှုများ
၃၇၈။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်မည့် သို့မဟုတ် ဆောင်ရွက်နေသည့် ကုမ္ပဏီ တစ်ခုနှင့် ယင်း၏မြီရှင်များအကြားပြုလုပ်သည့် စီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ်ကို အထူးဆုံးဖြတ်ချက် ဖြင့် အတည်ပြုခဲ့လျှင် ကုမ္ပဏီအပေါ်တွင်လည်းကောင်း၊ မြီရှင်များ၏ အရေအတွက်နှင့် တန်ဖိုးအရ လေးပုံသုံးပုံဖြင့် လက်ခံခဲ့လျှင် မြီရှင်များအပေါ်တွင် လည်းကောင်း တရားဝင်စည်းနှောင်မှုရှိသည်။ ယင်းကိစ္စရပ်အပေါ်တွင် ဤပုဒ်မအရ အယူခံခွင့်ရှိသည်။
(ခ) မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည် စီစဉ်ဆောင်ရွက်မှုများ ပြီးစီးပြီးနောက် ၂၁ ရက်အတွင်း ယင်းကိစ္စအပေါ်တွင် တရားရုံးသို့ အယူခံဝင်ရောက်နိုင်သည်။ ထိုအယူခံမှုအရ တရားရုံး သည် သင့်သည်ထင်မြင်သည့်အတိုင်း စီစဉ်ဆောင်ရွက်မှုကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် အတည်ပြုခြင်းများ ပြုလုပ်နိုင်သည်။
ကိစ္စရပ်များကိုဆုံးဖြတ်နိုင်ရန်နှင့် အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည့် အခွင့်အာဏာ
၃၇၉။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ သို့မဟုတ် မြီရှင် တစ်ဦးဦးသည် ကုမ္ပဏီအားဖျက်သိမ်းရာတွင် ပေါ်ပေါက်လာသည့်ကိစ္စရပ်များကို ဆုံးဖြတ်ပေးရန် သို့မဟုတ် ငွေကြေးထည့်ဝင်ရန် တောင်းခေါ်မှုများအား အတည်ပြုခြင်း၊ တရားစွဲဆိုဆောင်ရွက်မှု ဆိုင်းငံ့ ခြင်း သို့မဟုတ် အခြားကိစ္စရပ်များတို့နှင့် စပ်လျဉ်းပြီး ကုမ္ပဏီအား တရားရုံးဖြင့်ဖျက်သိမ်းဆောင်ရွက် သကဲ့သို့ တရားရုံးက ကျင့်သုံးနိုင်ခွင့်ရှိသည့် အခွင့်အာဏာများအားလုံး သို့မဟုတ် တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်စေရန် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။
(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦး သည် ကုမ္ပဏီဖျက်သိမ်းမှု စတင်ပြီးနောက် ကုမ္ပဏီ၏ပစ္စည်း သို့မဟုတ် ပိုင်ဆိုင်မှုများအပေါ် တရားဝင် လျက်ရှိသည့်ဝရမ်းကပ်ခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်း သို့မဟုတ် အတည်ပြုဆောင်ရွက်ခြင်းများကို ပယ်ဖျက်သည့်အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် တင်ပြလျှောက်ထားနိုင်သည်။
(ဂ) အဆိုပါ လျှောက်ထားမှုကို ကုမ္ပဏီဖျက်သိမ်းခြင်းအပေါ် စီရင်ဆုံးဖြတ်ခွင့်ရှိသည့် တရားရုံးသို့ တင်ပြရမည်။
(ဃ) တရားရုံးသည် ပေါ်ပေါက်လာသည့် ကိစ္စရပ်များကို ဆုံးဖြတ်ပေးခြင်း၊ လိုအပ်သောအခွင့်အာဏာ ကိုကျင့်သုံးခြင်း သို့မဟုတ် လိုက်နာရမည့်အမိန့်တစ်ရပ်ကို ချမှတ်ခြင်းတို့သည် လျော်ကန်မျှတပြီး အကျိုးဖြစ်ထွန်းစေကြောင်း ကျေနပ်လက်ခံလျှင် ၎င်းသင့်သည် ထင်မြင်သည့် စည်းကမ်းချက်များဖြင့် လျှောက်ထားမှု တစ်ရပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လက်ခံနိုင်သည် သို့မဟုတ် လျှောက်ထားမှုအပေါ် သင့်သည်ထင်မြင်သည့် အခြားအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် ကျခံရသည့်စရိတ်များ
၃၈၀။ ကုမ္ပဏီကိုဖျက်သိမ်းရာတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အခကြေးငွေအပါအဝင် ကျခံရသော ကုန်ကျစရိတ်များ၊ အခကြေးငွေများနှင့် အသုံးစရိတ်များအားလုံးကို အာမခံအကျိုးခံစားခွင့် ရရှိသော မြီရှင်များ (secured creditors) ၏ အခွင့်အရေးများရှိခဲ့လျှင် ယင်းတို့ကို မထိခိုက်စေဘဲ အခြားသော တောင်းခံတင်ပြမှုများထက် ဦးစားပေး၍ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ ပေးချေရမည်။
မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အခွင့်အရေးများကိုမထိခိုက်စေခြင်း
၃၈၁။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းခြင်းသည် တရားရုံးက ကုမ္ပဏီကို ဖျက်သိမ်းဆောင်ရွက်စေရန်အတွက် မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦး၏ အခွင့်အရေးကို တားမြစ်ပိတ်ပင်ခြင်းမရှိစေရ။ သို့သော် ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးက ကြွေးမြီပေးဆပ်ရ သူများ၏ အခွင့်အရေးများသည် ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်းကြောင့် ထိခိုက်စေမည်ဖြစ် သည်ဟု ကျေနပ်လက်ခံရမည်။
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအား သတ်မှတ်ပေး နိုင်သည့် တရားရုံး၏ အခွင့်အာဏာ
၃၈၂။ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းဆောင်ရွက်ရာတွင် တရားရုံးက ကုမ္ပဏီဖျက်သိမ်းရန် အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါအမိန့် တွင်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့် အမိန့်တစ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းရာတွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ သတ်မှတ်ပေးနိုင်သည်။
တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းခြင်း
တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန် အမိန့်ချမှတ်နိုင်သည့် အခွင့်အာဏာ
၃၈၃။ ကုမ္ပဏီတစ်ခုသည် အထူးဆုံးဖြတ်ချက်ဖြင့် ဆန္ဒအလျောက်ဖျက်သိမ်းရန် ဆုံးဖြတ်သည့်အခါ တရားရုံးသည် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအား မြီရှင်များ၊ ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် အခြားသူများက တရားရုံးသို့ လွတ်လပ်စွာလျှောက်ထားတင်ပြနိုင်၍ တရားရုံးက သင့်သည် ထင်မြင်သည့် စည်းကမ်းချက်များကိုလိုက်နာလျက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော် တရားရုံး၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းဖော်ပြ၍ အမိန့်တစ်ရပ်ချမှတ်နိုင်သည်။
တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် လျှောက်ထားခြင်း၏အကျိုးသက်ရောက်မှု
၃၈၄။ တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းအား ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို စွဲဆိုသည့်အမှုများအပေါ် တရားရုံးသို့ စီရင်ပိုင်ခွင့်ပေးရန် အတွက် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းရန် လျှောက်ထားခြင်းတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်။
မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏သဘောဆန္ဒကို တရားရုံးက လက်ခံသုံးသပ်နိုင်ခြင်း
၃၈၅။ တရားရုံးသည် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းနှင့် တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းတို့အကြား ဆုံးဖြတ်ရာတွင်လည်းကောင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ ခန့်အပ်ရာတွင်လည်းကောင်း၊ တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်လည်းကောင်း လုံလောက်သည့်အထောက်အထား တစ်ရပ်ရပ်ဖြင့် ၎င်းထံ တင်ပြစေ နိုင်သကဲ့သို့ မြီရှင်များနှင့်ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒများကို လက်ခံသုံးသပ်နိုင်သည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းပြုနိုင်သည့် တရားရုံး၏ အခွင့်အာဏာ
၃၈၆။ (က) တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် အဆိုပါအမိန့်ဖြင့်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့် အမိန့်တစ်ရပ်ဖြင့်ဖြစ်စေ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးကို ထပ်မံခန့်ထားသည့် အမိန့်ချမှတ်နိုင်သည်။
(ခ) ဤပုဒ်မအရ တရားရုံးကခန့်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးသည် ကုမ္ပဏီကခန့်အပ်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဲ့သို့ ကိစ္စရပ်များအားလုံးတွင် အလားတူလုပ်ပိုင်ခွင့်များနှင့် တာဝန်များရှိစေရမည်။
(ဂ) တရားရုံးသည် ယင်းက ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦးဦးကို ဖြစ်စေ၊ ကြီးကြပ်မှုအမိန့်အရ ဆက်လက်ခွင့်ပြုထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ တစ်ဦးဦးကိုဖြစ်စေ ထုတ်ပယ်နိုင်ပြီး ထုတ်ပယ်မှု၊ သေဆုံးမှု သို့မဟုတ် နုတ်ထွက်မှုများကြောင့် လစ်လပ် သွားသော စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတစ်ဦး၏နေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။
ကြီးကြပ်မှုအမိန့်၏ အကျိုးသက်ရောက်မှု
၃၈၇။ (က) တရားရုံး၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံးက သတ်မှတ်ထားသည့် တားမြစ်ချက်များကို လိုက်နာလျက် တရားရုံး၏ခွင့်ပြုချက် သို့မဟုတ် စွက်ဖက်မှုမပါရှိဘဲ မိမိ၏ လုပ်ပိုင်ခွင့်များအားလုံးကို ကုမ္ပဏီအား ဆန္ဒအလျောက် ဖျက်သိမ်းဆောင်ရွက်သကဲ့သို့ အလားတူ နည်းလမ်းများအတိုင်း ကျင့်သုံး ဆောင်ရွက်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့်ကိစ္စရပ်နှင့် ပုဒ်မ ၃၃၈ တွင်ပါရှိသည့် ကိစ္စရပ်များမှအပ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် တရားရုံးကချမှတ်သည့် အမိန့်တစ်ရပ်ရပ် သည် တရားစွဲဆိုမှုများနှင့် အခြားဆောင်ရွက်မှုများကို ဆိုင်းငံ့ခြင်း အပါအဝင်ကိစ္စရပ်များအားလုံးတွင် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းအတွက် ချမှတ်သည့် အမိန့်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပြီး ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများပြုလုပ်ရန် သို့မဟုတ် စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိများက ပြုလုပ်ထားသည့် ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများကို အတည်ပြု ရန်၊ သို့မဟုတ် တရားရုံးကကုမ္ပဏီကို ဖျက်သိမ်းခြင်းအတွက် အမိန့်တစ်ရပ်ချမှတ်သကဲ့သို့ ကျင့်သုံး ဆောင်ရွက်နိုင်ခွင့်ရှိသည့် အခွင့်အာဏာများအားလုံးကို တရားရုံးသို့ အခွင့်အာဏာ အပြည့်အဝအပ်နှင်း ရမည်။
(ဂ) တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ၎င်း အတွက် ဆောင်ရွက်ပေးရမည့်ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကို တရားရုံးက ညွှန်ကြားနိုင်ရန်အတွက် အခွင့်အာဏာအပ်နှင်းထားသည့် ပြဋ္ဌာန်းချက်များတွင် ဖော်ပြ ပါရှိသော ‘တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ’ ဆိုသည်မှာ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကို ဖျက်သိမ်းရန် အတွက် ဆောင်ရွက်သည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိကိုဆိုလိုသည်ဟု မှတ်ယူရမည်။
အလွတ်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများကို တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများအဖြစ်ခန့်အပ်ခြင်း
၃၈၈။ တရားရုံး၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီကိုဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်ပြီး ယင်းနောက် တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းခြင်းအတွက် အမိန့်တစ်ရပ်ချမှတ်သည့်အခါ တရားရုံးသည် အဆိုပါ အမိန့်ဖြင့်ဖြစ်စေ၊ နောင်တွင်ချမှတ်သည့် အမိန့်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ယာယီသော် လည်းကောင်း၊ အမြဲတမ်းသော် လည်းကောင်း၊ အခြားသူများဖြင့်သော်လည်းကောင်း၊ အခြားသူများပါရှိခြင်းမရှိဘဲနှင့် သော်လည်းကောင်း၊ အလွတ်ခန့်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိများ သို့မဟုတ် ယင်းတို့အနက်မှ တစ်ဦးဦးကို တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းသည့် ကိစ္စရပ်တွင် တရားဝင်ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်နိုင်သည်။
ဖြည့်စွက်ပြဋ္ဌာန်းချက်များ
ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင်ရွက်ပြီးနောက်တွင် လွှဲပြောင်းခြင်းများ မပြုလုပ်ရခြင်းနှင့် ကြွေးမြီများ ပေါ်လွင်စွာဖော်ပြရခြင်း
၃၈၉။ (က) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီဖျက်သိမ်းမှုအား စတင်ဆောင် ရွက်ပြီးနောက်တွင် ပြုလုပ်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်သည့် လွှဲပြောင်းခြင်းမှအပ အစုရှယ်ယာများကို လွှဲပြောင်းခြင်းများနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ ရပ်တည်မှု အခြေအနေကို ပြောင်းလဲခြင်းများအားလုံးသည် ပျက်ပြယ်သည်။
(ခ) တရားရုံးကဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီကိုဖျက်သိမ်းသည့် ကိစ္စရပ်၌ ကုမ္ပဏီ ဖျက်သိမ်းမှုအား စတင်ဆောင်ရွက်ပြီးနောက်တွင် အရေးယူဆောင်ရွက်နိုင်သည့် တင်ပြတောင်းဆိုမှုများ အပါအဝင် ကုမ္ပဏီ၏ပစ္စည်းများကိုပေးအပ်ခြင်းများ၊ အစုရှယ်ယာ များကိုလွှဲပြောင်းခြင်းများ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ ရပ်တည်မှုအခြေအနေကို ပြောင်းလဲခြင်းများ အားလုံးသည် တရားရုံးက အခြားသောအမိန့်တစ်စုံတစ်ရာ ချမှတ်ထားခြင်းမရှိလျှင် ပျက်ပြယ်သည်။
(ဂ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့် သက်ဆိုင်၍ လူမွဲခံယူသည့် ကုမ္ပဏီများကိစ္စရပ်တွင် ကုမ္ပဏီကိုဖျက်သိမ်းသည့်ကိစ္စရပ်အားလုံး၌ ပေးရန်ရှိမည့် ကြွေးမြီများအားလုံး နှင့် ယခုသော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း ဖြစ်ပေါ်မည့် သို့မဟုတ် ဖြစ်ပေါ်နိုင်ဖွယ် ရှိသည့် ကုမ္ပဏီအပေါ် တင်ပြတောင်းဆိုမှုများ အားလုံးကို ကုမ္ပဏီအားဆန့်ကျင်၍ သက်သေတင်ပြ နိုင်သည်။ နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် သို့မဟုတ် အခြားအကြောင်းကိစ္စရပ်အတွက် ကြွေးမြီများ သို့မဟုတ် တင်ပြတောင်းဆိုမှုများ၏ တန်ဖိုးကိုတိကျသေချာသော တန်ဖိုးတစ်ရပ်မဟုတ်လျှင် သင့်တင့် မျှတသည့် တန်ဖိုးဖြင့် သတ်မှတ်ရမည်။
လူမွဲခံယူသည့်ကုမ္ပဏီများအား ဖျက်သိမ်းသည့်ကိစ္စရပ်တွင် လူမွဲခံယူခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်း များကို လိုက်နာရခြင်း
၃၉၀။ လူမွဲခံယူသည့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရာတွင် အာမခံအကျိုးခံစားခွင့်ရရှိသော မြီရှင်များ (secured creditors)နှင့် အာမခံအကျိုးခံစားခွင့်မရရှိသောမြီရှင်များ (unsecured creditors) ၏ သက်ဆိုင်ရာအခွင့်အရေးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သက်သေထင်ရှားတင်ပြနိုင်သည့် ကြွေးမြီ များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်စဉ်ထုတ်ယူနိုင်သည့် အာမခံတန်ဖိုးနှင့် နောင်တွင်ဖြစ်ပေါ်လာမည့် တာဝန်ရှိမှုများနှင့် စပ်လျဉ်း၍လည်းကောင်း လူမွဲဖြစ်သည်ဟု သတ်မှတ်ခံရသည့်ပုဂ္ဂိုလ်၏ ပိုင်ဆိုင်သော ပစ္စည်းများနှင့် စပ်လျဉ်းသည့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ အဆိုပါ အချိန်ကာလတွင် အတည် ဖြစ်လျက်ရှိသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်ရမည်။ အဆိုပါ ကိစ္စရပ်များတွင် သက်သေထင်ရှား တင်ပြရမည့် ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များမှ အမြတ်ဝေစုများကို လက်ခံ ရရှိမည့်ပုဂ္ဂိုလ်များအားလုံးသည် ကုမ္ပဏီကို ဖျက်သိမ်းသည့်ကိစ္စရပ်၌ ပါဝင်လာမည်ဖြစ်ပြီး ဤပုဒ်မအရ ရထိုက်ခွင့် ရှိသူများအဖြစ် ကုမ္ပဏီအပေါ် အဆိုပါတင်ပြ တောင်းဆိုမှုများကို ပြုလုပ်နိုင်သည်။
ဦးစားပေးငွေပေးချေမှုများ
၃၉၁။ (က) ကုမ္ပဏီကို ဖျက်သိမ်းသည့်အခါ အခြားသောကြွေးမြီများထက် အောက်ပါတို့ကို ဦးစားပေး၍ ပေးချေမှုများပြုလုပ်ရမည် -
(၁) အစိုးရ သို့မဟုတ် ဒေသအာဏာပိုင်တစ်ရပ်ရပ်သို့ ကုမ္ပဏီကပေးချေရမည့် ပုဒ်မခွဲ (င) တွင် ဖော်ပြ ထားသည့်နေ့ရက်၌ အဆိုပါနေ့ရက်မတိုင်မီ ၁၂ လအတွင်း ပေးချေရန်ကျရောက်သည့် ဘဏ္ဍာငွေများ၊ အခွန်များ၊ စည်းကြပ်ခွန်များ၊ အခွန်အခများအားလုံး၊
(၂) အထက်ဖော်ပြပါ နေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ဆောင်ရွက် ပေးထားသည့် ဝန်ဆောင်မှု များနှင့် စပ်လျဉ်းသည့် စာရေး သို့မဟုတ် ဝန်ထမ်းတစ်ဦးစီ၏ လုပ်အားခများ သို့မဟုတ် လစာများ အားလုံး၊
(၃) အထက်ဖော်ပြပါ နေ့ရက်မတိုင်မီ နှစ်လအတွင်း ကုမ္ပဏီသို့ ဆောင်ရွက်ပေးထားသည့် ဝန်ဆောင်မှု များနှင့် စပ်လျဉ်းသည့် အချိန်ပိုင်းအရသော်လည်းကောင်း၊ လုပ်ငန်းပိုင်းအလိုက် သော်လည်းကောင်း ပေးချေရမည့် အလုပ်သမား သို့မဟုတ် ကာယလုပ်သားတစ်ဦးဦး၏ လုပ်ခများအားလုံး၊
(၄) ကုမ္ပဏီ၏ အရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦး သေဆုံးခြင်း သို့မဟုတ် မသန်စွမ်း ဖြစ်ခြင်းတို့နှင့် စပ်လျဉ်း၍ အလုပ်သမား လျော်ကြေးအက်ဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ် အရပေးချေရမည့် လျော်ကြေးငွေများ၊
(၅) ကုမ္ပဏီက ခန့်အပ်ထားသည့် ဝန်ထမ်းများ၏ လူမှုဖူလုံရေးအတွက် အိုနာစာ ရန်ပုံငွေ၊ ပင်စင် ရန်ပုံငွေ၊ ဆုကြေးရန်ပုံငွေ၊ သို့မဟုတ် အခြားရန်ပုံငွေ တစ်ရပ်ရပ်မှ ဝန်ထမ်းတစ်ဦးဦးသို့ ပေးချေရမည့် ငွေပမာဏများအားလုံး၊ ၎င်းအပြင်
(၆) ဤဥပဒေ၏ ပုဒ်မ ၂၇၁၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၃) နှင့်အညီ ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှု တစ်ရပ်ရပ်အတွက် ကုန်ကျစရိတ်များ။
(ခ) အထက်ဖော်ပြပါ ကြွေးမြီများအားလုံးကို -
(၁) တန်းတူဦးစားပေးရမည်ဖြစ်ပြီး ရရန်ပိုင်ခွင့်များ လုံလောက်မှုရှိလျှင် အပြည့်အဝ ပေးချေရမည်။ ထိုသို့ ပေးချေရန်အတွက် ရရန်ပိုင်ခွင့်များ လုံလောက်မှုမရှိပါက ယင်းတို့အား အချိုးတူညီစွာဖြင့် လျှော့ချ ပေးချေရမည်၊ ၎င်းအပြင်
(၂) သာမန်မြီရှင်များသို့ ငွေပေးချေရန်အတွက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များသည် လုံလောက်မှုမရှိသည့် အခါအထက်ဖော်ပြပါကြွေးမြီများအားလုံးကို ကုမ္ပဏီက ပြုလုပ်ထားသည့် ရရန်ပိုင်ခွင့်များအပေါ် အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge) တစ်ရပ်ရပ်အရ ငွေချေးလက်မှတ် များအား ပိုင်ဆိုင်ထားသူ၏ တင်ပြတောင်းဆိုမှုထက် ဦးစားပေး၍ ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်းတွင် ပါဝင်သော သို့မဟုတ် သက်ဆိုင်သောပစ္စည်း တစ်ရပ်ရပ်မှ ပေးချေရမည်။
(ဂ) ကုမ္ပဏီဖျက်သိမ်းရန် ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များအတွက် လိုအပ်မည့်ငွေ ပမာဏကို ထိန်းသိမ်းထားရှိပြီး ဖော်ပြပါကြွေးမြီများကို ရရန်ပိုင်ခွင့်များ လုံလောက်မှုရှိသည့် အတိုင်းအတာအထိ ချက်ချင်းပေးချေရမည်။
(ဃ) ကုမ္ပဏီဖျက်သိမ်းသည့်အမိန့် ချမှတ်သည့်နေ့ရက်မတိုင်မီ သုံးလအတွင်း ကုမ္ပဏီ၏ ကုန်ပစ္စည်း များ သို့မဟုတ် ရရန်ပိုင်ခွင့်များကို မြေအဆောက်အအုံပိုင်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက ကြွေးမြီ အတွက် ပစ္စည်းသိမ်းယူထားလျှင် သို့မဟုတ် ကြွေးမြီအတွက် ပစ္စည်းသိမ်းယူလျှင် ဤပုဒ်မအရ ဦးစား ပေး၍ ပေးချေရမည့် ကြွေးမြီများအားလုံးကို ထိုသို့သိမ်းယူထားလျှင် ကုန်ပစ္စည်းများ သို့မဟုတ် ရရန် ပိုင်ခွင့်များအပေါ်တွင် လည်းကောင်း၊ အဆိုပါပစ္စည်းများကို ရောင်းချရရှိသည့် ငွေကြေးများအပေါ်တွင် လည်းကောင်း ပထမဦးစွာ ပေးချေဆောင်ရွက်ရမည်။ သို့ရာတွင် ပေါင်နှံမှုတစ်ရပ်ရပ်အရ ပေးချေရသည့် ငွေကြေးတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ မြေအဆောက်အအုံပိုင်ရှင် သို့မဟုတ် အခြားသူတစ်ဦးသည် ငွေပေးချေ ခြင်းကိုလက်ခံရမည့်ပုဂ္ဂိုလ်ကဲ့သို့ အလားတူ ဦးစားပေးအခွင့်အရေးကို ရရှိစေရမည်။
(င) ဤပုဒ်မတွင် ရှေ့ပိုင်း၌ ရည်ညွှန်းဖော်ပြခဲ့သော ရက်စွဲသည် -
(၁) ယခင်က ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် စတင်ဆောင်ရွက်ခြင်း မပြုခဲ့သေးသော ဆန္ဒ အလျောက်ဖျက်သိမ်းရန် အမိန့်ချမှတ်ခြင်းခံရသည့် ကုမ္ပဏီတစ်ခုနှင့် သက်ဆိုင်သော ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန် အမိန့်ချမှတ်သည့်နေ့ရက်နှင့်
(၂) အခြားကိစ္စရပ်များတွင် ကုမ္ပဏီဖျက်သိမ်းရန် စတင်ဆောင်ရွက်သည့်နေ့။
ပစ္စည်းများကိုစွန့်လွှတ်ခြင်း
၃၉၂။ (က) ဖျက်သိမ်းခံရသည့် ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်တွင် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် တာဝန်များ ပါရှိသော သက်တမ်းတစ်ရပ်ရပ် သတ်မှတ်ပါရှိသည့်မြေများ၊ ကုမ္ပဏီ၏ စတော့ရှယ်ယာများ၊ အကျိုး အမြတ်မပါရှိသော ပဋိညာဉ်စာချုပ်များ၊ ရောင်းချခြင်းမပြုနိုင်သော အခြားပစ္စည်းများ၊ အလွယ်တကူ ရောင်းချနိုင်သည့်ပစ္စည်းများပါဝင်ခဲ့လျှင် တာဝန်ရှိသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်စေရန် သို့မဟုတ် ငွေကြေးတစ်ရပ်ရပ်ကို ပေးချေစေရန်အတွက် အဆိုပါပစ္စည်းများကို လက်ဝယ်ထားရှိသူအပေါ် တရားဝင်စည်းနှောင်မှုရှိသည်ဆိုသော အကြောင်းကြောင့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပစ္စည်းများကိုရောင်းချရန် သို့မဟုတ် ပိုင်ဆိုင်မှုအား ရယူရန်ကြိုးပမ်းအားထုတ်ခြင်း၊ သို့မဟုတ် ယင်းတို့ နှင့်စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးနေစေကာမူတရားရုံး၏ ခွင့်ပြုချက်အရလည်းကောင်း၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို လိုက်နာ၍လည်းကောင်း ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်အချိန်မှ ၁၂ လ အတွင်း သို့မဟုတ် တရားရုံးက ခွင့်ပြုသည့် ထပ်မံတိုးမြှင့်ပေးသည့်ကာလအတွင်း မည်သည့်အချိန်တွင်မဆို ၎င်းက စာဖြင့်ရေးသားလက်မှတ်ရေးထိုး၍ ပစ္စည်းများကိုစွန့်လွှတ်နိုင်သည်။ သို့ရာတွင် ကုမ္ပဏီ ဖျက်သိမ်းမှု စတင်သည့်အချိန်မှ ၂၈ ရက်အတွင်း ပစ္စည်းတစ်ရပ်ရပ်အတွက် စာရင်းရှင်းလင်းဖျက်သိမ်း ရေးအရာရှိက သိရှိထားခြင်းမရှိခဲ့လျှင် ပစ္စည်းများစွန့်လွှတ်ခြင်း နှင့်သက်ဆိုင်သော ဤပုဒ်မအရ အခွင့်အာဏာကို ယင်းပစ္စည်းနှင့်စပ်လျဉ်း၍ ၎င်းအနေဖြင့် စတင်သိရှိသည့်အချိန်မှ ၁၂ လအတွင်း သို့မဟုတ် တရားရုံးကခွင့်ပြုသည့် ထပ်မံတိုးမြှင့်ပေးသည့် ကာလအတွင်း မည်သည့်အချိန်တွင်မဆို ကျင့်သုံးဆောင်ရွက်နိုင်သည်။
(ခ) စွန့်လွှတ်ခြင်းသည် ထိုသို့စွန့်လွှတ်သည့်နေ့မှစ၍ စွန့်လွှတ်သည့်ပစ္စည်းများရှိ သို့မဟုတ် ယင်းတို့နှင့် စပ်လျဉ်းသည့် အခွင့်အရေးများ၊ အကျိုးခံစားခွင့်များနှင့် ကုမ္ပဏီ၏တာဝန်ရှိမှုများ၊ ကုမ္ပဏီ၏ပစ္စည်း များကို ဆုံးဖြတ်ဆောင်ရွက်သည်ဟုဖြစ်သည်။ သို့သော် စွန့်လွှတ်ခြင်းသည် တာဝန်ရှိမှုမှ ကုမ္ပဏီကို သော်လည်းကောင်း၊ ကုမ္ပဏီ၏ ပစ္စည်းများကိုသော်လည်းကောင်း စွန့်လွှတ်ခွင့်ပြုရန်အတွက် လိုအပ် သည့်ကိစ္စရပ်မှအပ အခြားသူတစ်ဦးဦး၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ရှိမှုများကို ထိခိုက်စေခြင်း မရှိစေရ။
(ဂ) တရားရုံးသည် စွန့်လွှတ်ခွင့်မပြုမီတွင်ဖြစ်စေ၊ စွန့်လွှတ်ရန်ခွင့်ပြုသည့် အခါတွင်ဖြစ်စေ အကျိုး သက်ဆိုင်သည့် ပုဂ္ဂိုလ်များသို့ အကြောင်းကြားစာများကို ပေးပို့စေနိုင်ပြီး ဆောင်ရွက်ခွင့်ပြုမည့် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည့်အပြင် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း တရား မျှတသော အခြားအမိန့်တစ်ရပ်ရပ်ကို ချမှတ် နိုင်သည်။
(ဃ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ၎င်းက စွန့်လွှတ်ခြင်းပြုမည် မပြုမည်ကို ဆုံးဖြတ်ရန် လိုအပ်သည်ဟု အကျိုးခံစားခွင့်ရှိသူ တစ်ဦးဦးက ၎င်းထံစာဖြင့် ရေးသား၍ တင်ပြလျှောက်ထားလာ လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အဆိုပါ လျှောက်ထားမှုအား လက်ခံရရှိပြီးနောက် ၂၈ ရက် အတွင်း သို့မဟုတ် တရားရုံးက ခွင့်ပြုသည့် ထပ်မံတိုးမြှင့်ပေးသည့်ကာလအတွင်း ၎င်းအနေဖြင့် စွန့်လွှတ်ခွင့်ရရှိရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားရန် ကြံရွယ်ကြောင်းလျှောက်ထားသူသို့ အကြောင်းကြားစာ မပေးပို့ခဲ့သည့်ကိစ္စတွင် ဤပုဒ်မအရ ပစ္စည်းတစ်ရပ်ရပ်ကို စွန့်လွှတ်ခွင့်မရှိစေရ။ ပဋိညာဉ်စာချုပ် တစ်ရပ်ရပ်ကို စွန့်လွှတ်သည့်ကိစ္စရပ်တွင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် အထက်ဖော်ပြပါအတိုင်း လျှောက်ထားမှုအား ပြုလုပ်ပြီးနောက် ဖော်ပြပါကာလ သို့မဟုတ် ထပ်မံ တိုးမြှင့်ပေးသည့် ကာလအတွင်း ထိုပဋိညာဉ်စာချုပ်ကို စွန့်လွှတ်ခြင်းမပြုခဲ့လျှင် ကုမ္ပဏီသည် ယင်းစာချုပ်အား လက်ခံပြီးဖြစ်သည်ဟု မှတ်ယူရမည်။
(င) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအား ဆန့်ကျင်၍ ကုမ္ပဏီနှင့် ပြုလုပ်ထားသော ပဋိညာဉ် စာချုပ်တစ်ရပ်ရပ်အရ တာဝန်ရှိသူ သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် အကျိုးခံစားခွင့်ကို ရခွင့်ရှိသူ တစ်ဦးဦးက လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် ပဋိညာဉ်စာချုပ်ကို ပယ်ဖျက်သည့် အမိန့် တစ်ရပ်ရပ်ချမှတ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် တစ်ဖက်ဖက်ထံသို့ သို့မဟုတ် ၎င်းတို့ ထံမှ ငွေပေးချေရန် စည်းကမ်းချက်များကို သတ်မှတ်နိုင်သည့် သို့မဟုတ် တရားရုံးက သင့်သည်ထင်မြင် သည့်အတိုင်း အခြားအမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။ အဆိုပါအမိန့်အရ ဖော်ပြပါပုဂ္ဂိုလ်သို့ ပေးချေ ရမည့် နစ်နာကြေးတစ်ရပ်ရပ်ကို ကုမ္ပဏီဖျက်သိမ်းသည့်အခါ ကြွေးမြီတစ်ရပ်အဖြစ် ၎င်းကတင်ပြနိုင် သည်။
