Skip to Content

Myanmar Export/Import Law 2012 book (Myanmar)

ပို့ကုန် သွင်းကုန်ဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၇။)

၁၃၇၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်

(၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ပို့ကုန် သွင်းကုန်ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) တင်ပို့ခြင်း ဆိုသည်မှာ ကုန်ပစ္စည်းတစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မ ဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော်ပြင်ပသို့ တင်ပို့ခြင်းကို ဆိုသည်။

(ဂ) တင်သွင်းခြင်း ဆိုသည်မှာ ကုန်ပစ္စည်းတစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မ ဟုတ် အခြားနည်းတစ်ရပ်ရပ်ဖြင့် နိုင်ငံတော် အတွင်းသို့ တင်သွင်းခြင်းကို ဆိုသည်။

(ဃ) ပို့ကုန်သွင်းကုန် ဆိုသည်မှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် နိုင်ငံတော်ပြင်ပသို့ တင်ပို့သည့် သို့မဟုတ် နိုင်ငံတော်အတွင်းသို့ တင်သွင်းသည့် ကုန်ပစ္စည်း သို့မဟုတ် နည်းပညာတစ်ရပ်ရပ်ကို ဆိုသည်။

(င)  ခွင့်ပြုချက် ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုခုကို တင်ပို့ရန်ဖြစ်စေ၊ တင်သွင်းရန်ဖြစ်စေ ဝန်ကြီးဌာနက ထုတ်ပေးသည့် ခွင့်ပြုချက်ကို ဆိုသည်။

(စ) ကုန်သွယ်ရေးစခန်း ဆိုသည်မှာ ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များကို တရားဝင်ဆောင်ရွက်နိုင် ရန် သတ်မှတ်ထားသော ပြည်တွင်းသို့မဟုတ် ပြည်ပရှိ နေရာဒေသ၊ စခန်း၊ ရုံး သို့မဟုတ် အခြားနေရာ တစ်ခုခုကို ဆိုသည်။

(ဆ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကို ဆိုသည်။

(ဇ) ဝန်ကြီး ဆိုသည်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

 

အခန်း (၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အခြေခံမူများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊

(ခ) နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် ပို့ကုန်သွင်းကုန် ဆိုင်ရာမူဝါဒများကို ချမှတ်နိုင်ရန်၊

(ဂ) နိုင်ငံတော်၏ ပို့ကုန် သွင်းကုန်ဆိုင်ရာ မူဝါဒများနှင့် ဆောင်ရွက်ချက်များသည် နိုင်ငံတကာ ကုန်သွယ်မှု စံများနှင့်အညီ ဖြစ်စေရန်၊

(ဃ) ပို့ကုန် သွင်းကုန်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ချောမွေ့လွယ်ကူမြန်ဆန်စေရန်။

 

အခန်း (၃)

ပို့ကုန် သွင်းကုန်ဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ကြီးကြပ်ကွပ်ကဲခြင်း

၄။ ဝန်ကြီးဌာနသည် ပို့ကုန် သွင်းကုန်ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်နိုင် သည်-

(က) ပို့ကုန် သွင်းကုန်၏ ပစ္စည်းအမျိုးအမည်နှင့် အဆင့်အတန်းများသတ်မှတ်ခြင်း၊

(ခ) ပို့ကုန် သွင်းကုန်အတွက် ကန့်သတ်ကုန်ပစ္စည်း၊ တားမြစ်ကုန်ပစ္စည်း၊ ပိတ်ပင်ကုန်ပစ္စည်းများ သတ်မှတ်ခြင်း၊

(ဂ) ပို့ကုန် သွင်းကုန်ကို တင်ပို့ခြင်းနှင့် တင်သွင်းခြင်းပြုရမည့် နည်းလမ်းနှင့် အခြားလိုအပ်သော စည်း ကမ်းချက်များ သတ်မှတ်ခြင်း၊

(ဃ) ပို့ကုန် သွင်းကုန်အတွက် ခွင့်ပြုချက်ထုတ်ပေးခြင်းနှင့် ခွင့်ပြုချက်ဆိုင်ရာ စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(င) ပို့ကုန် သွင်းကုန်ကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း ပြုလုပ်ရမည့် ဆိပ်ကမ်း၊ လေဆိပ်၊ ယာဉ် စခန်း စသည့်နေရာများနှင့် သက်ဆိုင်သော စည်းမျဉ်း၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ် ခြင်း၊

(စ) ပို့ကုန် သွင်းကုန်ဆိုင်ရာ အခြားလိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်ခြင်း။

 

အခန်း (၄)

တားမြစ်ချက်များ

၅။ မည်သူမျှ ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်း ခြင်းမပြုရ။

၆။ မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်း မရှိဘဲ တင် ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရ။

၇။ မည်သည့်ခွင့်ပြုချက် ရရှိသူမျှ ခွင့်ပြုချက်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မပြုရ။

 

အခန်း (၅)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၈။ မည်သူမဆို ပုဒ်မ ၅ သို့မဟုတ် ပုဒ်မ ၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံး ဖြစ်စေချမှတ်ရမည်။

၉။ မည်သည့်ခွင့်ပြုချက်ရရှိသူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၁၀။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်အားထုတ်သူ သို့မဟုတ် အားပေးကူညီသူအား ယင်း ပြစ်မှုကို ကျူးလွန်သူဖြစ်ဘိသကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည့်ပြင် ပြစ်မှုကျူးလွန်ရာ၌ အကျုံးဝင်သော သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

 

အခန်း (၆)

အထွေထွေ

၁၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ပို့ကုန် သွင်းကုန် ဆိုင်ရာမူဝါဒများကို ချမှတ်ရမည်။ ယင်းမူဝါဒများ ကို  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပို့ကုန်သွင်းကုန် ဆိုင်ရာကိစ္စရပ်များ ချောမွေ့လွယ်ကူစေ ရန် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က ပေါင်းစပ်ညှိနှိုင်းပေးရမည်။

၁၂။ ဤဥပဒေအရ အရေးယူအပြစ်ပေးမှုသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေအရ အရေးယူမှုအား ပိတ်ပင်ခြင်းမရှိစေရ။

၁၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။

၁၄။ The Control of Imports and Exports (Temporary) Act, 1947 အရထုတ်ပြန်ခဲ့သော လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၁၅။ The Control of Imports and Exports (Temporary) Act, 1947 ကို ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 (ပုံ) သိန်းစိန်

 နိုင်ငံတော်သမ္မတ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


0 0

There are no comments for now.

to be the first to leave a comment.