(စ) စွန့်လွှတ်မည့်ပစ္စည်းတစ်ရပ်တွင် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကို တင်ပြတောင်းဆိုသူတစ်ဦဦး သို့မ ဟုတ် စွန့်လွှတ်မည့်ပစ္စည်းနှင့် စပ်လျဉ်း၍ ဤဥပဒေအရ ကင်းလွတ်ခြင်းမပြုရသေးသည့် တာဝန်ရှိမှု တစ်ရပ်အရ သက်ဆိုင်သည့်ပုဂ္ဂိုလ်တစ်ဦးဦးက တင်ပြလျှောက်ထားလာလျှင် တရားရုံးသည် သင့်သည် ထင်မြင်သည့်အတိုင်း အဆိုပါပုဂ္ဂိုလ်ကို ကြားနာပြီးပစ္စည်းများတွင် အကျိုးခံစားခွင့်ရှိသူသို့ဖြစ်စေ၊ အထက်တွင်ဖော်ပြပါရှိသည့် တာဝန်ရှိမှုအတွက် လျော်ကြေးတစ်ရပ်အဖြစ် ပစ္စည်းများအား ပေးအပ်သင့် သည်ဟု ယူဆသူသို့ဖြစ်စေ၊ ထိုသူများ၏ ယုံကြည်အပ်နှံခြင်းခံရသူများသို့ဖြစ်စေ တရားရုံးက သင့်သည် ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ပစ္စည်းများအား အပ်နှင်းရန် သို့မဟုတ် ပစ္စည်းများကို ပေးအပ်ရန်အတွက် အမိန့်တစ်ရပ်ကိုချမှတ်နိုင်သည်။ ထိုသို့ ပစ္စည်းအပ်နှင်းသည့်အမိန့်အား ချမှတ်ပြီး သည့်အခါ ယင်းတွင်ပါဝင်သော ပစ္စည်းများကို ပစ္စည်းလွှဲပြောင်းမှုစာချုပ်တစ်ရပ် သို့မဟုတ် စည်းကမ်း ချက် တစ်ရပ်မပါရှိဘဲအမိန့်တွင် အမည်ဖော်ပြထားသည့် ပုဂ္ဂိုလ်သို့အပ်နှင်းရမည်။ သို့ရာတွင် စွန့်လွှတ် သည့်ပစ္စည်းသည် ငှားရမ်းထားခြင်းဖြစ်ပါက တရားရုံးသည် အောက်ပါအချက်များနှင့် ညီညွတ်ခြင်းမှ တစ်ပါး ထပ်ဆင့်အငှားချထားခံရသူ သို့မဟုတ် အပေါင်ခံသူအဖြစ် ကုမ္ပဏီတွင်တင်ပြတောင်းဆိုသူ တစ်ဦးဦးအတွက် ပစ္စည်းအပ်နှင်းသည့် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်းမပြုရ -
(၁) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်အချိန်၌ ပစ္စည်းနှင့်စပ်လျဉ်း၍ အငှားချထားမှုအရ ကုမ္ပဏီနှင့် သက်ဆိုင်သည့် တာဝန်ရှိမှုများကဲ့သို့ အလားတူတာဝန်ရှိမှုများနှင့် သက်ဆိုင်လျှင် သို့မဟုတ်
(၂) အဆိုပါနေ့ရက်တွင် ဖော်ပြပါပုဂ္ဂိုလ်သို့ အငှားချထားမှုအား လွှဲအပ်ထားသကဲ့သို့ လည်းကောင်း၊ ငှားရမ်းသည့်ပစ္စည်းတွင် ပစ္စည်းအပ်နှံသည့် အမိန့်တွင်ပါရှိသော ပစ္စည်းများသာ ပါဝင်သကဲ့သို့လည်း ကောင်း၊ ဖော်ပြပါစည်းကမ်းချက်များဖြင့် ပစ္စည်းအပ်နှံသည့်အမိန့်ကို လက်ခံရန်ငြင်းပယ်သော အပေါင် ခံသူများ သို့မဟုတ် ထပ်ဆင့်အငှားချထားခြင်းခံရသူများသည် ပစ္စည်းများရှိ အကျိုးခံစားခွင့်နှင့် ပစ္စည်း များအပေါ်ထားရှိသည့် အာမခံများအားလုံးမှ ဖယ်ရှားရမည်ဖြစ်ပြီး ဖော်ပြပါစည်းကမ်းချက်များဖြင့် အမိန့်တစ်ရပ်ကိုလက်ခံရန်ဆန္ဒရှိပြီး ကုမ္ပဏီတွင် တင်ပြတောင်းခံမှုပြုသူ မရှိခဲ့လျှင် ကုမ္ပဏီမှ ပြုလုပ် ထားသည့် ပစ္စည်းများ၊ ကြွေးမြီ တာဝန်များနှင့် အကျိုးခံစားခွင့်များမှလွတ်ကင်းသည့် ငှားရမ်းမှုအရ အငှားချ ထားခြင်းခံရသူ၏ သဘောတူညီချက်အားဆောင်ရွက်ရန် တရားရုံးသည် ကုမ္ပဏီ၏ပစ္စည်း များနှင့် ပစ္စည်းတွင်ပါရှိသောအကျိုးခံစားခွင့်များကို တာဝန်ရှိသူ တစ်ဦးဦးထံသို့ တစ်ဦးချင်းအရဖြစ်စေ၊ ကိုယ်စားလှယ်အရဖြစ်စေ၊ တစ်ဦးတည်းသော်လည်းကောင်း၊ ကုမ္ပဏီနှင့် တွဲဖက်၍သော်လည်းကောင်း အပ်နှင်းရန် အခွင့်အာဏာရှိသည်။
(ဆ) ဤပုဒ်မအရ စွန့်လွှတ်မှုတစ်ရပ်ကို ဆောင်ရွက်ခြင်းကြောင့် ထိခိုက်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ထိခိုက်သည့်ပမာဏအတွက် ကုမ္ပဏီ၏ မြီရှင်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ကုမ္ပဏီဖျက်သိမ်းသည့် အခါတွင် ကြွေးမြီတစ်ရပ်အဖြစ် ထိုပမာဏအား တင်ပြနိုင်သည်။
လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှု
၃၉၃။ (က) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ တစ်ဦးတစ်ယောက်အပေါ်တွင်ဖြစ်စေ ပြုလုပ်ခဲ့ပြီး ၎င်း၏လူမွဲခံယူမှုတွင် လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှုဖြစ်သည်ဟု မှတ်ယူရမည့် ပစ္စည်းများ ကို လွှဲပြောင်းခြင်း၊ ပေးပို့ခြင်း၊ ပစ္စည်းနှင့်စပ်လျဉ်း၍ ငွေပေးချေခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း သို့မဟုတ် အခြားဆောင်ရွက်ချက်တစ်ရပ်ရပ်ကို ပြုလုပ်ခြင်းတို့ကို ကုမ္ပဏီဖျက်သိမ်းသည့်ကိစ္စရပ်၌ ကုမ္ပဏီကဖြစ်စေ၊ ကုမ္ပဏီအပေါ်တွင်ဖြစ်စေ ပြုလုပ်ခဲ့လျှင် ၎င်း၏မြီရှင်များသို့ လိမ်လည်လှည့်ဖြားသော ဦးစားပေးရယူမှုတစ်ရပ်ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ချက်သည် တရားဝင်ခြင်း မရှိစေရ။
(ခ) ဤပုဒ်မပါ ကိစ္စရပ်များအတွက် တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီ ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန်အတွက် လျှောက်ထားမှုတစ်ရပ်ကို တင်ပြခြင်းနှင့် ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် ကုမ္ပဏီဖျက်သိမ်းရန်အတွက် ဆုံးဖြတ်ချက် တစ်ရပ်ကို တင်ပြခြင်းတို့ကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် သက်ဆိုင်သည့် လူမွဲခံယူဆောင်ရွက်မှုနှင့် တူညီသည်ဟုမှတ်ယူရမည်။
(ဂ) ကုမ္ပဏီ၏ ပစ္စည်းများအားလုံးကို ကုမ္ပဏီက ၎င်း၏မြီရှင်များအားလုံး၏ အကျိုးခံစားခွင့်များ အတွက် ယုံကြည်အပ်နှံခြင်းခံရသူများသို့ လွှဲပြောင်းဆောင်ရွက်ခြင်းသည် ပျက်ပြယ်စေရမည်။
ဝရမ်းကပ်ခြင်း၊ အတည်ပြုဆောင်ရွက်ခြင်းများ စသည်တို့ကိုမပြုရခြင်း
၃၉၄။ (က) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖျက်သိမ်းမှု စတင်ပြီးနောက် ပစ္စည်းများ သို့မဟုတ် ရရန်ပိုင်ခွင့်များအပေါ် တရားရုံး၏ ခွင့်ပြုချက်မပါရှိဘဲ ဝရမ်းကပ်ခြင်း၊ ပစ္စည်းများကို သိမ်းဆည်းခြင်း သို့မဟုတ် အခြားတရားဝင် အစီအစဉ်တစ်ရပ်ရပ်အရ အတည်ပြုဆောင်ရွက်ခြင်းများ သို့မဟုတ် ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ်ကို တရားရုံး၏ ခွင့်ပြုချက်မပါရှိဘဲ ရောင်းချခြင်းများသည် ပျက်ပြယ်စေရမည်။
(ခ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်မဆို အစိုးရက ဆောင်ရွက်သည့် ကိစ္စရပ်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge) ၏ အကျိုးသက်ရောက်မှု
၃၉၅။ ကုမ္ပဏီတစ်ခုအား ဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖျက်သိမ်းသည့်နေ့မှစ၍ သုံးလအတွင်း ပြုလုပ်ခဲ့ သောကုမ္ပဏီ၏ တာဝန်ယူဆောင်ရွက်မှု သို့မဟုတ် ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြုလုပ်သည့် အပြောင်း အလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်း (floating charge)သည် အဆိုပါ အပြောင်းအလဲရှိသော ကြွေးမြီတာဝန်တင်ရှိခြင်းကို ပြုလုပ်ပြီးနောက် ကုမ္ပဏီသည် ချက်ချင်းလူမွဲခံယူရခြင်းမရှိခဲ့လျှင် အဆိုပါ ပမာဏအပေါ် တစ်နှစ်လျှင် ငါးရာခိုင်နှုန်းအတိုးနှုန်းဖြင့် အဆိုပါကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်သည့် အချိန်တွင်သော်လည်းကောင်း၊ ထိုကြွေးမြီတာဝန်တင်ရှိခြင်း ပြုလုပ်ပြီးနောက်တွင်သော်လည်းကောင်း ကြွေးမြီတာဝန်တင်ရှိခြင်းအတွက် အဖိုးစားနားအဖြစ် ကုမ္ပဏီသို့ပေးချေခဲ့သည့် ငွေသားပမာဏမှအပ တရားဝင်ခြင်းမရှိစေရ။
စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် ယေဘုယျအစီအစဉ်များကို ခွင့်ပြုနိုင်ခြင်း
၃၉၆။ (က) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ကုမ္ပဏီကို ဖျက်သိမ်းသည့်အခါ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ၊ ဆန္ဒအလျောက် ကုမ္ပဏီ၏ အထူးဆုံးဖြတ်ချက်အရ ခွင့်ပြုချက်ဖြင့်ဖြစ်စေ အောက်ပါကိစ္စရပ်များ အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကို ဖြစ်စေ ဆောင်ရွက်နိုင်သည် -
(၁) မြီရှင်အမျိုးအစားတစ်ရပ်ရပ်သို့ အပြည့်အဝငွေပေးချေခြင်း၊
(၂) မြီရှင်များနှင့်ဖြစ်စေ၊ မြီရှင်များဖြစ်သည်ဟု တောင်းဆိုနေသူများနှင့်ဖြစ်စေ၊ ကုမ္ပဏီအနေဖြင့် ယခု သော်လည်းကောင်း၊ နောင်တွင်သော်လည်းကောင်း တာဝန်ရှိနိုင်သည့် တောင်းဆိုမှုတစ်ရပ်ရပ် ပြုလုပ်သူ များနှင့် ဖြစ်စေ သဘောတူညီမှု သို့မဟုတ် စီစဉ်ဆောင်ရွက်မှုတစ်ရပ်ရပ် ပြုလုပ်ခြင်း၊
(၃) ကုမ္ပဏီနှင့် ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများဟု သတ်မှတ်ခံရသူများ သို့မဟုတ် အခြားမြီစားများ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ သို့မဟုတ် ကုမ္ပဏီသို့တာဝန်ရှိကြသူများ အကြား ငွေကြေးထည့်ဝင်ရန် တောင်းဆိုမှုများနှင့် ထိုတောင်းဆိုမှုများအတွက် တာဝန်ရှိမှုများ၊ ကြွေးမြီ များနှင့် ကြွေးမြီများကြောင့် ဖြစ်ပေါ်လာသည့် တာဝန်ရှိမှုများ၊ ယခုသော်လည်းကောင်း၊ နောင်တွင် သော်လည်းကောင်း ဖြစ်ပေါ်မည် သို့မဟုတ် ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် တင်ပြတောင်းဆိုမှုများနှင့် ကုမ္ပဏီ နှင့်လည်းကောင်း၊ ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များနှင့် လည်းကောင်း၊ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် လည်း ကောင်း သက်ဆိုင်သည့်ကိစ္စရပ်များကို သဘောတူညီထားသည့် စည်းကမ်းချက်များဖြင့် ညှိနှိုင်းဆောင် ရွက်ခြင်း၊ အဆိုပါတောင်းဆိုမှုများ၊ ကြွေးမြီများ၊ တာဝန်ရှိမှုများ သို့မဟုတ် တင်ပြတောင်းဆိုမှုများကို ဆောင်ရွက်ရန်အတွက် အာမခံတစ်ရပ်ရပ်ရယူခြင်းနှင့် ၎င်းတို့နှင့် စပ်လျဉ်း၍ပြီးစီးအောင် ဆောင်ရွက် ခြင်း။
(ခ) ဤပုဒ်မအရ အခွင့်အာဏာများကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ကျင့်သုံးဆောင်ရွက် ခြင်းသည် တရားရုံး၏ကြီးကြပ်မှုနှင့် အညီဖြစ်စေရမည်။ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးသည် အဆိုပါ အခွင့်အာဏာများကို ကျင့်သုံးဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။
ပြစ်မှုကျူးလွန်သည့် ဒါရိုက်တာများစသည်တို့အပေါ် နစ်နာကြေးရယူရန် တရားရုံး၏အခွင့်အာဏာ
၃၉၇။ (က) ကုမ္ပဏီကိုဖျက်သိမ်းသည့်အခါ ကုမ္ပဏီဖွဲ့စည်းတည်ထောင်ခြင်း သို့မဟုတ် ကုမ္ပဏီကို ကမကထပြုလုပ်ခြင်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဦး၊ သို့မဟုတ် ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ဒါရိုက်တာ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိ သို့မဟုတ် ကုမ္ပဏီ၏အရာရှိတစ်ဦးဦးသည် ကုမ္ပဏီ၏ငွေကြေးများ သို့မဟုတ် ပစ္စည်းများအတွက် အလွဲသုံးခဲ့ ကြောင်း၊ ရယူခဲ့ကြောင်း သို့မဟုတ် တာဝန်ရှိကြောင်း ပေါ်ပေါက်ခဲ့လျှင် သို့မဟုတ် ကုမ္ပဏီနှင့်စပ်လျဉ်း၍ အရှိန်အဝါအလွဲသုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုတို့အတွက် အပြစ်ရှိကြောင်း ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရှိလျှင် တရားရုံးသည် စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိ၊ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက ကုမ္ပဏီဖျက်သိမ်းခြင်းတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကို ပထမဆုံး ခန့်အပ်ခဲ့သည့်နေ့ရက်မှဖြစ်စေ၊ အလွဲအသုံးပြုခြင်း၊ ရယူခြင်း၊ အရှိန်အဝါအလွဲ သုံးစားပြုမှု သို့မဟုတ် ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုတို့ကို ပြုလုပ်ခဲ့သည့်နေ့မှ သုံးနှစ်အတွင်းဖြစ်စေ၊ ယင်းတို့ အနက် ပိုမိုရှည်ကြာသည့် ကာလအတွင်းပြုလုပ်သည့် လျှောက်ထားသည့်အပေါ် ကမကထပြုသူများ၊ ဒါရိုက်တာများ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သို့မဟုတ် အရာရှိများ၏ ပြုမူဆောင်ရွက်ချက် များကို စစ်ဆေးနိုင်ပြီး တရားရုံးက သင့်သည် ထင်မြင်သည့် အတိုးနှုန်းဖြင့် ငွေကြေး သို့မဟုတ် ပစ္စည်း သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် ကိစ္စတစ်ရပ်ရပ်ကို ပြန်လည်ပေးချေရန် သို့မဟုတ် ပြန်လည်ထားရှိ ရန် အဆိုပါ ပုဂ္ဂိုလ်များအား အတင်းအကြပ်ဆောင်ရွက်စေနိုင်သည် သို့မဟုတ် တရားရုံးက သင့်သည် ထင်မြင်သည့်အတိုင်း အလွဲအသုံးပြုခြင်း၊ ရယူခြင်း၊ အရှိန်အဝါ အလွဲသုံးစားပြုမှု သို့မဟုတ် ယုံကြည် အပ်နှံရေးဖောက်ဖျက်မှုတို့နှင့်စပ်လျဉ်း၍ လျော်ကြေးအဖြစ် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ အဆိုပါ ငွေပမာဏများအား ထည့်ဝင်စေရန် အတင်းအကြပ်ဆောင်ရွက်စေနိုင်သည်။
(ခ) ပြစ်မှုကျူးလွန်သူမှာ ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ တာဝန်ရှိနိုင်မည့်ပြစ်မှုဖြစ်စေကာမူ ဤပုဒ်မ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်စေရမည်။
စာရင်းစာအုပ်များကို လိမ်လည်အတုပြုခြင်း
၃၉၈။ စာရင်းရှင်းလင်းဖျက်သိမ်းသည့် ကုမ္ပဏီတစ်ခုခုမှ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ကြွေးမြီပေးဆပ် ရသူတစ်ဦးဦးသည် စာရင်းစာအုပ်များ၊ စာရွက်စာတမ်းများ သို့မဟုတ် ငွေချေးသက်သေခံ လက်မှတ် များကို ဖျက်ဆီးခြင်း၊ ပုံသဏ္ဍာန်ပျက်ယွင်းစေခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်း၊ လိမ်လည်အတုပြုခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ဝှက်သိမ်းထားခြင်းတို့ကို ပြုလုပ်ခဲ့လျှင် သို့မဟုတ် အခြားသူ တစ်ဦးဦးအားလိမ်လည်လှည့်ဖြားရန် သို့မဟုတ် လှည့်ဖြားရန်အကြံဖြင့် မှတ်ပုံတင်စာရင်း၊ ငွေစာရင်းစာအုပ် သို့မဟုတ် ကုမ္ပဏီပိုင်သည့် စာရွက်စာတမ်းများကို မှားယွင်း၍ဖြစ်စေ၊ လိမ်လည်၍ ဖြစ်စေ ရေးသွင်းဆောင်ရွက်ခြင်း သို့မဟုတ် ထိုသို့ ပြုလုပ်သည်ကို ခွင့်ပြုခြင်းတို့ကို ပြုလုပ်ခဲ့လျှင် အဆိုပါ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူသည် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ် ကျခံရမည့်အပြင် ငွေဒဏ်လည်းကျခံရမည်။
ပြစ်မှုကျူးလွန်သည့် ဒါရိုက်တာများကို တရားစွဲဆိုခြင်း
၃၉၉။ (က) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင် ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ထိုက်သင့် သော ပြစ်မှုတစ်ရပ်ရပ်အရ အပြစ်ရှိကြောင်း တရားရုံးက တွေ့ရှိလျှင် ကုမ္ပဏီဖျက်သိမ်းခြင်းတွင် အကျိုး သက်ဆိုင်သူတစ်ဦးဦးက လျှောက်ထားမှုဖြင့် ဖြစ်စေ၊ တရားရုံးကိုယ်တိုင် အရေးယူဆောင်ရွက်မှုဖြင့် ဖြစ်စေ တရားရုံးသည် ပြစ်မှုကျူးလွန်သူအား တရားစွဲဆိုစေရန် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိ သို့ ညွှန်ကြားနိုင်သည် သို့မဟုတ် ထိုကိစ္စရပ်ကို မှတ်ပုံတင်အရာရှိထံ တင်ပြနိုင်သည်။
(ခ) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်အခါ ယခင်ကဖြစ်စေ၊ တာဝန်ထမ်းဆောင်ဆဲ ဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင် သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတစ်ရပ်ရပ်အရ အပြစ်ရှိကြောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကတွေ့ရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ထိုကိစ္စရပ်အား မှတ်ပုံတင်အရာရှိထံသို့ ချက်ချင်းအစီရင်ခံတင်ပြရမည်ဖြစ်ပြီး အဆိုပါ အချက်အလက်များကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။ ထို့အပြင် မှတ်ပုံတင်အရာရှိက လိုအပ်လျှင် ပေါ်ပေါက်လာသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ လက်ဝယ်တွင်ရှိ သော သို့မဟုတ် ၎င်း၏ ကြီးကြပ်မှုအောက်တွင်ရှိသော သတင်းအချက်အလက်များ သို့မဟုတ် စာရွက် စာတမ်းများကို စစ်ဆေးကြည့်ရှုခွင့်နှင့် ထိုစာရွက်စာတမ်းများကို မိတ္တူရယူခွင့်များ ဆောင်ရွက်နိုင်ရေး အတွက် ဝင်ရောက်ခွင့်ပြုရမည်။
(ဂ) မှတ်ပုံတင်အရာရှိထံသို့ ပုဒ်မခွဲ (ခ) အရ အစီရင်ခံစာတင်ပြပြီးသည့်အခါ မှတ်ပုံတင်အရာရှိသည် ၎င်းအနေဖြင့် သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါကိစ္စရပ်ကို ထပ်မံစုံစမ်းစစ်ဆေးရန်အတွက် ပြည်ထောင်စုဝန်ကြီးထံ တင်ပြနိုင်သည်။ ထိုသို့တင်ပြချက်အရ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ ကိစ္စရပ်ကို စုံစမ်းစစ်ဆေးနိုင်ပြီး သင့်သည်ထင်မြင်ပါက သက်ဆိုင်ရာကုမ္ပဏီနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအတွက် ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို တရားရုံးက ကုမ္ပဏီကိုဖျက်သိမ်းသည့် ကိစ္စရပ်တွင် ဤဥပဒေအရ အပ်နှင်းထားသည့်အတိုင်း ကုမ္ပဏီ၏ကိစ္စရပ်များ ကို စုံစမ်းစစ်ဆေးနိုင်သည့် အခွင့်အာဏာအားလုံးကို ထိုသူထံသို့အပ်နှင်းသည့် အမိန့်တစ်ရပ်ချမှတ် ပေးနိုင်ရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။
(ဃ) ပုဒ်မခွဲ (ခ) အရ မှတ်ပုံတင်အရာရှိထံသို့တင်ပြသည့် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မှတ်ပုံတင် အရာရှိက အရေးယူဆောင်ရွက်သင့်သည့် ကိစ္စရပ်မဟုတ်ကြောင်း တွေ့ရှိလျှင် မှတ်ပုံတင်အရာရှိသည် ထိုအကြောင်းကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံသို့ ပြန်လည်အကြောင်းကြားရမည်။ ထိုအခါ တရားရုံး၏ ကြိုတင်ခွင့်ပြုချက်ဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် ပြစ်မှုကျူးလွန်သူ အပေါ် တရားစွဲဆိုဆောင်ရွက်နိုင်သည်။
(င) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့်အခါ ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင် ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိ၊ သို့မဟုတ် ကုမ္ပဏီတွင် ပါဝင်သူတစ်ဦးဦးသည် ကုမ္ပဏီနှင့်စပ်လျဉ်း၍ အထက်ဖော်ပြပါအတိုင်း အပြစ်ရှိကြောင်း တရားရုံးကတွေ့ရှိလျှင် စာရင်းရှင်း လင်းဖျက်သိမ်းရေးအရာရှိက မှတ်ပုံတင်အရာရှိထံသို့ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ တင်ပြအစီရင် ခံခြင်း မရှိခဲ့လျှင်၊ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းတွင် အကျိုးသက်ဆိုင်သူတစ်ဦးဦးက လျှောက် ထားမှုဖြင့်ဖြစ်စေ၊ မိမိကိုယ်တိုင်အရေးယူ ဆောင်ရွက်မှုဖြင့်ဖြစ်စေ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအား ထိုအစီရင်ခံစာကို တင်ပြစေရန် ညွှန်ကြားနိုင်သည်။ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များအရ တင်ပြသည့်အစီရင်ခံစာသည် ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်များအရပြုလုပ်သည့် အစီရင်ခံစာကဲ့သို့ အကျိုးသက်ရောက်စေရမည်။
(စ) ဤပုဒ်မအရ ကိစ္စရပ်တစ်ခုခုအား မှတ်ပုံတင်အရာရှိထံသို့ အစီရင်ခံ တင်ပြသည့်အခါ သို့မဟုတ် လွှဲအပ်သည့်အခါ မှတ်ပုံတင်အရာရှိသည် စွပ်စွဲခံရသူအား ၎င်းထံသို့စာဖြင့် ရေးသား၍ ရှင်းလင်းစေရန် အခွင့်အရေး ဦးစွာပေးအပ်ရမည်ဖြစ်ပြီး တင်ပြလာသည့်ကိစ္စမှာ တရားစွဲဆိုသင့်ကြောင်း မှတ်ပုံတင် အရာရှိက ယူဆလျှင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ကို တောင်းခံရမည်။ ယင်းနောက် မှတ်ပုံတင်အရာရှိသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ကို ထည့်သွင်းစဉ်းစားပြီးအမှုကို တရားစွဲဆိုရန် ဆုံးဖြတ်ပါက ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏စာရင်း ရှင်းလင်း ဖျက်သိမ်းရေးအရာရှိ၊ အရာရှိများအားလုံးနှင့် ကိုယ်စားလှယ်များအားလုံးသည် တရားစွဲဆိုမှု တွင်ပါဝင်သည့် တရားခံမှအပ တရားစွဲဆိုမှုနှင့် သက်ဆိုင်သည့် အကူအညီများအားလုံးကို ပေးအပ်ရ မည်။ ဤပုဒ်မခွဲပါ ကိစ္စရပ်များအတွက် ကုမ္ပဏီနှင့် သက်ဆိုင်သည့် ‘ကိုယ်စားလှယ်’ ဆိုသည်မှာ ကုမ္ပဏီ၏ အရာရှိဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကုမ္ပဏီ၏ဘဏ်လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် ဥပဒေအကြံပေးတစ်ဦးဦး၊ စာရင်းစစ်အဖြစ် ကုမ္ပဏီကခန့်အပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးပါဝင်သည်ဟု မှတ်ယူရမည်။
(ဆ) မည်သူမဆို ပုဒ်မခွဲ (စ) အရ လိုအပ်သည့် အကူအညီများကို ပေးအပ်ရန်ပျက်ကွက်လျှင် တရားရုံး သည် မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ အဆိုပါပုဂ္ဂိုလ်အား ဖော်ပြပါပုဒ်မခွဲ၏ ပြဋ္ဌာန်းချက်များ ကို လိုက်နာဆောင်ရွက်စေရန် ညွှန်ကြားနိုင်သည်။ အဆိုပါ လျှောက်ထားမှုသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိနှင့် သက်ဆိုင်ပါက ထိုသို့ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် ပေါ့လျော့မှုသည် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိထံတွင် ထိုသို့ လိုက်နာဆောင်ရွက်ရန်အတွက် ကုမ္ပဏီ၏ရရန်ပိုင်ခွင့်များ လုံလောက်စွာမရှိခြင်းဖြစ်ကြောင်းမှတစ်ပါး ထိုသို့လျှောက်ထားသည့် ကုန်ကျ စရိတ်များကို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက မိမိစရိတ်ဖြင့်ကျခံစေရန် ညွှန်ကြားနိုင်သည်။
မှားယွင်းတင်ပြသည့် သက်သေခံချက်များအတွက်ပြစ်ဒဏ်
၄၀၀။ ဤဥပဒေအရ ကျမ်းကျိန်ဆောင်ရွက်သည့် စစ်ဆေးမေးမြန်းမှုတစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ကုမ္ပဏီဖျက်သိမ်းခြင်းတွင် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ကျမ်းကျိန်လွှာ၊ သက်သေခံချက် သို့မဟုတ် ကတိသစ္စာပြုခြင်းတစ်ရပ်ရပ် သို့မဟုတ် ဤဥပဒေအရ ပေါ်ပေါက်လာသည့် ကိစ္စတစ်ရပ်ရပ်တွင် သို့မဟုတ် ယင်းကိစ္စနှင့်စပ်လျဉ်း၍ မည်သူမဆို တမင်ကြံရွယ်၍ သက်သေခံချက် များကို မမှန်မကန်တင်ပြခဲ့လျှင် ထိုသူသည် ခုနစ်နှစ်အထိ ထောင်ဒဏ်ကျခံရမည့်အပြင် ငွေဒဏ်လည်း ကျခံရမည်။
ပြစ်ဒဏ်ပြဋ္ဌာန်းချက်များ
၄၀၁။ (က) ယခင်ကဖြစ်စေ၊ ယခုဖြစ်စေ တာဝန်ထမ်းဆောင်ခဲ့သော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိများသည် စွပ်စွဲခံရသည့် ပြစ်မှုအား ကျူးလွန်သည့်အချိန်၌ တရားရုံးကဖြစ်စေ၊ တရားရုံး ၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင်လည်းကောင်း၊ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းသည့် ကိစ္စရပ်တွင်လည်းကောင်း သို့မဟုတ် စွပ်စွဲခံရသည့်ပြစ်မှုအား ကျူးလွန်ပြီးနောက် ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက် တရားရုံးက အမိန့်ချမှတ်သည့်အခါ သို့မဟုတ် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်သည့်အခါတွင် လည်းကောင်း -
(၁) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို သာမန်နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းမှတစ်ပါး ကုမ္ပဏီ၏ အမှန်တည်ရှိနေသော ပစ္စည်းများ၊ တစ်ဦးချင်းနှင့် ဆိုင်သောပစ္စည်းများ အားလုံးကိုလည်းကောင်း၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသကို မည်သို့၊ မည်သူ့ထံသို့၊ မည်သည့် အဖိုးစားနားဖြင့်၊ မည်သည့် အချိန်တွင် စီမံဆောင်ရွက်ခဲ့သည်ကိုလည်းကောင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ပြည့်စုံ မှန်ကန်စွာ မိမိတို့သိရှိကြသည့်အလျောက် တင်ပြခဲ့ခြင်းမပြုလျှင် သို့မဟုတ်
(၂) ဥပဒေအရ တင်ပြအပ်နှံရမည့်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် ၎င်း၏ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်ရှိ ကုမ္ပဏီ၏ အမှန်တည်ရှိနေသောပစ္စည်းများ၊ တစ်ဦးချင်းနှင့်ဆိုင်သော ပစ္စည်းများ အားလုံးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ က ညွှန်ကြားသည့်အတိုင်းဖြစ်စေ တင်ပြအပ်နှံမှုမပြုလျှင် သို့မဟုတ်
(၃) ဥပဒေအရတင်ပြအပ်နှံရမည်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးသည် ၎င်း၏ ထိန်းသိမ်းမှု သို့မဟုတ် ကြီးကြပ်မှုအောက်ရှိ ကုမ္ပဏီနှင့် သက်ဆိုင်သော စာရင်းစာအုပ်များနှင့် စာရွက်စာတမ်းများအားလုံးကို စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ညွှန်ကြား သည့်အတိုင်း ဖြစ်စေ တင်ပြအပ်နှံမှု မပြုလျှင် သို့မဟုတ်
(၄) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်ကို ဝှက်သိမ်းထားလျှင် သို့မဟုတ် ကုမ္ပဏီသို့ဖြစ်စေ၊ ကုမ္ပဏီ ထံမှဖြစ်စေ ပေးရန်ရှိသည့် ကြွေးမြီတစ်ရပ်ရပ်ကို ဝှက်သိမ်းထားလျှင် သို့မဟုတ်
(၅) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်ကို လိမ်လည်လှည့်ဖြား လိုသောသဘောဖြင့် ဖယ်ရှားထား လျှင် သို့မဟုတ်
(၆) ကုမ္ပဏီ၏ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ရေးသားဖော်ပြချက်တစ်ရပ်ရပ်တွင် အရေးကြီးသည့် အကြောင်းအရာများကို ချန်လှပ်ထားလျှင် သို့မဟုတ်
(၇) ကုမ္ပဏီဖျက်သိမ်းသည့်အခါ တစ်ဦးတစ်ယောက်က မှားယွင်းသည့်ကြွေးမြီကို တင်ပြလာကြောင်း သိရှိ သို့မဟုတ် ယုံကြည်ပြီး ထိုအကြောင်းအရာအား စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ တစ်လအတွင်းတင်ပြရန် ပျက်ကွက်ခဲ့လျှင် သို့မဟုတ်
(၈) ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ ကိစ္စရပ်များနှင့် သက်ဆိုင်သော စာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများကို ပြုစုတင်ပြရန် တားမြစ်ထားလျှင် သို့မဟုတ်
(၉) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သော စာရင်း စာအုပ် သို့မဟုတ် စာရွက်စာတမ်းများကို ဝှက်သိမ်းထားခြင်း၊ ဖျက်ဆီးခြင်း၊ ပုံသဏ္ဍာန်ပျက်ယွင်း စေခြင်း၊ လိမ်လည်အတုပြုခြင်းများ ပြုလုပ်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်သည်ကို ခွင့်ပြုလျှင် သို့မဟုတ်
(၁၀) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သောစာရင်းစာအုပ် သို့မဟုတ် စာရွက်စာတမ်းများတွင် မှားယွင်းရေးသွင်းမှုများကိုပြုလုပ်လျှင် သို့မဟုတ် ထိုသို့ ပြုလုပ် သည်ကို ခွင့်ပြုလျှင် သို့မဟုတ်
(၁၁) ကုမ္ပဏီဖျက်သိမ်းမှုစတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ပစ္စည်းများ သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များနှင့် သက်ဆိုင်သော စာရွက် စာတမ်းများတွင် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် တစ်စိတ်တစ်ဒေသအား ပြောင်းလဲပြင်ဆင် လျှင် သို့မဟုတ် ချန်လှပ်ထားခဲ့လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်ပြုခဲ့လျှင် သို့မဟုတ်
(၁၂) ကုမ္ပဏီဖျက်သိမ်းမှုစတင်ပြီးနောက် သို့မဟုတ် ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့ မတိုင်မီ ၁၂ လအတွင်း ကုမ္ပဏီ၏ မြီရှင်များအစည်းအဝေး၌ ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ်ကို အစစ်အမှန်မဟုတ် သော ဆုံးရှုံးမှုများ သို့မဟုတ် အသုံးစရိတ်များဖြင့် စာရင်းပြုစုရန် ကြိုးစားလျှင် သို့မဟုတ်
(၁၃) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့် အချိန်တွင်မဆို မှားယွင်းတင်ပြ၍ဖြစ်စေ၊ အခြားနည်းလိမ်လည်၍ဖြစ်စေ ကုမ္ပဏီအတွက်သော်လည်း ကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း ကုမ္ပဏီက နောင်တွင်ပေးချေမည်မဟုတ်သည့် အကြွေးဖြင့် ပစ္စည်းတစ်ရပ်ရပ်ကို ရယူခဲ့လျှင် သို့မဟုတ်
(၁၄) ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့် အချိန်တွင်မဆို ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မှားယွင်းဖော်ပြ၍ ကုမ္ပဏီအတွက်သော်လည်းကောင်း၊ ကုမ္ပဏီ၏ ကိုယ်စားသော်လည်းကောင်း ကြွေးမြီဖြင့် ကုမ္ပဏီက နောင်တွင်ပေးချေမည်မဟုတ်သည့် ပစ္စည်းတစ်ရပ်ရပ်ကိုရယူလျှင် သို့မဟုတ်
(၁၅) ထိုသို့ပြုလုပ်ဆောင်ရွက်ခြင်းသည် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းကို သာမန်နည်းလမ်းဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုလျှင်မှတစ်ပါး၊ ကုမ္ပဏီဖျက်သိမ်းမှု စတင်သည့်နေ့မတိုင်မီ ၁၂ လအတွင်း သို့မဟုတ် ယင်းနောက် မည်သည့်အချိန်တွင်မဆို ကြွေးမြီဖြင့်ရယူထားပြီး ငွေပေးချေခြင်း မပြုရသေး သည့် ကုမ္ပဏီ၏ ပစ္စည်းတစ်ရပ်ရပ်ကို ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်လျှင်၊ ပေါင်နှံလျှင် သို့မဟုတ် စီမံ ဆောင်ရွက်လျှင် သို့မဟုတ်
(၁၆) ကုမ္ပဏီ၏ကိစ္စရပ်များအတွက်လည်းကောင်း၊ ကုမ္ပဏီကို ဖျက်သိမ်းရန်အတွက် လည်းကောင်း ကုမ္ပဏီ၏ မြီရှင်များ သို့မဟုတ် ၎င်းတို့တစ်ဦးဦးထံမှ သဘော တူညီချက်ရယူရန်အတွက် မှားယွင်း တင်ပြမှု သို့မဟုတ် အခြားလိမ်လည်မှု တစ်ရပ်ရပ်အရအပြစ်ရှိလျှင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၃)၊ (၁၄)၊ နှင့် (၁၅) တို့တွင် အသီးသီးဖော်ပြထားသောပြစ်မှုများအား ကျူးလွန်သူသည် ငါးနှစ်ထက် မပိုသော ထောင်ဒဏ်တစ်ရပ်ရပ်ကိုကျခံရမည်ဖြစ်ပြီး အခြားပြစ်မှုများကို ကျူးလွန်သူသည် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်တစ်ရပ်ရပ်ကို ကျခံရမည်။ သို့ရာတွင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ (၃)၊ (၄)၊ (၆)၊ (၁၄) နှင့် (၁၅) တို့အရ စွဲချက်တင်ခံရသော တရားခံသည် ၎င်းအနေဖြင့် လိမ်လည်ရန်ကြံရွယ်ခဲ့ခြင်း မရှိကြောင်း ကောင်းစွာ သက်သေထင်ရှားပြသ၍ ခုခံကာကွယ်နိုင်သည့်အပြင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁)၊ (၈)၊ (၉) နှင့် (၁ဝ) တို့အရ စွဲချက်တင်ခံရသော တရားခံသည် ကုမ္ပဏီ၏ကိစ္စရပ်များကို ကွယ်ဝှက်ရန် သို့မဟုတ် ဥပဒေအားချိုးဖောက်ရန် ကြံရွယ်ခဲ့ခြင်းမရှိကြောင်း ကောင်းစွာသက်သေ ထင်ရှားပြသ၍ ခုခံကာကွယ်နိုင်သည်။
(ခ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁၅) အရ ပြစ်မှုတစ်ရပ် ဖြစ်ပေါ်စေနိုင်သည့်အခြေအနေတွင် တစ်ဦး တစ်ယောက်သည် ပစ္စည်းတစ်ရပ်ရပ်ကို ငွေကြေးဖြင့်အလဲအလှယ်ပြုလုပ်ခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် စီမံဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါက ထိုသို့သောအခြေအနေတွင် ငွေကြေးဖြင့်အလဲအလှယ် ပြုလုပ် သည့်၊ ပေါင်နှံသည့် သို့မဟုတ် စီမံဆောင်ရွက်သည့် ပစ္စည်းကို သိလျက်ဖြင့်ပြုလုပ်ခဲ့လျှင် သို့မဟုတ် လက်ခံခဲ့လျှင် ထိုသူသည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ကိုကျခံရမည်။
မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကိုစိစစ်ရန် အစည်းအဝေးများကျင်းပရခြင်း
၄၀၂။ (က) ဤဥပဒေအရ တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ သက်သေထင်ရှားပြသ နိုင်သော မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကို ထည့်သွင်းသုံးသပ်ရန် အခွင့်အာဏာ အပ်နှင်းထားရာ ၎င်းတို့၏ သဘောဆန္ဒများကို စိစစ်ရန်အတွက် တရားရုံးသည် သင့်သည်ထင်မြင်သည့် အတိုင်း မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ အစည်းအဝေးများကို တရားရုံးက ညွှန်ကြားသည့် နည်းလမ်းများဖြင့် ခေါ်ယူကျင်းပဆောင်ရွက်ရန် ညွှန်ကြားနိုင်သည့်အပြင် အဆိုပါ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန်နှင့် ထိုအစည်းအဝေးမှ ရလဒ်များကို တရားရုံးသို့ တင်ပြစေရန် ပုဂ္ဂိုလ် တစ်ဦးဦးကို ခန့်အပ်နိုင်သည်။
(ခ) မြီရှင်များနှင့်သက်ဆိုင်သည့် ကိစ္စရပ်တွင် မြီရှင်တစ်ဦးချင်းစီ၏ ကြွေးမြီတန်ဖိုးကို ထည့်သွင်း သုံးသပ်ရမည်။
(ဂ) ကြွေးမြီပေးဆပ်ရသူများနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင် ဤဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း သို့မဟုတ် ယင်းတို့၏အစုရှယ်ယာဆိုင်ရာ စည်းကမ်းချက်များအရ ကြွေးမြီပေးဆပ်ရသူ တစ်ဦးချင်းစီ အပေါ် ခွင့်ပြုထားသည့် မဲပေးနိုင်သည့်အရေအတွက်ကို ထည့်သွင်း သုံးသပ်ရမည်။
ကုမ္ပဏီ၏ စာရွက်စာတမ်းများကို သက်သေခံအဖြစ် လက်ခံရခြင်း
၄၀၃။ ကုမ္ပဏီတစ်ခုခုကို ဖျက်သိမ်းသည့်အခါ ကုမ္ပဏီနှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိတို့၏ စာရွက်စာတမ်းများကို ကုမ္ပဏီကြွေးမြီ ပေးဆပ်ရသူများအကြား သက်ဆိုင်သည့်ကိစ္စရပ်၌ အဆိုပါ စာရွက်စာတမ်းများတွင် မှတ်တမ်းတင်ထားသည့် ကိစ္စရပ်များအားလုံးသည် မှန်ကန်၍ ခိုင်လုံသည့် သက်သေခံချက်များ ဖြစ်စေရမည်။
စာရွက်စာတမ်းများကို စစ်ဆေးခြင်း
၄၀၄။ တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းရန်အတွက် အမိန့် တစ်ရပ် ချမှတ်ပြီးသည့်အခါ တရားရုံးသည် ၎င်းသင့် သည်ထင်မြင်သည့်အတိုင်း ကုမ္ပဏီ၏ စာရွက် စာတမ်းများကို ကုမ္ပဏီ၏မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများက စစ်ဆေးနိုင်ရန်အတွက် အမိန့် တစ်ရပ် ချမှတ်နိုင်သည်။ ကုမ္ပဏီ၏ လက်ဝယ်တွင်ရှိသော မည်သည့်စာရွက်စာတမ်းကိုမဆို မြီရှင်များ သို့မဟုတ် ကြွေးမြီပေးဆပ်ရသူများက အဆိုပါအမိန့်အရ စစ်ဆေးနိုင်သည်။ သို့သော် ထပ်မံ၍သော် လည်းကောင်း၊ အခြားနည်းဖြင့်သော်လည်းကောင်း စစ်ဆေးခြင်းမပြုရ။
ကုမ္ပဏီ၏ စာရွက်စာတမ်းများကို ရှင်းလင်းဆောင်ရွက်ခြင်း
၄၀၅။ (က) ကုမ္ပဏီတစ်ခုကို စာရင်းရှင်းလင်းပြီး ဖျက်သိမ်းမည့်အခါ ကုမ္ပဏီနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိတို့၏ စာရွက်စာတမ်းများကို အောက်ပါအတိုင်း စီမံခန့်ခွဲဆောင် ရွက်နိုင်သည် -
(၁) တရားရုံးကဖြစ်စေ၊ တရားရုံး၏ ကြီးကြပ်မှုဖြင့်ဖြစ်စေ ကုမ္ပဏီဖျက်သိမ်းသည့် ကိစ္စရပ်တွင် တရားရုံးကညွှန်ကြားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည် သို့မဟုတ်
(၂) ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းသည့် ကိစ္စရပ်တွင် အထူးဆုံးဖြတ်ချက်ဖြင့် ကုမ္ပဏီက ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ရမည်။
(ခ) ကုမ္ပဏီဖျက်သိမ်းသည်မှ သုံးနှစ်ကြာပြီးနောက်တွင် စာရွက်စာတမ်းများနှင့် သက်ဆိုင်သူက အဆိုပါ စာရွက်စာတမ်းများ မရရှိသည်ဆိုသောအကြောင်းကြောင့် မည်သည့်တာဝန်ရှိမှုမျှ ကုမ္ပဏီအပေါ်တွင် လည်းကောင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများ အပေါ်တွင်လည်းကောင်း သို့မဟုတ် စာရွက် စာတမ်းများအား ထိန်းသိမ်းထားရသူတစ်ဦးဦးအပေါ်တွင် လည်းကောင်းမရှိစေရ။
ကုမ္ပဏီဖျက်သိမ်းမှု ပျက်ပြယ်ကြောင်းကြေညာနိုင်သည့် တရားရုံး၏အခွင့်အာဏာ
၄၀၆။ ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းပြီးသည့်အခါ ထိုသို့ဖျက်သိမ်းသည့်နေ့မှ နှစ်နှစ်အတွင်း မည်သည့် အချိန်တွင်မဆို ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားရုံးက အကျိုးသက် ဆိုင်သူ ဖြစ်သည်ဟုယူဆသော ပုဂ္ဂိုလ်တစ်ဦးဖြစ်စေ လျှောက်ထားလာလျှင် တရားရုံးသည် သင့်သည် ထင်မြင်သည့် စည်းကမ်းချက်များသတ်မှတ်၍ ကုမ္ပဏီဖျက်သိမ်းမှုပျက်ပြယ်ကြောင်း ကြေညာသည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။ ယင်းနောက် ကုမ္ပဏီကို ဖျက်သိမ်းခြင်းမပြုသကဲ့သို့ အမှုဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ရမည်။
၄၀၇။ ပုဒ်မ ၄ဝ၆ ပါ အမိန့်ချမှတ်သည့် လျှောက်လွှာကို တင်ပြသူသည် ထိုအမိန့်အားချမှတ်ပြီးနောက် ၂၁ ရက်အတွင်း အဆိုပါအမိန့်၏ မူရင်းမိတ္တူမှန်တစ်စောင်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည် ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရ မည်။
ဆိုင်းငံ့ထားသော စာရင်းရှင်းလင်းဖျက်သိမ်းခြင်းများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ
၄၀၈။ (က) ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းပြီးသည့်အခါ စာရင်းရှင်းလင်းဖျက်သိမ်းမှုသည် ယင်းအား စတင်ဆောင်ရွက်သည့်နေ့မှ တစ်နှစ်အတွင်း ပြီးစီးခြင်းမရှိခဲ့လျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ သည် တစ်နှစ်လျှင်တစ်ကြိမ်နှင့် ၁၂ လထက် မပိုသောကာလအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းမှု ပြီးစီး သည်အထိ တရားရုံး သို့မဟုတ် မှတ်ပုံတင်အရာရှိထံသို့ စာရင်းရှင်းလင်းဖျက်သိမ်းရေးအတွက် ၎င်း၏ ပြုလုပ်ဆောင်ရွက်မှုများနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ သီးခြားကိစ္စရပ်များ ပါဝင်သော သတ်မှတ်ဖော်ပြထားသည့် ပုံစံဖြင့် ပြုစုထားသည့် ရေးသားဖော်ပြချက်တစ်ရပ်ကို ရှင်းလင်း တင်ပြရမည်။
(ခ) ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူတစ်ဦးဖြစ်ကြောင်း စာဖြင့်ရေးသား၍ ဖော်ပြသူ တစ်ဦးသည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ကိုယ်စားလှယ်ဖြင့်ဖြစ်စေ မည်သည့်အချိန်တွင်မဆို သတ်မှတ် ဖော်ပြထားသည့် အခကြေးငွေကိုပေးသွင်းလျက် ရေးသားဖော်ပြချက်များကို စစ်ဆေးကြည့်ရှုခြင်း၊ ယင်းတို့၏ မိတ္တူကိုဖြစ်စေ၊ ကောက်နုတ် ချက်ကိုဖြစ်စေရယူနိုင်သည်။ သို့သော် မြီရှင် သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူတစ်ဦး ဖြစ်သည်ဟု မမှန်မကန်ထုတ်ဖော်ခဲ့လျှင် ထိုသူသည် ရာဇသတ်ကြီး ပုဒ်မ ၁၈၂ အရ ပြစ်မှုအတွက်အပြစ်ရှိပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက လျှောက်ထားလာလျှင် ထိုပြစ်မှုအရ ပြစ်ဒဏ်ကျခံစေရမည်။
(ဂ) တရားရုံးသို့ ရေးသားဖော်ပြချက်အား တင်ပြသည့်အခါ ယင်း၏မိတ္တူတစ်စောင်ကို မှတ်ပုံတင် အရာရှိထံသို့ တစ်ချိန်တည်းတွင် တင်ပြရမည်ဖြစ်ပြီး မှတ်ပုံတင်အရာရှိသည် ယင်းအား ကုမ္ပဏီ၏ အခြားမှတ်တမ်းများနှင့်အတူ သိမ်းဆည်းထားရမည်။
၄၀၉။ စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် ပုဒ်မ ၄ဝ၈ ပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် ဒဏ်ကြေးငွေ ကျပ်နှစ်သိန်းငါးသောင်းကို ပေးဆောင်ရမည်။
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက ဘဏ်သို့ငွေပေးချေမှုများ
၄၁၀။ (က) တရားရုံးကဖျက်သိမ်းသည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ အားလုံးသည် သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများနှင့်အညီ သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလ၌ ၎င်းမှ လက်ခံရရှိထားသည့် ငွေကြေးများကို သတ်မှတ်စီစဉ်ထားသည့် ဘဏ်သို့ ပေးသွင်းရမည်။ သို့ရာတွင် ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် သို့မဟုတ် ကြိုတင်ပေးငွေများကို လက်ခံရယူရန် သို့မဟုတ် မြီရှင်များ သို့မဟုတ် ကြွေးမြီ ပေးဆပ်ရသူများ၏ အကျိုးပါရှိသော အခြားအကြောင်းများ ကြောင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် အခြားဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်သင့် ကြောင်း တရားရုံးကကျေနပ်လက်ခံလျှင် တရားရုံးသည် ယင်းကရွေးချယ်သည့် အခြားဘဏ်တစ်ခုခု တွင် ငွေပေးချေမှုများပြုလုပ်ရန် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသို့ ခွင့်ပြုနိုင်ပြီး အဆိုပါ ငွေပေး ချေမှုများကို သတ်မှတ်ဖော်ပြထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်။
(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိသည် မည်သည့်အချိန်တွင်မဆို ကျပ်နှစ်သိန်းငါးသောင်း ထက်ပိုမိုသည့်ငွေတစ်ရပ် သို့မဟုတ် သီးခြားကိစ္စရပ်များတွင် တရားရုံးကထိန်းသိမ်းရန် သတ်မှတ်ပေး ထားသည့်ငွေပမာဏကို ၁ဝ ရက်ထက်ကျော်လွန်၍ ထိန်းသိမ်းထားပြီး ထိုသို့ ထိန်းသိမ်းထားရခြင်း အတွက် တရားရုံးကကျေနပ်လက်ခံနိုင်သည်အထိ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက တင်ပြနိုင် ခြင်းမရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တစ်နှစ်လျှင် ၂ဝ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ထိန်းသိမ်းထားသည့် ငွေပမာဏအပေါ် အတိုးပေးရမည်။ တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း အဆိုပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အခကြေးငွေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ခံစားခွင့်မပြုဘဲထားနိုင်သည့်အပြင် ၎င်း၏တာဝန်မှ ထုတ်ပယ်နိုင်သည်။ ထို့ပြင် ၎င်း၏ ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်ကျစရိတ်များကို ပေးချေရမည်။
(ဂ) ဖျက်သိမ်းသည့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ တစ်ဦးသည် သီးခြားဘဏ် ငွေစာရင်းတစ်ရပ်ကို ဖွင့်လှစ်ထားရမည်ဖြစ်ပြီး အဆိုပါငွေစာရင်းသို့ စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိအဖြစ် ၎င်းကလက်ခံရရှိသည့် ငွေပမာဏအားလုံးကို ပေးသွင်းရမည်။
ကျမ်းကျိန်လွှာပြုလုပ်နိုင်သည့် တရားရုံး သို့မဟုတ် ပုဂ္ဂိုလ်
၄၁၁။ (က) ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ သို့မဟုတ် ကိစ္စရပ်များအတွက် လိုအပ် သော ကျမ်းကျိန်လွှာတစ်ရပ်ရပ်ကို နိုင်ငံတော်အတွင်း မည်သည့်နေရာတွင်မဆို တရားရုံးတစ်ခုခု၊ တရား သူကြီး သို့မဟုတ် ကျမ်းကျိန်လွှာများကို လက်ခံပြုလုပ်ပေးရန် တရားဝင်အခွင့်အာဏာအပ်နှင်းထား ခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးဦး၏ ရှေ့မှောက်တွင်လည်းကောင်း၊ နိုင်ငံတော်ပြင်ပတွင် နိုင်ငံတော်၏ ကောင်စစ်ဝန်၊ ဒုတိယကောင်စစ်ဝန် သို့မဟုတ် သံအမတ်ကြီးတို့၏ ရှေ့မှောက်တွင်လည်းကောင်း ကျမ်းကျိန်ဆိုနိုင်သည်။
(ခ) နိုင်ငံတော်အတွင်းရှိ တရားရုံးများ၊ တရားသူကြီးများ၊ တရားသူကြီးချုပ်များ၊ ကော်မရှင်အဖွဲ့ဝင် များ၊ တရားစီရင်ရေးတာဝန်များကို ဆောင်ရွက်နေရသူများသည် ဤအပိုင်းတွင်ပါရှိသော ကိစ္စရပ်များ အတွက် အသုံးပြုမည့်ကျမ်းကျိန်လွှာများ သို့မဟုတ် အခြား စာရွက်စာတမ်းများတွင် ပူးတွဲဖော်ပြထား သော အဆိုပါ တရားရုံး၊ တရားသူကြီး၊ ပုဂ္ဂိုလ်၊ ကောင်စစ်ဝန် သို့မဟုတ် ဒုတိယကောင်စစ်ဝန် သို့မဟုတ် သံအမတ်ကြီးတို့၏ တံဆိပ်၊ လက်မှတ်များပါရှိသော တရားစီရင်ရေးဆိုင်ရာ အကြောင်းကြားမှုကို လက်ခံရယူရမည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည့် အခွင့်အာဏာ
၄၁၂။ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ယင်းနှင့် လက်အောက်ခံတရားရုံးများတွင် ကုမ္ပဏီ တစ်ခုကို ဖျက်သိမ်းရန်အတွက်ဖြစ်စေ၊ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းရန်အတွက်ဖြစ်စေ (ကုမ္ပဏီ တွင်ပါဝင်သူများနှင့် မြီရှင်များကဖျက်သိမ်းခြင်း နှစ်ရပ်လုံး)၊ ပုဒ်မ ၂၈၇ အရ ဆောင်ရွက်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြီရှင်များနှင့် ကုမ္ပဏီတွင် ပါဝင်သူများ၏ အစည်းအဝေးများကို ကျင်းပရန် အတွက်ဖြစ်စေ၊ ဤဥပဒေပါပြဋ္ဌာန်းချက်များအရ တရားရုံးသို့တင်ပြသည့် လျှောက်ထားမှုများအတွက် ဖြစ်စေ ဆောင်ရွက်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့် လည်းကောင်း၊ တရားမကျင့်ထုံး ဥပဒေနှင့် လည်းကောင်း လိုက်လျောညီထွေရှိသည့် နည်းဥပဒေများကို အခါအားလျော်စွာ ပြုလုပ်နိုင် သည့်အပြင် ဤဥပဒေအရ သတ်မှတ်ဖော်ပြထားသည့် ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ် များအားလုံးအတွက် နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည်။
(ခ) အထက်တွင် ဖော်ပြပါရှိသော အခွင့်အာဏာများကို ထိခိုက်ခြင်းမရှိစေဘဲ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် အဆိုပါနည်းဥပဒေများအရ အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရားရုံး၏ အခွင့်အာဏာနှင့် တာဝန်များဖြစ်သော တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိကဖြစ်စေ၊ တရားရုံး၏ကြီးကြပ်မှုဖြင့်ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်သည့် ဤဥပဒေအရတရားရုံး သို့အပ်နှင်းထားသော အခွင့်အာဏာများနှင့် တာဝန်များအားလုံးကိုလည်းကောင်း၊ တစ်စိတ်တစ်ဒေသ ကို လည်းကောင်း ရယူဆောင်ရွက်နိုင်သည် -
(၁) မြီရှင်များနှင့် ကြွေးမြီပေးဆပ်ရသူများ၏ သဘောဆန္ဒကို ရရှိရန်အတွက် အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း၊
(၂) ကြွေးမြီပေးဆပ်ရသူများ၏ စာရင်းကိုရှင်းလင်းဆောင်ရွက်ခြင်း၊ ကုမ္ပဏီတွင် ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းကို လိုအပ်ပါကအတည်ပြုရခြင်း၊ ရရန်ပိုင်ခွင့် များကို စုဆောင်းခြင်းနှင့် အသုံးပြုခြင်း၊
(၃) စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံသို့ ပစ္စည်း သို့မဟုတ် စာရွက်စာတမ်းများကို ပေးပို့ရန် လိုအပ်ခြင်း၊
(၄) ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများ ပြုလုပ်ခြင်း၊
(၅) ကြွေးမြီများနှင့် တင်ပြတောင်းဆိုမှုများကို သက်သေထင်ရှားပြသစေရန် အချိန်ကာလ သတ်မှတ် ပေးခြင်း။
သို့ရာတွင် တရားရုံး၏ အထူးခွင့်ပြုချက်မပါရှိဘဲ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက် သိမ်းရေးအရာရှိသည် ကုမ္ပဏီတွင်ပါဝင်သူများ၏ မှတ်ပုံတင်စာရင်းကို အတည်ပြုခြင်းမပြုရ။ ထို့ပြင် တရားရုံး၏ အထူးခွင့်ပြုချက်မပါရှိဘဲ ငွေကြေးထည့်ဝင်ရန်အတွက် တောင်းခေါ်မှုများကို မပြုလုပ်ရ။
အခန်း(၂၇)
မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ
မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းခြင်း
၄၁၃။ (က) ဤအခန်း (၂၇) တွင် ဖော်ပြပါရှိသော ကိစ္စရပ်များအတွက် ‘မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ’ ဆိုသည်မှာ ဤဥပဒေအရ မှတ်ပုံတင်ထားသော ကုမ္ပဏီမဟုတ်ဘဲ အခြားသက်ဆိုင်ရာ ဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင်ထားသည့် ကော်ပိုရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ သို့မဟုတ် ကုမ္ပဏီအဖွဲ့အစည်း တစ်ရပ်ရပ်လည်းပါဝင်သည်။
(ခ) ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များ၊ အခြားသက်ဆိုင်သည့် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို ဤဥပဒေအရ ဖျက်သိမ်းနိုင် သည်။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့် စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအားလုံးသည် အောက်ပါ ခြွင်းချက်များ၊ ဖြည့်စွက်ချက်များနှင့်အတူ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုနှင့် သက်ဆိုင် စေရမည် -
(၁) နိုင်ငံတော်အတွင်း ကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့်နေရာသည် ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းဖြစ်သည်ဟု မှတ်ယူရမည်။
(၂) မှတ်ပုံတင်ထားခြင်း မရှိသည့် မည်သည့်ကုမ္ပဏီကိုမျှ ဤဥပဒေအရ ဆန္ဒအလျောက်ဖြစ်စေ၊ ကြီးကြပ်မှုဖြင့်ဖြစ်စေ ဖျက်သိမ်းခြင်းမပြုရ။
(၃) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို ဖျက်သိမ်းနိုင်သည့် အခြေအနေများမှာ အောက်ပါ အတိုင်းဖြစ်သည် -
(ကက) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမှ ဖျက်သိမ်းလျှင် သို့မဟုတ် ရပ်စဲခဲ့လျှင် သို့မဟုတ် ကုမ္ပဏီ၏ကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်း ရန်အတွက်သာလျှင် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျှင် သို့မဟုတ်
(ခခ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ယင်း၏ကြွေးမြီများကို ပေးဆပ်နိုင်ခြင်း မရှိလျှင် သို့မဟုတ်
(ဂဂ) မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းသည် သင့်လျော်မှန်ကန်သည်ဟု တရားရုံးက ထင်မြင်လျှင် ၎င်းအပြင်
(၄) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ဤဥပဒေပါ ကိစ္စရပ်များအတွက် အောက်ပါကိစ္စရပ် တစ်ရပ်ရပ်ပေါ်ပေါက်ပါက ယင်း၏ ကြွေးမြီများကို ပေးချေ နိုင်ခြင်းမရှိဟု မှတ်ယူရမည်-
(ကက) လွှဲအပ်ခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ကုမ္ပဏီက ကျပ်နှစ်သိန်းငါးသောင်း ထက်ပိုမိုသော ငွေတစ်ရပ်ကို ပေးချေရန်ရှိသည့် မြီရှင်တစ်ဦးက မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ အပေါ်တွင် ထိုကုမ္ပဏီထံမှ ၎င်းကရရှိမည့်ငွေများကို ပေးချေစေရန်အတွက် တောင်းဆိုချက်တစ်ရပ်ကို ထိုကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်း နေရာသို့ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိများထံသို့ ပေးပို့၍ဖြစ်စေ၊ တရားရုံးကလက်ခံသော သို့မဟုတ် ညွှန်ကြားသော နည်းလမ်း တစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင်၊ မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီသည် တောင်းဆိုချက်ကို လက်ခံရရှိပြီးနောက် ၂၁ ရက် အတွင်း ထိုငွေကိုပေးချေရန် ပျက်ကွက်ခဲ့လျှင်၊ သို့မဟုတ် မြီရှင်က ကျေနပ်လက်ခံစေမည့် အာမခံထားရှိခြင်း သို့မဟုတ် အတိုးပေးခြင်းများ ပြုလုပ်ရန် ပျက်ကွက်ခဲ့လျှင်၊
(ခခ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ထိုကုမ္ပဏီတွင် ပါဝင်သူအဖြစ် ရှိသူထံမှ ကြွေးမြီ သို့မဟုတ် တောင်းဆိုထားသည့် ငွေများအတွက် ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်ကို ဆောင်ရွက်ခဲ့လျှင်၊ အဆိုပါ တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်အတွက် စာဖြင့်ရေးသားထားသည့် အကြောင်းကြားစာကို မှတ်ပုံတင် ထားခြင်းမရှိသည့် ကုမ္ပဏီထံသို့ ထိုကုမ္ပဏီ၏ အဓိကစီးပွားရေးလုပ်ငန်းနေရာသို့ ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အရာရှိများထံသို့ ပေးပို့၍ဖြစ်စေ၊ တရားရုံးကလက်ခံသော သို့မဟုတ် ညွှန်ကြားသော နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင် မှတ်ပုံတင်ထားခြင်း မရှိသည့်ကုမ္ပဏီသည် အကြောင်းကြားစာအား လက်ခံရရှိပြီးနောက် ၁ဝ ရက်အတွင်း အဆိုပါကြွေးမြီ သို့မဟုတ် တောင်းဆို ချက်ကိုပေးချေခြင်း၊ အာမခံထားရှိခြင်း သို့မဟုတ် အတိုးပေးခြင်းများပြုလုပ်ရန် ပျက်ကွက်လျှင် သို့မဟုတ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုကို ဆိုင်းငံ့ ထားစေရန် မပြုလုပ်ခဲ့လျှင် သို့မဟုတ် ထိုသို့တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုအပေါ် တရားပြိုင်က ကျေနပ်လက်ခံနိုင် သည့် လျော်ကြေးကို ပေးချေမှုမပြုခဲ့လျှင် အထက်ပါအတိုင်း ၎င်းကကျခံရမည့် ကုန်ကျစရိတ်များ၊ နစ်နာကြေးများနှင့် အသုံးစရိတ်များကို ပေးချေမှုမပြုခဲ့လျှင်၊
(ဂဂ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ထိုကုမ္ပဏီတွင် ပါဝင်သူများ သို့မဟုတ် ထိုကုမ္ပဏီ၏ကိုယ်စား အမည်ခံတရားပြိုင်အဖြစ် တရားစွဲဆိုခံရန် သတ်မှတ်ခံရသူတစ်ဦးဦးအား ဆန့်ကျင်၍ တရားရုံးတစ်ခုခုတွင် မြီရှင်အား အနိုင်ပေးသည့် ဒီကရီ သို့မဟုတ် အမိန့်အပေါ် အတည်ပြု ခြင်း သို့မဟုတ် အခြားကိစ္စများကို ဆောင်ရွက်ခြင်းသည် ကျေနပ်ဖွယ်ရာမရှိခဲ့လျှင်၊
(ဃဃ) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီသည် ယင်း၏ ကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိ ကြောင်း တရားရုံးကလက်ခံနိုင်မည့် အခြားသော သက်သေခံတင်ပြချက်များရှိခဲ့လျှင်။
(ဂ) ဤအပိုင်းတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အခြားသက်ဆိုင်ရာဥပဒေ သို့မဟုတ် ဤဥပဒေ အရဖျက်သိမ်းထားသည့် ဥပဒေတစ်ရပ်ရပ်အရ ကုမ္ပဏီတစ်ခုအဖြစ်လည်းကောင်း၊ မှတ်ပုံတင်ထားခြင်း မရှိသည့် ကုမ္ပဏီတစ်ခုအဖြစ်လည်းကောင်း ဖျက်သိမ်းမည့် ကော်ပိုရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်း အဖွဲ့ သို့မဟုတ် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုခုအတွက် ဖော်ပြထားသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ထိခိုက်ခြင်းမရှိစေရ။ သို့သော် ဖျက်သိမ်းထားသည့် ပြဋ္ဌာန်းချက်များကို ရည်ညွှန်းထား သည့်ကိစ္စရပ်များကို ဤဥပဒေ၏ သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ (ရှိခဲ့လျှင်) ကို ရည်ညွှန်းသည်ဟု မှတ်ယူရမည်။
မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီများကို ဖျက်သိမ်းရာတွင် ကြွေးမြီပေးဆပ်ရသူများ
၄၁၄။ (က) မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကို ဖျက်သိမ်းသည့်ကိစ္စရပ်တွင် ကုမ္ပဏီ၏ ကြွေးမြီ သို့မဟုတ် တာဝန်ရှိမှုတစ်ရပ်ရပ်ကိုပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက် လည်းကောင်း၊ ကုမ္ပဏီ တွင်ပါဝင်သူများအကြား အခွင့်အရေးများကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် ငွေကြေးတစ်ရပ်ရပ် ပေးချေ ရန် သို့မဟုတ် ထည့်ဝင်ရန်အတွက်လည်းကောင်း၊ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကို ဖျက်သိမ်းရာ တွင် ကျသင့်သည့် ကုန်ကျစရိတ်များနှင့် အသုံးစရိတ်များကိုပေးချေရန် သို့မဟုတ် ထည့်ဝင်ရန်အတွက် လည်းကောင်း တာဝန်ရှိသူများအားလုံးကို ကြွေးမြီပေးဆပ်ရသူများအဖြစ် မှတ်ယူရမည်ဖြစ်သည်။ ကြွေးမြီပေးဆပ်ရသူများ အားလုံးသည် ဖော်ပြပါတာဝန်ရှိမှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ၎င်းတို့ထံမှ ပေးချေရမည့် ငွေပမာဏအားလုံးကို မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များသို့ ထည့်ဝင်ရန် တာဝန်ရှိသည်။
(ခ) ကြွေးမြီပေးဆပ်ရသူတစ်ဦးဦးသည် သေဆုံးခြင်း သို့မဟုတ် လူမွဲအဖြစ် သတ်မှတ်ခံရခြင်းများ ဖြစ်ပေါ်ခဲ့လျှင် သေဆုံးသွားသော ကြွေးမြီပေးဆပ်ရသူများ၏ တရားဝင်ကိုယ်စားလှယ်များနှင့် အမွေ ဆက်ခံသူများ၊ လူမွဲအဖြစ်ခံယူရသော ကြွေးမြီပေးဆပ်ရသူများ၏ လွှဲအပ်ခြင်း ခံရသူများနှင့် စပ်လျဉ်း၍ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်။
တရားစွဲဆိုစစ်ဆေးမှုများကိုဆိုင်းငံ့ရန် သို့မဟုတ် ရပ်နားထားရန်ဆောင်ရွက်နိုင်သည့် အခွင့်အာဏာ
၄၁၅။ ကုမ္ပဏီဖျက်သိမ်းရန် လျှောက်ထားတင်ပြပြီးနောက် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်ချမှတ်ခြင်း မပြုမီကာလအတွင်း မည်သည့်အချိန်တွင်မဆို ကုမ္ပဏီအပေါ်တရားစွဲဆိုမှုနှင့် စစ်ဆေးဆောင်ရွက်မှုများ ကို ဆိုင်းငံ့ထားခြင်း၊ ရပ်နားထားခြင်းတို့နှင့် သက်ဆိုင်သည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတွင် မြီရှင်က ထိုသို့ဆိုင်းငံ့ထားရန် သို့မဟုတ် ရပ်နားထားရန် လျှောက်ထားတင်ပြခဲ့လျှင် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦး အပေါ် စွဲဆိုသည့်မှုခင်းများနှင့် စစ်ဆေးဆောင်ရွက်မှုများကို ဆိုင်းငံ့ထားရမည်။
ကုမ္ပဏီဖျက်သိမ်းရန်အမိန့်အား ဆိုင်းငံ့ထားစေရန် စွဲဆိုမှု
၄၁၆။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းရန်အတွက် အမိန့်တစ်ရပ်ချမှတ်သည့် အခါ တရားရုံး၏ခွင့်ပြုချက်နှင့် တရားရုံးကသတ်မှတ်သည့် စည်းကမ်းချက်များဖြင့် ဆောင်ရွက်သည် မှအပ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ၏ ကြွေးမြီတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ထိုကုမ္ပဏီ၏ ကြွေးမြီ ပေးဆပ်ရသူတစ်ဦးဦးအပေါ် တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း သို့မဟုတ် ဆက်လက်ဆောင်ရွက်ခြင်းမပြုရ။
အချို့သောကိစ္စများတွင် ပစ္စည်းများနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များ
၄၁၇။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတွင် ယင်း၏ အမည်ဖြင့် တရားစွဲဆိုခြင်း သို့မဟုတ် တရား စွဲဆိုခံနိုင်ခြင်းအတွက် အခွင့်အာဏာမရှိခဲ့လျှင် သို့မဟုတ် အကြောင်းတစ်ရပ်ရပ်ကြောင့် ဖြစ်ပေါ်လာ လျှင် တရားရုံးသည် ကုမ္ပဏီဖျက်သိမ်းသည့် အမိန့်ဖြင့်ဖြစ်စေ၊ နောက်ထပ်အမိန့်တစ်ရပ်ရပ်ဖြင့် ဖြစ်စေ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီ သို့မဟုတ် ယင်းကုမ္ပဏီကိုယ်စား ယုံကြည်အပ်နှံခြင်းခံရသူများနှင့် သက်ဆိုင်သောရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်းသည့် အကျိုး ခံစားခွင့်နှင့် အခွင့်အရေးများ၊ တာဝန်များ၊ တရားစွဲဆို တောင်းဆိုမှုများအပါအဝင် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို တရားဝင် ခန့်အပ် ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံသို့ ၎င်း၏အမည်ဖြင့်အပ်နှံရမည်။ ယင်းနောက် အမိန့်တွင် သတ်မှတ်ဖော်ပြထားသော အဆိုပါပစ္စည်း သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ဒေသကို ဖော်ပြပါ အတိုင်း အပ်နှံရမည်။ တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိသည် တရားရုံး က ညွှန်ကြားသည့်အတိုင်း လျော်ကြေးငွေများ (ရှိခဲ့လျှင်) ကို ပေးပြီးနောက် အဆိုပါပစ္စည်းများနှင့် စပ်လျဉ်း၍ ၎င်း၏အမည်ဖြင့် အမှုများကိုစွဲဆိုဆောင်ရွက်ခြင်း သို့မဟုတ် စွဲဆိုသည့် မှုခင်းများနှင့် စစ်ဆေးဆောင်ရွက်မှုများတွင် ခုခံချေပခြင်းတို့ကို မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီကိုဖျက်သိမ်း ခြင်းနှင့် ထိုကုမ္ပဏီ၏ ပစ္စည်းများကို ပြန်လည်ရယူခြင်းများအား ထိရောက်စွာဆောင်ရွက်နိုင်စေရန် အတွက် လိုအပ်သလိုတရားစွဲဆိုခြင်း သို့မဟုတ် ခုခံချေပခြင်းများကို ပြုလုပ်ရမည်။
ဤအပိုင်းတွင် ပါရှိသည့် ပြဋ္ဌာန်းချက်များကို ဆက်စပ်အသုံးပြုရခြင်း
၄၁၈။ မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီနှင့်စပ်လျဉ်း၍ ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက် များသည် တရားရုံးဖြင့် ကုမ္ပဏီကို ဖျက်သိမ်းခြင်းနှင့်သက်ဆိုင်သော ဤဥပဒေ၏ရှေ့ပိုင်းတွင် ဖော်ပြ ပါရှိသော ပြဋ္ဌာန်းချက်များအား ကန့်သတ်ထားခြင်းမရှိဘဲ ယင်းတို့နှင့် ဆက်စပ်အသုံးပြုရမည်။ တရားရုံးနှင့် တရားဝင်ခန့်အပ်ထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိတို့သည် မှတ်ပုံတင် ထားခြင်းမရှိသည့် ကုမ္ပဏီနှင့်စပ်လျဉ်းသည့်ကိစ္စရပ်တွင် ဤဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ သို့မဟုတ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို ဖျက်သိမ်းရာတွင် ၎င်းတို့အနေဖြင့် ကျင့်သုံး ဆောင်ရွက်နိုင်သည့် အခွင့်အာဏာများကို ကျင့်သုံးနိုင်သည်။ သို့သော် မှတ်ပုံတင်ထားခြင်းမရှိသည့် ကုမ္ပဏီတစ်ခုသည် ယင်းအားဖျက်သိမ်းသည့် ကိစ္စရပ်မှတစ်ပါး ဤဥပဒေအရ ကုမ္ပဏီတစ်ခုဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။ ဤအပိုင်းတွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များအတွက်သာလျှင် ကုမ္ပဏီဖြစ်သည်ဟု မှတ်ယူရမည်။
အပိုင်း (၆)
မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင်ရုံး၏ အခွင့်အာဏာများ
အခန်း(၂၈)
မှတ်ပုံတင်အရာရှိ၊ မှတ်ပုံတင်ရုံး၊ စာရွက်စာတမ်းများကို မှတ်ပုံတင်ခြင်း၊ စစ်ဆေးကြည့်ရှုနိုင်သည့် အခွင့်အာဏာများနှင့် အခကြေးငွေများ
မှတ်ပုံတင်အရာရှိ
၄၁၉။ (က) ဤဥပဒေ စတင်အာဏာတည်သည့်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန သို့မဟုတ် ယင်း၏ လုပ်ငန်းကို ဆက်ခံမည့်ဌာန အဖွဲ့အစည်းတစ်ရပ်ရပ်သည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကိုရရှိပြီး ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
(ခ) မှတ်ပုံတင်အရာရှိသည် ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် သို့မဟုတ် ထိုဥပဒေများအရ အခါအားလျော်စွာ သတ်မှတ်ဖော်ပြထားသည့် အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန် များကို ကျင့်သုံးဆောင်ရွက်ရမည့်အပြင် အဆိုပါအခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များကို ကျင့်သုံး ဆောင်ရွက်ရာတွင် သို့မဟုတ် ထိုသို့ ကျင့်သုံးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဆောင် ရွက်နိုင်သည့် အခွင့်အာဏာရှိသည်။
(ဂ) ပြည်ထောင်စုဝန်ကြီးသည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန်များကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိအား ညွှန်ကြားနိုင်သည်။
(ဃ) ပုဒ်မခွဲ (က) မှ (ဂ) အထိပါရှိသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ မှတ်ပုံတင်အရာရှိသည် ဤဥပဒေအား အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ယေဘုယျအခြေ အနေတွင်သော်လည်းကောင်း၊ အထူးအခြေအနေ တစ်ရပ်ရပ်တွင်သော်လည်းကောင်း လမ်းညွှန်ချက် များထုတ်ပြန်နိုင်သည့် အခွင့်အာဏာရှိသည်။
(င) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်း၏လုပ်ငန်းကို ဆက်ခံမည့်ဌာန အဖွဲ့အစည်းတစ်ရပ်ရပ်သို့ မှတ်ပုံတင်အရာရှိ၏ တာဝန်များကို လွှဲအပ်ထားသည့် ကာလတစ်လျှောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာ သို့မဟုတ် အလားတူရာထူးနေရာကို ရယူထားသောသူသည် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကို ကျင့်သုံး နိုင်ပြီး ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူး ချုပ်၏ ကြီးကြပ်မှုဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန သို့မဟုတ် ယင်း၏လုပ်ငန်း ကို ဆက်ခံမည့်ဌာနအဖွဲ့အစည်းတစ်ရပ်ရပ်၏ အခြားအရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦးသို့ ၎င်း၏ အခွင့်အာဏာများနှင့် လုပ်ငန်းတာဝန်များကို တာဝန်ခွဲဝေအပ်နှင်းနိုင်သည့် အခွင့်အာဏာလည်း ပါဝင် သည်။
(စ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင် အရာရှိအား ခန့်အပ်နိုင်သည့် သို့မဟုတ် မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာများကို အပ်နှင်းနိုင်သည့် အခြားနည်း လမ်းတစ်ရပ်ရပ်ကို ကန့်သတ်ထားခြင်းမရှိစေရ။
မှတ်ပုံတင်ရုံးများ
၄၂၀။ (က) ဤဥပဒေအရ ကုမ္ပဏီများကို မှတ်ပုံတင်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုဝန်ကြီးက သင့်သည်ထင်မြင်သည့် နေရာများတွင် ရုံးများဖွင့်လှစ်ရမည်ဖြစ်ပြီး မည်သည့်ကုမ္ပဏီမျှ အဆိုပါဖွင့်လှစ် ထားသည့်ရုံးများအနက် ရုံးတစ်ရုံးတွင်မှတစ်ပါး မှတ်ပုံတင်ခြင်းမပြုလုပ်ရ။
(ခ) ပြည်ထောင်စုဝန်ကြီးသည် ကုမ္ပဏီများအား မှတ်ပုံတင်ခြင်းအတွက် သို့မဟုတ် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သည့် လိုအပ်သောစာရွက်စာတမ်းများသည် အစစ်အမှန်ဖြစ်ကြောင်း ဖော်ပြနိုင်ရေးအတွက် ရုံး တံဆိပ် သို့မဟုတ် ရုံးတံဆိပ်များကို ပြုလုပ်ဆောင်ရွက်ထားရန် ညွှန်ကြားနိုင်သည်။
မှတ်ပုံတင်စာရင်းများနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားရှိခြင်းနှင့် စစ်ဆေးကြည့်ရှုခြင်း
၄၂၁။ (က) မှတ်ပုံတင်အရာရှိသည် ၎င်းအနေဖြင့် ဤဥပဒေအရ ထိန်းသိမ်းထားရှိရန် လိုအပ်သော မှတ်ပုံတင်စာရင်းများအားလုံးနှင့် ဤဥပဒေအရ ၎င်းထံတင်ပြရသည့် မှတ်တမ်းများအားလုံးကို ပြုစု ထားရှိထိန်းသိမ်းရမည်။
(ခ) မှတ်ပုံတင်အရာရှိသည် မှတ်တမ်းများနှင့် မှတ်ပုံတင်စာရင်းများကို အီလက်ထရောနစ် နည်းဖြင့် ဆန်းသစ်ခြင်း၊ တင်ပြခြင်း၊ စုစည်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဤဥပဒေအရ မှတ်ပုံတင်ရမည့် အဖွဲ့ အစည်းများအားလုံးနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းများအတွက် ထိုစနစ်များနှင့် လုပ်ငန်းစဉ်များကို ထူထောင်ခြင်းများအပါအဝင် မှတ်ပုံတင်အရာရှိသို့ အပ်နှင်းထားသည့်တာဝန်များနှင့် ၎င်းကသင့်သည် ထင်မြင်သည့် နည်းလမ်းအတိုင်း ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့်တာဝန်များကို ထမ်းဆောင်ရမည်။ ဤပုဒ်မခွဲသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ အဆိုပါကိစ္စရပ်များ အတွက် ကြီးကြပ်နိုင်သည့်အခွင့်အာဏာများကို ကန့်သတ်တားမြစ်ခြင်းမရှိစေဘဲ သက်ဆိုင် စေရမည်။
(ဂ) ပုဒ်မခွဲ (ဆ) ကို မဆန့်ကျင်စေဘဲ မှတ်ပုံတင်အရာရှိမှ စာရွက်စာတမ်းအား မှတ်ပုံတင်ခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်းကိုခွင့်မပြုခြင်းသည် အဆိုပါစာရွက်စာတမ်း၏ တရားဝင်မှုကို လည်းကောင်း သို့မဟုတ် တရားမဝင်မှုကိုလည်းကောင်း အဆိုပါစာရွက်စာတမ်းတွင်ပါရှိသည့် သတင်းအချက်အလက် ၏ မှန်ကန်မှုကိုဖြစ်စေ၊ အခြားတစ်စုံတစ်ရာကိုဖြစ်စေ သက်ရောက်စေခြင်း သို့မဟုတ် ဖြစ်ပေါ်စေခြင်း မရှိစေရ။
(ဃ) အခြားသက်ဆိုင်သော အခွင့်အာဏာများကို ထိခိုက်စေခြင်းမရှိစေဘဲ ပြည်ထောင်စု ဝန်ကြီးသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ) တို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များအား အကျိုးသက်ရောက်စေရန် လိုအပ်သည့် စည်းမျဉ်းများ၊ နည်းဥပဒေ၊ အမိန့် သို့မဟုတ် အမိန့်ကြော်ငြာစာများကို ထုတ်ပြန်သတ်မှတ်ဖော်ပြနိုင် သည်။ အထူးသဖြင့် ဤဥပဒေအရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းများနှင့် မှတ်ပုံတင်အရာရှိတို့ အကြား အီလက်ထရောနစ်နည်းဖြင့် စာရွက်စာတမ်းများအား မှတ်ပုံတင်ခြင်း၊ အီလက်ထရောနစ်နည်း ဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းများအတွက် လုပ်ငန်းစနစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်နိုင်သည်။ ဤကိစ္စရပ်များတွင် ဤဥပဒေအရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းတစ်ခုခု၏ ပြန်လည်မှတ်ပုံတင်ခြင်းအတွက် လည်းကောင်း၊ ပေးချေရမည့် ငွေကြေးများအတွက် လည်းကောင်း အီလက်ထရောနစ်နည်းပညာဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည့်သတ်မှတ်ချက် များကို ထည့်သွင်းဖော်ပြနိုင်သည်။ ထိုအခကြေးငွေသည် အီလက်ထရောနစ် နည်းပညာမပါရှိသောနည်း ဖြင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် မှတ်ပုံတင်ခြင်းအတွက် သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် ခြားနားနိုင်မည်ဖြစ်သည်။
(င) မည်သူမဆို မှတ်ပုံတင်အရာရှိက ထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းများနှင့် မှတ်တမ်းများကို ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်းစေလျက် စစ်ဆေးကြည့်ရှု နိုင်သည်။
(စ) မည်သူမဆို ကုမ္ပဏီတစ်ခု ဖွဲ့စည်းတည်ထောင်သည့် သက်သေခံလက်မှတ် သို့မဟုတ် မိတ္တူ သို့မ ဟုတ် ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရသည့် ကုမ္ပဏီ၏ မှတ်တမ်းများနှင့်အတူ ထိန်းသိမ်း ထားရှိရမည့် အခြားစာရွက်စာတမ်း၏ ကောက်နုတ်ချက် သို့မဟုတ် အခြားစာရွက်စာတမ်း၏ မည်သည့် အစိတ်အပိုင်းကိုမဆို ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေကို ပေးသွင်း၍ မှတ်ပုံတင်အရာရှိက မိတ္တူမှန်ကန်ကြောင်း အထောက်အထားပြုသည့် စာရွက်စာတမ်းမိတ္တူ သို့မဟုတ် ကောက်နုတ်ရယူလိုသည့် အချက်အလက်မိတ္တူကို ရယူနိုင်သည်။
(ဆ) သိသာထင်ရှားသော မှားယွင်းချက်မှလွဲ၍ ပုဒ်မ ၄၂၂ နှင့် ၄၂၃ တို့တွင် မှားယွင်းမှုအား ပြင်ဆင် သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မှားယွင်းသည့်အချက်ကို ဖော်ပြ၍ ပုဒ်မခွဲ (စ) အရ မှတ်ပုံတင် အရာရှိက မှန်ကန်ကြောင်းလက်မှတ်ရေးထိုး ထုတ်ပေးသည့် စာရွက်စာတမ်းတစ်ရပ်ကို တရားစစ်ဆေး စီရင်ဆောင်ရွက်မှု တစ်ရပ်ရပ်တွင် မူလစာရွက်စာတမ်းကဲ့သို့ တရားဝင်သည့် သက်သေခံချက်အဖြစ် လက်ခံဆောင်ရွက်ရမည်။
မှတ်ပုံတင်စာရင်း၏ မှားယွင်းမှုများကို ပြင်ဆင်ခြင်း
၄၂၂။ (က) မှတ်ပုံတင်အရာရှိသည်-
(၁) တစ်ဦးတစ်ယောက်၏ လျှောက်ထားချက်အရ မှတ်ပုံတင်စာရင်းတွင် အချက်အလက်တစ်ရပ်ရပ် ကိုမှားယွင်း၍ ရေးသွင်းထားကြောင်း သို့မဟုတ် ချန်လှပ်ထားကြောင်းသိရှိလျှင် ဤဥပဒေအရ ၎င်းက ထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းတစ်ခုကို ပြင်ဆင်နိုင်သည် သို့မဟုတ်
(၂) ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် မှားယွင်းမှုကြောင့် မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းတွင် အချက်အလက် တစ်ရပ်ရပ်ကို မမှန်မကန်ရေးသွင်းမိကြောင်း ၎င်းကသိရှိလျှင် ထိုအချက်အလက်များကို ပြင်ဆင်နိုင်သည် သို့မဟုတ်
(၃) တစ်ဦးတစ်ယောက်၏ လျှောက်ထားချက်အရ မှတ်ပုံတင်အရာရှိက ကုမ္ပဏီနှင့် ဆွေးနွေးပြီးနောက် ကုမ္ပဏီ၏ ရုံးလုပ်ငန်းဆိုင်ရာ မှားယွင်းမှုကြောင့် ကုမ္ပဏီတွင် ထိန်းသိမ်းထားရှိသော မှတ်ပုံတင်စာရင်း တွင် ရေးသွင်းထားသည့် အချက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် ထိုမှားယွင်းမှုကိုပြင်ဆင်ခြင်းသည် အခြားသူတစ်ဦးဦးကို ထိခိုက်စေနိုင်မည်မဟုတ်ကြောင်း တွေ့ရှိရလျှင် ကုမ္ပဏီက ထိန်းသိမ်းထားသည့် မှတ်ပုံတင်စာရင်းပါ ဖော်ပြချက်များကို မှန်ကန်စွာပြင်ဆင်စေရန် ကုမ္ပဏီသို့ ညွှန်ကြားနိုင်သည်။
(ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) အရ မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းတစ်ရပ်ကို ပြင်ဆင်ခြင်း မပြုမီ မှတ်ပုံတင်အရာရှိသည်-
(၁) လျှောက်ထားချက်ကို အဆိုပါကုမ္ပဏီနှင့် စပ်လျဉ်းသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ရန် တင်ပြ ခြင်းဖြစ်ကြောင်း အဆိုပါလျှောက်ထားချက်၏ အသေးစိတ် အချက်အလက်များကိုဖော်ပြ၍ ကုမ္ပဏီသို့ စာဖြင့်ရေးသားအကြောင်းကြားရမည်။
(၂) ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိခြင်းများကို မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ လျှောက် ထားချက်အား ပြုလုပ်ခြင်းဖြစ်လျှင် ၎င်းတို့နှင့် စပ်လျဉ်းသည့် မှတ်ပုံတင်စာရင်းအားပြင်ဆင်ရန် တင်ပြခြင်းဖြစ်ကြောင်း အဆိုပါ လျှောက်ထားချက်၏ အသေးစိတ်အချက်အလက်များကို ဖော်ပြ၍ ပေါင်နှံခံသူ သို့မဟုတ် ကြွေးမြီတာဝန် တင်ရှိခြင်းအား လက်ခံသူသို့ စာဖြင့်ရေးသား အကြောင်းကြားရ မည်။ ၎င်းအပြင်
(၃) အောက်ပါအချက်အလက်များပါရှိသော အကြောင်းကြားစာကို အများပြည်သူသိရှိရန် ထုတ်ပြန်ရ မည်-
(ကက) လျှောက်ထားသူ၏အမည်၊
(ခခ) ကုမ္ပဏီ၏အမည်၊
(ဂဂ) မှတ်ပုံတင်စာရင်းတွင် ပြုလုပ်ဆောင်ရွက်ရမည့် အသေးစိတ်အချက်အလက်များနှင့် ပြင်ဆင် ချက်များအတွက် အကြောင်းပြချက်များနှင့်
(ဃဃ) အဆိုပြုထားသည့် ပြင်ဆင်ချက်ကို စာဖြင့်ရေးသားကန့်ကွက်နိုင်ကြောင်း သတ်မှတ်သည့် နေ့ရက်တစ်ရက်ကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဖြစ်ပြီး ထိုနေ့ရက်သည် အကြောင်းကြားစာ ပေးပို့သည့်နေ့မှ ၂၈ ရက်ထက် နောက်မကျသည့်နေ့ရက် တစ်ရက်ရက် ဖြစ်စေရမည်။
(ဂ) မည်သူမဆို အဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ချက်အပေါ်စာဖြင့် ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို မှတ်ပုံတင်အရာရှိထံသို့ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၃)၊ ပုဒ်မခွဲငယ်စိပ် (ဃဃ) နှင့်အညီ သတ်မှတ်ထားသည့်နေ့ရက်ထက် နောက်မကျစေဘဲ ပေးပို့နိုင်ပြီး မှတ်ပုံတင်အရာရှိသည် အဆိုပါကန့်ကွက်ချက်၏ မိတ္တူတစ်စောင်ကို မှတ်ပုံတင် စာရင်းအားပြင်ဆင်ရန် လျှောက်ထားသူထံသို့ ပေးပို့ရမည်။
(ဃ) မှတ်ပုံတင်အရာရှိသည် သတ်မှတ်ထားသည့် နေ့ရက်တွင် အဆိုပြုထားသည့် မှတ်ပုံတင်စာရင်း အား ပြင်ဆင်ချက်အပေါ် စာဖြင့်ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို လက်ခံရရှိခဲ့ပြီး ထိုကန့်ကွက်ချက်ကို ပြန်လည်ရုပ်သိမ်းထားခြင်း မရှိကြောင်းတွေ့ရှိရလျှင် ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၁) အရ မှတ်ပုံတင်စာရင်း အား ပြင်ဆင်ခြင်းမပြုရ။
တရားရုံး၏ အခွင့်အာဏာများ
၄၂၃။ (က) မှတ်ပုံတင်အရာရှိသည် အဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ချက်အပေါ် စာဖြင့်ရေးသား ကန့်ကွက်ချက်တစ်ရပ်ကို ပုဒ်မ ၄၂၂၊ ပုဒ်မခွဲ (ဂ) အရ လက်ခံရရှိခဲ့ပါက မှတ်ပုံတင် စာရင်းအား ပြင်ဆင်ရန်အတွက် လျှောက်ထားသူသည် အဆိုပါ ပြင်ဆင်လိုမှုအတွက် အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရန် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အတွက် လျှောက်ထားမှုအားပြုလုပ်ရာတွင် -
(၁) လျှောက်ထားသူသည် အဆိုပါလျှောက်ထားမှုအား မှတ်ပုံတင်အရာရှိထံသို့ ဆောလျင်စွာ အသိပေး အကြောင်းကြားရမည်။ ၎င်းအပြင်
(၂) မှတ်ပုံတင်အရာရှိသည် ထိုလျှောက်ထားမှုနှင့် စပ်လျဉ်း၍ တရားရုံးသို့ တက်ရောက်ကြားနာနိုင် သည်။
(ဂ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်အတွက် လျှောက်ထားတင်ပြလာလျှင် တရားရုံးသည် အချက် အလက်တစ်ရပ်ရပ်ကို မှတ်ပုံတင်စာရင်းတွင် မှားယွင်း၍ရေးသွင်းထားကြောင်း သို့မဟုတ် မှားယွင်း၍ ချန်လှပ်ထားကြောင်း တွေ့ရှိခဲ့လျှင် အဆိုပါ မှတ်ပုံတင်စာရင်းအား ပြင်ဆင်ဆောင်ရွက်ရန်အတွက် အမိန့်တစ်ရပ်ချမှတ်နိုင်သည်။
မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည့် စာရွက်စာတမ်းများအတွက် လျှောက်လွှာပုံစံ
၄၂၄။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံဖြင့် တင်ပြရန်လိုအပ်သည့် စာရွက်စာတမ်းတစ်ရပ်ရပ်သည်-
(၁) စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံကို ဤဥပဒေအရ ပြုလုပ်သည့်စည်းမျဉ်း ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာတစ်ရပ်ရပ်ဖြင့် သတ်မှတ် ဖော်ပြခဲ့လျှင်-
(ကက) အဆိုပါသတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံအတိုင်း ဖြစ်စေရမည်။
(ခခ) လျှောက်လွှာပုံစံတွင် လိုအပ်သော သတင်းအချက်အလက်များ၊ ရေးသားဖော်ပြချက်များ၊ ရှင်း လင်းဖော်ပြချက်များ သို့မဟုတ် အခြားလိုအပ်သော ကိစ္စရပ်များ ပါဝင်စေရမည်။ ၎င်းအပြင်
(ဂဂ) လျှောက်လွှာပုံစံတွင် လိုအပ်သော အခြားအချက်အလက်များကို ပူးတွဲပါရှိစေရမည်။ သို့မဟုတ်
(၂) စာရွက်စာတမ်းအတွက် လျှောက်လွှာပုံစံကို စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့် ကြော်ငြာစာတစ်ရပ်ရပ်ဖြင့် သတ်မှတ်ဖော်ပြထားခြင်း မရှိခဲ့လျှင် မှတ်ပုံတင်အရာရှိက စာရွက်စာတမ်း အတွက် လျှောက်လွှာပုံစံတစ်ရပ်ကို အတည်ပြုသတ်မှတ်ထားပါက-
(ကက) အဆိုပါ အတည်ပြုထားသည့် လျှောက်လွှာပုံစံအတိုင်း ဖြစ်စေရမည်၊
(ခခ) လျှောက်လွှာပုံစံတွင် လိုအပ်သော သတင်းအချက်အလက်များ၊ ရေးသားဖော်ပြချက်များ၊ ရှင်း လင်းဖော်ပြချက်များ သို့မဟုတ် အခြားလိုအပ်သော ကိစ္စရပ်များ ပါဝင်စေရမည်။ ၎င်းပြင်
(ဂဂ) လျှောက်လွှာပုံစံတွင် လိုအပ်သော အခြားအချက်အလက်များကို ပူးတွဲပါရှိစေရမည်။
(ခ) ဤဥပဒေအရတင်ပြလာသည့် စာရွက်စာတမ်းတစ်ရပ်ရပ်သည် ပုဒ်မခွဲ (က) နှင့် သက်ဆိုင်ရမည် ဖြစ်ပြီး ယင်းကို ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာမရှိပါက သက်ဆိုင်သည့် လျှောက်လွှာပုံစံနှင့်အတူ တင်ပြ လာသည့် စာရွက်စာတမ်းနှင့် အခြား အချက်အလက်များသည်လည်း ဤဥပဒေအရတင်ပြသော စာရွက် စာတမ်းတစ်ရပ်ရပ်တွင်ပါဝင်သည်။
(ဂ) အကယ်၍-
(၁) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည့် စာရွက်စာတမ်းတစ်ရပ်ကို သတ်မှတ်ဖော်ပြ ထားသည့် လျှောက်လွှာပုံစံဖြင့် တင်ပြရန်လိုအပ်ခဲ့လျှင်၊ ၎င်းအပြင်
(၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်က စာရွက်စာတမ်းတွင်ပါဝင်ရမည့် သို့မဟုတ် ထိုစာရွက် စာတမ်းနှင့်အတူ ပူးတွဲတင်ပြရမည့် အခြားအချက်အလက်များတွင် ပါဝင်ရမည့် သတင်းအချက်အလက် များ၊ ရေးသားဖော်ပြချက်များ၊ ရှင်းလင်းဖော်ပြချက်များ သို့မဟုတ် အခြားကိစ္စရပ်များကို သတ်မှတ် ဖော်ပြနိုင်ရန်အတွက် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာများကို သတ်မှတ်ထား လျှင် သို့မဟုတ် ပြုလုပ်ထားလျှင်၊
အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (က) အရ ဆောင်ရွက်မှုများကို ထုတ်ပယ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းမရှိစေရ။ ၎င်းအပြင် ထိုသို့ သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံသည် ယင်းတွင်ပါဝင်ရမည့် အချက်အလက်များနှင့် ယင်းနှင့်အတူ ပူးတွဲဖော်ပြရမည့် အချက်အလက်များကိုလည်း ပါရှိစေနိုင်သည်။
စာရွက်စာတမ်းများကို မှတ်ပုံတင်ခြင်း
၄၂၅။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိသည့် မှတ်ပုံတင်စာရင်းတစ်ခုတွင် ထည့်သွင်းဖော်ပြရန် အတွက် စာရွက်စာတမ်းတစ်ခုအား လက်ခံရရှိပါက မှတ်ပုံတင်အရာရှိသည် -
(၁) ပုဒ်မခွဲ (ခ) နှင့်အညီ သက်ဆိုင်ရာ မှတ်ပုံတင်စာရင်းတွင် အဆိုပါ စာရွက်စာတမ်းကို မှတ်ပုံတင် စာရင်းရေးသွင်းရမည်။ ၎င်းအပြင်
(၂) စာရွက်စာတမ်းသည် နှစ်စဉ်အစီရင်ခံစာ မဟုတ်ပါက စာရွက်စာတမ်းကို ပေးအပ်သူထံသို့ မှတ်ပုံတင်ခြင်းပြုလုပ်ရန် စာဖြင့်ရေးသားအကြောင်းကြားရမည်။
(ခ) ဤဥပဒေအရ မှတ်ပုံတင်ရန်အတွက် မှတ်ပုံတင်အရာရှိက လက်ခံရရှိခဲ့သည့် စာရွက်စာတမ်း တစ်ရပ်ရပ်သည်-
(၁) သတ်မှတ်ဖော်ပြထားသည့် လျှောက်လွှာပုံစံရှိခဲ့ပါက ၎င်းပုံစံဖြင့် တင်ပြခဲ့ခြင်း မရှိလျှင် သို့မဟုတ်
(၂) ဤဥပဒေကိုလည်းကောင်း၊ ဤဥပဒေအရ ပြုလုပ်ထားသည့် စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာများကိုလည်းကောင်း လိုက်နာဆောင် ရွက်ထားခြင်းမရှိလျှင် သို့မဟုတ်
(၃) ပုံနှိပ်ထားခြင်း သို့မဟုတ် စက်ဖြင့်ရိုက်နှိပ်ရေးသားထားခြင်း မဟုတ်လျှင် သို့မဟုတ်
(၄) မှတ်ပုံတင်စာရင်းအား အီလက်ထရောနစ်နည်းဖြင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ထိန်းသိမ်းထားခြင်းဖြစ်ပါက အီလက်ထရောနစ်နည်းဖြင့် တိုက်ရိုက်ဖြည့်သွင်းရေးသားနိုင်သည့် အချက်အလက်ပုံစံဖြင့် ဆောင်ရွက်ထားခြင်း မဟုတ်လျှင် သို့မဟုတ်
(၅) ပြီးပြည့်စုံစွာ ဆောင်ရွက်ထားခြင်းမရှိလျှင် သို့မဟုတ်
(၆) ဖတ်ရှုနိုင်ရန်အတွက် ရှင်းလင်းမှုမရှိသည့် အချက်အလက်များပါဝင်နေလျှင် မှတ်ပုံတင်အရာရှိ သည် စာရွက်စာတမ်းကို မှတ်ပုံတင်ခြင်းအား ငြင်းဆိုနိုင်ပြီး အောက်ပါအတိုင်းတောင်းဆိုနိုင်သည်-
(ကက) အဆိုပါစာရွက်စာတမ်းကို လိုအပ်သလိုပြင်ဆင်ရန် သို့မဟုတ် ပြီးပြည့်စုံစွာ ဆောင်ရွက်ရန်နှင့် မှတ်ပုံတင်ဆောင်ရွက်နိုင်ရေးအတွက် ထပ်မံတင်ပြနိုင်ရန် သို့မဟုတ်
(ခခ) ယင်းစာရွက်စာတမ်းအစား အခြားစာရွက်စာတမ်းအသစ်ကို ပြုစုတင်ပြစေရန်။
စစ်ဆေးကြည့်ရှုရန်အတွက် မှတ်ပုံတင်အရာရှိ၏အခွင့်အာဏာများ
၄၂၆။ (က) သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ ပြည်ထောင်စုဝန်ကြီး၊ အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင် အဖွဲ့တစ်ရပ်ရပ် သို့မဟုတ် အလားတူပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်သို့ခွင့်ပြု ထားသည့် အခွင့်အာဏာများကို တားမြစ်ကန့်သတ်ခြင်းမရှိစေဘဲ မှတ်ပုံတင်အရာရှိသည် -
(၁) အောက်ပါကိစ္စရပ်များအတွက် -
(ကက) ကုမ္ပဏီတစ်ခု သို့မဟုတ် ကုမ္ပဏီတစ်ခု၏ ဒါရိုက်တာတစ်ဦးဦးသည် ဤဥပဒေကို လိုက်နာ ဆောင်ရွက်ခြင်းရှိမရှိ စိစစ်ရန် သို့မဟုတ်
(ခခ) ဤဥပဒေအရ အပ်နှင်းထားသော ယင်း၏အခွင့်အရေးများ သို့မဟုတ် အခွင့်အာဏာတစ်ရပ်ရပ် ကို ကျင့်သုံးဆောင်ရွက်ခြင်းရှိမရှိ စိစစ်ရန် သို့မဟုတ်
(ဂဂ) ဤဥပဒေအား ချိုးဖောက်သည့် ပြစ်မှုများကို ရှာဖွေဖော်ထုတ်ရန်နှင့်
(၂) အများပြည်သူအကျိုးငှာ ထိုသို့ဆောင်ရွက်ရန်လိုအပ်သည်ဟု မှတ်ပုံတင်အရာရှိက ထင်မြင်လျှင် အောက်ပါတစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်သည်-
(ကက) ပုဂ္ဂိုလ်တစ်ဦးဦး၏ လက်ဝယ်တွင်ရှိသော သို့မဟုတ် ကြီးကြပ်မှုအောက်တွင်ရှိသော သက်ဆိုင် သည့်စာရွက်စာတမ်းများကို စစ်ဆေးကြည့်ရှုနိုင်ရန်အတွက် အဆိုပါ စာရွက်စာတမ်းများကို တင်ပြစေ ခြင်း၊
(ခခ) သက်ဆိုင်သည့် စာရွက်စာတမ်းများ၏ မိတ္တူများကို စစ်ဆေးကြည့်ရှု ခြင်းနှင့်ရယူခြင်း၊
(ဂဂ) မိတ္တူများရယူရန်အတွက် သက်ဆိုင်သည့်စာရွက်စာတမ်းများကို လက်ဝယ်ရယူခြင်းနှင့် ထိန်း သိမ်း ထားသည့်နေရာမှ ၎င်းတို့အားရွှေ့ပြောင်းခြင်း၊ သင့်တော်သည့် အချိန်ကာလအတွင်း သိမ်းဆည်း ထားခြင်း၊
(ဃဃ) ပြစ်မှုတစ်ရပ်ကိုကျူးလွန်ကြောင်း သက်သေခံ အထောက်အထားများရှိသည်ဟု ယုံကြည်ရ သည့် သင့်လျော်သော အကြောင်းအချက်များ ရှိခဲ့လျှင် သင့်လျော်သည့် အခြေအနေအားလုံးတွင် ကာလ တစ်ရပ်အထိ သက်ဆိုင်သည့်စာရွက်စာတမ်းများကို သိမ်းဆည်းထားခြင်း။
(ခ) အခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ခြင်းသည် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင်ရှိသည့် သတ်မှတ်စီစဉ်ထားသည့် ဘဏ် သို့မဟုတ် အခြားဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ရပ်ရပ်ဖြစ်သည့် ကုမ္ပဏီတစ်ခုနှင့်စပ်လျဉ်း၍ ကျင့်သုံးရခြင်းဖြစ်လျှင် ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးခြင်း မပြုမီ မှတ်ပုံတင်အရာရှိသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းရမည်။
(ဂ) ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာတစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်ရာတွင် မည်သူမျှ မှတ်ပုံတင်အရာရှိကို သို့မဟုတ် မှတ်ပုံတင်အရာရှိက အခွင့်အာဏာ အပ်နှင်းထားသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို နှောင့်ယှက်ခြင်း သို့မဟုတ် နှောင့်နှေးစေခြင်း မပြုရ။
(ဃ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ပြုလုပ်ပြီးနောက် မှတ်ပုံတင်အရာရှိက တရားစွဲဆို ဆောင်ရွက်သင့်သည်ဟုယူဆလျှင် မှတ်ပုံတင်အရာရှိသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက် ကို ထည့်သွင်းစဉ်းစားပြီး တရားစွဲဆိုရန်ဆုံးဖြတ်ပါက တရားစွဲဆိုဆောင်ရွက်ရမည်။ ဤပုဒ်မခွဲသည် အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ ဤဥပဒေအရ မှတ်ပုံတင်အရာရှိအား အပ်နှင်းထားသည့် အခြားသော အခွင့်အရေးများကို ကျင့်သုံးဆောင်ရွက်ခြင်းအား တားမြစ်ကန့်သတ်ခြင်းမရှိစေရ။
၄၂၇။ မည်သူမဆိုသိလျက်ဖြင့်တမင်-
(က) ပုဒ်မ ၄၂၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲငယ်စိတ် (ကက) အရ သတ်မှတ်ချက် တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ခဲ့လျှင် သို့မဟုတ်
(ခ) ပုဒ်မ ၄၂၆၊ ပုဒ်မခွဲ (ဂ) အား ဆန့်ကျင်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့လျှင် ဒဏ်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပြစ်မှုတစ်ရပ်စီအတွက် ပေးဆောင်ရမည်။
မှတ်ပုံတင်အရာရှိ၏ဆုံးဖြတ်ချက်များအပေါ် အယူခံဝင်ရောက်ခြင်း
၄၂၈။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက်တစ်ရပ်ကြောင့် နစ်နာသူတစ်ဦးဦးသည် ဆုံးဖြတ်ချက်အား အကြောင်းကြားသည့်နေ့ရက်မှ ၂၈ ရက်အတွင်း ပြည်ထောင်စုဝန်ကြီးထံသို့ အယူခံ ဝင်ရောက်နိုင်သည်။
(ခ) ပြည်ထောင်စုဝန်ကြီးသည် ပုဒ်မခွဲ (က) အရ အယူခံမှုကိုစိစစ်ပြီး မှတ်ပုံတင်အရာရှိ၏ ဆုံးဖြတ်ချက် ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
အခကြေးငွေများ
၄၂၉။ (က) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ အခကြေးငွေပေးချေရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်ဖော်ပြထားသည့် အခြားသော အခကြေးငွေများကို မှတ်ပုံတင်အရာရှိ ထံသို့ ပေးသွင်းရမည်။
(ခ) ဤဥပဒေအရ မှတ်ပုံတင်အရာရှိထံသို့ ပေးသွင်းရသည့် အခကြေးငွေများအားလုံးကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ထည့်သွင်းရမည်။
မှတ်ပုံတင်အရာရှိထံသို့ စာရင်းများနှင့် စာရွက်စာတမ်းများကို တင်ပြခြင်း
၄၃၀။ (က) ကုမ္ပဏီတစ်ခုသည် စာရင်းများ၊ ငွေစာရင်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့တင်ပြရန် သို့မဟုတ် အခြားကိစ္စတစ်ရပ်ရပ်ကို မှတ်ပုံတင် အရာရှိထံသို့ အကြောင်းကြားတင်ပြရန်တို့နှင့်စပ်လျဉ်းသည့် ဤဥပဒေအရ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ပြီးနောက် အဆိုပါပျက်ကွက်မှုကို ပြင်ဆင်ဆောင်ရွက်ရန် အကြောင်းကြားသည့်နေ့ရက်မှစ၍ ၂၁ ရက်အတွင်း အဆိုပါပျက်ကွက်မှုကို ကောင်းမွန်သည်အထိ ပြင်ဆင်ခြင်းမပြုလျှင် ကုမ္ပဏီတွင် ပါဝင်သူ သို့မဟုတ် ကုမ္ပဏီ၏မြီရှင် တစ်ဦးဦးကဖြစ်စေ၊ မှတ်ပုံတင်အရာရှိကဖြစ်စေ တရားရုံးသို့ တင်ပြ လျှောက်ထားလာလျှင် တရားရုံးသည် ကုမ္ပဏီနှင့် ကုမ္ပဏီ၏အရာရှိများကို တရားရုံးက သတ်မှတ်ပေး သည့် အချိန်ကာလအတွင်း ပျက်ကွက်မှုအားပြင်ဆင်ရန် ညွှန်ကြားသည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင် သည်။
(ခ) အဆိုပါအမိန့်တစ်ရပ်ရပ်တွင် ပျက်ကွက်မှုအတွက် တာဝန်ရှိသောကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏ အရာရှိများမှ လျှောက်ထားမှုနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို ကျခံစေရန်အတွက် သတ်မှတ် ဖော်ပြနိုင်သည်။
(ဂ) ဤပုဒ်မတွင်ပါရှိသော မည်သည့်ပြဋ္ဌာန်းချက်ကမျှ အထက်တွင်ဖော်ပြထားသော ပျက်ကွက်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ကုမ္ပဏီကိုဖြစ်စေ၊ ယင်းကုမ္ပဏီ၏ အရာရှိများကိုဖြစ်စေ ပြစ်ဒဏ် သတ်မှတ်သည့် ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် အခြားပြဋ္ဌာန်းချက်တစ်ရပ်ရပ်အား ဆောင်ရွက်မှုကို ထိခိုက်ခြင်းမရှိစေရ သို့မဟုတ် ဤဥပဒေကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် ကုမ္ပဏီတစ်ခုခု သို့မဟုတ် ကုမ္ပဏီမှ အခြားသူတစ်ဦးဦးနှင့် စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိမှ အရေးယူ ဆောင်ရွက်မှုတစ်ရပ်ရပ်ကို တားမြစ်ကန့်သတ်ထားခြင်းမရှိစေရ။
(ဃ) ကုမ္ပဏီသည် ပုဒ်မ ၉၇ အရ လိုအပ်သော နှစ်စဉ်အစီရင်ခံစာ တင်ပြရန်ပျက်ကွက်လျှင် သို့မဟုတ် မှတ်ပုံတင်အရာရှိထံတင်ပြသော စာရွက်စာတမ်းများတွင် လိမ်လည်ထားခြင်းများ ပြုလုပ်ထားလျှင် မှတ်ပုံတင်အရာရှိမှ ထိုကိစ္စနှင့်သက်ဆိုင်သည့် အချက်အလက်များသည် ကုမ္ပဏီ၊ ယင်း၏မြီရှင် သို့မဟုတ် အများပြည်သူ၏အကျိုးစီးပွားကို ကြီးမားစွာထိခိုက်စေကြောင်း တွေ့ရှိရလျှင် မှတ်ပုံတင် အရာရှိသည် ထိုကုမ္ပဏီသို့ ကုမ္ပဏီ၏မှတ်ပုံတင်ထားရှိမှုကို ဆိုင်းငံ့မည်ဖြစ်ကြောင်း ကုမ္ပဏီက ပေးချေ ရမည့် အခကြေးငွေများကို ပေးသွင်းခြင်းနှင့် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်ပေးဆောင်ခြင်း အပါအဝင် အကြောင်းကြားစာပေးပို့၍ ထိုပျက်ကွက်မှုကို ၂၈ ရက်အတွင်း ကောင်းမွန်သည်အထိ ပြင်ဆင်နိုင်ခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ဆိုင်းငံ့မှုကိုပြုလုပ်နိုင်သည်။
(င) မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဃ) အရပြုလုပ်သည့် ဆိုင်းငံ့မှုနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ လျှောက် ထားမှုအပေါ် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(၁) ကုမ္ပဏီသည် တင်ပြလျှောက်ထားချက်တွင် တင်ပြရန်လိုအပ်သည့် နှစ်စဉ်အစီရင်ခံစာ၊ ယင်း အတွက်ပေးသွင်းရမည့် အခကြေးငွေနှင့် သတ်မှတ်ဖော်ပြထားသည့် နောက်ကျကြေး သို့မဟုတ် ဒဏ် ကြေးတို့နှင့်အတူ ပူးတွဲတင်ပြလျှင် နှစ်စဉ် အစီရင်ခံစာကိုတင်ပြရန် ပျက်ကွက်ခြင်းအတွက် ဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်းခြင်းနှင့် မှတ်ပုံတင်အရာရှိ၏စာရင်းတွင် ကုမ္ပဏီအား ပြန်လည်ထိန်းသိမ်းခြင်း သို့မ ဟုတ်
(၂) ကုမ္ပဏီသည် တင်ပြလျှောက်ထားချက်တွင် စာရွက်စာတမ်းအမှားပြင်ဆင်ထားခြင်းနှင့် မှတ်ပုံတင် အရာရှိမှ အကျိုးအကြောင်းခိုင်လုံစွာ လက်ခံနိုင်သည့် တိကျမှန်ကန်သော သတင်းအချက်အလက်နှင့် အတူ ယင်းအတွက် ပေးသွင်းရမည့် အခကြေးငွေနှင့် သတ်မှတ်ဖော်ပြထားသည့် နောက်ကျကြေး သို့မဟုတ် ဒဏ်ကြေးတို့နှင့်အတူ ပူးတွဲတင်ပြလျှင် လိမ်လည်လှည့်ဖြားခြင်း သို့မဟုတ် မှားယွင်း ကြေညာချက်ပါရှိခြင်းကြောင့် ကုမ္ပဏီ၏ အကျိုးစီးပွားကို အဓိကထိခိုက်ပျက်ဆီးစေနိုင်သော သတင်း အချက်အလက်ပါရှိသော စာရွက်စာတမ်းတင်ပြမှုအတွက် ဆိုင်းငံ့မှုကို ပြန်လည်ရုပ်သိမ်းခြင်းနှင့် မှတ်ပုံတင်အရာရှိ၏စာရင်းတွင် ကုမ္ပဏီအား ပြန်လည်ထိန်းသိမ်းခြင်း။
(စ) ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်ထားခြင်းအား ဆိုင်းငံ့ထားသည့်နေ့မှ နောက်ထပ် ခြောက်လပြည့်ပြီး နောက် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်နိုင်ပြီး အဆိုပါ အကြောင်းကိစ္စကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ အဆိုပါအကြောင်းကြားစာအား နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြပြီးသည့်အခါ ကုမ္ပဏီကိုဖျက်သိမ်းရမည်။ သို့ရာတွင် ကုမ္ပဏီ ၏ ဒါရိုက်တာနှင့် ကုမ္ပဏီတွင် ပါဝင်သူများအားလုံး၏ တာဝန်ရှိမှုများရှိခဲ့လျှင် ကုမ္ပဏီကိုဖျက်သိမ်း ခြင်းမပြုသကဲ့သို့ ဆက်လက်အကျိုးသက်ရောက်စေရမည်။
(ဆ) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် မြီရှင်တစ်ဦးဦးက ကုမ္ပဏီကိုမှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခြင်းကြောင့် နစ်နာသည်ဟုယူဆလျှင် ၎င်းတို့၏ လျှောက်ထားမှုဖြင့် တရားရုံးက ကုမ္ပဏီသည် ထိုသို့ပယ်ဖျက်ခြင်းခံရသည့်အချိန်က စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန်သင့်လျော်သည့် အခြားအကြောင်းများ ရှိကြောင်း တွေ့ရှိရလျှင် တရားရုံးသည် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန် အမိန့်တစ်ရပ် ချမှတ်နိုင်သည်။ ၎င်းနောက်ကုမ္ပဏီသည် ယင်း၏အမည်အားပယ်ဖျက်ခြင်းမရှိသကဲ့သို့ ဆက်လက်ရပ်တည်လျက်ရှိသည်ဟု မှတ်ယူရမည်။ တရားရုံးသည် ကုမ္ပဏီ၏အမည်ကို ပယ်ဖျက်ခြင်း မရှိသကဲ့သို့ ကုမ္ပဏီနှင့်မူလနေရာတွင် တာဝန်ရှိကြသော အခြားသူများ အားလုံးအတွက် သင့်သည် ထင်မြင်သည့် ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များကို အမိန့်ချမှတ်၍ ပေးအပ်နိုင်သည်။
(ဇ) ဤဥပဒေပါ အခြားသောပြဋ္ဌာန်းချက်များကို ထိခိုက်စေခြင်းမရှိစေဘဲ မှတ်ပုံတင်အရာရှိမှ စာရွက် စာတမ်းများကိုစစ်ဆေးနိုင်သည့် အခွင့်အာဏာများ၊ စုံစမ်းစစ်ဆေးမှုကိုပြုလုပ် နိုင်သည့်အခွင့်အာဏာ၊ ဖျက်သိမ်းပြီးကုမ္ပဏီများကို စာရင်းမှပယ်ဖျက်ရန် ဆောင်ရွက်ခြင်း၊ ပြစ်မှုနှင့်စပ်လျဉ်းသည့် အကြောင်း ကြားစာပေးပို့ခြင်း သို့မဟုတ် တရားစွဲဆိုမှုများကို ဆောင်ရွက်ရန်ပြုလုပ်ခြင်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်းမှ ပြန်လည်ပယ်ဖျက်ခြင်းအပါအဝင် ကုမ္ပဏီအပေါ်ချမှတ်သည့် အမိန့် များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဤဥပဒေအရသတ်မှတ်ထားသည့် သက်ဆိုင်ရာပုဂ္ဂိုလ် တစ်ဦးဦး အပေါ် ချမှတ်သည့်အမိန့်များကို ဆောင်ရွက်ခြင်းတို့အတွက် အခွင့်အာဏာများအပါအဝင် ပုဒ်မခွဲ (ဃ) နှင့် သက်ဆိုင်စေရမည်။
မှတ်ပုံတင်အရာရှိက မှတ်ပုံတင်စာရင်းမှအကျိုးသက်ဝင်မှုမရှိသော ကုမ္ပဏီများကိုပယ်ဖျက်ခြင်း
၄၃၁။ (က) ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိကြောင်း မှတ်ပုံတင် အရာရှိက ယုံကြည်ဖွယ်အကြောင်းရှိလျှင် မှတ်ပုံတင်အရာရှိက ထိုကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခြင်းရှိမရှိ မေးမြန်းရန်နှင့် ပြန်လည်တင်ပြရန် အကြောင်းကြားစာတစ်စောင်ကို စာတိုက်မှဖြစ်စေ၊ အီလက်ထရောနစ် နည်းတစ်ခုခု ဖြင့်ဖြစ်စေ၊ ကုမ္ပဏီသို့အသိပေးနိုင်သည့် အခြား နည်းလမ်းတစ်ခုခုဖြင့်ဖြစ်စေ အဆိုပါ ကုမ္ပဏီသို့ပေးပို့ အကြောင်းကြားရမည်။
(ခ) မှတ်ပုံတင်အရာရှိသည် အဆိုပါအကြောင်းကြားစာကို ပေးပို့ပြီးနောက် ၂၈ ရက်အတွင်း ဖြေကြားမှု တစ်စုံတစ်ရာကိုမရရှိခဲ့လျှင် အဆိုပါကာလကုန်ဆုံး ပြီးနောက် ၆ဝ ရက်အတွင်း ပထမအကြောင်းကြား စာကို ရည်ညွှန်းလျက် ပုဒ်မခွဲ (က) ပါနည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ကုမ္ပဏီသို့ပေးပို့ ရမည်ဖြစ်ပြီး ထိုအကြောင်းကြားစာတွင် ဖြေကြားမှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ဖော်ပြပါရှိစေရမည်။ ဒုတိယအကြောင်းကြားစာ ပေးပို့သည့် နေ့မှ ၂၈ ရက်အတွင်း ဒုတိယအကြောင်းကြားစာအပေါ် ဖြေကြား မှုမရရှိခဲ့လျှင် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အကြောင်းကြားစာကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။
(ဂ) ကုမ္ပဏီသည် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိကြောင်း ကုမ္ပဏီထံမှ ဖြေကြားချက်ကို လက်ခံရရှိခဲ့လျှင် သို့မဟုတ် ဒုတိယအကြောင်းကြားစာကို ပေးပို့ ပြီးနောက် ၂၈ ရက် အတွင်းဖြေကြားမှုကို လက်ခံရရှိခြင်းမရှိခဲ့လျှင် မှတ်ပုံတင်အရာရှိသည် အကြောင်းကြားစာ ပေးပို့သည့် နေ့မှ သုံးလကုန်ဆုံးသည့်ကာလတွင် ကွဲလွဲသည့်အကြောင်း တစ်စုံတစ်ရာမရှိလျှင် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်ကြောင်းနှင့် ကုမ္ပဏီကိုဖျက်သိမ်းမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် အကြောင်းကြားစာ တစ်စောင်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာပြီး ကုမ္ပဏီထံသို့လည်း ပုဒ်မခွဲ (က) ပါ နည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ပေးပို့ရမည်။
(ဃ) ကုမ္ပဏီကိုဖျက်သိမ်းသည့်အခါ မှတ်ပုံတင်အရာရှိသည် စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ဆောင်ရွက်နေခြင်းမရှိကြောင်း မှတ်ပုံတင်အရာရှိကယုံကြည်ရန် အကြောင်းရှိခဲ့လျှင် သို့မဟုတ် ကုမ္ပဏီ ၏ ကိစ္စရပ်များကို အပြည့်အဝ စာရင်းရှင်းလင်းဖျက်သိမ်းပြီး နောက်တစ်ဆက်တည်းဖြစ်သော ခြောက်လကာလအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိက ပြုလုပ်ရန်လိုအပ်သည့် ပြန်ကြား ချက်များကို မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) ပါ နည်းလမ်းများအနက် နည်းလမ်းတစ်ခုခုဖြင့် ကုမ္ပဏီ သို့ဖြစ်စေ၊ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ နောက်ဆုံးလုပ်ငန်းတည်ရှိသည့် နေရာထံသို့ဖြစ်စေ ပေးပို့ပေးရန်တောင်းဆိုသည့် အကြောင်းကြားစာပေးပို့ပြီးနောက် ထိုပြန်ကြားချက်များကိုမပေးပို့ခဲ့လျှင် မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ဂ) တွင် ဖော်ပြခဲ့သည့်အတိုင်း အကြောင်းကြားစာတစ်စောင်ကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာပြီး ကုမ္ပဏီထံသို့လည်း ပေးပို့ရမည်။
(င) အကြောင်းကြားစာတွင် ဖော်ပြပါရှိသည့် အချိန်ကာလ ကျော်လွန်ပြီးနောက် ကုမ္ပဏီက ကွဲလွဲမှု တစ်စုံတစ်ရာ တင်ပြလာခြင်းမရှိလျှင် မှတ်ပုံတင်အရာရှိသည် ထိုကုမ္ပဏီ၏ အမည်ကို မှတ်ပုံတင်စာရင်း မှပယ်ဖျက်နိုင်ပြီး အဆိုပါအကြောင်းကိစ္စကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်။ အဆိုပါ အကြောင်းကြားစာအား နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြပြီးသည့်အခါ ကုမ္ပဏီကို ဖျက်သိမ်း ရမည်။ သို့ရာတွင် ကုမ္ပဏီ၏ဒါရိုက်တာနှင့် ကုမ္ပဏီတွင်ပါဝင်သူများအားလုံး၏ တာဝန်ရှိမှုများရှိခဲ့လျှင် ကုမ္ပဏီကိုဖျက်သိမ်းခြင်း မပြုသကဲ့သို့ ဆက်လက်အကျိုးသက်ရောက် စေရမည်။
(စ) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ သို့မဟုတ် မြီရှင်တစ်ဦးဦးက ကုမ္ပဏီကို မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခြင်းကြောင့် နစ်နာသည်ဟုယူဆလျှင် ၎င်းတို့၏လျှောက်ထားမှုဖြင့် တရားရုံးက ကုမ္ပဏီသည် ထိုသို့ပယ်ဖျက်ခြင်းခံရသည့်အချိန်က စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့ကြောင်း သို့မဟုတ် ကုမ္ပဏီကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန်သင့်လျော်သည့် အခြား အကြောင်းများ ရှိကြောင်း တွေ့ရှိရလျှင် တရားရုံးသည် ကုမ္ပဏီ၏အမည်ကို မှတ်ပုံတင်စာရင်းတွင် ပြန်လည်ဖော်ပြရန် အမိန့်တစ်ရပ်ချမှတ် နိုင်သည်။ ၎င်းနောက် ကုမ္ပဏီသည် ယင်း၏အမည်အား ပယ်ဖျက်ခြင်းမရှိသကဲ့သို့ ဆက်လက်ရပ်တည်လျက် ရှိသည်ဟု မှတ်ယူရမည်။ တရားရုံးသည် ကုမ္ပဏီ၏အမည်ကို ပယ်ဖျက်ခြင်း မရှိသကဲ့သို့ ကုမ္ပဏီနှင့် မူလနေရာတွင် တာဝန်ရှိကြသော အခြားသူများအားလုံးအတွက် သင့်သည် ထင်မြင်သည့် ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များကို အမိန့်ချမှတ်၍ ပေးအပ်နိုင်သည်။
(ဆ) ဤပုဒ်မအရပြုလုပ်သည့် အကြောင်းကြားစာတစ်စောင်ကို ကုမ္ပဏီ၏မှတ်ပုံတင်ထားသော ရုံးခန်း နေရာ သို့မဟုတ် ကုမ္ပဏီမှ မှတ်ပုံတင်အရာရှိထံသို့ တင်ပြထားသည့် အီလက်ထရောနစ်နည်းအရ လိပ်မူ ပေးပို့ရမည် သို့မဟုတ် နိုင်ငံတစ်ဝှမ်း ထုတ်ဝေဖြန့်ဖြူးလျက်ရှိသော နေ့စဉ်ထုတ်သတင်းစာတစ်ခုခုတွင် အသိပေးကြေညာရမည် သို့မဟုတ် ကုမ္ပဏီ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိများထံသို့ပေးပို့ရမည်။ ဒါရိုက်တာ သို့မဟုတ် အရာရှိများ၏ အမည်နှင့်လိပ်စာကို မှတ်ပုံတင်အရာရှိက သိရှိထားခြင်းမရှိပါက ကုမ္ပဏီဖွဲ့စည်း တည်ထောင်ရန်အတွက် တင်သွင်းသည့်လျှောက်လွှာတွင် ကုမ္ပဏီတွင် ပါဝင်သူများအဖြစ် အမည်စာရင်းပါရှိသော ပုဂ္ဂိုလ်တစ်ဦးစီထံသို့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ဖော်ပြပါရှိသည့် လိပ်စာ များအတိုင်း အဆိုပါအကြောင်းကြားစာကို လိပ်မူပေးပို့နိုင်သည်။
(ဇ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ပုဒ်မ ၄၃ဝ၊ ပုဒ်မခွဲ (ဃ) အရ မှတ်ပုံတင်အရာရှိ၏ အခွင့်အာဏာ များ သို့မဟုတ် ဤဥပဒေအရအပ်နှင်းထားသည့် အခြားသက်ဆိုင်သည့် အခွင့်အာဏာများကို ထိခိုက် စေခြင်းမရှိစေဘဲ ကျင့်သုံးဆောင်ရွက်ရမည်။
အပိုင်း (၇)
တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြစ်မှုများ
အခန်း(၂၉)
တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာနှင့် တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းများ
တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာ
၄၃၂။ ဤဥပဒေအရ စီရင်ပိုင်ခွင့်အာဏာရှိသောတရားရုံးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် ဖြစ်သည်။ သို့ရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ခရိုင်တရားရုံး တစ်ခုခု သို့ စီရင်ပိုင်ခွင့်အာဏာအပ်နှင်းနိုင်သည်။
တရားစွဲဆိုစစ်ဆေးဆောင်ရွက်ခြင်းများ
ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်မရှိခြင်း
၄၃၃။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၌ပါရှိသော ပြဋ္ဌာန်းချက်တစ်ရပ်ရပ်တွင် မည်သို့ပင်ဖော်ပြထားစေကာမူ ဤဥပဒေပါ ပြစ်မှုအားလုံးသည် အဆိုပါကျင့်ထုံးဥပဒေ၏ ကိစ္စရပ်များအတွက် ရဲအရေးယူပိုင်ခွင့်မရှိ သောပြစ်မှုများဖြစ်သည်ဟု မှတ်ယူရမည်။
ကုန်ကျစရိတ်အတွက် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီသို့ အာမခံတင်သွင်းစေရန် ညွှန်ကြားနိုင် သည့် အခွင့်အာဏာ
၄၃၄။ တရားစွဲဆိုမှု သို့မဟုတ် စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်တွင် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ တစ်ခုသည် တရားလိုသော်လည်းကောင်း၊ လျှောက်ထားသူသော်လည်းကောင်း ဖြစ်ခဲ့လျှင် အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း၍ တရားရုံးသည် တရားပြိုင်က ခုခံချေပမှုများအောင်မြင်ခဲ့လျှင် ကုမ္ပဏီ၏ တရားရုံးကုန်ကျစရိတ်များကို ကုမ္ပဏီအနေဖြင့် ပေးချေနိုင်မည်မဟုတ်ကြောင်း ယုံကြည်ပါက အဆိုပါ ကုန်ကျစရိတ်များအတွက် ကုမ္ပဏီကို လုံလောက်သည့် အာမခံတစ်ရပ်ထားရှိစေနိုင်ပြီး ထိုအာမခံကို တင်သွင်းပြီးသည့်အချိန်ကာလအထိ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုအားလုံးကို ဆိုင်းငံ့ထားနိုင်သည်။
အချို့သောမှုခင်းကိစ္စများတွင် တရားရုံးက သက်သာခွင့်ပေးအပ်နိုင်သည့် အခွင့်အာဏာ
၄၃၅။ (က) ဤဥပဒေအရ တာဝန်ရှိမှုတစ်ရပ်ရပ်နှင့်စပ်လျဉ်းသည့် ကိစ္စရပ်အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှုများ၊ ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦး အပေါ် ဆောင်ရွက်ပေးရမည့်တာဝန်အား ချိုးဖောက်ခြင်း၊ သို့မဟုတ် ယုံကြည်အပ်နှံမှုကို ချိုးဖောက်ခြင်း များအတွက် စွဲဆိုဆောင်ရွက်သည့် မှုခင်းကိစ္စရပ်များတွင် အဆိုပါကိစ္စရပ်များကို ကြားနာသည့်တရား ရုံး၌ ထိုပုဂ္ဂိုလ်သည် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့်တာဝန်အားချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက်မှုများအတွက် တာဝန်ရှိကြောင်း သို့မဟုတ် တာဝန်ရှိနိုင်ကြောင်း၊ သို့သော် ၎င်းအားခန့်အပ်ခြင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်အပါအဝင် မှုခင်းကိစ္စရပ်အားလုံးတွင် သဘော ရိုးဖြင့် လျော်ကန်သည့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့် တာဝန်အား ချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက်မှုများအတွက် ၎င်းအပေါ်မျှတစွာ စီရင်ဆောင်ရွက်သင့်ကြောင်း တွေ့ရှိရလျှင် တရားရုံးသည် သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များ ဖြင့် ထိုသူအား၎င်း၏တာဝန်ရှိမှုမှ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ သက်သာခွင့်ပြုနိုင် သည်။
(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေအရ တာဝန်ရှိမှု တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့်ကိစ္စရပ် အပါအဝင် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆန့်ကျင်ဆောင်ရွက်မှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ၎င်းအပေါ်တွင် စွဲဆိုဆောင်ရွက်လျက်ရှိသည့် မှုခင်းတစ်ရပ်ရပ်ကို ပြုလုပ် မည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် ထိုသူသည် သက်သာခွင့်အတွက် တရားရုံးသို့ တင်ပြတောင်းခံနိုင် သည်။ အဆိုပါ လျှောက်ထားမှုအား လက်ခံရရှိသည့်အခါ တရားရုံးသည် ပေါ့လျော့မှု၊ ပျက်ကွက်မှု၊ ဆောင်ရွက်ပေးရမည့် တာဝန်အားချိုးဖောက်မှု သို့မဟုတ် ယုံကြည်အပ်နှံခြင်းကို ချိုးဖောက်မှုများ အတွက် ထိုသူအပေါ် စွဲဆိုဆောင်ရွက်လျက်ရှိသည့် မှုခင်းကိစ္စရပ်များတွင် ဤပုဒ်မပါပြဋ္ဌာန်းချက်အရ ထိုသူအပေါ် သက်သာခွင့်ပြုနိုင်သည့်အတိုင်း အလားတူဆောင်ရွက်နိုင်သည့် အခွင့်အာဏာများရှိသည်။
(ဂ) ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ကုမ္ပဏီ၏ဒါရိုက်တာများ၊
(၂) ကုမ္ပဏီ၏အတွင်းရေးမှူးများရှိခဲ့လျှင် ၎င်းပုဂ္ဂိုလ်များ၊
(၃) ကုမ္ပဏီ၏အခြားအရာရှိများနှင့်
(၄) ကုမ္ပဏီ၏ အရာရှိများဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ စာရင်းစစ်များအဖြစ် ကုမ္ပဏီကခန့်အပ် ထားသည့်ပုဂ္ဂိုလ်များ။
တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများကို မည်သို့ ပြုလုပ်ရခြင်း
၄၃၆။ ဤဥပဒေနှင့်အညီ ဤဥပဒေအရ ပြစ်မှုတစ်ရပ်ရပ်ကို တရားစွဲဆိုစစ်ဆေးဆောင်ရွက်သည့် ကိစ္စ တစ်ရပ်ရပ်တွင် သတင်းအချက်အလက်များ၊ စွဲချက်များ၊ တိုင်တန်းချက်များ သို့မဟုတ် လျှောက်ထားမှု များကို အောက်ပါပုဂ္ဂိုလ်များက ပြုလုပ်နိုင်သည် -
(က) ကိုယ်တိုင်တွေ့ရှိ ဆောင်ရွက်ခြင်းဖြစ်စေ၊ လျှောက်ထားချက် သို့မဟုတ် တောင်းဆိုချက် တစ်ရပ်ရပ် အပေါ် ပြန်ကြားခြင်းဖြစ်စေ ဆောင်ရွက်မည့်မှတ်ပုံတင်အရာရှိ သို့မဟုတ်
(ခ) ပုဒ်မ ၄၃၅ တွင်ဖော်ပြပါရှိသော ဤဥပဒေကိုချိုးဖောက်မှုအတွက် ၎င်းအပေါ်တရား စွဲဆိုမှုပြုလုပ် နိုင်မည့် ဖမ်းဆီးရန်အကြောင်းပြချက် ရှိသူဖြစ်သည့် ဤဥပဒေအရ သက်သာခွင့်အတွက် လျှောက်ထား ခွင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
(ဂ) တရားစွဲဆို ဆောင်ရွက်မှုပြုလုပ်ရန်အတွက် ပြည်ထောင်စုဝန်ကြီးက စာဖြင့်ရေးသား၍ အခွင့် အာဏာအပ်နှင်းခြင်းခံရသူတစ်ဦးဦး။
တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများတွင် ကြားဝင်ဆောင်ရွက်နိုင်သည့် မှတ်ပုံတင်အရာရှိ၏အခွင့် အာဏာ
၄၃၇။ (က) မှတ်ပုံတင်အရာရှိသည် ဤဥပဒေအရ ပေါ်ပေါက်လာသည့် ကိစ္စရပ်တစ်ခုခုနှင့် စပ်လျဉ်း၍ တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုတစ်ရပ်ရပ်တွင် ကြားဝင်ဆောင်ရွက်နိုင်သည်။
(ခ) မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) တွင်ဖော်ပြပါရှိသည့် တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ် တွင် ကြားဝင်ဆောင်ရွက်ခဲ့ပါက မှတ်ပုံတင်အရာရှိသည် အဆိုပါတရားစွဲဆို စစ်ဆေးဆောင်ရွက်မှုတွင် အမှုသည်တစ်ဦးအဖြစ်ပါဝင်နိုင်ပြီး ဤဥပဒေနှင့်အညီ အမှုသည်တစ်ဦး၏ အခွင့်အရေးများ၊ တာဝန်များ နှင့် တာဝန်ရှိမှုများအားလုံးကို ရရှိသည်။
ပြစ်မှုကြောင်းအရ တရားစွဲဆိုစစ်ဆေးဆောင်ရွက်မှုများကို ပြုလုပ်ရမည့်အချိန်ကာလ
၄၃၈။ အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေပါပြစ်မှု တစ်ရပ်ရပ် အတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများကို ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု စတင်သည့်နေ့မှ ခြောက်နှစ်အတွင်း တရားစွဲဆိုဆောင်ရွက်နိုင်သည်။
ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်း
၄၃၉။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် ဤဥပဒေပါပြစ်မှုတစ်ရပ်ကို ကျူးလွန်သည်ဟု မှတ်ပုံတင် အရာရှိက ယုံကြည်ရန်အကြောင်းရှိလျှင် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံးပြစ်ဒဏ်ကို အတိအလင်း သတ်မှတ်ဖော်ပြ ထားပါက ဤပုဒ်မတွင် ‘သတ်မှတ်ဖော်ပြထားသောပြစ်မှု’ဟု ခေါ်တွင်မည်။ မှတ်ပုံတင်အရာရှိသည် ပုဒ်မခွဲ (ခ) နှင့်အညီ အဆိုပါပုဂ္ဂိုလ်ထံသို့ သတ်မှတ်ဖော်ပြထားသည့်ပုံစံဖြင့် အကြောင်းကြားစာ တစ်စောင်အား ပေးပို့နိုင်သည် -
(၁) သတ်မှတ်ဖော်ပြထားသောပြစ်မှုကို ကျူးလွန်ခဲ့ကြောင်းစွပ်စွဲခြင်းနှင့် ထိုပြစ်မှုနှင့် စပ်လျဉ်းသည့် သတ်မှတ်ဖော်ပြထားသည့် အချက်အလက်များကိုဖော်ပြခြင်း၊
(၂) သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့်ပတ်သက်၍ သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်ကို ဖော်ပြခြင်းနှင့်
(၃) အောက်ပါတို့ကို ဖော်ပြပါရှိစေခြင်း -
(ကက) ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ပျက်ကွက်ခြင်းကြောင့် စွဲဆို ခံရသည့် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် သက်ဆိုင်သည့်ကိစ္စရပ်တွင်-
(၁) ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ရှိမှုသည်အကြောင်းကြား စာပေးပို့ခြင်း သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်ထားသော ပြစ်ဒဏ်အတွက် ငွေပေးချေခြင်း ပြုပြီးသော်လည်း တာဝန်ရှိမှုသည် ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊
(၂) အကြောင်းကြားစာတွင်သတ်မှတ်ထားသည့် အနည်းဆုံး ၂၁ ရက် ထက်ပိုသော ကာလတစ်ရပ် အတွင်း ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ် ဖော်ပြထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေပြီး အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြ ထားသောပြစ်မှုနှင့်စပ်လျဉ်း၍ ထပ်မံအရေးယူ ဆောင်ရွက်ခြင်း မပြုကြောင်းနှင့်
(၃) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် ကာလကုန်ဆုံးသည်အထိ ထိုသူသည် သတ်မှတ် ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင် အဖွဲ့ထံသို့ ငွေပေးချေခြင်းမပြုခဲ့လျှင် သို့မဟုတ် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခြင်း မပြုခဲ့လျှင် ၎င်းအပေါ် တရားစွဲဆိုဆောင်ရွက်မှုကို ပြုလုပ်နိုင်ကြောင်း သို့မ ဟုတ်
(ခခ) ဆောင်ရွက်ရမည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ပျက်ကွက်ခြင်းကြောင့် စွဲဆို ခံရသည့် ပြစ်မှုတစ်ရပ်မဟုတ်သော သတ်မှတ်ဖော်ပြထားသည့် ပြစ်မှုတစ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ် တွင် -
(၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အနည်းဆုံး ၂၁ ရက် ထက်ပိုသောကာလ တစ်ရပ် အတွင်း ထိုသူသည် သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ် ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် စပ်လျဉ်း၍ ထပ်မံအရေးယူဆောင်ရွက် ခြင်းမပြုကြောင်းနှင့်
(၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် ကာလကုန်ဆုံးသည်အထိ ထိုသူသည် သတ်မှတ် ဖော်ပြထားသည့် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံးသတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိကသတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာ တွင်သတ်မှတ်ထားသည့် အာဏာပိုင် အဖွဲ့ထံသို့ ငွေပေးချေခြင်း မပြုခဲ့လျှင် ၎င်းအပေါ်တရားစွဲဆိုဆောင်ရွက်မှုကို ပြုလုပ်နိုင်ကြောင်း။
(ခ) ပုဒ်မခွဲ (က) သည် မှတ်ပုံတင်အရာရှိအား အောက်ပါတို့ကို ဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်း ခြင်းမရှိရ-
(၁) သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်အား ပုဂ္ဂိုလ်တစ်ဦးက ကျုးလွန်ခဲ့ကြောင်း စွပ်စွဲသည့်ကိစ္စ အတွက် ပုဒ်မခွဲ (က) အရ အကြောင်းကြားစာ တစ်စောင်ထက်ပိုမို၍ ထိုသူထံသို့ ပေးပို့ခြင်း သို့မဟုတ်
(၂) ပုဒ်မ ၄၃၈ ပါပြဋ္ဌာန်းချက်များနှင့်အညီ အဆိုပါပြစ်မှုအတွက် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားစွဲဆို ဆောင်ရွက်နိုင်ခြင်းမရှိလျှင် သတ်မှတ်ဖော်ပြထားသော ပြစ်မှုကို ပုဒ်မခွဲ (က) အရ ၎င်းထံ အကြောင်း ကြားစာတစ်စောင်ပေးပို့ခြင်း။
(ဂ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်သည့် အကြောင်းကြားစာကို လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပေးပို့နိုင်သည်။
(ဃ) သီးခြားပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် စွဲဆိုခံရသည့် သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်ရပ်နှင့် သက်ဆိုင်သည့်ပုဂ္ဂိုလ် တစ်ဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်စောင် ပေးပို့သည့်အခါ-
(၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ်ဖော်ပြထား သည့် ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံးသတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေပြီး အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့လျှင်၊ ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်းမပြုနိုင်၊
(၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ်ဖော်ပြထား သည့်ပြစ်ဒဏ် သို့မဟုတ် အမြင့်ဆုံး သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေးချေသော်လည်း အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိလျှင်၊ ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်။ သို့သော် အဆိုပါပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို ဆောင်ရွက်ရန် ဆက်လက်တာဝန်ရှိ ပြီး ထိုသို့ ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်နေခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၄၄၉ ပါ ပြဋ္ဌာန်းချက် များကို သတ်မှတ်ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့်အမြင့်ဆုံး ပြစ်ဒဏ် အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် ပေးချေခဲ့သည့်နေ့ရက်တွင် အကျိုးသက် ရောက်၍ ထိုသူသည် အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန် ပျက်ကွက် ခြင်းကြောင့် စွဲဆိုခံရသည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်သည်။
(၃) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည့်အထိ ထိုသူသည် သတ်မှတ် ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံး ပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိက သတ်မှတ်သောပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင် အဖွဲ့ထံသို့ ငွေပေးချေခြင်းမပြုဘဲ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက် ခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသောပြစ်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည် သို့မဟုတ်
(၄) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည့်အထိ ထိုသူသည် သတ်မှတ် ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိက သတ်မှတ်သောပြစ်ဒဏ်အတွက် အကြောင်းကြား စာတွင်သတ်မှတ်ထားသည့် အာဏာပိုင် အဖွဲ့ထံသို့ ငွေပေးချေမှုမပြုခြင်း၊ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်မှု မပြုခြင်း၊ အဆိုပါ ပြုလုပ်မှု သို့မဟုတ် အကြောင်းအရာကို လိုက်နာဆောင်ရွက်ရန် တာဝန်ဆက်လက် ဖြစ်ပေါ်လျက်ရှိခြင်းများ ပေါ်ပေါက်ခဲ့လျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့် စပ်လျဉ်း၍ အရေးယူဆောင်ရွက်နိုင်သည်။
(င) သီးခြားပြုလုပ်မှု သို့မဟုတ် အကြောင်းအရာတစ်ရပ်ကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်းကြောင့် စွဲဆို ခံရသည့် ပြစ်မှုတစ်ရပ် မဟုတ်သော သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်နှင့် စပ်လျဉ်း၍ ပုဂ္ဂိုလ် တစ်ဦးဦးထံသို့ ပုဒ်မခွဲ (က) အရ အကြောင်းကြားစာတစ်စောင်ကို ပေးပို့သည့်အခါ -
(၁) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလအတွင်း ထိုသူသည် သတ်မှတ်ဖော်ပြထား သည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ် အထိ မှတ်ပုံတင်အရာရှိက သတ်မှတ်သောပြစ်ဒဏ်ကို အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင်အဖွဲ့ထံသို့ ငွေပေး ချေခဲ့လျှင်၊ ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်၊
(၂) အကြောင်းကြားစာတွင် သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးသည်အထိ ထိုသူသည် သတ်မှတ် ဖော်ပြထားသည့်ပြစ်ဒဏ် သို့မဟုတ် သတ်မှတ်ဖော်ပြထားသည့် အမြင့်ဆုံးပြစ်ဒဏ်အထိ မှတ်ပုံတင် အရာရှိက သတ်မှတ်သော ပြစ်ဒဏ်အတွက် အကြောင်းကြားစာတွင် သတ်မှတ်ထားသည့် အာဏာပိုင် အဖွဲ့ထံသို့ ငွေပေးချေမှုမပြုလျှင် ထိုသူအပေါ် သတ်မှတ်ဖော်ပြထားသော ပြစ်မှုနှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်နိုင်သည်။
(စ) သတ်မှတ်ဖော်ပြထားသော ပြစ်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ ဤပုဒ်မအရ ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ပေးပို့ သည့် အကြောင်းကြားစာပါ ငွေပမာဏကို ထိုသူက ပေးချေခြင်းသည် သတ်မှတ်ဖော်ပြထားသော ပြစ်မှု အား ကျူးလွန်ခြင်းနှင့် စပ်လျဉ်း၍ ထိုသူသည် တာဝန်ရှိမှုတစ်ရပ်ရပ်ကို ကင်းလွတ်ခွင့်ပြုရာရောက် သည့် အနေဖြင့် ဆောင်ရွက်ခြင်းမပြုရ။
(ဆ) ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၁) တို့တွင် ဖော်ပြပါရှိသည့် ကိစ္စရပ်များမှအပ ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် ဤပုဒ်မပါ ကိစ္စရပ်များအတွက် သတ်မှတ်ဖော်ပြ ထားသော ပြစ်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် စပ်လျဉ်းသည့် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းအား ထိခိုက်စေ ခြင်းမရှိစေရ။
တရားစွဲဆိုဆောင်ရွက်ခြင်းတွင် ကူညီဆောင်ရွက်မည့်သူများ
၄၄၀။ (က) ဤပုဒ်မတွင် တရားပြိုင်ဟု ရည်ညွှန်းမည့် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ဤဥပဒေအရ ပြစ်မှု တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ တရားစွဲဆို ဆောင်ရွက်သည့်အခါ သို့မဟုတ် မှတ်ပုံတင်အရာရှိက ဤဥပဒေ အရ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တရားစွဲဆိုဆောင်ရွက်သင့်ကြောင်း ထင်မြင်ယူဆသည့်အခါ မှတ်ပုံတင်အရာရှိသည် အောက်ပါပုဂ္ဂိုလ်များကို တရားစွဲဆိုဆောင်ရွက်မှုတွင် ကူညီဆောင်ရွက်စေနိုင် သည်-
(၁) တရားပြိုင်သည် လူပုဂ္ဂိုလ်တစ်ဦးဦးဖြစ်လျှင် တရားပြိုင်၏ အစုစပ်ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်
(၂) တရားပြိုင်သည် ကော်ပိုရေးရှင်းတစ်ခု ဖြစ်လျှင်၊ တရားပြိုင်၏ အရာရှိ၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးဖြစ်ခဲ့သော သို့မဟုတ် တစ်ဦးဦးဖြစ်သော ပုဂ္ဂိုလ် တစ်ဦးဦး။
ထိုသို့ ဆောင်ရွက်မည့်သူသည် တရားစွဲဆို ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ၎င်းက သင့်လျော်သည့် အကူ အညီများ အားလုံးကိုဆောင်ရွက်ပေးရမည်။
(ခ) ပုဂ္ဂိုလ်တစ်ဦးဦးသည် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများတွင် တရားပြိုင်တစ်ဦးအဖြစ်ဖြင့် ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦး၏ ရှေ့နေတစ်ဦးအဖြစ်ဖြင့်ဖြစ်စေ ဆောင်ရွက်ရန်အကြောင်းရှိသည်ဟု မှတ်ပုံတင် အရာရှိက ထင်မြင်ယူဆလျှင် ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် လိုက်နာဆောင်ရွက်ရမည့်အချက်ကို ပြုလုပ်ခြင်းမပြုရ။
(ဂ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) တို့ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဦးသည် ပုဒ်မခွဲ(က)အရ လိုအပ်သည့်အကူအညီများကို ပံ့ပိုးပေးရန် ပျက်ကွက်လျှင် ထိုသူသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဆောင်ရွက်သည်ဖြစ်၍ ထိုသို့ဆန့်ကျင် ဆောင်ရွက်မှု အတွက် ထိုသူအပေါ် ထိုက်သင့်သည့် ပြစ်ဒဏ်ကို ထိခိုက်စေခြင်းမရှိစေဘဲ တရားရုံးသည် မှတ်ပုံတင် အရာရှိ၏ လျှောက်ထားမှုအရ အဆိုပါသတ်မှတ်ချက်များကို လိုက်နာစေရန် အမိန့်ချမှတ်နိုင်ပြီး ထိုအမိန့် တွင်သတ်မှတ်ထားသည့် အချိန်ကာလအတွင်း သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ဆောင်ရွက်စေ နိုင်သည်။
(ဃ) ဤပုဒ်မတွင် တရားပြိုင်နှင့်သက်ဆိုင်သည့် ကိုယ်စားလှယ်ဆိုသည့် စကားရပ်တွင် တရားပြိုင်၏ ဝန်ထမ်း သို့မဟုတ် အရာရှိတစ်ဦးဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ တရားပြိုင်၏ ဘဏ်လုပ်ငန်း လုပ်ကိုင်သူ၊ တရားပြိုင်က စာရင်းစစ်အဖြစ် တာဝန်ပေးအပ်ထားသူ တစ်ဦးဦးလည်းပါဝင်သည်။
မြွက်ဟကြေညာခြင်းများ၊ အမိန့်များနှင့် တားမြစ်မိန့်များ
တာဝန်များနှင့် စပ်လျဉ်း၍ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း
၄၄၁။ (က) မှတ်ပုံတင်အရာရှိသည် ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တင်ပြလျှောက်ထားနိုင် သည်။
(ခ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ဤဥပဒေ၏ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်ကြောင်း ယုံကြည်လက်ခံနိုင်သော အကြောင်းရင်းများ ရှိသည်ဟု တရားရုံးက တွေ့ရှိလျှင် တရားရုံးသည် ပုဒ်မ ၁၉ဝ အရ ချမှတ်နိုင်သော ပြစ်ဒဏ် တစ်ရပ်ရပ်အစား အောက်ပါအမိန့်ကိုချမှတ်နိုင်သည် -
(၁) ဤပုဒ်မအရ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာချက်တစ်ရပ်ကို ချမှတ်ခြင်းနှင့်
(၂) ပုဒ်မ ၄၄၂ အရ ပြစ်ဒဏ်အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်း သို့မဟုတ်
(၃) ပုဒ်မ ၄၄၃ အရ လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်း။
(ဂ) ပုဒ်မခွဲ (ခ) အရ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာသည့် အမိန့်တစ်ရပ်ကို ချမှတ်ခဲ့လျှင် မှတ်ပုံတင်အရာရှိက ပုဒ်မခွဲ (က) အရ လျော်ကြေးပေးရန် အမိန့်တစ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တင်ပြလျှောက်ထားခြင်း မပြုလုပ်ပါက ကုမ္ပဏီသည် အဆိုပါ လျော်ကြေးပေးရန်အမိန့်တစ်ရပ်အတွက် တင်ပြလျှောက်ထားနိုင်သည်။
(ဃ) ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများကို ထိုသို့ ဆန့်ကျင် ဆောင်ရွက်သည့် အချိန်ကာလမှ ခြောက်နှစ်ထက်မပိုသော ကာလအတွင်း စတင်တရားစွဲဆိုဆောင်ရွက် နိုင်သည်။
(င) တရားရုံးသည် သက်ဆိုင်ရာဥပဒေတွင် ဖော်ပြပါရှိသည့်အတိုင်း ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟ ကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေး အတွက် တရားစွဲဆို စစ်ဆေးဆောင်ရွက်မှုများကို ကြားနာသည့်အခါ တရားမမှုခင်းများအတွက် သက်သေခံနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရမည်။
(စ) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ပြုလုပ်မှုတစ်ရပ်ကြောင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး ထိုပြုလုပ်မှု သည် ဆန့်ကျင်ဆောင်ရွက်သည့် ပြုလုပ်မှုနှင့် တစ်ထပ်တည်းတူညီနေလျှင် တရားရုံးသည် ထိုသူအပေါ် တွင် ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်း၊ ပြစ်ဒဏ်အမိန့် သို့မဟုတ် လျော်ကြေးပေးရန် အမိန့်တစ်ရပ်ရပ်ကို ချမှတ်ခြင်းမပြုရ။
ပြစ်ဒဏ်အမိန့်များ
၄၄၂။ (က) တရားရုံးသည် အောက်ပါအချက်များကို တွေ့ရှိရလျှင် ထိုသို့ ပြုလုပ်ဆောင်ရွက်သူကို ဒဏ်ကြေးငွေ သိန်း ၁၀၀ အထိ ငွေဒဏ်တစ်ရပ်ရပ်အား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းစေရန် အမိန့်ချမှတ်နိုင်သည် -
(၁) ပုဂ္ဂိုလ်တစ်ဦး၏ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်းကို ပုဒ်မ ၄၄၁အရ ပြုလုပ်ခဲ့ လျှင်နှင့်
(၂) ဆန့်ကျင်ဆောင်ရွက်ခြင်းသည် -
(ကက) ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ အကျိုးစီးပွားကို များစွာ ထိခိုက်စေလျှင် သို့မဟုတ်
(ခခ) ကုမ္ပဏီ၏ မြီရှင်များသို့ ကုမ္ပဏီက ပေးချေရမည့် လုပ်ကိုင်ဆောင်ရွက် နိုင်မှုကိုများစွာ ထိခိုက် စေလျှင်။
(ခ) တရားရုံးမှချမှတ်သော ပြစ်ဒဏ်သည် နိုင်ငံတော်၏ကိုယ်စား မှတ်ပုံတင်အရာရှိထံသို့ ပေးချေရမည့် တရားမကြွေးမြီတစ်ရပ်ဖြစ်သည်။ ထိုသူအပေါ် တင်ရှိနေသည့် ကြွေးမြီအား ရရှိနိုင်ရေးအတွက် ထိုသူ အပေါ်တွင် တရားမမှုစွဲဆိုဆောင်ရွက်ပြီး အမိန့်တစ်ရပ် ချမှတ်ထားသကဲ့သို့ မှတ်ပုံတင်အရာရှိသည် ထိုအမိန့်ကို အတည်ပြုဆောင်ရွက်နိုင်သည်။
လျော်ကြေးပေးရန်အမိန့်များ
၄၄၃။ (က) ပြစ်ဒဏ်အမိန့်တစ်ရပ်ကို ပုဒ်မ ၄၄၂ အရ လျှောက်ထားခဲ့ခြင်း သို့မဟုတ် ချမှတ်ခဲ့ခြင်း မရှိခဲ့လျှင်၊ တရားရုံးသည် အောက်ပါအချက်များကို တွေ့ရှိရပါက ကုမ္ပဏီအနေဖြင့် ထိခိုက်နစ်နာခဲ့သည် များအတွက် ပုဂ္ဂိုလ်တစ်ဦးက ကုမ္ပဏီသို့ လျော်ကြေးပေးစေရန် အမိန့် ချမှတ်နိုင်သည်-
(၁) ထိုသူ၏ ဆန့်ကျင်ဆောင်ရွက်မှုအား မြွက်ဟကြေညာခြင်းကို ပုဒ်မ ၄၄၁ အရ ပြုလုပ်ခဲ့လျှင်နှင့်
(၂) ထိခိုက်နစ်နာမှုသည် ဆန့်ကျင်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့လျှင်။
(ခ) အမိန့်တွင် လျော်ကြေးပေးရမည့်ပမာဏကို သတ်မှတ်ဖော်ပြရမည်။
(ဂ) လျော်ကြေးပေးရန်အမိန့်တစ်ရပ် ချမှတ်နိုင်ရေးအတွက် ကုမ္ပဏီမှ ထိခိုက်နစ်နာခဲ့သည်များကို ဆုံးဖြတ်ရာတွင် တရားရုံးသည် ဆန့်ကျင်ဆောင်ရွက်မှု သို့မဟုတ် ပြစ်မှုကြောင့် ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်သည့် အကျိုးအမြတ်များကိုလည်း ထည့်သွင်းစဉ်းစား သုံးသပ် နိုင်သည်။
(ဃ) လျော်ကြေးပေးရန် အမိန့်တစ်ရပ်ကို တရားရုံး၏ စီရင်ဆုံးဖြတ်ချက်တစ်ရပ်ကဲ့သို့ အတည်ပြု ဆောင်ရွက်နိုင်သည်။
တားမြစ်အမိန့်များ
၄၄၄။ (က) အောက်ပါကိစ္စရပ်များပေါ်ပေါက်လျှင်-
(၁) ဤဥပဒေအား ဆန့်ကျင်ဆောင်ရွက်မှု တစ်ရပ်ဖြစ်သည့် သို့မဟုတ် ဖြစ်နိုင်သည့်တစ်ဦးတစ်ယောက် ၏ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဤဥပဒေအရ ဆောင်ရွက်သည့်အခါ၊
(၂) ဤဥပဒေအား ဆန့်ကျင်ဆောင်ရွက်မှု တစ်ရပ်အတွက် တစ်ဦးတစ်ယောက်ကို တရားစွဲဆို ဆောင် ရွက်သည့်အခါသို့မဟုတ်
(၃) ဤဥပဒေအရ တစ်ဦးတစ်ယောက်ကို တရားမမှုခင်းတစ်ရပ် စစ်ဆေးဆောင်ရွက်သည့်အခါ။
ဤပုဒ်မတွင် သက်ဆိုင်သည့်ပုဂ္ဂိုလ်ဟု ခေါ်တွင်မည့် ပုဒ်မခွဲငယ် (၁)၊ (၂) နှင့် (၃) တို့တွင် ဖော်ပြထား သော ပုဂ္ဂိုလ်တစ်ဦးဦးက ကြွေးမြီနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လျော်ကြေး သို့မဟုတ် အခြားကိစ္စရပ်အတွက် ဖြစ်စေ ငွေပေးချေရန်သော်လည်းကောင်း သို့မဟုတ် ပစ္စည်းအတွက် ပေးသွင်းရန်သော်လည်းကောင်း တာဝန်ရှိသော သို့မဟုတ် တာဝန်ရှိမည်ဖြစ်သော ဤပုဒ်မတွင် နစ်နာသောပုဂ္ဂိုလ်ဟု ခေါ်တွင်မည့် အခြား ပုဂ္ဂိုလ်တစ်ဦး၏ အကျိုးခံစားခွင့်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထိုသို့ဆောင်ရွက်ရန် လိုအပ် ကြောင်း သို့မဟုတ် ထိုသို့ဆောင်ရွက်စေလိုကြောင်း တရားရုံးကဆုံးဖြတ်လျှင် တရားရုံးသည် မှတ်ပုံတင် အရာရှိကဖြစ်စေ၊ နစ်နာသူတစ်ဦးဦးကဖြစ်စေ တင်ပြလျှောက်ထားလာလျှင် ပုဒ်မခွဲ (ခ) ပါ အမိန့် တစ်ရပ် သို့မဟုတ် အမိန့်များကို ချမှတ်နိုင်သည်။
(ခ) ပုဒ်မခွဲ(က)နှင့် စပ်လျဉ်း၍ တရားရုံးမှ အောက်ပါအမိန့်တစ်ရပ် သို့မဟုတ် အမိန့်များကို ချမှတ် နိုင်သည်-
(၁) ကြွေးမြီတင်ရှိနေသည့်ပုဂ္ဂိုလ်တစ်ဦးကို သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင် သူ တစ်ဦးဦးထံသို့ ကြွေးမြီအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပေးချေခြင်းမှလည်းကောင်း၊ ကြွေးမြီတင်ရှိနေသည့်ပုဂ္ဂိုလ်၏ ညွှန်ကြားချက် သို့မဟုတ် တောင်းဆိုချက်အရ အခြားပုဂ္ဂိုလ်တစ်ဦးဦး သို့ ငွေပေးချေခြင်းမှလည်းကောင်း တားမြစ်သည့်အမိန့်၊
(၂) သက်ဆိုင်သည့် ပုဂ္ဂိုလ်၏ကိုယ်စား သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦး၏ ကိုယ်စား ငွေကြေး သို့မဟုတ် အခြားပစ္စည်းများကို လက်ဝယ်ထားရှိသူတစ်ဦးကို ငွေကြေး သို့မဟုတ် အခြား ပစ္စည်းကို ကိုယ်စားလက်ဝယ်ထားရှိခွင့်ပြုသူ၏ ညွှန်ကြားချက် သို့မဟုတ် တောင်းဆိုချက်အရ အခြား ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ ငွေကြေး အားလုံးကိုဖြစ်စေ၊ တစ်ရပ်ရပ်ကိုဖြစ်စေ ပေးချေခြင်းမှလည်းကောင်း၊ အခြား ပစ္စည်းများကို လွှဲပြောင်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှုကို ခွဲဝေပေးခြင်းမှလည်းကောင်း တားမြစ် သည့်အမိန့်၊
(၃) သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦးဦး၏ ငွေကြေးများကို တစ်ဦး တစ်ယောက်က နိုင်ငံတော်၏ ပြင်ပသို့ယူဆောင်ခြင်းကိုဖြစ်စေ၊ ပို့ဆောင်ခြင်းကိုဖြစ်စေ တားမြစ်သည့် အမိန့်၊
(၄) သက်ဆိုင်သည့်ပုဂ္ဂိုလ် သို့မဟုတ် ၎င်း၏ တွဲဖက်လုပ်ကိုင်သူတစ်ဦးဦး၏ ပစ္စည်းကို တစ်ဦး တစ်ယောက်က နိုင်ငံတော်၏ ပြည်တွင်းတစ်နေရာမှ နိုင်ငံတော်၏ပြင်ပ တစ်နေရာသို့ ယူဆောင်ခြင်း၊ ပေးပို့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းကို တားမြစ်သည့်အမိန့်၊
(၅) ခန့်အပ်သည့်အမိန့် -
(ကက) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူ၏ပစ္စည်း သို့မဟုတ် ထိုသူ၏ ပစ္စည်း တစ်စိတ်တစ်ဒေသနှင့်စပ်လျဉ်း၍ တရားရုံးကချမှတ်သည့် အမိန့်အရ အခွင့်အာဏာများရရှိသည့် ပစ္စည်း လက်ခံထိန်းသိမ်းသူ သို့မဟုတ် ယုံကြည်အပ်နှံခြင်းခံရသူအား ခန့်အပ်သည့်အမိန့် သို့မဟုတ်
(ခခ) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် ကုမ္ပဏီအပါအဝင် အဖွဲ့အစည်းတစ်ခု ဖြစ်လျှင် ထိုသူ၏ပစ္စည်း သို့မဟုတ် ထိုသူ၏ ပစ္စည်းတစ်စိတ်တစ်ဒေသနှင့် စပ်လျဉ်း၍ တရားရုံးက ချမှတ်သည့်အမိန့်အရ အခွင့် အာဏာများရရှိသည့် ပစ္စည်းလက်ခံ ထိန်းသိမ်းသူ သို့မဟုတ် တရားဝင်ခန့်အပ်ထားသည့် စာရင်း ရှင်းလင်းဖျက်သိမ်းရေးအရာရှိ ခန့်အပ်သည့်အမိန့်၊
(၆) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် တရားရုံးက သင့်သည်ထင်မြင်သည့်အတိုင်း ထိုသူ၏ နိုင်ငံကူးလက်မှတ်နှင့် အခြားစာရွက်စာတမ်းများကို တရားရုံးသို့ တင်ပြစေရန် ချမှတ်သည့် အမိန့် သို့မဟုတ်
(၇) သက်ဆိုင်သည့်ပုဂ္ဂိုလ်သည် လူပုဂ္ဂိုလ်ဖြစ်လျှင် ထိုသူကို တရားရုံး၏ ခွင့်ပြုချက်မပါရှိဘဲ နိုင်ငံတော် အတွင်းမှ ထွက်ခွာခြင်းကို တားမြစ်သည့်အမိန့်။
(ဂ) ပုဒ်မခွဲ (ခ) အရ ပြုမူဆောင်ရွက်မှုများကို တားမြစ်ရန် အပြည့်အဝဖြင့်သော် လည်းကောင်း၊ ခြွင်းချက်ဖြင့်သော်လည်းကောင်း အမိန့်ချမှတ်နိုင်သည်။
(ဃ) ပုဒ်မခွဲ (က) အရ အမိန့်တစ်ရပ်ရပ်ကို ချမှတ်ပေးနိုင်ရေးအတွက် လျှောက်ထားမှုကို တရားရုံးသို့ တင်ပြရာတွင် တရားရုံးက ဆောင်ရွက်သင့်သည်ဟု ထင်မြင်ပါက လျှောက်ထားမှုကို ဆုံးဖြတ်ခြင်းမပြုမီ တရားရုံးသည် လျှောက်ထားမှုကိုဆုံးဖြတ်ရန် အချိန်ရွှေ့ဆိုင်းကြောင်း ဖော်ပြပါရှိစေမည့် ကြားဖြတ် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည်။
(င) ပုဒ်မခွဲ (က) အရ လျှောက်ထားတင်ပြလာသည့်အခါ တရားရုံးသည် လျှောက်ထားသူကို ဖြစ်စေ၊ အခြားသူတစ်ဦးဦးကိုဖြစ်စေ ပုဒ်မခွဲ (ဃ) အရ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်သည့် စည်းကမ်းချက် တစ်ရပ်အဖြစ် နစ်နာမှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု ပြုလုပ်စေခြင်း မရှိစေရ။
(စ) တရားရုံးသည် တစ်ဦးတစ်ယောက်၏ လျှောက်ထားမှုအပေါ် ဤပုဒ်မအရ အမိန့်တစ်ရပ် ချမှတ် သည့်အခါထိုသူကဖြစ်စေ၊ ချမှတ်သည့်အမိန့်နှင့် သက်ဆိုင်သည့်သူကဖြစ်စေ လျှောက်ထားတင်ပြလာ လျှင် တရားရုံးသည် ပထမချမှတ်ထားသည့် အမိန့်ကိုပယ်ဖျက်သည့် သို့မဟုတ် ပြင်ဆင်သည့် အမိန့် တစ်ရပ်အား ထပ်မံချမှတ်နိုင်သည်။
(ဆ) ပုဒ်မခွဲ (က) သို့မဟုတ် (ဂ) အရ ချမှတ်သည့် အမိန့်တစ်ရပ်တွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလတစ်ရပ်အထိ သို့မဟုတ် ဤပုဒ်မအရ အခြားအမိန့်တစ်ရပ်ဖြင့် ထိုအမိန့်အားပယ်ဖျက်သည့် အချိန်ကာလအထိ အကျိုးသက်ရောက်ကြောင်း ဖော်ပြနိုင်သည်။
တားမြစ်မိန့်များ ချမှတ်နိုင်သည့် အခွင့်အာဏာများ
၄၄၅။ (က) တစ်ဦးတစ်ယောက်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန် နေသည့် သို့မဟုတ် ကျူးလွန်မည့်အပြုအမူကို ပြုလုပ်ခဲ့လျှင် သို့မဟုတ် ပြုလုပ်နေလျှင် သို့မဟုတ် ပြုလုပ်မည့်အခြေအနေရှိလျှင် မှတ်ပုံတင်အရာရှိ သို့မဟုတ် ထိုအပြုအမူကြောင့် အကျိုးခံစားခွင့် ထိခိုက်နစ်နာသူ သို့မဟုတ် နစ်နာမည့်သူတစ်ဦးဦး၏ လျှောက်ထားချက်အရ တရားရုံးသည် သင့်သည် ထင်မြင်သည့် စည်းကမ်းချက်များ သတ်မှတ်၍ ဖော်ပြပါပုဂ္ဂိုလ်က အဆိုပါအပြုအမူများကို ဆောင်ရွက် ခြင်းမှတားမြစ်သည့် အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည့်အပြင် တရားရုံးကဆောင်ရွက်ရန် လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း ထိုသူကို ပြုလုပ်မှု သို့မဟုတ် ကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်စေနိုင်သည်-
(၁) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်း၊
(၂) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန် အားထုတ်ခြင်း၊
(၃) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို ကူညီခြင်း၊ အားပေးကူညီ ခြင်း၊ အကြံပေးခြင်း သို့မဟုတ် တိုက်တွန်းခြင်း၊
(၄) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် တစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်၍ ဖြစ်စေ၊ ကတိပြု၍ သို့မဟုတ် အခြားနည်းဖြင့် ဆောင်ရွက်၍ဖြစ်စေ သွေးဆောင်ခြင်း သို့မဟုတ် သွေးဆောင်ရန် အားထုတ်ခြင်း၊
(၅) ဤဥပဒေကို တစ်ဦးတစ်ယောက်က ဆန့်ကျင်ဆောင်ရွက်ရာတွင် တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကြောင်းတစ်ရပ်ရပ်ဖြင့် ပါဝင်ပတ်သက်ခဲ့ခြင်း သို့မဟုတ် ပါဝင် ဆောင်ရွက်ခဲ့ခြင်း၊
(၆) ဤဥပဒေကို ဆန့်ကျင်ဆောင်ရွက်ရန်အတွက် အခြားသူများနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်း၊
(ခ) တစ်ဦးတစ်ယောက်သည် ဤဥပဒေအရ ဆောင်ရွက်ရမည့်ပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်ရန် ငြင်းဆိုခဲ့လျှင် သို့မဟုတ် ပျက်ကွက်ခဲ့လျှင်ဖြစ်စေ၊ ငြင်းဆိုနေလျှင် သို့မဟုတ် ပျက်ကွက် နေလျှင်ဖြစ်စေ၊ ငြင်းဆိုမည့် သို့မဟုတ် ပျက်ကွက်မည့် အခြေအနေရှိလျှင်ဖြစ်စေ၊ တရားရုံးသည် -
(၁) မှတ်ပုံတင်အရာရှိ၏ လျှောက်ထားမှုအရ သို့မဟုတ်
(၂) အဆိုပါ ပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်ရန်ငြင်းဆိုခြင်း သို့မဟုတ် ပျက်ကွက်ခြင်း ကြောင့် အကျိုးခံစားခွင့်များ ထိခိုက်နစ်နာသည့် သို့မဟုတ် ထိခိုက်နစ်နာမည့် ပုဂ္ဂိုလ်တစ်ဦးဦးက လျှောက်ထားမှုအရ သင့်သည်ထင်မြင်သည့် စည်းကမ်းချက်များဖြင့် ထိုသူအား အဆိုပါပြုလုပ်မှု သို့မဟုတ် ကိစ္စရပ်ကို ဆောင်ရွက်စေရန် တားမြစ်အမိန့်တစ်ရပ် ချမှတ်နိုင်သည်။
(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) တို့အရ တားမြစ်အမိန့်တစ်ရပ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် လျှောက်ထားလာလျှင် တရားရုံးက ထိုသို့လျှောက်ထားမှုမှာ သင့်လျော်သည်ဟု ဆုံးဖြတ်ပါက အဆိုပါ ပုဒ်မခွဲပါ ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို ထည့်သွင်းစဉ်းစားရန်မလိုဘဲ စစ်ဆေးဆောင်ရွက်နေသည့်ကိစ္စရပ်မှ အမှုသည်များ၏ သဘောတူဆန္ဒဖြင့် တားမြစ်အမိန့်တစ်ရပ်အား ချမှတ်နိုင်သည်။
(ဃ) တရားရုံးသည် ပုဒ်မခွဲ (က) သို့မဟုတ် (ခ) တို့အရ ချမှတ်ထားသည့် တားမြစ်အမိန့် တစ်ရပ်ရပ်ကို ပယ်ဖျက်နိုင်သည် သို့မဟုတ် ပြင်ဆင်နိုင်သည်။
(င) မှတ်ပုံတင်အရာရှိက ဤပုဒ်မအရ တားမြစ်အမိန့်တစ်ရပ် ချမှတ်ပေးနိုင်ရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားလာသည့်အခါ တရားရုံးသည် လျှောက်ထားသူကိုဖြစ်စေ၊ အခြားသူတစ်ဦးဦးကို ဖြစ်စေ ကြားဖြတ်အမိန့်တစ်ရပ်ချမှတ်သည့် စည်းကမ်းချက် တစ်ရပ်အဖြစ် နစ်နာမှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု ပြုလုပ်စေခြင်းမရှိစေရ။
(စ) တစ်ဦးတစ်ယောက်ကို ဤပုဒ်မအရ တရားစွဲဆိုစစ်ဆေးဆောင်ရွက်ရာတွင် တရားရုံးသည် ထိုသူနှင့် စပ်လျဉ်း၍ ပုဒ်မ ၄၄၄ အရ အမိန့်တစ်ရပ်ချမှတ်နိုင်သည်။
(ဆ) ဤပုဒ်မအရ တရားရုံးသည် တစ်ဦးတစ်ယောက်အား သီးခြားအပြုအမူတစ်ရပ်ကို ဆောင်ရွက် ခြင်းမှ တားမြစ်ခြင်း၊ သို့မဟုတ် သီးခြားပြုလုပ်မှုကိုဖြစ်စေ၊ ကိစ္စရပ်ကိုဖြစ်စေ ဆောင်ရွက်စေခြင်းတို့ အတွက် တားမြစ်အမိန့်တစ်ရပ်ကို ချမှတ်နိုင်သည့် အခွင့်အာဏာရှိရာ တရားရုံးသည် တားမြစ်အမိန့် ချမှတ်ရန်အတွက် ဖြည့်စွက်၍လည်းကောင်း၊ အစားထိုး၍ လည်းကောင်း နစ်နာမှုများအတွက် ထိုသူက အခြားသူသို့ ငွေပေးချေစေရန် အမိန့်ချမှတ် နိုင်သည်။
တရားရုံး၏ အခြားသော အခွင့်အာဏာများကို ကန့်သတ်ထားမှု မရှိခြင်း
၄၄၆။ ဤအခန်းတွင်ပါရှိသော မည်သည့် ပြဋ္ဌာန်းချက်ကမျှ ဤအခန်းပါ အခွင့်အာဏာများအပြင် တရားရုံးကရရှိသည့် အခွင့်အာဏာများကို ထိခိုက်စေခြင်း မရှိစေရ။
မှုခင်းများ စစ်ဆေးဆောင်ရွက်ရာတွင် စာရင်းစာအုပ်များကို အသုံးပြုခြင်းနှင့် စာရင်းစာအုပ် အမျိုး အစား
စာရင်းစာအုပ်များကို သက်သေခံအဖြစ် တင်ပြခွင့်ပြုခြင်း
၄၄၇။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များတစ်ရပ်ရပ်အရ ကုမ္ပဏီက ထိန်းသိမ်းပြုစုထားရှိရသော စာရင်းစာအုပ်မူရင်းတစ်ခုခုကို မည်သည့် မှုခင်းစစ်ဆေးဆောင်ရွက်ခြင်းတွင်မဆို သက်သေခံအဖြစ် တင်ပြခွင့်ရှိပြီး ယင်းစာရင်းစာအုပ်သည် ၎င်းတွင်ဖော်ပြထားသော သို့မဟုတ် မှတ်တမ်းတင်ထားသော ကိစ္စရပ်များအတွက် မြင်သာသော အထောက်အထားရှိပြီးဖြစ်သည့် သက်သေခံချက်တစ်ရပ် ဖြစ်စေရ မည်။
(ခ) ကုမ္ပဏီတစ်ခုက ထိန်းသိမ်းထားရှိရမည့် မူရင်းစာရင်းစာအုပ်အဖြစ် ပြုလုပ်ထားသော စာရွက် စာတမ်းတစ်ရပ်ရပ်သည် ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာ မရှိခဲ့လျှင် ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် အတိုင်း ထိန်းသိမ်းထားသော စာရင်းစာအုပ်တစ်အုပ်ဖြစ်သည်။
စာရင်းစာအုပ်အမျိုးအစားများနှင့် သက်သေခံအထောက်အထားတန်ဖိုး
၄၄၈။ (က) ဤဥပဒေအရ ထိန်းသိမ်းထားရှိရန် သို့မဟုတ် ပြုစုထားရှိရန်လိုအပ်သည့် စာရင်းစာအုပ် များကို အောက်ပါအတိုင်း ထိန်းသိမ်းထားရှိရမည် သို့မဟုတ် ပြုစုထားရှိရမည် -
(၁) ချုပ်ထားသောစာအုပ် သို့မဟုတ် ချုပ်၍မထားဘဲ စည်းနှောင်ထားသော စာအုပ်တွင် ရေးသွင်းမှု များပြုလုပ်ခြင်း သို့မဟုတ်
(၂) သက်ဆိုင်သည့် ကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိခြင်း သို့မဟုတ် သိမ်းဆည်းထား ခြင်း သို့မဟုတ်
(၃) မှတ်ပုံတင်အရာရှိက အတည်ပြုလက်ခံသော အခြားနည်းလမ်းတစ်ရပ်ရပ်ဖြင့်ပြုစုထားခြင်း။
(ခ) ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်များသည် အောက်ပါအတိုင်း ဆောင်ရွက်ထားခြင်းမရှိခဲ့လျှင် စာရင်း စာအုပ်ကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးဖြင့်ဖြစ်စေ ထိန်းသိမ်းထားရှိခြင်း သို့မဟုတ် ပြုစုထားရှိခြင်းကို ခွင့်မပြုရ-
(၁) မှတ်တမ်းတင်ထားသော သို့မဟုတ် သိမ်းဆည်းထားသော ကိစ္စရပ်များသည် မည်သည့်အချိန်တွင် မဆို စာဖြင့်ရေးသားပြုစုထားသည့်ပုံစံအနေဖြင့် ပြန်လည်ရယူနိုင်သည့်အခြေအနေတွင်ရှိခြင်း သို့မဟုတ်
(၂) အဆိုပါ ကိစ္စရပ်များကို မှတ်ပုံတင်အရာရှိက အတည်ပြုလက်ခံသော စာဖြင့်ရေးသားပြုစုထား သည့် ပုံစံအနေဖြင့် ပြန်လည်ရယူထားခြင်း။
(ဂ) ကုမ္ပဏီတစ်ခုသည် ဤဥပဒေအရ ၎င်းအနေဖြင့် ထိန်းသိမ်းထားရှိရသော သို့မဟုတ် ပြုစုထားရှိရ သော စာရင်းစာအုပ်တစ်ရပ်ရပ် သို့မဟုတ် စာရင်းစာအုပ်၏ တစ်စိတ်တစ်ဒေသကို ထိခိုက်ပျက်စီးမှု၊ ဖျက်ဆီးမှု၊ သို့မဟုတ် အချက်အလက်များ မှားယွင်းစေရန် ပြင်ဆင်မှုများ မဖြစ်ပေါ်စေရန်အတွက်သော် လည်းကောင်း၊ ယင်းစာရင်းစာအုပ်ရှိ အချက်အလက်မှားယွင်းမှုများကို ဖော်ထုတ်ရန်အတွက်သော် လည်းကောင်း သတ်မှတ်ဖော်ပြထားသည့်အတိုင်း ကြိုတင်ဆောင်ရွက်မှုများရှိခဲ့လျှင် အဆိုပါဆောင် ရွက်မှုများအပါအဝင် ထိုက်သင့်သည့် ကြိုတင်ဆောင်ရွက်မှုများအားလုံးကို ပြုလုပ်ဆောင်ရွက်ထားရ မည်။
(ဃ) ကုမ္ပဏီတစ်ခုသည် အကြောင်းကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ် နည်းဖြင့် ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုးဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိသည့်အခါ သို့မဟုတ် ထိန်းသိမ်းထားရှိသည့်အခါ အဆိုပါအကြောင်းကိစ္စများပါဝင်သော စာရင်းစာအုပ်ကို စစ်ဆေးကြည့်ရှုနိုင် စေရန် သို့မဟုတ် အဆိုပါအကြောင်းကိစ္စများပါဝင်သော စာရင်းစာအုပ် တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ မိတ္တူများကူးယူနိုင်စေရန် ဤဥပဒေအရ ဆောင်ရွက်ပေးရမည့် တာဝန်တစ်ရပ်ရပ် သည် စာဖြင့်ရေးသားထားသည့်ပုံစံဖြင့် ထားရှိသော အကြောင်းကိစ္စများကို စစ်ဆေးကြည့်ရှုနိုင်စေရန် သို့မဟုတ် ထိုအကြောင်းကိစ္စတစ်ရပ်လုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ စာဖြင့်ရေးသားထား ပြီး ရှင်းလင်းကောင်းမွန်သည့် ပုံစံဖြင့် ရယူထားရှိသော စာရွက်စာတမ်းကို ပြုစုပေးနိုင်စေရန်အတွက် ပြုလုပ်ပေးရမည့် တာဝန်တစ်ရပ်အဖြစ် အဓိပ္ပာယ်ကောက်ယူရမည်။
(င) ပုဒ်မခွဲ (ဃ) အရ ပြုစုထားရှိရမည့် စာရွက်စာတမ်းများတွင် ပါဝင်သော သတင်းအချက်အလက် များကို အချိန်နှင့် တပြေးညီဖြစ်စေရန် မည်သို့ပြင်ဆင် ပြုစုရမည်ဟူသော ညွှန်ကြားချက်များကို မှတ်ပုံတင်အရာရှိက ထုတ်ပြန်နိုင်သည်။
(စ) အကယ်၍-
(၁) ဤဥပဒေပါပြဋ္ဌာန်းချက်များကြောင့် ဤဥပဒေအရ ထိန်းသိမ်းထားရှိရသည့် သို့မဟုတ် ပြုစုထားရှိ ရသည့် စာရင်းစာအုပ်သည် အကြောင်းကိစ္စ တစ်ရပ်ရပ်အတွက် ထင်ရှားမြင်သာသော သက်သေခံ အထောက်အထားဖြစ်လျှင်၊ ၎င်းအပြင်
(၂) အဆိုပါ စာရင်းစာအုပ် သို့မဟုတ် စာရင်းစာအုပ်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် အကြောင်း ကိစ္စရပ်များကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ၊ အခြားပစ္စည်း တစ်မျိုးမျိုး ဖြင့်ဖြစ်စေ ထိန်းသိမ်းထားရှိလျှင် သို့မဟုတ် မှတ်တမ်းတင်ထားရှိလျှင်။
ထိုသို့မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားသည့် အကြောင်းကိစ္စများကို ထုတ်ယူရရှိ သည့် စာဖြင့်ရေးသားထားသော စာရွက်စာတမ်းသည် အဆိုပါကိစ္စရပ်အတွက် ထင်ရှားမြင်သာသော သက်သေခံအထောက်အထား ဖြစ်သည်။
(ဆ) စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်းတစ်မျိုးမျိုး ဖြင့်ဖြစ်စေ မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားရှိသည့် အကြောင်းကိစ္စတစ်ခုကို စာဖြင့် ရေးသားထုတ်ယူခြင်းသည် ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာ မရှိလျှင် အဆိုပါအကြောင်းကိစ္စ၏ စာဖြင့် မှတ်တမ်းတင်ထားရှိသည့် အကြောင်းကိစ္စတစ်ရပ် ဖြစ်သည်ဟု သတ်မှတ်ရမည်။
စာရွက်စာတမ်းများကို ပေးပို့ခြင်းနှင့် ၎င်းတို့သည် အစစ်အမှန်ဖြစ်ခြင်းအကြောင်း
ကုမ္ပဏီသို့ စာရွက်စာတမ်းများ ပေးပို့ခြင်း
၄၄၉။ စာရွက်စာတမ်းများကို ပေးပို့ဆောင်ရွက်ရမည့် အခြားသောနည်းလမ်းတစ်ရပ်ရပ်ကို ကန့်သတ် တားမြစ်ထားခြင်းမရှိစေဘဲ စာရွက်စာတမ်းတစ်ရပ်ရပ်ကို ကုမ္ပဏီတစ်ခုသို့ အောက်ပါအတိုင်း ပေးပို့ ဆောင်ရွက်နိုင်သည်-
(က) ကုမ္ပဏီ၏ မှတ်ပုံတင်ထားသောရုံးခန်းသို့ ကိုယ်တိုင်ပေးပို့ခြင်း သို့မဟုတ် စာတိုက်မှ တစ်ဆင့် ပေးပို့ခြင်း သို့မဟုတ်
(ခ) ပုဒ်မ ၄၂၁ အရ မှတ်ပုံတင်အရာရှိက ထိန်းသိမ်းထားရှိရသည့် မှတ်ပုံတင်စာရင်းတွင် ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် အမည်စာရင်းပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ပေးပို့ခြင်း သို့မဟုတ်
(ဂ) ကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သောအဓိကနေရပ်ရှိ ကုမ္ပဏီ၏ ဝန်ထမ်း တစ်ဦးဦးထံသို့ ပေးပို့ခြင်း သို့မဟုတ်
(ဃ) တရားစွဲဆို စစ်ဆေးဆောင်ရွက်မှု တစ်ရပ်ရပ်တွင် စာပေးပို့ရန်အတွက် တရားရုံးက ညွှန်ကြား သည့် နည်းလမ်းများနှင့် အညီပေးပို့ခြင်း သို့မဟုတ်
(င) ကုမ္ပဏီနှင့်ပြုလုပ်ထားသော သဘောတူညီချက်တစ်ရပ်ရပ်နှင့်အညီပေးပို့ခြင်း။
မှတ်ပုံတင်အရာရှိထံသို့ စာရွက်စာတမ်းများ ပေးပို့ခြင်း
၄၅၀။ စာရွက်စာတမ်းတစ်ခုခုကို မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ဆောင်ရွက်ရာတွင် ၎င်းထံသို့ စာတိုက်မှ တစ်ဆင့်သော်လည်းကောင်း၊ ကိုယ်တိုင်ပေးပို့ခြင်းဖြင့်သော် လည်းကောင်း၊ ၎င်း၏ရုံးခန်းသို့ ပေးပို့ခြင်း ဖြင့် သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။
စာရွက်စာတမ်းများ အစစ်အမှန်ဖြစ်ခြင်း
၄၅၁။ စာရွက်စာတမ်း သို့မဟုတ် မှုခင်းဆောင်ရွက်မှုတစ်ရပ်ရပ်သည် အစစ်အမှန်ဖြစ်သည်ဟု ကုမ္ပဏီက ဖော်ပြနိုင်သည့် အခြားသော နည်းလမ်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ ပုဒ်မ ၃၁ အရ ကုမ္ပဏီနှင့် ဆက်သွယ် ဆောင်ရွက်နေသော ပုဂ္ဂိုလ်တစ်ဦးဦးက ပြုလုပ်ဆောင်ရွက်ခွင့်ရှိသည့် ယူဆချက်များကို ဖြစ်စေ ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ကုမ္ပဏီက အစစ်အမှန်ဖြစ်သည်ဟု ဖော်ပြရန်လိုအပ်သော စာရွက် စာတမ်း သို့မဟုတ် မှုခင်းဆောင်ရွက်မှု တစ်ရပ်ရပ်ကို ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဦး၊ အတွင်းရေးမှူး သို့မဟုတ် အခြားသော အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိတို့က လက်မှတ်ရေးထိုးနိုင်သည်။ ဤကိစ္စတွင် ရုံးတံဆိပ်ခတ်နှိပ်ရန် လိုအပ်ခြင်းမရှိ။
အခန်း (၃ဝ)
ပြစ်မှုများနှင့် ခုခံချေပခြင်းအကြောင်း
သီးခြားပြစ်မှုများ
မှားယွင်းသည့် ရေးသားဖော်ပြချက်အတွက် ပြစ်ဒဏ်
၄၅၂။ မည်သူမဆိုဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်၏ ကိစ္စရပ်များအတွက် ပြုလုပ်ရန်လိုအပ်သည့် အရှုံးအမြတ်စာရင်း၊ အစီရင်ခံစာ၊ သက်သေခံလက်မှတ်၊ ငွေကြေးဆိုင်ရာရေးသားဖော်ပြချက် သို့မဟုတ် အခြား စာရွက်စာတမ်းတစ်ရပ်ရပ်တွင် အရေးပါသောအချက်အလက်များနှင့် စပ်လျဉ်း၍ အဆိုပါ အချက် အလက်များမှာ မှားယွင်းနေသည်ကို သိလျက်ဖြင့် မှားယွင်းဖော်ပြခြင်း သို့မဟုတ် လွဲမှားစွာတင်ပြခြင်း တို့ကို တမင်ပြုလုပ်ခဲ့လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ခွင့်ပြုခဲ့လျှင် သို့မဟုတ် အဆိုပါ စာရွက်စာတမ်း များမှ အကြောင်းအရာတစ်ရပ်ရပ်ကို ချန်လှပ်ထားခြင်းသည် စာရွက်စာတမ်းကို မှားယွင်းစေခြင်း သို့မဟုတ် လွဲမှားစွာတင်ပြခြင်းဖြစ်စေကြောင်း သိလျက်ဖြင့် ထိုသို့ချန်လှပ်ထားခြင်း သို့မဟုတ် ထိုသို့ ပြုလုပ်ရန်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့လျှင် ထိုသူသည် တည်ဆဲဥပဒေအရချမှတ်သည့် ပြစ်ဒဏ်ကို ကျခံရမည်။
ပစ္စည်းများကို မှားယွင်း၍ နုတ်ပယ်ထားခြင်း သို့မဟုတ် ဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ်
၄၅၃။ ကုမ္ပဏီ၏ပစ္စည်းတစ်ရပ်ရပ်အား လက်ဝယ်ရှိခွင့်ကို မှားယွင်းရရှိထားသော သို့မဟုတ် လက်ဝယ် ရရှိထားသည့် ထိုပစ္စည်းတစ်ရပ်ရပ်ကို မှားယွင်း၍ နုတ်ပယ်ခြင်း သို့မဟုတ် ဤဥပဒေ သို့မဟုတ် ကုမ္ပဏီ၏ အခြေခံစည်းမျဉ်းပြဋ္ဌာန်းချက်များတွင် ဖော်ပြထားသော သို့မဟုတ် ညွှန်ကြားထားသော သို့မဟုတ် ခွင့်ပြုထားသော ကိစ္စရပ်မဟုတ်သော အခြားကိစ္စရပ်များအတွက် တမင်အသုံးပြုခဲ့သော ကုမ္ပဏီ၏ ဒါရိုက်တာ၊ အခြားအရာရှိ သို့မဟုတ် ဝန်ထမ်းတစ်ဦးဦးသည် ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ၏ မြီရှင် သို့မဟုတ် ကြွေးမြီပေးဆပ်ရသူ တစ်ဦးဦးက တင်ပြတိုင်တန်းခဲ့ပါက တည်ဆဲဥပဒေအရ ချမှတ် သည့် ပြစ်ဒဏ်ကိုကျခံရမည်။ ၎င်းအပြင်တရားရုံးက သတ်မှတ်သည့် အချိန်ကာလအတွင်း မမှန်မကန် ရယူထားသော သို့မဟုတ် မှားယွင်း၍ နုတ်ပယ်ထားသော သို့မဟုတ် တမင်လွဲမှားစွာအသုံးပြုထားသော အဆိုပါပစ္စည်းများကို ပြန်လည်ပေးအပ်စေရန် သို့မဟုတ် ငွေကြေးပြန်လည်ပေးဆပ်စေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည်။
ဝန်ထမ်းများက အာမခံချက်များကို အလွဲအသုံးပြုခြင်းအတွက် ပြစ်ဒဏ်
၄၅၄။ (က) ကုမ္ပဏီနှင့်ဆောင်ရွက်ထားသည့် တာဝန်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ်များအရ ကုမ္ပဏီ၏ဝန်ထမ်းများက ကုမ္ပဏီတွင်အပ်နှံထားရှိသည့် ငွေကြေး သို့မဟုတ် အာမခံချက်များအားလုံး ကို သတ်မှတ်စီစဉ်ထားသည့် ဘဏ်တစ်ခုခုတွင် ထိုကိစ္စအတွက် ကုမ္ပဏီက ဖွင့်လှစ်ထားသည့် သီးခြား ငွေစာရင်း၌ ကုမ္ပဏီက သိမ်းဆည်းထားရှိရမည် သို့မဟုတ် အပ်နှံထားရှိရမည်ဖြစ်ပြီး အဆိုပါငွေကြေး သို့မဟုတ် အာမခံချက်၏ မည်သည့်အစိတ်အပိုင်းကိုမျှ တာဝန်ဆောင်ရွက်ခြင်းဆိုင်ရာ ပဋိညာဉ်စာချုပ် တွင် သဘောတူညီ ထားသည့် ကိစ္စရပ်များအတွက်မှတစ်ပါး ကုမ္ပဏီက သုံးစွဲခြင်းမပြုရ။
(ခ) ကုမ္ပဏီ၏ဝန်ထမ်းများ သို့မဟုတ် ဝန်ထမ်းအမျိုးအစား တစ်ရပ်ရပ်အတွက် အိုနာစာရန်ပုံငွေ တစ်ရပ်ကို ကုမ္ပဏီက တည်ထောင်ထားရှိသည့်အခါ အဆိုပါရန်ပုံငွေသို့ ကုမ္ပဏီကဖြစ်စေ၊ ဝန်ထမ်းများ ကဖြစ်စေ ထည့်ဝင်ထားသည့် ငွေကြေးများအားလုံး သို့မဟုတ် အဆိုပါ ရန်ပုံငွေသို့ အတိုး သို့မဟုတ် အခြားနည်းလမ်းတစ်ရပ်ရပ်အရ ရရှိသည့် ငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင် လိုင်စင် ထုတ်ပေးထားသည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုတွင် ဖွင့်လှစ်ထားသည့် ငွေစာရင်း၌ အပ်နှံထားရှိရမည် သို့မဟုတ် ယုံကြည်အပ်နှံရေးအက်ဥပဒေ ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ (က) မှ (င) အထိတို့တွင် ဖော်ပြပါရှိသော သို့မဟုတ် ရည်ညွှန်းဖော်ပြထားသော ငွေချေးသက်သေခံလက်မှတ်များအဖြစ် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ရမည်ဖြစ်ပြီး အခြားသက်ဆိုင်ရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
(ဂ) ပုဒ်မခွဲ (ခ) နှင့်သက်ဆိုင်သည့် ရန်ပုံငွေတစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီနှင့် ယင်း၏ ဝန်ထမ်းများ အကြားပြုလုပ်ထားသည့် ပဋိညာဉ်စာချုပ်တစ်ရပ်ရပ်ပါ ရန်ပုံငွေတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် စည်းမျဉ်း များနှင့် တစ်စုံတစ်ရာဆန့်ကျင်ခြင်း ရှိစေကာမူ မည်သည့်ဝန်ထမ်းကမျှ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက် များနှင့်အညီ ရင်းနှီးမြှုပ်နှံထားသည့် အဆိုပါ ရန်ပုံငွေတွင် ၎င်းထည့်ဝင်ထားသည့် ငွေပမာဏအချိုးကျ အတိုင်း အဆိုပါရင်းနှီးမြှုပ်နှံမှုမှ ရရှိသည့်အတိုးနှုန်းထက် ပိုမိုသောနှုန်းထားတစ်ရပ်ဖြင့် အတိုးငွေကို လက်ခံရရှိခွင့် မရှိစေရ။
(ဃ) ဝန်ထမ်းတစ်ဦးသည် ကုမ္ပဏီသို့ တင်ပြတောင်းဆို၍ ပုဒ်မခွဲ (က) နှင့် (ခ) တို့တွင် ရည်ညွှန်း ဖော်ပြထားသည့် ငွေကြေးအတွက် ဘဏ်လက်ခံပြေစာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ် တစ်ရပ်ရပ်ပိုင်ဆိုင်မှု အထောက်အထားများကို ကြည့်ရှုခွင့်ရှိသည်။
(င) ဤပုဒ်မပါပြဋ္ဌာန်းချက်များကို သိလျက်ဖြင့် ဆန့်ကျင်ဆောင်ရွက်သော သို့မဟုတ် ဆန့်ကျင် ဆောင်ရွက်ရန် ခွင့်ပြုသော သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်စေသော ကုမ္ပဏီ၏ဒါရိုက်တာ သို့မဟုတ် အခြားအရာရှိတစ်ဦးစီသည် တည်ဆဲဥပဒေအရ ချမှတ်သည့်ပြစ်ဒဏ်ကို ကျခံရမည်။
‘လီမိတက်’ ဟူသော စကားရပ်ကို မလျော်မကန် သုံးစွဲမှုအတွက် ပြစ်ဒဏ်
၄၅၅။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ပုဂ္ဂိုလ်များသည် ကူးသန်းရောင်းဝယ်ခြင်း သို့မဟုတ် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို နောက်ဆုံးစာလုံးအဖြစ် “လီမိတက်” ဟူသော စကားရပ် ပါရှိသည့် အမည် သို့မဟုတ် ခေါင်းစဉ်တစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ခဲ့လျှင် တာဝန်ကန့်သတ်ပြီး တရားဝင် ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းမဟုတ်ပါက ထိုသူ သို့မဟုတ် ထိုသူများ သည် တည်ဆဲဥပဒေအရချမှတ်သည့် ပြစ်ဒဏ်ကို ကျခံရမည်။
စာရင်းစာအုပ်များ၏ အချက်အလက်များကို မှားယွင်းစေရန် ပြင်ဆင်မှုများအတွက် ပြစ်မှု
၄၅၆။ (က) ကုမ္ပဏီတစ်ခု၏ အရာရှိ၊ ယခင်က တာဝန်ထမ်းဆောင်ခဲ့သော အရာရှိ၊ ဝန်ထမ်း၊ ယခင်က တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်း၊ ကုမ္ပဏီတွင်ပါဝင်သူ သို့မဟုတ် ကုမ္ပဏီတွင် ယခင်ကပါဝင်ခဲ့သူ တစ်ဦးဦးသည် ကုမ္ပဏီကပိုင်ဆိုင်သည့် သို့မဟုတ် ထုတ်ဝေသည့် ငွေချေးသက်သေခံလက်မှတ် တစ်ရပ်ရပ် သို့မဟုတ် ကုမ္ပဏီ၏ လုပ်ငန်းကိစ္စရပ်များနှင့် သက်ဆိုင်သည့် စာရင်းစာအုပ်တစ်ရပ်ရပ်၏ အချက်အလက်များကို ဖုံးကွယ်ခြင်း၊ ဖျက်ဆီးခြင်း၊ ချို့ယွင်းစေခြင်း သို့မဟုတ် မှားယွင်းစေရန် ပြင်ဆင် ခြင်းတို့ကို ပြုလုပ်မှုသည် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက်ပြီး ဤဥပဒေအရ ပြစ်မှုမြောက်သည်။
(ခ) ကုမ္ပဏီ၏ လုပ်ငန်းကိစ္စများနှင့် သက်ဆိုင်သော စာရင်းစာအုပ်များကို ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ အသုံးပြုသည့် သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ထားသည့် ကိစ္စရပ်ကို စက်ပစ္စည်းဖြင့်ဖြစ်စေ၊ အီလက်ထရောနစ် စက်ပစ္စည်းဖြင့်ဖြစ်စေ သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးဖြင့်ဖြစ်စေ ဖတ်ရှုရန် ခက်ခဲသည့်ပုံစံဖြင့် မှတ်တမ်းတင်ထားရှိသည့် သို့မဟုတ် ထိန်းသိမ်းထားရှိသည့်အခါ -
(၁) အရေးကြီးသည့် ကိစ္စရပ်များတွင် မှားယွင်းသည်ဟုလည်းကောင်း၊ သို့မဟုတ် လွဲမှား၍ တင်ပြထား သည်ဟုလည်းကောင်း သိရှိပြီး အဆိုပါပစ္စည်းများဖြင့် ထိုကိစ္စရပ်အား မှတ်တမ်းတင်ထားရှိသူ သို့မ ဟုတ် ထိန်းသိမ်းထားရှိသူတစ်ဦးဦး၊
(၂) အဆိုပါပစ္စည်းဖြင့် မှတ်တမ်းတင်ထားရှိသော သို့မဟုတ် ထိန်းသိမ်းထားရှိသော ကိစ္စရပ်များ သို့မဟုတ် အဆိုပါပစ္စည်းဖြင့် မှတ်တမ်းတင်ထားရှိရမည့် သို့မဟုတ် ထိန်းသိမ်းထားရှိရမည့် အခြား ကိစ္စရပ်များကို မှတ်တမ်းတင်ထားရှိရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် ရည်ရွယ်၍ဖြစ်စေ သို့မဟုတ် ၎င်းတို့ကို စုစည်းဆောင်ရွက်ခြင်း သို့မဟုတ် ပြန်လည်ပြုစုခြင်းတို့တွင် အသုံးပြုရန်အတွက်ဖြစ်စေ ပြုစုဆောင်ရွက်သည့် ကိစ္စရပ်များတွင် ဖျက်ဆီးခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် အချက်အလက်များကို မှားယွင်းစေရန် ပြင်ဆင်ခြင်းတို့ကို ဖြစ်စေသော အပြုအမူများကို ဆောင်ရွက်သူ တစ်ဦးဦး သို့မဟုတ်
(၃) အဆိုပါပစ္စည်းဖြင့် အကြောင်းကိစ္စရပ်များကို မှတ်တမ်းတင်ထားရန် သို့မဟုတ် ထိန်းသိမ်းထားရှိ ရန် တာဝန်ရှိပြီး ထိုသို့လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သူ တစ်ဦးဦးသည် -
(ကက) ထိုသို့ မှတ်တမ်းတင်ထားရှိရမည့် သို့မဟုတ် ထိန်းသိမ်းထားရှိရမည့် အကြောင်းကိစ္စရပ်များမှ အချက်အလက် အားလုံးကို ဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ မှားယွင်းစေရန် ရည်ရွယ်၍ ရေးသွင်း ချက်များကို ပြုလုပ်ခြင်း သို့မဟုတ် ပြုစုခြင်း သို့မဟုတ်
(ခခ) အကြောင်းကိစ္စရပ်များကို ထိုသို့ မှတ်တမ်းတင်ထားရှိရန် သို့မဟုတ် ထိန်းသိမ်းထားရှိရန် ပျက်ကွက်ခြင်းသည် ထိုသို့ မှတ်တမ်းတင်ထားသည့် သို့မဟုတ် ထိန်းသိမ်းထားသည့် အခြားသော သီးခြားအရေးကြီးသည့် အကြောင်းကိစ္စများတွင် မှားယွင်းစေမည်ဖြစ်ကြောင်း သို့မဟုတ် လွဲမှားစွာ တင်ပြခြင်းဖြစ်စေကြောင်း သိရှိခြင်းသည် ဤပုဒ်မပါ ပြဋ္ဌာန်းချက်ကို ဆန့်ကျင်ဆောင်ရွက်ရာရောက် သည်။
(ဂ) တရားပြိုင်သည် ပြစ်မှုမြောက်သော ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု ဖြစ်ပေါ်စေသည့် အခြေအနေ များအားလုံးကို သဘောရိုးဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် အပြစ်မှ ကင်းလွတ် ခွင့်ပြုသင့်ကြောင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ)အရ ဖြစ်ပေါ်လာသည့် စွဲချက် တစ်ရပ်ရပ်ကို ခုခံချေပရာရောက်သည်။
(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကို ပုဒ်မ ၄၅၂ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ခြင်း မရှိစေဘဲ ကျင့်သုံးဆောင်ရွက်ရမည်။
အထွေထွေပြစ်မှုများ
အထွေထွေ ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ
၄၅၇။ (က) ကုမ္ပဏီအပါအဝင် တစ်ဦးတစ်ယောက်သည် -
(၁) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားသည့် ပြုလုပ်မှု သို့မဟုတ် အကြောင်းကိစ္စတစ်ရပ်ရပ်ကိုဆောင်ရွက်လျှင် သို့မဟုတ်
(၂) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ဆောင်ရွက်ရန်လိုအပ်သည့် သို့မဟုတ် ညွှန်ကြားထား သည့်ပြုလုပ်မှု သို့မဟုတ် အကြောင်းကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်း မပြုလျှင် သို့မဟုတ်
(၃) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို အခြားနည်းတစ်ရပ်ရပ်ဖြင့် ဆန့်ကျင်ဆောင်ရွက်လျှင်၊
ဤဥပဒေပါ အဆိုပါပြဋ္ဌာန်းချက် သို့မဟုတ် အခြားသောပြဋ္ဌာန်းချက်များက ထိုသူသည် ပြစ်မှုတစ်ရပ် အရ အပြစ်မရှိကြောင်း ပေါ်ပေါက်ခဲ့ခြင်းမရှိလျှင် ဤပုဒ်မခွဲအရ ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက် သည်ဟု မှတ်ယူရမည်။
(ခ) တစ်ဦးတစ်ယောက်သည် ပုဒ်မခွဲ (က) အရဖြစ်စေ၊ အခြားပြဋ္ဌာန်းချက်များအရဖြစ်စေ ဤဥပဒေ အရ ပြစ်မှုတစ်ရပ်နှင့် ပတ်သက်၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှုနှင့် သက်ဆိုင်သည့် ပြစ်ဒဏ် ထက်မပိုသော ပြစ်ဒဏ်တစ်ရပ်ကိုကျခံရမည်။
(ဂ) ဤဥပဒေပါ သီးခြားပြဋ္ဌာန်းချက်တစ်ရပ်ကို ဆန့်ကျင်ဆောင်ရွက်မှုအတွက် သက်ဆိုင်သော ပြစ်ဒဏ်ကို ဤပုဒ်မမှတစ်ပါး ဤဥပဒေ၏ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်တွင် သီးခြားပြစ်ဒဏ်၊ ငွေဒဏ် သို့မဟုတ် အခြားပြစ်ဒဏ်တစ်ရပ်အဖြစ် သတ်မှတ်ဖော်ပြထားလျှင် အဆိုပါ ဆန့်ကျင်ဆောင်ရွက်မှု ကြောင့် ဖြစ်ပေါ်လာသည့်ပြစ်မှုအတွက် သက်ဆိုင်သည့် ပြစ်ဒဏ်သည် သီးခြားသတ်မှတ်ဖော်ပြထား သော ပြစ်ဒဏ်ဖြစ်သည်။
စီရင်ပိုင်ခွင့်နယ်မြေအတွင်း အချို့တဝက်ကျူးလွန်ပြီး စီရင်ပိုင်ခွင့်နယ်မြေပြင်ပတွင် အချို့တဝက် ကျူးလွန်သောပြစ်မှုများ
၄၅၈။ အကယ်၍-
(က) တစ်ဦးတစ်ယောက်သည် တားမြစ်ထားသည့် ပြုလုပ်မှုတစ်ရပ်ကို နိုင်ငံတော်၏ ပြင်ပတွင် ဆောင်ရွက်ခဲ့လျှင် သို့မဟုတ် ဆောင်ရွက်ရမည့် ပြုလုပ်မှုတစ်ရပ်ကို နိုင်ငံတော်၏ ပြင်ပတွင် ပျက်ကွက် ခဲ့လျှင်၊
(ခ) အဆိုပါ ပြုလုပ်မှုအတိုင်း နိုင်ငံတော်အတွင်း ဆောင်ရွက်ခဲ့ခြင်း သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းတို့ဖြင့် ထိုသူသည် နိုင်ငံတော်အတွင်း ပြုလုပ်မှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ သကဲ့သို့ သို့မဟုတ် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သကဲ့သို့ ဤဥပဒေနှင့် ဆန့်ကျင်သည့် ပြစ်မှုကိုကျူးလွန်လျှင် ထိုသူသည် အဆိုပါ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်ဒဏ်ထိုက်သင့်သည်။
ပြစ်မှုများကို ဆက်လက်ကျူးလွန်ခြင်း
၄၅၉။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ သတ်မှတ်ထားသည့် အချိန်ကာလအတွင်းတွင် ဖြစ်စေ၊ သတ်မှတ်ထားသည့် အချိန်ကာလမတိုင်မီတွင်ဖြစ်စေ ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ရန်လိုအပ် ပြီး အဆိုပါအချိန်ကာလအတွင်းတွင်ဖြစ်စေ၊ အဆိုပါအချိန်ကာလ မတိုင်မီတွင်ဖြစ်စေ ထိုပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ပြစ်မှုတစ်ရပ်ရပ် ဖြစ်လျှင် အဆိုပါ အချိန်ကာလအတွင်းတွင်ဖြစ်စေ၊ အဆိုပါ အချိန်ကာလမတိုင်မီတွင်ဖြစ်စေ ထိုပြုလုပ်မှုကို ဆောင်ရွက်ခြင်းမပြုလျှင် အောက်ပါအတိုင်းဖြစ် ရမည်-
(၁) ပြုလုပ်မှုကို ဆောင်ရွက်ရမည့်တာဝန်ကို အဆိုပါအချိန်ကာလ ကုန်ဆုံးသွားပြီး နောက်တွင်သော် လည်းကောင်း၊ အဆိုပါ အချိန်ကျော်လွန်သွားသည့်အခါတွင် သော်လည်းကောင်း ထိုသို့ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်မှုနှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ အဆိုပါ ပြုလုပ်မှုကို ဆောင်ရွက်ပြီးသည်အထိ ဆက်လက်ဆောင် ရွက်ရမည့်အပြင်
(၂) ပုဒ်မခွဲ (ဂ) ကိုလည်း လိုက်နာဆောင်ရွက်ရမည်။
(ခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ ပြုလုပ်ရန်လိုအပ်သည့် ပြုလုပ်မှုတစ်ရပ်ကို ဆောင်ရွက်ရန် အတွက် အချိန်ကာလသတ်မှတ်ထားခြင်းမရှိဘဲ ထိုပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ပြစ်မှုမြောက်ပြီး ယင်းနှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အခါ အောက်ပါ အတိုင်းဖြစ်ရမည် -
(၁) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော်လည်း ပြုလုပ်မှုကို ဆောင်ရွက်ရမည့်တာဝန်ကို အဆိုပါ ပြုလုပ်မှု ကို ဆောင်ရွက်ပြီးသည်အထိ ဆက်လက်ဆောင်ရွက်ရမည့်အပြင်
(၂) ပုဒ်မခွဲ (ဂ) ကိုလည်း လိုက်နာဆောင်ရွက်ရမည်။
(ဂ) သတ်မှတ်ထားသည့် အချိန်ကာလ၌ ပြုလုပ်မှုအား ဆောင်ရွက်ရန်ပျက်ကွက်မှုနှင့် စပ်လျဉ်း၍ ပြစ်မှု တစ်ရပ်ဖြင့် ပထမအကြိမ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး ထိုအချိန်ကာလ ပြီးဆုံးပြီးနောက် ပြုလုပ်မှုအား ဆောင်ရွက်ရန် ဆက်လက်ပျက်ကွက်နေလျှင် အောက်ပါအတိုင်းဖြစ်စေရမည် -
(၁) ပြုလုပ်မှုအား ဆောင်ရွက်ရန်ပျက်ကွက်မှုနှင့် စပ်လျဉ်း၍ ပြုလုပ်မှုကို ဆောင်ရွက်ရန် ပျက်ကွက် သည့် ကာလတစ်လျှောက် သို့မဟုတ် အဆိုပါ သတ်မှတ်ချိန်ကုန်ဆုံးပြီး နောက်ထပ်ပြစ်မှုနှင့် သက်ဆိုင် သည့်နေ့ရက်မတိုင်မီ ကာလတစ်လျှောက်အတွက် နောက်ထပ်ပြစ်မှုတစ်ရပ်ဖြင့် အပြစ်ရှိသည်၊ ၎င်းအပြင်
(၂) ဤဥပဒေနှင့် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ပါ ကိစ္စရပ်များအတွက် အဆိုပါ အချိန်ကာလ အတွင်း ပြုလုပ်မှုကိုဆောင်ရွက်ရန် ပျက်ကွက်မှုကြောင့် နောက်ထပ်ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရာရောက် သည်။
(ဃ) တစ်ဦးတစ်ယောက်သည် သတ်မှတ်ကာလတစ်ရပ်အတွင်း သို့မဟုတ် ထိုအချိန်ကာလ၏ အပိုင်း အခြားတစ်ရပ်အတွင်း ပုဒ်မခွဲ (ဂ) အရ ပြစ်မှုတစ်ရပ်ဖြင့် အပြစ်ရှိလျှင် ထိုပြစ်မှုနှင့် သက်ဆိုင်သည့် ပြစ်ဒဏ်သည် အဆိုပါအချိန်ကာလ သို့မဟုတ် အဆိုပါ အချိန်ကာလ၏ အပိုင်းအခြားတစ်ရပ်ရှိ နေ့ရက် တိုင်းစီကို တစ်ရက်လျှင် ဒဏ်ကြေးငွေကျပ် နှစ်သောင်း ငါးထောင်ကို ပေးဆောင်ရမည်။
ခုခံချေပခြင်းနှင့် သက်သာခွင့်
ဒါရိုက်တာ သို့မဟုတ် အရာရှိက ခုခံချေပခြင်း
၄၆၀။ (က) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်ကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ဒါရိုက်တာ သို့မဟုတ် အရာရှိက အောက်ပါအတိုင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ကုမ္ပဏီ၏ ဘုတ်အဖွဲ့က ဆောင်ရွက်ရ မည့်တာဝန် သို့မဟုတ် ၎င်းတို့က ဆောင်ရွက်ရမည့်တာဝန် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားသော ဒါရိုက်တာ သို့မဟုတ် အရာရှိတစ်ဦးဦးအတွက် ခုခံချေပချက်တစ်ရပ်ဖြစ်သည် -
(၁) ဘုတ်အဖွဲ့က ဆောင်ရွက်ရမည့် တာဝန်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဘုတ်အဖွဲ့သည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များ အားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ်
(၂) ဘုတ်အဖွဲ့က ဆောင်ရွက်ရမည့်တာဝန်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဘုတ်အဖွဲ့က ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် အဆိုပါ ဒါရိုက်တာ သို့မဟုတ် အရာရှိသည် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ်
(၃) ဒါရိုက်တာ သို့မဟုတ် အရာရှိက ဆောင်ရွက်ရမည့်တာဝန်နှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ်
(၄) ဤကိစ္စရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ သတ်မှတ်ချက်များကို ၎င်းတို့ ကိုယ်တိုင်ဖြစ်စေ၊ ဘုတ်အဖွဲ့ကဖြစ်စေ လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း။
(ခ) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ဒါရိုက်တာ သို့မဟုတ် အရာရှိက အောက်ပါအတိုင်း သက်သေထင်ရှားတင်ပြနိုင်လျှင် ကုမ္ပဏီကဆောင်ရွက်ရမည့် တာဝန် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ထားသော ဒါရိုက်တာ သို့မဟုတ် အရာရှိ တစ်ဦးဦးအတွက် ခုခံချေပချက်တစ်ရပ်ဖြစ်သည် -
(၁) ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ်
(၂) ဒါရိုက်တာ သို့မဟုတ် အရာရှိက ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ရန်အတွက် သင့်လျော်သည့် ကိစ္စရပ်များအားလုံးကို ဆောင်ရွက်ထားကြောင်း သို့မဟုတ်
(၃) ဤကိစ္စရပ်တွင် ဒါရိုက်တာ သို့မဟုတ် အရာရှိက ကုမ္ပဏီသည် ဤဥပဒေအရ သတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်ရန်အတွက် သင့်လျော်သည့်ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း။
ဆန့်ကျင်ဆောင်ရွက်ကြောင်း မြွက်ဟကြေညာပြီးနောက် တာဝန်ရှိမှုများမှ ကင်းလွတ်ခွင့်ပြုခြင်း
၄၆၁။ (က) ပုဒ်မ ၄၃၅ ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ဤအပိုင်းအရ ပုဂ္ဂိုလ်တစ်ဦးဦးအပေါ် တရားစွဲဆိုစစ်ဆေးမှုများအား ဆောင်ရွက်ခြင်းနှင့် တရားစွဲဆို စစ်ဆေးရာတွင် ထိုသူသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ သတ်မှတ်ဖော်ပြထားသည့် အခြားစည်းကမ်း ချက်ကိုဖြစ်စေ ဆန့်ကျင်ဆောင်ရွက်ကြောင်း သို့မဟုတ် ဆန့်ကျင်ဆောင်ရွက်နိုင်ကြောင်း တရားရုံးက တွေ့ရှိသော်လည်း အောက်ပါကိစ္စရပ်များ ဖြစ်ပါက-
(၁) ထိုသူသည် သဘောရိုးဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့လျှင်၊ ၎င်းအပြင်
(၂) ထိုသူက ကုမ္ပဏီ၏အရာရှိ သို့မဟုတ် ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အပါအဝင် အမှုတွင်ပါရှိသည့် အကြောင်းအရာအားလုံးတို့တွင် ထိုသူသည် ဆန့်ကျင်ဆောင်ရွက်ခြင်း အတွက် ကင်းလွတ်ခွင့်ပြုသင့်ကြောင်း တွေ့ရှိခဲ့လျှင် တရားရုံးသည် ဆန့်ကျင်ဆောင်ရွက်မှုအတွက် ထိုသူနှင့် သက်ဆိုင်မည့် သို့မဟုတ် အခြားနည်းတာဝန်ရှိနိုင်မည့် တာဝန်ရှိမှုတစ်ရပ်လုံးကို ဖြစ်စေ၊ ယင်း၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ထိုသူအား ကင်းလွတ်ခွင့်ပြုနိုင်သည်။
(ခ) တစ်ဦးတစ်ယောက်က ဤဥပဒေပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဤအပိုင်းပါ ပြဋ္ဌာန်းချက်များအရ တရားစွဲဆိုဆောင်ရွက်မှုများကို ပြုလုပ်မည်ဟုထင်မြင်လျှင် ထိုသူ သည် သက်သာခွင့်ရရှိရေးအတွက် တရားရုံးသို့ တင်ပြလျှောက်ထားနိုင်သည်။
(ဂ) ပုဒ်မခွဲ (ခ) အရ တင်ပြလျှောက်ထားလာလျှင်၊ တရားရုံးသည် တရားစွဲဆို ဆောင်ရွက်မှုကို ပြုလုပ် သကဲ့သို့ ပုဒ်မခွဲ (က) အရ သက်သာခွင့်ကို ပေးအပ်နိုင်သည်။
(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် သက်သာခွင့်ပေးအပ်နိုင်သည့် တရားရုံး၏ အခြားသောအခွင့် အာဏာများကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေရ။
အပိုင်း(၈)
အထွေထွေ
အခန်း(၃၁)
အထွေထွေ ပြဋ္ဌာန်းချက်များ
စည်းမျဉ်းများ၊ နည်းဥပဒေများ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို ထုတ်ဝေနိုင်သည့် အခွင့်အာဏာ
၄၆၂။ (က) ဤဥပဒေအရဖြစ်စေ၊ အခြားသော သက်ဆိုင်ရာဥပဒေအရဖြစ်စေ ရရှိထားသည့် အခွင့် အာဏာ သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ -
(၁) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤဥပဒေအား အကောင် အထည်ဖော်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အတည်ပြုဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် အတွက် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။ ၎င်းအပြင်
(၂) မှတ်ပုံတင်အရာရှိသည် ဤဥပဒေအား အကောင်အထည်ဖော်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အတည်ပြု ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်သော အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဇယားများနှင့် ပုံစံများကို ထုတ်ပြန်နိုင်သည်။
(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ပုဂ္ဂလိကစီးပွားရေး အသင်းအဖွဲ့ များ၏ အကြံပြုတင်ပြချက်များကို ကြိုတင်ရယူနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရပြုလုပ်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများအားလုံးကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည် ဖြစ်ပြီး ထိုသို့ဖော်ပြပြီးသည့်အခါ ဤဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်သကဲ့သို့ အကျိုးသက်ရောက် စေရမည်။
အထူးတရားရုံးများ၊ ခုံရုံးများ၊ ကော်မရှင်များ သို့မဟုတ် ကော်မတီများ ဖွဲ့စည်းတည်ထောင်ခြင်း
၄၆၃။ (က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤဥပဒေအား အကောင်အထည်ဖော် စီမံဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည့် ခုံရုံးများ သို့မဟုတ် ကော်မရှင်များ သို့မဟုတ် ကော်မတီများကို ဖွဲ့စည်းတည်ထောင်နိုင်ရန် အလို့ငှာ လိုအပ်သော စည်းမျဉ်း ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ အဆိုပါ စည်းမျဉ်းဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ များ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေနှင့် ဆန့်ကျင်ခြင်း မရှိစေ ရ။ သို့ရာတွင် အောက်ပါတို့နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းဖော်ပြနိုင်သည်-
(၁) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီတို့က ထုတ်ပြန်နိုင်သော အမိန့်များအပါအဝင် ခုံရုံး သို့မဟုတ် ကော်မရှင်တို့၏ အခွင့်အာဏာများ၊ တာဝန်များ၊ လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်းများ၊ အဆိုပါဆောင်ရွက်မှုများသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ တရားရုံး သို့အပ်နှင်းထားသည့် အခွင့်အာဏာများ၊ တာဝန်များနှင့် လုပ်ငန်းများထက် ကျော်လွန်ခြင်းမရှိစေရ၊
(၂) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီများ၏ စီရင်ပိုင်ခွင့် နယ်ပယ်အတွင်း ဆုံးဖြတ် ဆောင်ရွက်နိုင်သည့် အထွေထွေ သို့မဟုတ် အထူးကိစ္စရပ်များနှင့် ခုံရုံး သို့မဟုတ် ကော်မရှင်၏ ဆုံးဖြတ် ချက်များကို ပြင်ဆင်မှု သို့မဟုတ် အယူခံမှုများ တင်သွင်းဆောင်ရွက်ခြင်းအတွက် လုပ်ငန်းစဉ်များ၊
(၃) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီအဖွဲ့ဝင်များ၏ အရေအတွက်နှင့် ၎င်းတို့၏ အရည် အချင်းသတ်မှတ်ချက်များ၊
(၄) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီအဖွဲ့ဝင်များကို ခန့်အပ်ခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းနှင့် ၎င်းတို့၏ လစ်လပ်သောနေရာများကို အစားထိုးခန့်ထားခြင်းများနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများ၊
(၅) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းများနှင့် စပ်လျဉ်း သည့် အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းကမ်းချက်များ၊
(၆) ယာယီဖွဲ့စည်းတည်ထောင်သော သို့မဟုတ် အမြဲတမ်းဖွဲ့စည်းတည်ထောင်သော သို့မဟုတ် အထူး ကိစ္စရပ်အတွက် ဖွဲ့စည်းတည်ထောင်သောခုံရုံး သို့မဟုတ် ကော်မရှင်များ သို့မဟုတ် ကော်မတီများအပါ အဝင် ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ သက်တမ်းနှင့်
(၇) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ ဘဏ္ဍာငွေကိစ္စနှင့် ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီက အခကြေးငွေ၊ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်များကိုသတ်မှတ်ခြင်းနှင့် အခကြေးငွေ များကို ကောက်ခံခြင်းများအတွက် ဆောင်ရွက်နိုင်မှုများ။
(ခ) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူပြီး ဤဥပဒေကို အကောင် အထည်ဖော် စီမံဆောင်ရွက်ရန် အထောက်အကူဖြစ်စေမည့် အထူးတရားရုံး တည်ထောင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အဆိုပြုတင်ပြနိုင်သည်။
နိုင်ငံခြားကုမ္ပဏီနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်
၄၆၄။ နိုင်ငံခြားကုမ္ပဏီများနှင့်စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ၁၉၈၇ ခုနှစ်၊ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ခြင်း မရှိစေရ။
အခန်း (၃၂)
အကျိုးသက်ရောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကူးပြောင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ
ယခင်ဥပဒေနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ
၄၆၅။ (က) ယခင်ဥပဒေနှင့် ယင်းဥပဒေတွင် ပါဝင်သော နောက်ဆက်တွဲဇယားများသည် ဤဥပဒေ စတင် အာဏာတည်သည့်နေ့တွင် ပယ်ဖျက်ပြီးဖြစ်စေရမည်။
(ခ) ယခင်ဥပဒေအား ပယ်ဖျက်ပြီးနောက်ပိုင်းတွင် ထိုဥပဒေအရ ဆောင်ရွက်ပြီးသည့် ကိစ္စရပ်များ သို့မဟုတ် ဆောင်ရွက်ဆဲကိစ္စရပ်များသည် ဤအခန်းနှင့်အညီ လည်းကောင်း၊ ယင်း၏ ထပ်မံပြဋ္ဌာန်း ချက်များအရ လည်းကောင်း ဤဥပဒေအရ ဆောင်ရွက်ပြီး သို့မဟုတ် ဆောင်ရွက်ဆဲ ကိစ္စရပ်များ ဖြစ်သည်ဟု သတ်မှတ်ရမည်။
ကုမ္ပဏီ ဖျက်သိမ်းခြင်းအတွက် တရားစွဲဆိုဆောင်ရွက်ခြင်းအား ဆိုင်းငံ့ထားခြင်း၏ အကျိုး သက်ရောက်မှု
၄၆၆။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေ စတင် အာဏာတည်သည့် နေ့ရက်မတိုင်မီက စတင်ပြုလုပ်နေခဲ့သည့် ကုမ္ပဏီဖျက်သိမ်းခြင်းကို ဆောင်ရွက် နေသော ကုမ္ပဏီတစ်ခုခုနှင့် သက်ဆိုင်ခြင်းမရှိစေရ။ သို့သော် ထိုကုမ္ပဏီအားလုံးသည် ဤဥပဒေအား ပြဋ္ဌာန်းထားခြင်းမရှိသကဲ့သို့ ယခင်အလားတူ ကိစ္စရပ်များအတိုင်း အလားတူနည်းလမ်းများဖြင့် ဖျက်သိမ်းဆောင်ရွက်ရမည်။
စာရွက်စာတမ်းများ၏ အကျိုးသက်ရောက်မှု
၄၆၇။ ဤဥပဒေ စတင်အာဏာတည်သည့် နေ့ရက်မတိုင်မီက ဤဥပဒေဖြင့် ပယ်ဖျက်လိုက်သည့် ဥပဒေတစ်ရပ်ရပ်နှင့်အညီ ပြုလုပ်ထားသော လွှဲပြောင်းထားသည့် စာရွက်စာတမ်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများအားလုံးသည် ဤဥပဒေအား ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ ယခင်အတိုင်း အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး အဆိုပါစာရွက်စာတမ်းများပါ ကိစ္စရပ်များအတွက် ပယ်ဖျက်လိုက် သော ဥပဒေသည် ဆက်လက်အကျိုးသက်ရောက်နေသကဲ့သို့ မှတ်ယူရမည်။
မှတ်ပုံတင်ထားခြင်းနှင့်စပ်လျဉ်းသည့် ယခင်က ရုံးခန်းများ၊ မှတ်ပုံတင်စာရင်းများနှင့် မှတ်ပုံတင် အရာရှိများသည် ဆက်လက်အကျိုးသက်ရောက်ခြင်း
၄၆၈။ (က) ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်တွင် တည်ရှိဆဲကုမ္ပဏီ မှတ်ပုံတင်ရုံးများ သည် ဤဥပဒေအရ တည်ထောင်ထားခြင်းဖြစ်သကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်။
(ခ) အဆိုပါ တည်ရှိဆဲရုံးများတွင် ထိန်းသိမ်းထားရှိသည့် မှတ်ပုံတင်စာရင်းများသည် ဤဥပဒေအရ ထိန်းသိမ်းထားရှိရမည့် ကုမ္ပဏီများအတွက် မှတ်ပုံတင်စာရင်းများ၏ အစိတ်အပိုင်းများကဲ့သို့ အသီးသီး မှတ်ယူရမည်။
(ဂ) လက်ရှိမှတ်ပုံတင်အရာရှိနှင့် ထိုမှတ်ပုံတင်ရုံးများရှိ အရာရှိများသည် ဆက်လက်တာဝန်ထမ်းဆောင် ရမည်။ သို့သော် ၎င်းတို့၏ တာဝန်များဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၏ စည်းမျဉ်း များကို လိုက်နာရမည်။
တည်ဆဲ မှတ်ပုံတင်ထားသည့်ကုမ္ပဏီများသည် ဆက်လက်မှတ်ပုံတင်ခြင်း
၄၆၉။ (က) ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ဃ) နှင့်အညီ ကုမ္ပဏီတစ်ခုခု သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုသည် ယခင်ဥပဒေအရ မှတ်ပုံတင်ထားခဲ့ပြီး ထိုသို့မှတ်ပုံတင်ထားခြင်းသည် ဤဥပဒေ စတင်အာဏာတည် သည်နှင့်တစ်ပြိုင်နက် ဆက်လက်အကျိုးသက်ရောက်နေလျှင် ထိုကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ မှတ်ပုံတင်ခြင်းသည် ဤဥပဒေ၏ အပိုင်း (၂) တို့ အရ သက်ဆိုင်သည့် အမျိုးအစားအလိုက်ဖြစ်သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း များကို မှတ်ပုံတင်ခြင်းဖြစ်သကဲ့သို့ စတင်သည့်အချိန်မှစ၍ အကျိုး သက်ရောက်စေရမည်။
(ခ) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် ကူးပြောင်းကာလအတွင်း နိုင်ငံတော်အတွင်း အများအားဖြင့် နေထိုင်သူတစ်ဦးကို ဒါရိုက်တာတစ်ဦးအဖြစ် ခန့်အပ်ရမည်။
(ဂ) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်သော ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ကူးပြောင်းကာလအတွင်း အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိတစ်ဦးကို ခန့်အပ်ရမည်။
လျှောက်ထားမှုများကို ဆက်လက်ဆောင်ရွက်ရခြင်း
၄၇၀။ (က) ယခင်ဥပဒေအရ ပြုလုပ်ခဲ့သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်အား မှတ်ပုံတင်ခြင်း အတွက် လျှောက်ထားမှုသည် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ပြီးပြတ်ခြင်း မရှိသေးပါက လျှောက်ထားသူက ပြန်လည်ရုပ်သိမ်းခြင်းမပြုလျှင် ဤဥပဒေအရ ပြုလုပ်သော လျှောက်ထားမှုတစ်ရပ် အဖြစ် သတ်မှတ်ရမည်။
(ခ) ဤဥပဒေအရ လျှောက်ထားမှုနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီပြည့်စုံစေရန် အတွက် ပုဒ်မခွဲ (က) တွင် ရည်ညွှန်းဖော်ပြထားသော လျှောက်လွှာတင်ခြင်းကို ပြင်ဆင်ရန်အတွက် လျှောက်ထားသူက တောင်းခံတင်ပြနိုင်သည် သို့မဟုတ် မှတ်ပုံတင်အရာရှိက ဆောင်ရွက်စေနိုင်သည်။
တည်ဆဲစည်းမျဉ်းများအချို့ကို ပယ်ဖျက်ခြင်းနှင့် အခြားသောစည်းမျဉ်းများ ဆက်လက်အကျိုး သက်ရောက်ခြင်း
၄၇၁။ (က) ဤဥပဒေ စတင်အာဏာတည်သည့်အခါတွင် ၁၉၄ဝ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများ နည်းဥပဒေ ၈ မှ ၃ဝ အထိ အားလုံးအပါအဝင် နှင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၏ နောက်ဆက်တွဲ ပုံစံများမှပုံစံ ၁ မှ ၉ အထိ အားလုံးအပါအဝင်တို့သည် ပျက်ပြယ်စေရမည်။
(ခ) ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများစည်းမျဉ်းသည် ဤဥပဒေ စတင်အာဏာ တည်သည့်နေ့တွင် ပျက်ပြယ်ပြီး ဖြစ်သည်။
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များမှအပ လိုက်နာလျက် ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် တူညီပြီး ဤဥပဒေစတင်အာဏာတည်သည့်နေ့မတိုင်မီ နေ့ရက်အထိ အာဏာသက်ဝင်၍ အသုံးပြုလျက် ရှိသော ယခင်ဥပဒေပါ တူညီသော ပြဋ္ဌာန်းချက်များအတွက် ပြုလုပ်ထားသော စည်းမျဉ်းများသည် သက်ဆိုင်သမျှ ဤဥပဒေ စတင်အာဏာတည်သည့် နောက်ပိုင်းလိုအပ်သော ပြင်ဆင်ချက်များနှင့်အတူ အောက်ပါအတိုင်း ဆက်လက်အကျိုးသက်ရောက်စေရမည်-
(၁) ထိုစည်းမျဉ်းများသည် ပုဒ်မ ၄၇၅ အရ အကျိုးသက်ရောက်သည့် စည်းမျဉ်းများ ဖြစ်သည်။
(၂) ထိုစည်းမျဉ်းများသည် ဤဥပဒေပါ တူညီသောပြဋ္ဌာန်းချက်များ၏ ကိစ္စရပ်များအတွက် ပြုလုပ် ထားခြင်းဖြစ်သည်။
သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ထားသည့် ကိစ္စရပ်များသည် ဆက်လက်အကျိုးသက် ရောက်ခြင်း
၄၇၂။ ဤအခန်းပါ အခြားပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ အကြောင်းကိစ္စ တစ်ရပ်ရပ်သည်-
(က) ဤဥပဒေ စတင်အာဏာတည်ခြင်း မရှိမီက ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် တူညီသော ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ သို့မဟုတ် ထိုပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဆောင် ရွက်ခဲ့ခြင်း ဖြစ်လျှင်၊
(ခ) အဆိုပါ ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ယခင် ဥပဒေပါ ကိစ္စရပ်များအတွက် အလို့ငှာ ဆက်လက်ဆောင်ရွက်နေလျှင်၊
ထိုအကြောင်းကိစ္စများသည် ဤဥပဒေ၏တူညီသော ပြဋ္ဌာန်းချက်အရ သို့မဟုတ် အဆိုပါ ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ဤဥပဒေ စတင်အာဏာတည်ပြီးနောက် အကျိုးသက် ရောက်စေရမည် သို့မဟုတ် သက်ဆိုင်စေရမည်။
ရရှိထားသော အခွင့်အရေးများကို ဆက်လက်ခံစားခွင့်ရှိခြင်း
၄၇၃။ ဤအခန်းပါ အခြားသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ဤဥပဒေ စတင်အာဏာတည်ခြင်း မရှိမီက တစ်ဦးတစ်ယောက်က ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် တူညီ သော တရားရုံး၏ အမိန့်အရ ရရှိသည့်ကိစ္စရပ်မှအပ ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ အခွင့် အရေး သို့မဟုတ် တာဝန်ရှိမှု တစ်ရပ်ရပ်ကို ရရှိထားလျှင် အဆိုပါ အခွင့်အရေး သို့မဟုတ် တာဝန်ရှိ မှုသည် ဤဥပဒေပါ တူညီသော ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ ထိုပြဋ္ဌာန်းချက်သည် အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှုကို ဖြစ်ပေါ်စေသော အပြုအမူ သို့မဟုတ် အခြေအနေများနှင့် သက်ဆိုင်သကဲ့သို့ ဆက်လက်တည်ရှိသည်ဟု မှတ်ယူရမည်။
စာရွက်စာတမ်းများတွင် ယခင်ဥပဒေကို ရည်ညွှန်းဖော်ပြချက်များအကြောင်း
၄၇၄။ (က) ပုဒ်မခွဲ (ခ) နှင့်အညီ ယခင်ဥပဒေပါပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက်ကိုသော် လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက် တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ အခြားသက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်း ချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း ရည်ညွှန်းဖော်ပြချက် တစ်ရပ်ရပ်သည် ဤဥပဒေစတင်အာဏာ တည်ပြီးနောက် ဤဥပဒေကို ရည်ညွှန်းဖော်ပြသည် သို့မဟုတ် ဤဥပဒေပါ သက်ဆိုင်သည့် ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက်ကို ရည်ညွှန်းဖော်ပြသည်ဟု သတ်မှတ်ရမည်။
(ခ) ဤဥပဒေအရပြုလုပ်သည့် စည်းမျဉ်းများတွင် ပုဒ်မခွဲ (က) သည် သတ်မှတ်ဖော်ပြထားသည့် သက်ဆိုင်ရာ ဥပဒေများတွင် သတ်မှတ်ဖော်ပြပါရှိသည့် ရည်ညွှန်းဖော်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ခြင်း မရှိစေရဟု ဖော်ပြရမည်။
ကူးပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းများ ပြုလုပ်ခြင်း
၄၇၅။ (က) ဤဥပဒေအရ ပြုလုပ်သည့် စည်းမျဉ်းများသည် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်မှုများမှ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်မှုများအဖြစ်သို့ ကူးပြောင်းခြင်းနှင့် စပ်လျဉ်းသော အကျိုးသက်ရောက်မှုများ သို့မဟုတ် ကူးပြောင်းမှု အခြေအနေဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည်။ ထိုစည်းမျဉ်းများသည် ဤအခန်းတွင် အခြားနည်းဖော်ပြထားစေကာမူ အကျိုးသက် ရောက်မှုရှိစေရမည်။
(ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ထိုစည်းမျဉ်းများသည် အောက်ပါနည်းလမ်း တစ်ရပ်ရပ်တွင် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ သက်ဆိုင်သည့် အကြောင်းကိစ္စအတွက် ဖော်ပြနိုင်သည် -
(၁) ထိုအကြောင်းကိစ္စအပေါ် ပြင်ဆင်ချက်ဖြင့်ဖြစ်စေ၊ ပြင်ဆင်ချက်မပြုဘဲဖြစ်စေ အောက်ပါ ပြဋ္ဌာန်း ချက်များနှင့် သက်ဆိုင်စေရမည်-
(ကက) ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်အထိ သို့မဟုတ် စောရာအချိန် ကာလတစ်ရပ် အထိအကျိုးသက်ရောက်မှုရှိသည့်ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ်
(ခခ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ်
(ဂဂ) ပုဒ်မခွဲငယ်စိတ် (ကက) နှင့် (ခခ) တို့တွင်ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များကို ပေါင်းစပ်၍ လည်းကောင်း၊
(၂) ထိုအကြောင်းကိစ္စနှင့် သက်ဆိုင်သော အခြားနည်းဖြင့် သတ်မှတ်ထားသည့် နည်းဥပဒေများအရ လည်းကောင်း၊
(၃) ဤဥပဒေပါ ကိစ္စရပ်များအတွက် ထိုအကြောင်းကိစ္စနှင့် အကျိုးဆက်များ သို့မဟုတ် ထိုအကြောင်း ကိစ္စ၏ရလဒ်ကို သတ်မှတ်ဖော်ပြခြင်းဖြင့် လည်းကောင်း။
(ဂ) စည်းမျဉ်းများတွင် ဤအခန်းပါ အချို့သော ပြဋ္ဌာန်းချက်များသည် စည်းမျဉ်းများတွင် ဖော်ပြထား သည့်အတိုင်း ပြင်ဆင်သတ်မှတ်ကြောင်း ဖော်ပြနိုင်သည်။ အဆိုပါပြဋ္ဌာန်းချက်များသည် ထိုသို့ ပြင်ဆင် ထားသကဲ့သို့ အကျိုးသက်ရောက်စေရမည်။
စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုအား ရပ်စဲခြင်း
၄၇၆။ (က) ဤဥပဒေ စတင်အာဏာတည်ပြီးနောက် ကုမ္ပဏီတစ်ခုသည် စီမံအုပ်ချုပ်သော ကိုယ်စား လှယ်ကို ထပ်မံခန့်အပ်ခြင်း မပြုရ။ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်နှင့်အညီ စီမံအုပ်ချုပ်သော ကိုယ်စားလှယ် ခန့်အပ်မည့် အစီအစဉ်တစ်ရပ်ရပ်သည် ဤဥပဒေ စတင် အာဏာတည်သည့်နေ့တွင် ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည့်အပြင် အဆိုပါ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကို ထိုနေ့မှစ၍ ကုမ္ပဏီ၏ဒါရိုက်တာ တစ်ဦးအဖြစ် မှတ်ယူရမည်။
(ခ) ဤဥပဒေ စတင်အာဏာတည်သည့်အချိန်တွင် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်တစ်ဦး ရှိသည့် ကုမ္ပဏီတစ်ခုခု သို့မဟုတ် အဆိုပါ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်တစ်ဦးဦးသည် ပြည်ထောင်စု ဝန်ကြီးထံသို့ တင်ပြ၍ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်မှုကို ကူးပြောင်းကာလ ကုန်ဆုံးသည်အထိ ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် ပုဒ်မခွဲ (က) မှ ယာယီကင်းလွတ်ခွင့်အတွက် လျှောက်ထားနိုင်သည်။ လျှောက်ထားမှုကို ဤဥပဒေ စတင် အာဏာတည်သည့်နေ့မှ ၂၈ ရက်အတွင်း ပြုလုပ်ရမည်။
(ဂ) ပုဒ်မခွဲ (ခ) အရ လျှောက်ထားလာသည့်အခါ ပြည်ထောင်စုဝန်ကြီးသည် ၎င်းကသင့်သည် ထင်မြင် သည့်အတိုင်း ကုမ္ပဏီ၏ အကောင်းဆုံးအကျိုးခံစားခွင့်အတွက် ထိုသို့ ဆောင်ရွက်ရန်ဆုံးဖြတ်နိုင်သည်။
(ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကိုမျှ လျော်ကြေးပေးခြင်းမရှိစေရ။ သို့ရာတွင် ဤဥပဒေ စတင်အာဏာတည်သည့်နေ့တွင် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်သို့ ပေးရန်ကျန်ရှိသည့် ငွေကြေးများကို ဆက်လက်ပေးချေစေရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
There are no comments for now.